Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 21
Luke BurCBCM 21:1  ကိုယ်တော်သည် လှမ်း၍ကြည့်လျှင် ဥစ္စာကြွယ်၀ချမ်းသာသော သူတို့သည် မိမိတို့၏အလှူငွေများကို ဘဏ္ဍာတော် သေတ္တာထဲသို့ ထည့်နေကြသည်ကို မြင်တော်မူ၏။-
Luke BurCBCM 21:2  ဆင်းရဲသော မုဆိုးမတစ်ယောက်သည်လည်း ကြေးနီပြားနှစ်ပြားထည့်နေသည်ကို ကိုယ်တော် မြင်တော်မူ၏။-
Luke BurCBCM 21:3  ကိုယ်တော်က သင်တို့အား ငါအမှန်ဆိုသည်ကား ဤဆင်းရဲသောမုဆိုးမသည် အခြားသူအားလုံးတို့ထက် ပို၍အလှူငွေ ထည့်ဝင်လေပြီ။-
Luke BurCBCM 21:4  အကြောင်းမူကား ထိုသူအားလုံးတို့သည် မိမိတို့၌ ပိုလျှံသောငွေထဲမှ အလှူထည့်ဝင်ကြ၏။ သူမမူကား ဆင်းရဲနွမ်းပါးသည့် အထဲမှ မိမိအသက်မွေးစရာရှိသမျှကို လှူဒါန်းလေပြီဟု မိန့်တော်မူ၏။
Luke BurCBCM 21:5  အချို့သောသူများက ဗိမာန်တော်သည် လှပသော ကျောက်တုံးများနှင့်လည်းကောင်း၊ ဘုရားသခင်ကို ဆက်ကပ်ပူဇော် ထားသည့် လှူဖွယ်ပစ္စည်းများနှင့်လည်းကောင်း တန်ဆာဆင်ထားကြောင်း ပြောဆိုကြ၏။-
Luke BurCBCM 21:6  ကိုယ်တော်က ယခုသင်တို့ မြင်တွေ့ကြရသော ဤအရာအားလုံးတို့သည် ကျောက်တုံး တစ်တုံးအပေါ် တစ်တုံး တင်၍ မကျန်ရစ်သည့်တိုင်အောင် အားလုံးပြိုပျက်သည့်နေ့များ ရောက်လာလိမ့်မည်ဟု မိန့်တော်မူ၏။
Luke BurCBCM 21:7  ထိုအခါ သူတို့က ဆရာသခင်၊ ဤအရာများသည် မည်သည့်အချိန်ကာလတွင် ဖြစ်ပျက်မည်နည်း။ ဤသို့ မဖြစ်မီ မည်သည့် နိမိတ်လက္ခဏာများ ပေါ်ထွန်းမည်နည်းဟု မေးလျှောက်ကြလေ၏။-
Luke BurCBCM 21:8  ကိုယ်တော်ကလည်း သင်တို့သည် လှည့်ဖြားခြင်းမခံရစေရန် သတိပြုကြလော့။ အကြောင်းမူကား များစွာသောလူတို့သည် ငါ၏နာမ၌ လာကြ၍ ငါသည် ခရစ်တော်ဖြစ်၏။ အချိန်ကာလသည် နီးလာလေပြီဟု ဆိုကြလိမ့်မည်။ ထိုသူတို့၏နောက်သို့ မလိုက်ကြလေနှင့်။-
Luke BurCBCM 21:9  သင်တို့သည် စစ်ပွဲများနှင့် ပုန်ကန် ထကြွခြင်းအကြောင်းများကို ကြားရသောအခါ ထိတ် လန့်တုန်လှုပ်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ဤအမှုအရာများသည် ပထမဦးစွာ ဖြစ်ပျက်ရမည်။ သို့ရာတွင် နောက်ဆုံးသော ကာလသည် ချက်ချင်း ရောက်လာလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။
Luke BurCBCM 21:10  ထို့နောက် သူတို့အား မိန့်တော်မူသည်ကား လူမျိုး တစ်မျိုးနှင့် တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံစစ်ဖြစ်ကြလိမ့်မည်။-
Luke BurCBCM 21:11  နေရာအရပ်ရပ်တို့၌ မြေငလျင်ပြင်းစွာလှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါများ ကျရောက်ခြင်းတို့ ဖြစ်ပေါ် လိမ့်မည်။ ကောင်းကင်၌လည်း ကြောက်မက်ဖွယ်ရာနိမိတ်များနှင့် ကြီးကျယ်သော အမှတ်လက္ခဏာများ ဖြစ်ပေါ်လိမ့်မည်။-
Luke BurCBCM 21:12  သို့သော် ဤအခြင်းအရာများ အားလုံးမဖြစ်ပျက်မီ လူတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဖမ်းဆီးညှဉ်းဆဲကြလိမ့်မည်။ သူတို့သည် သင်တို့ကို တရားဇရပ်များနှင့် အကျဉ်းထောင်များတွင် အပ်နှံကြ၍ သင်တို့သည် ဘုရင်များနှင့် မြို့ဝန်များ၏ ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်းခံကြရလိမ့်မည်။-
Luke BurCBCM 21:13  ဤသည်ကား သင်တို့ သက်သေခံရန် အချိန်အခါကောင်းဖြစ်လိမ့်မည်။-
Luke BurCBCM 21:14  ထို့ကြောင့် သင်တို့မည်ကဲ့သို့ဖြေကြားရမည်ကို ကြိုတင်၍ တွေးဆမထားရန် စိတ်ပိုင်းဖြတ်ကြလော့။-
Luke BurCBCM 21:15  အကြောင်းမူကား သင်တို့၏ ရန်သူများသည် သင်တို့ကို ငြင်းခုံဆန့်ကျင်ခြင်း မပြုနိုင်ရန် နှုတ်အစွမ်းနှင့် ဉာဏ်ပညာကို သင်တို့အား ငါပေးမည်။-
Luke BurCBCM 21:16  သင်တို့ကို သင်တို့၏ မိဘညီအစ်ကိုများ၊ ဆွေမျိုးနှင့် မိတ်ဆွေများကပင် အပ်နှံကြလိမ့်မည်။ သင်တို့တွင် အချို့ကို သူတို့သတ်ကြလိမ့်မည်။-
Luke BurCBCM 21:17  သင်တို့သည် ငါ၏နာမကြောင့် လူအပေါင်းတို့၏မုန်းတီးခြင်းကို ခံကြရလိမ့်မည်။-
Luke BurCBCM 21:18  သို့သော် သင်တို့၏ဦးခေါင်းမှ ဆံခြည်တစ်ပင်မျှ ပျက်စီးဆုံးရှုံးလိမ့်မည်မဟုတ်။-
Luke BurCBCM 21:19  တည်ကြည် ခိုင်မာခြင်းအားဖြင့် သင်တို့သည် သင်တို့၏အသက်ကို ပိုင်ဆိုင်ကြလိမ့်မည်။
Luke BurCBCM 21:20  သို့ရာတွင် ဂျေရုဆလင်မြို့အား စစ်သည်များ ဝိုင်းရံလျက်ရှိသည်ကို သင်တို့မြင်ရသောအခါ ထိုမြို့၏ ပျက်စီးဆိတ်သုဉ်း ခြင်းသည် နီးလာပြီဟု သိမှတ်ကြလော့။-
Luke BurCBCM 21:21  ထိုအခါ ဂျူဒေးယပြည်တွင် ရှိသောသူတို့သည် တောင်ကုန်းများဆီသို့ ထွက်ပြေးကြစေ။ မြို့တွင်း၌ ရှိသောသူတို့သည် မြို့မှထွက်ခွာကြစေ။ တောအရပ်၌ ရှိကြသော သူတို့သည်လည်း မြို့တွင်းသို့မဝင်ကြစေနှင့်။-
Luke BurCBCM 21:22  အကြောင်းမူကား ထိုနေ့ရက်များသည် ကျမ်းစာတော်မြတ်၌ ရေးထားသမျှ ပြည့်စုံစေခြင်းငှာ အပြစ်ဒဏ်စီရင်မည့် နေ့ရက်များဖြစ် သောကြောင့်တည်း။-
Luke BurCBCM 21:23  ထိုနေ့ရက်တို့၌ ကိုယ်ဝန်ဆောင်သော မိန်းမတို့နှင့် နို့စို့သူငယ်ရှိသော မိခင်တို့သည် ဒုက္ခရောက်ကြလိမ့်မည်။ အကြောင်း မူကား ကမ္ဘာမြေကြီးပေါ်၌ ဆင်းရဲဒုက္ခကြီးစွာ ကျရောက်၍ ဤလူမျိုးအပေါ်သို့လည်း အမျက်တော် သက်ရောက်လိမ့်မည်။-
Luke BurCBCM 21:24  သူတို့သည် ဓားလက်နက်ဘေးဖြင့် သေဆုံးကြ၍ သုံ့ပန်းများအဖြစ် တိုင်းနိုင်ငံအပေါင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံကြရလိမ့်မည်။ လူမျိုးခြားတို့ ကြီးစိုးသည့် အချိန်ကာလ မကုန်မချင်း ဂျေရုဆလင်မြို့သည် ထိုသူတို့၏ နင်းခြေခြင်းကို ခံရလိမ့်မည်။
Luke BurCBCM 21:25  နေ၊ လနှင့်ကြယ်များ၌ နိမိတ်လက္ခဏာများ ဖြစ်ပေါ်လာလိမ့်မည်။ ကမ္ဘာပေါ်၌လည်း ပင်လယ်နှင့် လှိုင်းတံပိုးတို့၏ မြည်ဟီးသံကြောင့် စိတ်ရှုပ်ထွေးနေကြသော လူမျိုးအပေါင်းတို့သည် ပူပင်သောကရောက်ကြလိမ့်မည်။-
Luke BurCBCM 21:26  လူတို့သည် ကမ္ဘာပေါ်၌ ဖြစ်လတ္တံ့သော ဘေးဒုက္ခများကို မျှော်တွေး၍ ကြောက်ရွံ့တုန်လှုပ်ကြလျက် မေ့မြောလဲကျ ကြလိမ့်မည်။ အကြောင်းမူကား ကောင်းကင်၏စွမ်းအား တန်ခိုးတို့သည် တုန်ခါကြလိမ့်မည်။-
Luke BurCBCM 21:27  ထို့နောက် လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်နှင့် မိုးတိမ်အတွင်းမှ ကြွလာတော်မူသည်ကို သူတို့ မြင်ကြရလိမ့်မည်။-
Luke BurCBCM 21:28  ဤအခြင်းအရာများ စတင်ဖြစ်ပေါ်လာသောအခါ သင်တို့သည် မျှော်ကြည့်ကြလျက် သင်တို့၏ဦးခေါင်းကို မော့ထား ကြလော့။ အကြောင်းမူကား သင်တို့၏ ကယ်တင်ခြင်းသည် နီးလာလေပြီဟု မိန့်တော်မူ၏။
Luke BurCBCM 21:29  ထို့နောက် ကိုယ်တော်သည် သူတို့အား ပုံဥပမာတစ်ခုကို မိန့်တော်မူသည်ကား သဖန်းပင်နှင့် သစ်ပင်ရှိသမျှကို ကြည့်ကြလော့။-
Luke BurCBCM 21:30  ရွက်သစ်များ ထွက်လာသည်ကို သင်တို့မြင်သည်နှင့် နွေရာသီရောက်လုနီးပြီဟု သင်တို့သိကြလေပြီ။-
Luke BurCBCM 21:31  ထိုနည်းတူ သင်တို့သည်လည်း ဤအခြင်းအရာများ ဖြစ်ပျက်သည်ကို မြင်ရသောအခါ ဘုရားသခင်၏ နိုင်ငံတော်သည် နီးလာပြီဟု သိမှတ်ကြလော့။-
Luke BurCBCM 21:32  သင်တို့အား ငါအမှန်ဆိုသည်ကား ဤအရာများအားလုံး ဖြစ်ပျက်ပြီးသည့်တိုင်အောင် ဤလူမျိုးဆက်သည် ကွယ်ပျောက် လိမ့်မည်မဟုတ်။-
Luke BurCBCM 21:33  ကောင်းကင်နှင့်မြေကြီး ကွယ်ပျောက်သွားသော်လည်း ငါ၏စကားများမူကား ကွယ်ပျောက်လိမ့်မည်မဟုတ်။
Luke BurCBCM 21:34  သို့သော်လည်း သင်တို့သည် သုံးဖြုန်းပျော်ပါးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် လောကီရေးရာအတွက် စိုးရိမ်ခြင်းတို့ဖြင့် စိတ်နှလုံး လေးလံဖိစီးမှု မရှိစေရန် သတိပြုကြလော့။ သို့မဟုတ်လျှင် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လိမ့်မည်။-
Luke BurCBCM 21:35  အကြောင်းမူကား ထိုနေ့ရက်သည် မြေမျက်နှာပြင်တစ်ခုလုံးတွင် နေထိုင်ကြသော သူများအားလုံးအပေါ်သို့ ကျရောက် လိမ့်မည်။-
Luke BurCBCM 21:36  သင်တို့မူကား သတိဝီရိယနှင့် အချိန်ပြည့် စောင့်နေကြလော့။ ဖြစ်လတ္တံ့သောဤအကြောင်း အရာအားလုံးတို့မှ လွတ်မြောက်နိုင်စွမ်း ရှိရန်နှင့် လူသား၏ ရှေ့မှောက်တွင် ရပ်တည်နိုင်ရန် ဆုတောင်းကြလော့ ဟုမိန့်တော်မူ၏။
Luke BurCBCM 21:37  ကိုယ်တော်သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌ သွန်သင်တော်မူလျက် ညအချိန်၌မူကား သံလွင်ဟုခေါ်သော တောင်ပေါ်သို့ သွား၍ သီတင်းသုံးတော်မူ၏။-
Luke BurCBCM 21:38  လူအပေါင်းတို့သည် ဗိမာန်တော်၌ ကိုယ်တော်၏တရားတော်ကို ကြားနာရန် နံနက်စောစော အထံတော်သို့လာကြ၏။