Site uses cookies to provide basic functionality.

OK
JOHN
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21
Prev Up Next Toggle notes
Chapter 8
John BurCBCM 8:1  ယေဇူးသည်လည်း သံလွင်တောင်ပေါ်သို့ တက်တော်မူ၏။-
John BurCBCM 8:2  နောက်တစ်နေ့နံနက်စောစော၌ ကိုယ်တော်သည် ဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူ၏။ လူအပေါင်းတို့သည်လည်း အထံတော်သို့ လာကြသဖြင့် ကိုယ်တော်သည်ထိုင်၍ သူတို့ကိုသွန်သင်တော်မူစဉ်၊-
John BurCBCM 8:3  အိမ်ထောင်ရေးဖောက်ပြန်ရာ၌ ဖမ်းမိသောမိန်းမတစ်ဦးကို ကျမ်းတတ်ဆရာများနှင့် ဖာရီဇေးဦးတို့သည် ခေါ်ဆောင်လာ၍ လူတို့အလယ်တွင် ရပ်နေစေ၏။-
John BurCBCM 8:4  သူတို့က ကိုယ်တော်အား ဆရာသခင်၊ ဤမိန်းမကို အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်နေစဉ် ဖမ်းမိခဲ့ပါ၏။-
John BurCBCM 8:5  ပညတ်တရားတွင် မိုးဇက်က ဤမိန်းမမျိုးကို ကျောက်ခဲနှင့် ပေါက်သတ်ရမည်ဟု အကျွန်ုပ်တို့အား ပညတ်ခဲ့ပါ၏။ သူမနှင့်ပတ်သက်၍ ကိုယ်တော်မည်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။-
John BurCBCM 8:6  သူတို့သည် ကိုယ်တော့်ကို အပြစ်တင်နိုင်ရန် စုံစမ်းလို၍ ဤသို့လျှောက်ထားခြင်းဖြစ်၏။ သို့ရာတွင် ကိုယ်တော်သည် အောက်သို့ငုံ့၍ မြေပေါ်တွင် လက်ညှိုးတော်နှင့် ရေးမှတ်လျက် နေတော်မူ၏။-
John BurCBCM 8:7  သူတို့သည် ကိုယ်တော်အား ဆက်လက်၍ မေးမြန်းကြသောအခါ ကိုယ်တော်သည် မော်ကြည့်လျက် သင်တို့တွင် အပြစ်ကင်းသူသည် ဦးစွာပထမ သူမကိုကျောက်ခဲနှင့် ပေါက်စေဟု မိန့်တော်မူ၏။-
John BurCBCM 8:8  ထို့နောက် ကိုယ်တော်သည် တစ်ဖန်အောက်သို့ငုံ့၍ လက်ညှိုးတော်ဖြင့် မြေပေါ်တွင် ရေးမှတ်လျက်နေတော်မူ၏။-
John BurCBCM 8:9  ထိုသူတို့မူကား ထိုစကားကိုကြားကြသောအခါ အသက်ကြီးသူတို့မှစ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားသဖြင့် ရှေ့တော်၌ ရပ်နေသော မိန်းမနှင့် ယေဇူးတစ်ပါးတည်းသာ ကျန်ရစ်လေ၏။-
John BurCBCM 8:10  ကိုယ်တော်သည် မော်ကြည့်၍ အချင်းအမျိုးသမီး၊ ထိုသူတို့ အဘယ်မှာနည်း။ မည်သူမျှ သင့်ကိုအပြစ်ဒဏ် မပေးသလောဟု မေးတော်မူ၏။-
John BurCBCM 8:11  သူမက မည်သူကမျှ အပြစ်ဒဏ်မပေးပါ၊ သခင်ဟု လျှောက်ထားလေ၏။ ယေဇူးက ငါသည်လည်း သင့်အား အပြစ်ဒဏ်မစီရင်တော့ပြီ။ သွားလော့။ နောက်တစ်ဖန် အပြစ်မပြုလေနှင့် ဟု မိန့်တော်မူ၏။
John BurCBCM 8:12  တစ်ဖန် ယေဇူးက ငါသည် လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်တွင် သွားလာရမည် မဟုတ်။ သူသည် အသက်နှင့်ဆိုင်သော အလင်းကိုရလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။-
John BurCBCM 8:13  ထိုအခါ ဖာရီဇေးဦးတို့က သင်သည် မိမိကိုယ်ကို သက်သေခံနေခြင်းဖြစ်၍ သင်၏သက်သေခံချက်သည် မှန်ကန်မှုမရှိဟု ကိုယ်တော်အား ဆိုကြ၏။-
John BurCBCM 8:14  ယေဇူးကလည်း ငါသည် ကိုယ့်အကြောင်းကို သက်သေခံသော်လည်း ငါ၏သက်သေခံချက်သည် မှန်ကန်၏။ အကြောင်း မူကား ငါသည် မည်သည့်အရပ်ကလာ၍ မည်သည့်အရပ်သို့ သွားမည်ကို ငါသိ၏။ သင်တို့မူကား မည်သည့်အရပ်မှ ငါလာသည်ကိုလည်းကောင်း၊ မည်သည့်အရပ်သို့ ငါသွားမည်ကိုလည်းကောင်း မသိကြ။-
John BurCBCM 8:15  သင်တို့သည် လူ၏ အသွေးအသားအတိုင်း စီရင်ကြ၏။ ငါမူကား မည်သူ့ကို မျှမစီရင်။-
John BurCBCM 8:16  အကယ်၍ ငါစီရင်လျှင်လည်း ငါ၏စီရင်ချက်သည် မှန်ကန်၏။ အကြောင်းမူကား ငါသည် တစ်ဦးတည်း စီရင်သည်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောသူနှင့် အတူစီရင်သောကြောင့်ဖြစ်၏။-
John BurCBCM 8:17  သင်တို့၏ ပညတ်တရားတွင် သက်သေနှစ်ဦး၏ ထွက်ဆိုချက်သည် မှန်ကန်၏ဟု ရေးထား၏။-
John BurCBCM 8:18  ငါသည် မိမိကိုယ်ကို သက်သေခံ၏။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည်လည်း ငါ့ကို သက်သေခံ၏ဟု မိန့်တော်မူ၏။-
John BurCBCM 8:19  ထို့ကြောင့် သူတို့က သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်းဟု မေးကြ၏။ ယေဇူးက သင်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ၏ခမည်းတော်ကိုလည်းကောင်း မသိကြ။ အကယ်၍ သင်တို့သည် ငါ့ကိုသိကြပါလျှင် ငါ၏ ခမည်းတော်ကိုလည်း သင်တို့သိကြလိမ့်မည်ဟု ပြန်ဖြေတော်မူ၏။-
John BurCBCM 8:20  ကိုယ်တော်သည် ဤစကားများကို ဗိမာန်တော်အတွင်း၊ ဘဏ္ဍာတိုက်တွင် ဟောပြောသွန်သင်စဉ် မိန့်တော်မူခြင်းဖြစ်၏။ သို့ရာတွင် ကိုယ်တော်၏အချိန်မကျရောက်သေးသဖြင့် မည်သူကမျှ ကိုယ်တော့်ကို မဖမ်းဆီးကြ။
John BurCBCM 8:21  တစ်ဖန် ကိုယ်တော်က ငါသည်သွားရမည်။ ထိုအခါ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ သို့ရာတွင် သင်တို့သည် မိမိတို့၏အပြစ်ဒုစရိုက်၌ သေကြလိမ့်မည်။ ငါသွားသောအရပ်သို့ သင်တို့လာနိုင်ကြလိမ့်မည်မဟုတ်ဟု သူတို့အား မိန့်တော်မူ၏။-
John BurCBCM 8:22  ထိုအခါ ဂျူးလူမျိုးတို့က ငါသွားသောအရပ်သို့ သင်တို့လာနိုင်ကြလိမ့်မည်မဟုတ်ဟု သူဆိုခဲ့သောကြောင့် သူသည် မိမိကိုယ်ကို သတ်သေမည်လောဟု အချင်းချင်းပြောဆိုကြလေ၏။-
John BurCBCM 8:23  ကိုယ်တော်ကလည်း သင်တို့သည် အောက်အရပ်မှလာကြ၏။ ငါမူကား အထက်အရပ်မှလာ၏။ သင်တို့သည် လောကီသားများဖြစ်ကြ၏။ ငါမူကား လောကီသားမဟုတ်။-
John BurCBCM 8:24  ထို့ကြောင့် သင်တို့သည် သင်တို့၏အပြစ်၌ သေကြလိမ့်မည်ဟု ငါဆိုခြင်းဖြစ်၏။ အကြောင်းမူကား ငါသည် ထိုသူဖြစ်သည်ကို သင်တို့မယုံကြည်ကြလျှင် သင်တို့သည် သင်တို့အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။-
John BurCBCM 8:25  ထိုအခါ သူတို့က သင်သည် မည်သူနည်းဟု ကိုယ်တော်အား မေးကြ၏။ ယေဇူးက ငါမည်သူဖြစ်သည်ကို အစဦးကပင် သင်တို့ အား ငါပြောခဲ့ပြီ။-
John BurCBCM 8:26  ငါသည် သင်တို့၏ အကြောင်းနှင့်စပ်လျဉ်း၍ ပြောစရာများစွာရှိပြီး သင်တို့အား စီရင်စရာများစွာရှိ၏။ သို့သော် ငါ့ကို စေလွှတ်တော်မူသောသူသည် ဖြောင့်မှန်တော်မူ၏။ သူ့ထံမှ ငါကြားရသမျှတို့ကို လောကီသားတို့အား ငါကြေညာ ဟောပြောသည်ဟု သူတို့အား မိန့်တော်မူ၏။-
John BurCBCM 8:27  ကိုယ်တော်သည် ခမည်းတော်ကိုရည်ညွန်း၍ သူတို့အား ထိုသို့မိန့်မြွက်တော်မူကြောင်းကို သူတို့နားမလည်ကြ။-
John BurCBCM 8:28  ထို့ကြောင့် ယေဇူးက သူတို့အား မိန့်တော်မူသည်ကား သင်တို့သည် လူသားကို မြှောက်ထားကြသောအခါ ငါသည် ထိုသူဖြစ်ကြောင်းကိုလည်းကောင်း၊ ငါသည် မိမိ၏အလိုဆန္ဒအလျောက် မည်သည့်အမှုကိုမျှ မပြုဘဲ ငါ့အား ခမည်းတော် သွန်သင်တော်မူသည့်အတိုင်း ငါဟောပြောသွန်သင်ကြောင်းကိုလည်းကောင်း သင်တို့သိကြလိမ့်မည်။-
John BurCBCM 8:29  ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူပြီး သူသည် ငါ့ကိုတစ်ဦးတည်း စွန့်ပစ်ထားတော်မမူ။ အကြောင်းမူကား ငါသည် ကိုယ်တော်နှစ်သက်တော်မူသော အမှုကို အစဉ်အမြဲ လုပ်ဆောင်သောကြောင့်ဖြစ်သည်ဟု မိန့်တော်မူ၏။-
John BurCBCM 8:30  ကိုယ်တော်သည် ဤအကြောင်းအရာများကို မိန့်တော်မူပြီးသောအခါ များစွာသော လူတို့သည် ကိုယ်တော့်ကို ယုံကြည်လာကြ၏။
John BurCBCM 8:31  ထိုအခါ ယေဇူးသည် မိမိကိုယုံကြည်လာကြသော ဂျူးလူမျိုးတို့အား သင်တို့သည် ငါ၏စကားအတိုင်း လိုက်နာကြလျှင် အမှန်ပင် ငါ၏တပည့်များဖြစ်ကြ၏။-
John BurCBCM 8:32  သင်တို့သည် သမ္မာတရားကို သိကြလိမ့်မည်။ ထိုသမ္မာတရားသည်လည်း သင်တို့ကို လွတ်လပ်စေလိမ့်မည်ဟု မိန့်တော်မူ၏။-
John BurCBCM 8:33  ထိုသူတို့ကလည်း အကျွန်ုပ်တို့သည် အာဘရာဟံ၏ သားမြေးများဖြစ်ကြ၍ မည်သည့်အခါကမျှ သူတစ်ပါး၏ကျွန် မဖြစ်ခဲ့ဖူးပါ။ သင်တို့သည် လွတ်လပ်မှု ကိုရကြလိမ့်မည်ဟူ၍ အဘယ်ကြောင့် သင်ဆိုသနည်းဟု ယေဇူးကိုပြန်မေးကြ၏။
John BurCBCM 8:34  ယေဇူးက သူတို့အား ပြန်ပြောတော်မူသည်မှာ သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား အပြစ်ကျူးလွန်ကြသော သူတိုင်းသည် အပြစ်၏ကျေးကျွန်ဖြစ်၏။-
John BurCBCM 8:35  ကျွန်အစေခံသည် အိမ်တွင် အစဉ်အမြဲ နေထိုင်သည်မဟုတ်။ သားဖြစ်သူသည်ကား အစဉ်အမြဲနေထိုင်၏။-
John BurCBCM 8:36  သို့ဖြစ်၍ သားတော်သည် သင်တို့ကိုဖြေလွှတ်လျှင် သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်။-
John BurCBCM 8:37  သင်တို့သည် အာဘရာဟံ၏ သားမြေးများဖြစ်ကြောင်းကို ငါသိ၏။ သို့သော် သင်တို့သည် ငါ၏စကားကို လက်မခံနိုင်သောကြောင့် ငါ့ကိုသတ်ရန် ရှာကြံကြ၏။-
John BurCBCM 8:38  ငါသည် ခမည်းတော်၏ မျက်မှောက်တော်တွင် မြင်ခဲ့ရသောအရာကို ပြောဆို၏။ သင်တို့သည်လည်း သင်တို့၏ အဖထံမှ ကြားရသမျှတို့ကို ပြုကြ၏ဟု မိန့်တော်မူ၏။
John BurCBCM 8:39  သူတို့ကလည်း အာဘရာဟံသည် အကျွန်ုပ်တို့၏ အဖဖြစ်သည်ဟု ကိုယ်တော်အား ဆိုကြ၏။ ယေဇူးက သင်တို့သည် အာဘရာဟံ၏ သားသမီးများဖြစ်ပါမူ အာဘရာဟံ ပြုလုပ်ခဲ့သည့်အတိုင်း သင်တို့ ပြုလုပ်ကြပေလိမ့်မည်။-
John BurCBCM 8:40  ယခုမူကား ဘုရားသခင်၏ အထံတော်မှ ကြားခဲ့ရသော သမ္မာတရားကို သင်တို့အား ပြောကြားသူဖြစ်သည့် ငါ့ကိုသတ်ရန် သင်တို့ကြံစည်နေကြ၏။ အာဘရာဟံကား ဤကဲ့သို့မပြုကျင့်ခဲ့ချေ။-
John BurCBCM 8:41  သင်တို့သည် သင်တို့၏ အဖပြုသကဲ့သို့ပြုကြ၏ဟု သူတို့အား မိန့်တော်မူ၏။ သူတို့က အကျွန်ုပ်တို့သည် တရားမဝင် ပေါင်းသင်းဆက်ဆံရာမှ မွေးဖွားလာကြသူများမဟုတ်ပါ။ အကျွန်ုပ်တို့တွင် ဘုရားသခင်တည်းဟူသော အဖတစ်ပါးတည်းသာ ရှိပါသည် ဟုဆိုကြလေ၏။-
John BurCBCM 8:42  ယေဇူးက ဘုရားသခင်သည် သင်တို့၏အဖဖြစ်လျှင် သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် ဘုရားသခင်ထံတော်မှ ဖြစ်ပေါ်လာ၍ ရောက်လာခဲ့ပြီ။ ငါသည် ငါ၏အလိုဆန္ဒအလျောက် လာခဲ့သည်မဟုတ်။ ကိုယ်တော်သည် ငါ့ကို စေလွှတ်တော်မူခြင်းဖြစ်၏။-
John BurCBCM 8:43  ငါဟောပြောသည့်အရာကို အဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ငါ၏စကားကို နားထောင်နိုင်စွမ်းမရှိသောကြောင့်ဖြစ်၏။-
John BurCBCM 8:44  သင်တို့သည် သင်တို့၏အဖ နတ်ဆိုးထံမှဖြစ်၍ သင်တို့၏စိတ်သည် သင်တို့အဖ ၏အလိုဆန္ဒကိုသာ လိုက်နာလိုကြ၏။ သူသည် အစဦးကပင် လူ့အသက်ကို သတ်သောသူဖြစ်ပြီး သမ္မာတရားနှင့် မည်သည့်အခါမျှ မစပ်ဆိုင်ခဲ့ပေ။ အကြောင်းမူကား သူ၌သမ္မာတရားမရှိသောကြောင့်ဖြစ်၏။ သူသည် မုသားစကားကိုပြောသောအခါ မိမိ၏ဇာတိသဘောအတိုင်း ပြောဆိုတတ်၏။ အကြောင်းမူကား သူသည် လိမ်ညာသူတစ်ဦးဖြစ်ပြီး လိမ်လည်လှည့်ဖြားခြင်း၏ အဖလည်းဖြစ်၏။-
John BurCBCM 8:45  သို့ရာတွင် ငါသည် သမ္မာတရားကို ပြောဆိုသော ကြောင့် သင်တို့သည် ငါ့ကို မယုံကြည်ကြ။-
John BurCBCM 8:46  သင်တို့တွင် မည်သူသည် ငါ၌အပြစ်ရှိကြောင်းကို ဖော်ပြနိုင်သနည်း။ ငါသည် သမ္မာတရားကိုပြောဆိုသည်မှန်လျှင် အဘယ်ကြောင့် သင်တို့သည် ငါ့ကိုမယုံကြည်ကြသနည်း။-
John BurCBCM 8:47  ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏ စကားများကို နားထောင်၏။ သင်တို့သည် ဘုရားသခင်ထံမှ မဟုတ်သောကြောင့် ဤစကားတို့ကို နားမထောင်ကြဟု မိန့်တော်မူ၏။
John BurCBCM 8:48  ဂျူးလူမျိုးတို့က သင်သည် ဆမာရိယလူမျိုးတစ်ဦးဖြစ်၍ သင်၌နတ်ဆိုးစွဲကပ်နေသည်ဟု အကျွန်ုပ်တို့ဆိုသည်မှာ မမှန်ပါသလောဟု ကိုယ်တော်အား ပြန်ပြောကြ၏။-
John BurCBCM 8:49  ယေဇူးက ငါ၌နတ်ဆိုးစွဲကပ်ခြင်းမရှိ။ သို့ရာတွင် ငါသည် ငါ၏ခမည်းတော်ကို ချီးမြှောက်၍ သင်တို့မူကား ငါ့ကိုရှုတ်ချကြ၏။-
John BurCBCM 8:50  ငါသည် ငါ၏ဘုန်းသရေကိုရှာသည် မဟုတ်။ သို့သော် ၎င်းကိုရှာသောအရှင်တစ်ပါးရှိ၍ သူ သည် တရားစီရင်မည့်သူဖြစ်၏။-
John BurCBCM 8:51  သင်တို့အား ငါဧကန် အမှန်ဆိုသည်ကား ငါ၏စကားကို လိုက်နာကျင့်ကြံသောသူသည် သေခြင်းနှင့် မည်သည့်အခါမျှ ကြုံရလိမ့် မည်မဟုတ်ဟု မိန့်တော်မူ၏။-
John BurCBCM 8:52  ထိုအခါ ဂျူးလူမျိုးတို့က ကိုယ်တော်အား သင်၌နတ်ဆိုးစွဲကပ်နေသည်ကို ယခု ငါတို့သိကြပြီ။ အာဘရာဟံသည် သေလွန်ခဲ့ပြီ။ ပရော ဖက်တို့သည်လည်း သေလွန်ကြလေပြီ။ သို့သော် သင် က ငါ့စကားကို လိုက်ကျင့်သောသူသည် သေခြင်းနှင့် မည်သည့်အခါမျှ ကြုံရလိမ့်မည်မဟုတ်ဟု ဆို၏။-
John BurCBCM 8:53  သင်သည် သေလွန်ပြီးသော ငါတို့အဖ အာဘရာဟံထက် ကြီးမြတ်ပါသလော။ ပရောဖက်တို့လည်း သေလွန်ခဲ့ကြလေပြီ။ သင်သည် သင့်ကိုယ်သင် မည်သူဟုထင်မှတ်သနည်းဟု မေးကြ၏။-
John BurCBCM 8:54  ယေဇူးက ငါသည် မိမိကိုယ်ကို ချီးမြှောက်ပါလျှင် ငါ၏ဘုန်းသရေသည် အချည်းနှီးပင် ဖြစ်၏။ သို့သော် ငါ့ကို ချီးမြှောက်သူကား ငါ၏ခမည်းတော် ပေတည်း။ ထိုအရှင်ကို သင်တို့သည် သင်တို့၏ဘုရားဟု ခေါ်ကြ၏။-
John BurCBCM 8:55  သို့သော် သင်တို့သည် ကိုယ်တော့်ကိုမသိ ကြ။ ငါမူကား ကိုယ်တော့်ကိုသိ၏။ အကယ်၍ ကိုယ် တော့်ကို ငါမသိဟုဆိုလျှင် ငါသည် သင်တို့ကဲ့သို့ လိမ်လည်ပြောဆိုသူဖြစ်လိမ့်မည်။ သို့ရာတွင် ငါသည် ကိုယ်တော့်ကိုသိ၍ ကိုယ်တော်၏ နှုတ်တော်ထွက် စကားကိုလည်း စောင့်ထိန်း၏။-
John BurCBCM 8:56  သင်တို့၏အဖ အာဘရာဟံသည် ငါကြွလာမည့်အချိန်ကာလကိုမြင်ရမည့်အကြောင်း၌ ဝမ်းမြောက်ရွှင်လန်းခြင်းရှိခဲ့၏။ သူသည် မြင်တွေ့ရသော အခါ၌လည်း ဝမ်းမြောက်ခဲ့၏ဟု မိန့်တော်မူ၏။
John BurCBCM 8:57  ထိုအခါ ဂျူးလူမျိုးတို့က ကိုယ်တော်အား သင်သည် အသက်ငါးဆယ်မျှပင် မရှိသေးသော်လည်း အာဘရာဟံကို မြင်တွေ့ခဲ့ပြီလောဟု ဆိုကြ၏။-
John BurCBCM 8:58  ယေဇူးကလည်း သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား အာဘရာဟံ မမွေးဖွားမီကပင် ငါရှိနှင့်ပြီဟု သူတို့အား မိန့်တော် မူ၏။-
John BurCBCM 8:59  ထိုအခါ သူတို့သည် ကိုယ်တော်အား ပစ်ပေါက်ရန် ကျောက်ခဲများကို ကောက်ကြ၏။ သို့သော် ကိုယ်တော်သည် တိမ်းရှောင်၍ ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ ၏။