Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 51
Psal BurCBCM 51:1  အိုဘုရားသခင်၊ ကိုယ်တော်၏ ခိုင်မြဲသော မေတ္တာတော်ကြောင့် အကျွန်ုပ်ကို သနားတော်မူပါ။ ကိုယ်တော်၏ မဟာကရုဏာတော်ကြောင့် အကျွန်ုပ်၏ အပြစ်ကျူးလွန်မှုများကိုလည်း ပယ်ဖျက်တော်မူပါ။-
Psal BurCBCM 51:2  အကျွန်ုပ်၏ အပြစ်ဒုစရိုက်ကို အကုန်အစင် ဆေးကြောတော်မူပါ။ အကျွန်ုပ်ကိုအပြစ်မှ စင်ကြယ်စေတော်မူပါ။
Psal BurCBCM 51:3  အကျွန်ုပ်သည် အကျွန်ုပ်၏ ပြစ်မှားကျူးလွန်မှုများကို သိမှတ်ဝန်ခံပါ၏။ အကျွန်ုပ်၏အပြစ်သည် အကျွန်ုပ်၏ ရှေ့မှောက်တွင် အမြဲရှိပါ၏။-
Psal BurCBCM 51:4  အကျွန်ုပ်သည် ကိုယ်တော့်ကို ပြစ်မှားမိပါ၏။ ကိုယ်တော်ကိုသာ ပြစ်မှားမိခြင်း ဖြစ်ပါ၏။ ကိုယ်တော်၏ ရှေ့တော်မှောက်တွင် ဒုစရိုက်အမှုကို အကျွန်ုပ်ပြုမိပါပြီ။ သို့ဖြစ်၍ ကိုယ်တော်သည် အကျွန်ုပ်အား တရားစီရင်တော်မူသည်မှာ လျော်ကန် သင့်မြတ်ပါ၏။ အကျွန်ုပ်အား ဒဏ်ခတ်တော်မူသည်မှာလည်း အပြစ်ဆိုဖွယ်မရှိပါ။-
Psal BurCBCM 51:5  အကျွန်ုပ်သည် မွေးဖွားချိန်မှစ၍ အပြစ်ကျူးလွန်သူ ဖြစ်ခဲ့ပါ၏။ အမိဝမ်းတွင်း သန္ဓေတည်သည့် အချိန်မှစ၍ အပြစ်အတွင်း၌ ကျရောက်လျက်ရှိပါ၏။
Psal BurCBCM 51:6  အမှန်စင်စစ် ကိုယ်တော်သည် အတွင်းစိတ်၌ ရိုးသားဖြောင့်မတ်ခြင်းကို လိုလားတော်မူ၏။ ထို့ကြောင့် အကျွန်ုပ်၏ အတွင်းစိတ်နှလုံး၌ ဉာဏ်ပညာတော်ကို သွန်သင်ပေးတော်မူပါ။-
Psal BurCBCM 51:7  အကျွန်ုပ်ကို ဟစ်ဆုပ်ပင်အခက်နှင့် ဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် သန့်ရှင်းစင် ကြယ်ပါလိမ့်မည်။ အကျွန်ုပ်ကို ဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် နှင်းပွင့်ထက်ပင် ပို၍ဖြူလာပါလိမ့်မည်။-
Psal BurCBCM 51:8  ရွှင်လန်းခြင်းနှင့် ပျော်ရွှင်မြူးထူးသံများကို ကြားခွင့်ပြုတော်မူပါ။ ကိုယ်တော်ချေမွခဲ့သည့် အရိုးများကို ရွှင်လန်းဝမ်းမြောက် စေတော်မူပါ။-
Psal BurCBCM 51:9  အကျွန်ုပ်၏ အပြစ်များကို မျက်ကွယ်ပြုတော်မူ၍ အကျွန်ုပ်၏ ဒုစရိုက်များအားလုံးကို ဖယ်ရှားတော်မူပါ။
Psal BurCBCM 51:10  အိုဘုရားသခင်၊ အကျွန်ုပ်၏ အတွင်းစိတ်၌ ဖြူစင်သောနှလုံးသားကို ဖန်ဆင်းတော်မူပါ။ ခိုင်မာသော စိတ်ဓာတ်သစ်ကို အကျွန်ုပ်၌ ထည့်သွင်းပေးတော်မူပါ။-
Psal BurCBCM 51:11  ရှေ့တော်မှောက်မှ အကျွန်ုပ်ကို နှင်ထုတ်တော်မမူပါနှင့်။ ကိုယ်တော်၏ ဝိညာဉ်တော်မြတ်ကို အကျွန်ုပ်ထံမှ ရုပ်သိမ်းတော် မမူပါနှင့်။-
Psal BurCBCM 51:12  ကိုယ်တော်၏ ကယ်တင်တော်မူခြင်း ကျေးဇူးတော်ကြောင့် ခံစားရသည့် ရွှင်လန်းခြင်းကို အကျွန်ုပ်အား ပြန်လည် ပေးသနားတော်မူပါ။ စေတနာထက်သန်သောစိတ်ကို အကျွန်ုပ်၌ ဆက်လက်ထိန်းသိမ်းထားတော်မူပါ။
Psal BurCBCM 51:13  ထိုအခါ အကျွန်ုပ်သည် အပြစ်ကျူးလွန်သူတို့အား ကိုယ်တော်၏ တရားလမ်းတို့ကို သင်ကြားပေးပါမည်။ အပြစ်သားတို့ သည်လည်း ကိုယ်တော့်အထံတော်သို့ ပြန်လာကြပါလိမ့်မည်။-
Psal BurCBCM 51:14  အိုဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ သွေးထွက်သံယိုဖြစ်ပွားမှုမှ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ အကျွန်ုပ်၏ လျှာသည်လည်း ကိုယ်တော်၏ ကယ်တင်တော်မူခြင်းကို သီဆိုကျူးအေးပါမည်။
Psal BurCBCM 51:15  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏နှုတ်ခမ်းများကို ဖွင့်တော်မူပါ။ အကျွန်ုပ်၏နှုတ်သည်လည်း ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းပါမည်။-
Psal BurCBCM 51:16  ကိုယ်တော်သည် ယဇ်ပူဇော်ခြင်းကို နှစ်မြို့တော်မမူပေ။ အကျွန်ုပ်သည် မီးရှို့ပူဇော်ရာယဇ်ကို ယူဆောင်လာလျှင်လည်း ကိုယ်တော်နှစ်သက်တော်မူမည်မဟုတ်။-
Psal BurCBCM 51:17  ဘုရားသခင် နှစ်သက်တော်မူသောယဇ်သည်ကား ကြေကွဲသောစိတ်ပေတည်း။ အိုဘုရားသခင်၊ ကိုယ်တော်သည် ကြေကွဲ၍ နောင်တရသော စိတ်နှလုံးကို ပစ်ပယ်တော်မူလိမ့်မည်မဟုတ်ပါ။
Psal BurCBCM 51:18  ကိုယ်တော်၏ ကောင်းမြတ်တော်မူခြင်းအားဖြင့် ဇီအွန်မြို့ကို ကြီးပွားတိုးတက်စေတော်မူပါ။ ဂျေရုဆလင်၏ မြို့ရိုးများကိုလည်း ပြန်လည်တည်ဆောက်တော်မူပါ။-
Psal BurCBCM 51:19  ထိုအခါ ကိုယ်တော်သည် စစ်မှန်သောယဇ်၊ မီးရှို့ပူဇော်ရာယဇ်များနှင့် တစ်ကိုယ်လုံး မီးရှို့ပူဇော်သောယဇ်များကို နှစ်သက်တော်မူပေလိမ့်မည်။ ထို့နောက် နွားလားများကို ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ကြပေလိမ့်မည်။