Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 72
Psal BurCBCM 72:1  အိုဘုရားသခင်၊ ဘုရင်မင်းမြတ်အား ကိုယ်တော်၏ တရားမျှတမှုကိုလည်းကောင်း၊ ဘုရင်မင်းမြတ်၏သားတော်အား ကိုယ်တော်၏ ဖြောင့်မတ်မှန်ကန်မှုကိုလည်းကောင်း ပေးတော်မူပါ။-
Psal BurCBCM 72:2  သူသည် ကိုယ်တော်၏လူမျိုးတော်ကို ဖြောင့်မတ်မှန်ကန်ခြင်းဖြင့်လည်းကောင်း၊ ဆင်းရဲသောသူတို့ကို တရားမျှတမှုဖြင့်လည်းကောင်း စီရင်မှုပြုနိုင်ပါစေ။-
Psal BurCBCM 72:3  တောင်တန်းတို့သည် ကိုယ်တော်၏လူမျိုးတော်အတွက် ကြွယ်၀ချမ်းသာခြင်းကိုလည်းကောင်း၊ တောင်ငယ်တို့သည် ဖြောင့်မတ်မှန်ကန်မှုကိုလည်းကောင်း ဖြစ်ထွန်းကြပါစေ။-
Psal BurCBCM 72:4  ထိုမင်းသည် ကိုယ်တော်၏ လူမျိုးတော်တွင် ဆင်းရဲသောသူတို့ဘက်၌ ကာကွယ်မှုပေးပြီး ချို့တဲ့နွမ်းပါးသောသူတို့ကို ကယ်တင်လျက် ဖိနှိပ်သူတို့ကို ချေမှုန်းတော်မူပါစေ။
Psal BurCBCM 72:5  နေသည် ထွန်းလင်း၍ လသည် အလင်းရောင်ပေးသမျှ ကာလပတ်လုံး သူသည် အစဉ်အဆက် အသက်ရှင်ပါစေသော်။-
Psal BurCBCM 72:6  သူသည် ရိတ်ထားသောမြက်ခင်းပေါ်သို့ ကျရောက်သော မိုးပေါက်များကဲ့သို့လည်းကောင်း၊ ကမ္ဘာမြေပေါ်တွင် ရွာသွန်းသော မိုးကဲ့သို့လည်းကောင်းဖြစ်ပါစေ။-
Psal BurCBCM 72:7  သူ၏လက်ထက်တော်၌ ဖြောင့်မတ်မှန်ကန်ခြင်းတရား ထွန်းကားပါစေ။ လ၏အလင်း ကုန်ဆုံးသွားသည့်တိုင်အောင် ငြိမ်းချမ်းသာယာခြင်းသည် ကျယ်ပြန့်စွာ စိုးမိုးပါစေ။
Psal BurCBCM 72:8  သူသည် ပင်လယ်တစ်ခုမှ တစ်ခုသို့လည်းကောင်း၊ မြစ်တစ်စင်းမှ ကမ္ဘာမြေကြီးစွန်းတိုင်အောင်လည်းကောင်း စိုးမိုးအုပ်ချုပ်လိမ့်မည်။-
Psal BurCBCM 72:9  တောကန္တာရတွင်ရှိသော လူမျိုးအပေါင်းတို့သည် မင်းကြီး၏ရှေ့တော်၌ ဦးညွတ်ကြလိမ့်မည်။ သူ၏ရန်သူတို့သည်လည်း မြေမှုန့်ကို လျက်ကြရလိမ့်မည်။-
Psal BurCBCM 72:10  တာရှစ်မင်းတို့နှင့် ကျွန်းများမှဘုရင်တို့သည် သူ့အား အခွန်ဆက်သကြလိမ့်မည်။ ရှီဘမင်းနှင့် ဆေဘမင်းတို့သည်လည်း လက်ဆောင်ပဏ္ဏာများကို ယူဆောင်လာကြလိမ့်မည်။-
Psal BurCBCM 72:11  ထိုမျှမက ရှင်ဘုရင်အပေါင်းတို့သည် သူ၏ရှေ့တော်တွင် ပျပ်ဝပ်ကြလိမ့်မည်။ ခပ်သိမ်းသော လူမျိုးတို့သည်လည်း သူ့ကို အစေခံကြလိမ့်မည်။
Psal BurCBCM 72:12  အကြောင်းမူကား မင်းကြီးသည် မိမိအား ဟစ်အော်တမ်းတသော ငတ်မွတ်သူတို့အားလည်းကောင်း၊ ခိုကိုးရာမဲ့ ဆင်းရဲသားတို့အားလည်းကောင်း ကယ်တင်တော်မူလေ၏။-
Psal BurCBCM 72:13  သူသည် အားနည်းနုံချာသည့် ဆင်းရဲသောသူတို့နှင့် နွမ်းပါးသောသူတို့ကို သနား၍ငတ်မွတ်သော သူတို့၏အသက်ကိုလည်း ကယ်တင်တော်မူ၏။-
Psal BurCBCM 72:14  သူသည် ဖိနှိပ်ချုပ်ချယ်မှုနှင့် အကြမ်းဖက်မှုထဲမှ ထိုသူတို့ကို ရွေးနုတ်ကယ်တင်တော်မူလိမ့်မည်။ အကြောင်းမူကား သူတို့၏သွေးသည် သူ၏ရှေ့မျက်မှောက်တွင် အဖိုးထိုက်တန်လှပေ၏။
Psal BurCBCM 72:15  သူသည် သက်တော်ရှည်ပါစေသော်။ သူသည် ရှီဘပြည်မှရွှေများကို လက်ဆောင်ပဏ္ဏာအဖြစ် ရရှိပါစေသော်။ လူတို့သည် သူ့အတွက် ဆုတောင်းပတ္ထနာများကို နေ့စဉ်မပြတ်ပြုကြပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို နေ့စဉ်နေ့တိုင်း ခံစားရစေရန် တောင်းလျှောက်ကြပါစေ။-
Psal BurCBCM 72:16  မြေပေါ်၌ ကောက်ပဲသီးနှံကြွယ်၀ပါစေ။ တောင်ထိပ်များပေါ်မှာ သီးနှံများယိမ်းနွဲ့လျက်ရှိပါစေ။ အသီးအပွင့်တို့သည်လည်း လေဘနွန်တောကဲ့သို့ဖြစ်ပါစေ။ လယ်ကွင်းပြင်ရှိ မြက်များကဲ့သို့ လူတို့သည် မြို့ကြီးများတွင် ဝေဆာတိုးပွားကြပါစေ။-
Psal BurCBCM 72:17  သူ၏နာမသည် အစဉ်အမြဲတည်ပါစေသော်။ သူ၏ဂုဏ်သတင်းသည်လည်း နေမင်းကြီးတည်သရွေ့ ဆက်လက်တည်တံ့ ပါစေ။ လူအပေါင်းတို့သည် သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံကြရပါစေ။ လူမျိုးအပေါင်းတို့သည် သူ့ကို မင်္ဂလာရှိသူဟုခေါ်ဝေါ် ကြပါစေ။
Psal BurCBCM 72:18  အစ္စရာအဲလ်လူမျိုး၏ ဘုရားဖြစ်တော်မူသော ထာ၀ရဘုရားသခင်သည် မင်္ဂလာရှိတော်မူ၏။ ကိုယ်တော်တစ်ပါးတည်း သာလျှင် အံ့ဖွယ်အမှုတို့ကို ပြုလုပ်တော်မူ၏။-
Psal BurCBCM 72:19  ကိုယ်တော်၏ ဘုန်းတန်ခိုးကြီးတော်မူသောနာမတော်သည် ကာလအဆက်ဆက်မင်္ဂလာရှိတော်မူ၏။ ကိုယ်တော်၏ ဘုန်းဂုဏ်တော်သည် မြေတစ်ပြင်လုံး၌ ပြည့်နှက်လျက်ရှိ၏။ အာမင်၊ အာမင်။
Psal BurCBCM 72:20  ဂျက်ဆေ၏သား ဒါဝိဒ်မင်းကြီး၏ ဆုတောင်းပတ္ထနာများ ပြီးဆုံးလေပြီ။