Site uses cookies to provide basic functionality.

OK
PSALMS
Prev Up Next Toggle notes
Chapter 102
Psal BurCBCM 102:1  အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကူညီမစတော်မူပါရန် တောင်းလျှောက်သော အကျွန်ုပ်၏ ငိုကြွေးသံသည် ကိုယ်တော်၏အထံတော်သို့ ရောက်ပါစေ။-
Psal BurCBCM 102:2  အကျွန်ုပ် ဒုက္ခရောက်ချိန်၌ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ် ထံမှ လွှဲဖယ်တော်မမူပါနှင့်။ ကိုယ်တော်၏ရွှေနားတော် ကို အကျွန်ုပ်ဆီသို့လှည့်တော်မူပါ။ အကျွန်ုပ်ခေါ်တသော အခါ အလျင်အမြန်ထူးတော်မူပါ။
Psal BurCBCM 102:3  အကြောင်းမူကား အကျွန်ုပ်၏နေ့ရက်များသည် မီးခိုးကဲ့သို့ လွင့်ပျောက်သွားပြီး အကျွန်ုပ်၏အရိုးများသည်လည်း ရဲရဲတောက်နေသော မီးကျီးခဲများကဲ့သို့ တောက်လောင်ကြပါ၏။-
Psal BurCBCM 102:4  အကျွန်ုပ်၏နှလုံးသည် ညှိုးနွမ်း၍ မြက်ပင်ကဲ့သို့ခြောက်သွေ့နေပါ၏။ အကျွန်ုပ်သည် အစာစားရန်ပင် မေ့လျော့လျက်ရှိပါ၏။-
Psal BurCBCM 102:5  အကျွန်ုပ်သည် ကျယ်လောင်စွာ ညည်းတွားရသောကြောင့် အရိုးနှင့်အရေသာကျန်ပါတော့သည်။-
Psal BurCBCM 102:6  အကျွန်ုပ်သည် ကန္တာရငှက်ကဲ့သို့လည်းကောင်း၊ အပျက်အစီးများအလယ်ရှိ ဇီးကွက်ကဲ့သို့လည်းကောင်းဖြစ်ပါ၏။-
Psal BurCBCM 102:7  အကျွန်ုပ်သည် အိပ်မပျော်ဘဲ နိုးကြားနေ၍ အိမ်ခေါင်မိုးပေါ်ရှိ အထီးကျန်သောငှက်ကဲ့သို့ ဖြစ်နေပါ၏။-
Psal BurCBCM 102:8  အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်ကို တစ်နေ့လုံး ကဲ့ရဲ့စော်ကားကြပါ၏။ အကျွန်ုပ်ကို ဆဲရေးတိုင်းထွာသူတို့သည် အကျွန်ုပ်၏အမည်ကိုသုံး၍ ကျိန်ဆိုကြပါ၏။-
Psal BurCBCM 102:9  အကြောင်းမူကား အကျွန်ုပ်သည် ပြာကိုပေါင်မုန့်အဖြစ် စားရပါ၏။ အကျွန်ုပ်၏သောက်စရာကိုလည်း မျက်ရည်များဖြင့် ရောစပ်ရပါ၏။-
Psal BurCBCM 102:10  ကိုယ်တော်၏ ပြင်းထန်သော အမျက်တော်ကြောင့် ဤသို့ဖြစ်ရပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို ချီးမြှောက်ပြီးမှ ဘေးသို့ပစ်ချခဲ့လေပြီ။-
Psal BurCBCM 102:11  အကျွန်ုပ်၏နေ့ရက်များသည် ညနေ၏မှောင်ရိပ်ကဲ့သို့ဖြစ်၍ အကျွန်ုပ်သည် မြက်ပင်ကဲ့သို့ ညှိုးခြောက်သွားပါ၏။
Psal BurCBCM 102:12  သို့သော် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ရာဇပလ္လင်ပေါ်တွင် ထာ၀စဉ်စံမြန်းတော်မူပါ၏။ လူမျိုးအဆက်ဆက် တို့တွင် ကိုယ်တော်၏နာမတော်သည် တည်မြဲတော်မူပါ၏။-
Psal BurCBCM 102:13  ကိုယ်တော်သည် ကြွလာ၍ ဇီအွန်မြို့ပေါ်တွင် ကရုဏာသက်တော်မူလိမ့်မည်။ သူမကို ကျေးဇူးပြုရန် အချိန်တန်ပေပြီ။ သတ်မှတ်ထားသောအချိန် ဆိုက်ရောက်လာလေပြီ။-
Psal BurCBCM 102:14  အကြောင်းမူကား ကိုယ်တော်၏အစေခံများသည် ထိုမြို့၏ကျောက်တုံးများကို မြတ်နိုးကြလျက် ထိုမြို့၏မြေမှုန့်များကိုပင် သနားကြင်နာစိတ်ဖြစ်ကြပါ၏။-
Psal BurCBCM 102:15  လူမျိုးအပေါင်းတို့သည် ထာ၀ရဘုရားသခင်၏ နာမတော်ကို ကြောက်ရွံ့ရိုသေကြလိမ့်မည်။ မြေကြီးပေါ်ရှိ ဘုရင်အပေါင်း တို့သည်လည်း ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ကြည်ညိုလေးစားကြလိမ့်မည်။-
Psal BurCBCM 102:16  အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ဇီအွန်မြို့ကို တည်ဆောက်၍ မိမိ၏ဘုန်းဂုဏ်တော်နှင့် ထွက်ပေါ်လာ တော်မူလိမ့်မည်။-
Psal BurCBCM 102:17  ကိုယ်တော်သည် ခိုကိုးရာမဲ့သူတို့၏ ဆုတောင်းသံကို တုံ့ပြန်တော်မူလိမ့်မည်။ ကိုယ်တော်သည် သူတို့၏ အသနားခံ တောင်းလျှောက်ချက်ကို ငြင်းပယ်တော်မူလိမ့်မည်မဟုတ်။
Psal BurCBCM 102:18  ဤအကြောင်းအရာကို နောင်လာမည့်လူမျိုးဆက်အတွက် ရေးသားမှတ်တမ်းတင်ထားပါစေ။ သို့မှသာ မွေးဖွားခြင်း မခံရသေးသော သူတို့သည် ထာ၀ရဘုရားသခင်ကို ချီးမွမ်းကြပေလိမ့်မည်။-
Psal BurCBCM 102:19  ထာ၀ရဘုရားသခင်သည် မြင့်သောအရပ်ရှိ မိမိ၏သန့်ရှင်းရာဌာနမှ အောက်သို့ငုံ့ကြည့်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်မှ ကမ္ဘာမြေကြီးကို ရှုမြင်သုံးသပ်တော်မူ၏။-
Psal BurCBCM 102:20  ကိုယ်တော်သည် အကျဉ်းသားတို့၏ ညည်းတွားသံကိုကြားရန်နှင့် သေဒဏ်စီရင်ခြင်းခံရသောသူတို့ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန်အတွက်ဖြစ်၏။-
Psal BurCBCM 102:21  ဤသို့ဖြင့် လူတို့သည် ဇီအွန်မြို့တွင် ထာ၀ရဘုရားသခင်၏နာမတော်ကို ကြေညာကြ၍ ဂျေရုဆလင်မြို့တွင် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြု ကြလိမ့်မည်။-
Psal BurCBCM 102:22  လူမျိုးတကာတို့နှင့် တိုင်းနိုင်ငံအပေါင်းတို့သည် ထာ၀ရဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် စုရုံးကြလိမ့်မည်။
Psal BurCBCM 102:23  အကျွန်ုပ်၏ အသက်တာလမ်းခရီးတွင် ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားလျော့နည်းစေပြီး အကျွန်ုပ်၏နေ့ရက်များကို တိုတောင်းစေတော်မူခဲ့ပြီ။-
Psal BurCBCM 102:24  သို့ဖြစ်၍ ငါဆိုသည်မှာ အိုအကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို ဘ၀လမ်းခရီးတစ်ဝက်မှ ခေါ်သွားတော်မမူပါနှင့်။ ကိုယ်တော်၏နှစ်ကာလများသည်ကား လူမျိုးအဆက်ဆက်တို့တွင် အစဉ်တည်ရှိတော်မူပါ၏။
Psal BurCBCM 102:25  ရှေးအခါက ကိုယ်တော်သည် ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်ကို ချတော်မူခဲ့ပါ၏။ ကောင်းကင်တို့သည်လည်း ကိုယ်တော်၏ လက်ရာတော်များ ဖြစ်ကြပါ၏။-
Psal BurCBCM 102:26  ထိုအရာတို့သည် ပျက်စီးကြပါလိမ့်မည်။ ကိုယ်တော်မူကား တည်မြဲတော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းသွားကြပါလိမ့်မည်။ ကိုယ်တော်သည် ဝတ်ရုံကိုလဲသကဲ့သို့ ထိုအရာတို့ကို ပြောင်းလဲစေတော်မူသဖြင့် ယင်းတို့သည် ပျောက်ကွယ်သွားကြရ၏။-
Psal BurCBCM 102:27  ကိုယ်တော်မူကား ပြောင်းလဲတော်မမူချေ။ ကိုယ်တော်၏ နှစ်ကာလများသည်လည်း မည်သည့်အခါ မျှကုန်ဆုံးလိမ့်မည် မဟုတ်။-
Psal BurCBCM 102:28  ကိုယ်တော့်အစေခံများ၏ သားသမီးတို့သည် ဘေးကင်းလုံခြုံစွာနေထိုင်ကြရပြီး သူတို့၏သားစဉ်မြေးဆက်သည်လည်း ကိုယ်တော်၏ ရှေ့တော်၌ အစဉ်အမြဲတည်ရှိကြပါလိမ့်မည်။