Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 4
Luke BurCBCM 4:1  ယေဇူးသည်လည်း ဝိညာဉ်တော်မြတ်နှင့် ပြည့်၀လျက် ဂျော်ဒန်မြစ်မှပြန်ကြွတော်မူစဉ် ဝိညာဉ်တော်သည် ကိုယ်တော့်ကို တောကန္တာရသို့ ခေါ်ဆောင်သွားတော်မူ၏။-
Luke BurCBCM 4:2  ထိုအရပ်တွင် ကိုယ်တော်သည် ရက် ပေါင်းလေးဆယ်တိုင်တိုင် နတ်ဆိုး၏နှောင့်ယှက်ခြင်းကို ခံရတော်မူ၏။ ကိုယ်တော်သည် ထိုကာလအတွင်း၌ မည်သည့်အစားအစာကိုမျှ သုံးဆောင်တော်မမူချေ။ ထိုနေ့ရက်များကုန်လွန်သောအခါ ကိုယ်တော်သည် ဆာလောင်တော်မူ၏။-
Luke BurCBCM 4:3  ထိုအခါ နတ်ဆိုးက သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို ပေါင်မုန့်ဖြစ်လာစေရန် အမိန့်ပေးပါ လော့ဟု ကိုယ်တော်အား ဆိုလေ၏။-
Luke BurCBCM 4:4  ယေဇူးကလည်း လူသည် အစားအစာအားဖြင့်သာ မဟုတ်၊ ဘုရားသခင်၏နှုတ်တော်ထွက်စကားအားဖြင့်လည်း အသက်ရှင်ရမည့်အကြောင်း ကျမ်းစာတော်မြတ်တွင် ရေးထားလျက်ရှိသည်ဟု သူ့အား ပြန်ဖြေတော်မူ၏။
Luke BurCBCM 4:5  ထို့နောက် နတ်ဆိုးသည် ကိုယ်တော့်ကို မြင့်မားသောတောင်ပေါ်သို့ ခေါ်ဆောင်သွားပြီးလျှင် လောကတိုင်းနိုင်ငံအပေါင်း တို့အား တစ်ခဏချင်းညွန်ပြလျက်၊-
Luke BurCBCM 4:6  ငါသည် သင့်အား ဤအရာအားလုံးအပေါ် အစိုးရခြင်းနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်များကိုပေးမည်။ အကြောင်းမူကား ဤအရာများကို ငါပိုင်ဆိုင်၍ ငါပေးလိုသောသူအား ပေးနိုင်၏။-
Luke BurCBCM 4:7  အကယ်၍ သင်သည် ငါ့ကိုရှိခိုးလျှင် ဤအရာ အားလုံးကို သင်ပိုင်ဆိုင်လိမ့်မည်ဟု ဆိုလေ၏။-
Luke BurCBCM 4:8  ယေဇူးကလည်း သင်၏အရှင် ထာ၀ရဘုရားသခင်ကို ရှိခိုးကိုးကွယ်ရမည်။ ကိုယ်တော်တစ်ပါးတည်းကိုသာ အစေခံရ မည်ဟူ၍ ကျမ်းစာတော်မြတ်တွင် ရေးသားထားသည်ဟု မိန့်တော်မူ၏။
Luke BurCBCM 4:9  တစ်ဖန် နတ်ဆိုးသည် ကိုယ်တော့်ကို ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်သွား၍ ဗိမာန်တော်၏ထိပ်ဖျားတွင် ထားလျက် ကိုယ်တော်အား သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် သင့်ကိုယ်ကို ဤနေရာမှ အောက်သို့ပစ်ချပါလော့။-
Luke BurCBCM 4:10  အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ရေးထားသည်မှာ ကိုယ်တော်သည် သင့်ကိုစောင့်ရှောက်ရန် ကောင်းကင်တမန် တော်တို့အား မိန့်မှာထားတော်မူသည်ဖြစ်၍၊-
Luke BurCBCM 4:11  သင်၏ခြေကိုကျောက်ခဲတစ်လုံးနှင့်မျှ မထိခိုက်စေခြင်းငှာ သူတို့သည် သင့်ကို လက်ဖြင့် ချီပင့်ထားကြလိမ့်မည်ဟုဆို၏။-
Luke BurCBCM 4:12  ယေဇူးကလည်း သင်၏အရှင် ထာ၀ရဘုရားသခင်ကို စုံစမ်းခြင်းမပြုရဟူ၍ ကျမ်းစာတော်မြတ်တွင် ရေးထားသည်ဟု မိန့်တော်မူ၏။-
Luke BurCBCM 4:13  နတ်ဆိုးသည် နှောင့်ယှက်ခြင်းအလုံးစုံကိုပြုပြီးသောအခါ နောက်တစ်ဖန် အခွင့်ကောင်းရသည့်အချိန်တိုင်အောင် ကိုယ်တော်၏အထံတော်မှဆုတ်ခွာသွားလေ၏။
Luke BurCBCM 4:14  ထိုအခါ ယေဇူးသည် ဝိညာဉ်တော်၏တန်ခိုးနှင့်ပြည့်၀လျက် ဂါလေလေးယနယ်သို့ ပြန်လာတော်မူ၏။ ကိုယ်တော်၏ သတင်းတော်သည်လည်း ထိုဒေသတစ်လျှောက်လုံးတွင် ပျံ့နှံ့သွားလေ၏။-
Luke BurCBCM 4:15  ကိုယ်တော်သည် သူတို့၏ တရားဇရပ်များ၌ သွန်သင်တော်မူ၍ လူအပေါင်းတို့သည် ကိုယ်တော့်ကိုချီးမွမ်းကြ၏။
Luke BurCBCM 4:16  ထို့နောက် ကိုယ်တော်သည် မိမိကြီးပြင်းခဲ့သော နာဇရက်မြို့သို့ကြွလာတော်မူသောအခါ မိမိ၏ထုံးစံအတိုင်း ဥပုသ်နေ့၌ တရားဇရပ်ထဲသို့ဝင်တော်မူ၏။ ကိုယ်တော်သည် ကျမ်းစာဖတ်ရှုခြင်းငှာ ထတော်မူလျှင်၊-
Luke BurCBCM 4:17  သူတို့သည် ကိုယ်တော်အား ပရောဖက်အီဇာယ၏ကျမ်းကို ပေးကြ၏။ ကိုယ်တော်သည် ကျမ်းစာလိပ်ကိုဖွင့်လျှင် တွေ့တော်မူသောကျမ်းချက်မူကား၊-
Luke BurCBCM 4:18  ထာ၀ရဘုရားသခင်၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ရှိတော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကို ဟောပြောစေခြင်းငှာ ကိုယ်တော်သည် ငါ့ကို ဆီဖြင့်လိမ်းကျံတော်မူပြီ။ ချုပ်နှောင်ခံရသောသူတို့အား လွတ်ငြိမ်း ခြင်းကို ကြေညာရန်နှင့် မျက်စိမမြင်သောသူတို့အား မျက်စိအလင်းကိုပေးရန်လည်းကောင်း၊ ဖိနှိပ်ခံရသောသူတို့အား ကယ်တင် စေခြင်းငှာလည်းကောင်း၊-
Luke BurCBCM 4:19  ထာ၀ရဘုရားသခင်၏ကျေးဇူးတော်မင်္ဂလာနှစ်ကို ကြေညာရန်လည်းကောင်း ကိုယ်တော်သည် ငါ့ကိုစေလွှတ်တော်မူ ၏ဟူသောကျမ်းပိုဒ်ကိုဖတ်ကြားတော်မူ၏။-
Luke BurCBCM 4:20  ထို့နောက် ယေဇူးသည် ကျမ်းစာကိုလိပ်ပြီးလျှင် ယင်းကို တရားဇရပ်မှူးအား ပြန်ပေး၍ ထိုင်တော်မူ၏။ တရားဇရပ်၌ ရှိသောလူအပေါင်းတို့သည်လည်း ကိုယ်တော့်ကို စေ့စေ့ကြည့်နေကြ၏။-
Luke BurCBCM 4:21  ထိုအခါ ကိုယ်တော်က ယခုသင်တို့ကြားရ သောကျမ်းစကားသည် ယနေ့ပင် ပြည့်စုံခြင်းသို့ရောက် လေပြီဟု မိန့်တော်မူ၏။-
Luke BurCBCM 4:22  လူအပေါင်းတို့သည်လည်း ကိုယ်တော့်ကို ချီးမွမ်းပြောဆိုကြ၍ ကိုယ်တော်၏နှုတ်တော်မှထွက်လာသည့် သိမ်မွေ့သော စကားများကို အံ့ဩကြလျက် ဤသူသည် ဂျိုးဇက်၏သားမဟုတ်လောဟု မေးကြ၏။-
Luke BurCBCM 4:23  ကိုယ်တော်ကလည်း သင်တို့သည် ငါ့အား အချင်းဆေးဆရာ၊ သင့်ကိုယ်သင်ကုသပါလော့ ဟူသောဆိုရိုးစကားဖြင့် လည်းကောင်း၊ ကာဖာနာအုမ်မြို့၌ သင်ပြုခဲ့သောအမှုတို့ကို ငါတို့ကြားသိပြီးဖြစ်၍ သင်၏နေရင်းမြို့၌လည်း ထိုနည်းတူပြုလော့ ဟူ၍လည်းကောင်း အမှန်ပင် ပြောဆိုကြလိမ့်မည်။-
Luke BurCBCM 4:24  သို့သော် သင်တို့အား ငါအမှန်ဆိုသည်ကား မည်သည့်ပရောဖက်မျှ မိမိနေရင်းမြို့၌ မျက်နှာမရချေ။-
Luke BurCBCM 4:25  အမှန်ဆိုရလျှင် ပရောဖက်ဧလိယ လက်ထက်၌ ကောင်းကင်သည် သုံးနှစ်နှင့် ခြောက်လပတ်လုံး ပိတ်လျက်ရှိ၍ နိုင်ငံ တစ်ဝန်းလုံး၌ ကြီးစွာသော အစာငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်သည့်ကာလ၌ အစ္စရာအဲလ်ပြည်တွင် မုဆိုးမ များစွာရှိကြ၏။-
Luke BurCBCM 4:26  သို့ရာတွင် ပရောဖက်ဧလိယသည် စီဒွန်နယ်၊ ဇာရေဖတ်မြို့ရှိ မုဆိုးမတစ်ဦးမှတစ်ပါး အခြားမည်သူ့ထံသို့မျှ စေလွှတ်ခြင်း မခံခဲ့ရပေ။-
Luke BurCBCM 4:27  ပရောဖက်ဧလိဇေးဦးလက်ထက်၌ အစ္စရာအဲလ်ပြည်တွင် အနာကြီးရောဂါစွဲသောသူများစွာရှိ သော်လည်း ဆီးရိယပြည်သား နာမန်မှတစ်ပါး မည်သူမျှ ပျောက်ကင်းစင်ကြယ်ခွင့်မရခဲ့ကြဟု မိန့်တော်မူ၏။-
Luke BurCBCM 4:28  တရားဇရပ်တွင်ရှိသောလူအပေါင်းတို့သည်လည်း ဤစကားကိုကြားသောအခါ အမျက်ပြင်းစွာထွက်ကြ၏။-
Luke BurCBCM 4:29  ထိုအခါ သူတို့သည် ထ၍ ကိုယ်တော့်ကိုမြို့ ပြင်သို့ထုတ်ပြီးလျှင် မြို့တည်ရှိရာတောင်ထိပ်စွန်းမှ တွန်းချခြင်းငှာ ခေါ်ဆောင် သွားကြ၏။-
Luke BurCBCM 4:30  သို့ရာတွင် ကိုယ်တော်သည် သူတို့ အလယ်မှလျှောက်၍ ကြွသွားတော်မူ၏။
Luke BurCBCM 4:31  ကိုယ်တော်သည် ဂါလေလေးယနယ်၊ ကာဖာနာအုမ်မြို့သို့ ကြွသွား၍ ဥပုသ်နေ့တွင် သွန်သင်ဟောပြောတော်မူ၏။-
Luke BurCBCM 4:32  ကိုယ်တော်သည် အခွင့်အာဏာနှင့် ဟောပြောတော်မူသောကြောင့် သူတို့သည် ကိုယ်တော်၏ တရားတော်ကို အံ့ဩကြ လေ၏။-
Luke BurCBCM 4:33  ထိုအခါ တရားဇရပ်၌ ညစ်ညူးသောနတ်ဆိုးစီးခံရသူတစ်ယောက်ရှိ၍ ထိုသူသည် ကြီးစွာသောအသံဖြင့် ဟစ်အော် သည်ကား၊-
Luke BurCBCM 4:34  အို နာဇရက်မြို့သား ယေဇူး၊ ကိုယ်တော်သည် အကျွန်ုပ်တို့ နှင့် မည်သို့သက်ဆိုင်ပါသနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးခြင်းငှာ လာသလော။ ကိုယ်တော် မည်သူဖြစ်သည်ကို အကျွန်ုပ်တို့သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏ သန့်ရှင်းသောသူဖြစ်ပါ သည်ဟု ဆိုလေ၏။-
Luke BurCBCM 4:35  သို့ရာတွင် ယေဇူးက တိတ်ဆိတ်စွာနေလော့။ ဤသူ့ထံမှ ထွက်သွားလော့ဟု သူ့အား ကြိမ်းမောင်းတော်မူ၏။ ထိုအခါ နတ်ဆိုးသည် ထိုသူကို လူများအလယ်တွင်လှဲချပြီးမှ ဘေးဥပဒ်တစ်စုံတစ်ခုမျှမပြုဘဲ သူ့ထံမှ ထွက်သွားလေ၏။-
Luke BurCBCM 4:36  လူအပေါင်းတို့သည်လည်း အံ့ဩကြလျက် ဤ သူ၏အမိန့်စကားသည် မည်သို့ဖြစ်မည်နည်း။ အကြောင်းမူကား သူသည် ညစ်ညူးသောနတ်ဆိုးတို့ကို အာဏာတန်ခိုးဖြင့် အမိန့်ပေးလျှင် သူတို့သည် ထွက်သွားကြရပေသည်တကားဟု အချင်းချင်း ပြောဆိုကြ၏။-
Luke BurCBCM 4:37  ကိုယ်တော်၏ သတင်းတော်သည် ထိုဒေသပတ်ဝန်းကျင်တစ်ခုလုံး သို့ပျံ့ နှံ့သွားလေ၏။
Luke BurCBCM 4:38  ကိုယ်တော်သည် ထ၍ တရားဇရပ်မှ ထွက်ခွာပြီးလျှင် စီမွန်၏အိမ်သို့ဝင်တော်မူ၏။ ထိုအချိန်တွင် စီမွန်၏ ယောက္ခမ သည် ပြင်းထန်သောအဖျားရောဂါခံစားနေရ သောကြောင့် သူတို့သည် သူမအတွက် ကိုယ်တော့်ကို တောင်းလျှောက်ပေးကြ၏။-
Luke BurCBCM 4:39  ကိုယ်တော်သည် သူမ၏အနီးတွင်ရပ်လျက် အဖျားရောဂါပျောက်ကင်းစေရန် အမိန့်ပေးတော်မူလျှင် သူမသည် ရောဂါပျောက်ကင်း၍ ချက်ချင်းထကာ သူတို့ကိုဧည့်ဝတ်ပြုလေ၏။
Luke BurCBCM 4:40  နေဝင်ချိန်ရောက်သောအခါ အမျိုးမျိုးသော ရောဂါဝေဒနာစွဲကပ်သူတို့၏ ဆွေမျိုးအပေါင်းတို့သည် လူနာများကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်လည်း လူနာအသီးသီးအပေါ်၌ မိမိ၏လက်တော်ကိုတင်လျက် သူတို့၏ ရောဂါများကို ပျောက်ကင်းစေတော်မူ၏။-
Luke BurCBCM 4:41  နတ်ဆိုးတို့သည်လည်း ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ပါသည်ဟု ဟစ်အော်လျက် များစွာသော လူတို့ထဲမှ ထွက်သွားကြ၏။ သို့သော် ကိုယ်တော်သည် သူတို့အား ဟန့်တား၍ ထိုသို့ပြောဆိုခြင်းကို ခွင့်ပြုတော် မမူချေ။ အကြောင်းမူကား ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို ၎င်းတို့သိကြသောကြောင့်ဖြစ်၏။
Luke BurCBCM 4:42  နောက်တစ်နေ့တွင် ကိုယ်တော်သည် ထွက်ခွာ၍ လူသူကင်းဝေးရာအရပ်သို့ ကြွသွားတော်မူ၏။ ထိုအခါ လူတို့သည် ကိုယ်တော့်ကိုရှာကြပြီး အထံတော်သို့လာ ကြလျက် မိမိတို့ထံမှ ထွက်ခွာမသွားပါရန် ကိုယ်တော့်ကို တောင်းပန်ကြလေ၏။-
Luke BurCBCM 4:43  သို့သော် ကိုယ်တော်က ငါသည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်ရာသတင်းကောင်းကို အခြားသောမြို့များတွင်လည်း ဟောပြောကြေညာရမည်။ အကြောင်းမူကား ငါသည် ဤအကြောင်းကြောင့် စေလွှတ်ခြင်းခံရသည်ဟု မိန့်တော်မူ၏။-
Luke BurCBCM 4:44  ထို့နောက် ကိုယ်တော်သည် ဂျူဒေးယပြည်ရှိ တရားဇရပ်များတွင် ဟောပြောသွန်သင်တော်မူ၏။