Site uses cookies to provide basic functionality.

OK
RUTH
Up
1 2 3 4
Toggle notes
Chapter 1
Ruth BurJudso 1:1  တရားသူကြီးအုပ်စိုးသောကာလ၊ တရံရောအခါဣသရေလပြည်၌ အစာအာဟာရခေါင်းပါး၍ယုဒပြည် ဗက်လင် မြို့သား တယောက်သည်၊ မယားနှင့်သားနှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှါ သွား၏။
Ruth BurJudso 1:2  ထိုသူ၏အမည်ကား ဧလိမလက်။ မယားအမည်ကား နောမိ။ သားနှစ်ယောက်အမည်ကား မဟာလုန်နှင့် ခိလျုန်တည်း။ သူတို့သည်ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်လျက်၊ မောဘပြည်သို့သွား ၍နေကြ၏။
Ruth BurJudso 1:3  နောမိ၏ခင်ပွန်းဧလိမလက်သည်သေ၍မယားနှင့်သားနှစ်ယောက်တို့သည် ကျန်ရစ်ကြ၏။
Ruth BurJudso 1:4  သားတို့သည်မောဘပြည်သူဩရပနှင့်ရုသအမည်ရှိသော မိန်းမ နှစ်ယောက် တို့နှင့် စုံဘက်ခြင်းကိုပြု၍၊ ထိုပြည်မှာ ဆယ်နှစ်ခန့်မျှ နေပြီးမှ၊
Ruth BurJudso 1:5  ထိုသားနှစ်ယောက် မဟာလုန်နှင့်ခိလျုန်တို့သည် သေ၍ နောမိသည်သားမရှိ၊ ခင်ပွန်းလည်းမရှိ ကျန်ရစ်လေ၏။
Ruth BurJudso 1:6  တဖန်ထာဝရဘုရားသည်မိမိလူတို့ကိုအကြည့်အရှုကြွ၍ မုန့်ကိုပေးသနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘပြည်၌ကြားသောအခါ၊ မောဘပြည်မှပြန်သွားမည်ဟု ချွေးမနှစ်ယောက်နှင့်အတူထ၍၊
Ruth BurJudso 1:7  တည်းခိုရာအရပ်က ထွက်ပြီးလျှင် ယုဒပြည်သို့ရောက်လိုသောငှါသွားကြ၏။
Ruth BurJudso 1:8  သို့ရာတွင် ချွေးမနှစ်ယောက်တို့အား၊ သင်တို့သည် ကိုယ်အမိအိမ်သို့ပြန်ကြလော့။ သေလွန်သောသူ၌ ၎င်း၊ ငါ၌၎င်း၊ ကျေးဇူးပြုသည်နှင့်အညီ၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုတော်မူပါစေသော။
Ruth BurJudso 1:9  သင်တို့နှစ်ယောက်သည် နောက်ရသောလင်အိမ်၌ချမ်းသာစွာနေရမည်အကြောင်း ထာဝရဘုရား ကယ်မသနားတော်မူပါစေသောဟုဆိုလျက်သူတို့ကို နမ်းလေ၏။ သူတို့သည်လည်း၊ အသံကိုလွှင့်၍ငိုကြွေး လျက်၊
Ruth BurJudso 1:10  အကယ်စင်စစ်အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ၊ ကိုယ်တော်၏ အမျိုးထံသို့ လိုက်သွားပါမည်ဟု ဆိုကြ၏။
Ruth BurJudso 1:11  နောမိကလည်း၊ငါ့သမီးတို့ပြန်သွားကြလော့။ ငါနှင့်အတူအဘယ်ကြောင့် လိုက်ရမည်နည်း။ သင်တို့လင် လျှာဘို့ငါ၏ဝမ်း၌ သားရှိသေး သလော။
Ruth BurJudso 1:12  ငါ့သမီးတို့ပြန်သွားကြလော့။ ငါသည်အသက်အရွယ်လွန်၍လင်နှင့်မနေသင့်။ သို့မဟုတ်မြော်လင့်စရာရှိ သေးသည်ဟုငါဆိုလျှင်၎င်း၊ ယနေ့ညမှာလင်နေလျှင်၎င်း၊ သားတို့ကိုလည်းဘွားမြင်လျှင်၎င်း၊
Ruth BurJudso 1:13  ထိုသားတို့သည်ကြီးပွားသည်တိုင်အောင်ငံ့နေလိမ့်မည်လော။ လင်မနေဘဲသူတို့ကို မြော်လင့်လိမ့်မည် လော။ ငါ့သမီးတို့ထိုသို့မဖြစ်ရ။ ထာဝရဘုရား လက်တော်သည် ငါ၌ ကန့်လန့်ရှိသည်ကို သင်တို့အတွက် ငါအလွန်ကြင်နာသော စိတ်ရှိသည်ဟုဆိုလေသော်၊
Ruth BurJudso 1:14  သူတို့သည်တဖန်အသံကိုလွှင့်၍ငိုကြွေးကြ၏။ ထိုအခါဩရပသည်ယောက္ခမကိုနမ်း၍မိမိအမျိုးသား တို့ထံသွားသို့ပြန်သွား၏။ ရုသမူကား၊ ယောက္ခမ၌မှီဝဲဆည်းကပ်လျက်နေသေး၏။
Ruth BurJudso 1:15  နောမိကလည်း၊ သင့်အစ်မသည်အမျိုးသားရင်းဘုရားရင်းတို့ထံသို့ပြန်သွားပြီ။ အစ်မနောက်သို့ လိုက်သွားပါဟုဆိုသော်၊
Ruth BurJudso 1:16  ရုသက၊ ကျွန်မသည် ကိုယ်တော်ကိုမစွန့်ပါရစေနှင့်။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှါ မပြုပါနှင့်။ ကိုယ်တော်သွားလေရာရာသို့ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည်ကျွန်မဘုရားဖြစ်ပါစေ။
Ruth BurJudso 1:17  ကိုယ်တော်သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတပါး၊ အခြားသောအမှုကြောင့် ကိုယ်တော်နှင့်ကျွန်မကွာလျှင်၊ ထာဝရဘုရားသည် ကျွန်မ၌ထိုမျှမကပြုတော် မူပါစေသောဟုပြန်ဆို၏။
Ruth BurJudso 1:18  ရုသသည်လိုက်ခြင်းငှါခိုင်ခံ့သောစိတ်ရှိသည်ကိုနောမိသည်သိမြင်သော်တိတ်ဆိတ်စွာနေလေ၏။
Ruth BurJudso 1:19  ထိုသူနှစ်ယောက်တို့သည်ခရီးသွား၍ဗက်လင်မြို့သို့ရောက်သောအခါ၊ တမြို့လုံးအုတ်အုတ်ကျက်ကျက် ဖြစ်၍၊ ဤသူကားနောမိ ဟုတ်သလောဟုမေးကြ၏။
Ruth BurJudso 1:20  သူကလည်းနောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အားအလွန် ခါးသောအရာကိုပေးတော်မူပြီ။
Ruth BurJudso 1:21  ငါသည်ကြွယ်ဝပြည့်စုံလျက်ထွက်သွား၏။ ယခုမူကားဆင်းရဲလျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရား သည် ငါ့ကိုပို့ပြန်တော်မူပြီ။ ထာဝရဘုရားသည်ငါ့ကိုနှိမ့်ချ၍အနန္တတန်ခိုးရှင်သည် ငါ့ကိုဆင်းရဲစေတော်မူသည် ဖြစ်၍၊ နောမိအမည်ဖြင့်အဘယ်ကြောင့် ငါ့ကိုခေါ်ကြသနည်းဟု ပြန်ပြော၏။
Ruth BurJudso 1:22  ထိုသို့မောဘပြည်မှ လိုက်လာသော မောဘပြည်သူချွေးမရုသနှင့်အတူနောမိသည်ပြန်လာ၍၊ မုယော စပါးကိုရိတ်စကာလ၌ဗက်လင်မြို့သို့ရောက်ကြ၏။
Chapter 2
Ruth BurJudso 2:1  နောမိ၏လင်ဧလိမလက်၏ အဆွေအမျိုးတွင်အလွန်ရတတ်သောပေါက်ဘော်တယောက်ရှိ၏။ သူ၏အမည်ကား ဗောဇတည်း။
Ruth BurJudso 2:2  မောဘပြည်သူရုသက၊ ကျွန်မသည် လယ်ပြင်သို့သွား၍ စိတ်နှင့်တွေ့သောသူနောက်မှာစပါးကျန်ကို ကောက်ပါရစေဟု နောမိ၌အခွင့်ပန်လျှင်၊ နောမိက၊ သွားတော့ငါ့သမီးဟုဆို၏။
Ruth BurJudso 2:3  ရုသသည်သွား၍စပါးရိတ်သောသူတို့နောက်မှာ၊ စပါးကျန်ကို ကောက်သည်တွင်၊ ဧလိမလက်၏ အဆွေအမျိုး ဗောဇပိုင်သောလယ်၌ အမှတ်တမဲ့ နေရာကျ၏။
Ruth BurJudso 2:4  ထိုအခါဗောဇသည် ဗက်လင်မြို့က လာ၍၊ ထာဝရဘုရားသည်သင်တို့နှင့်အတူရှိတော်မူပါစေသောဟု ရိတ်သောသူတို့အားဆိုလျှင်၊ သူတို့က၊ ကိုယ်တော်ကိုထာဝရဘုရားကောင်းကြီးပေးတော်မူပါစေသောဟု ပြန်ပြောကြ၏။
Ruth BurJudso 2:5  ဗောဇကလည်း၊ ထိုမိန်းမငယ်သည် အဘယ်သူနှင့်ဆိုင်သနည်းဟု လယ်ခေါင်းအားမေးသော်၊
Ruth BurJudso 2:6  လယ်ခေါင်းက၊ မောဘပြည်မှနောမိနှင့်အတူလိုက်လာသော မောဘအမျိုးသမီးဖြစ်ပါ၏။
Ruth BurJudso 2:7  သူကလည်း၊ ကျွန်မသည် စပါးရိတ်သောသူတို့နောက်၌ ကောက်လှိုင်းစုထဲမှာ ကျန်သော စပါးကို ကောက်သိမ်းပါရစေဟု အခွင့်တောင်းလျက်ဝင်သဖြင့်၊ နံနက်မှစ၍ ယခုခဏတဲ၌နေသောအချိန် တိုင်အောင် လုပ်နေပါပြီဟုပြောဆိုလျှင်၊
Ruth BurJudso 2:8  ဗောဇသည် ရုသကိုခေါ်၍၊ နားထောင်ပါ၊ ငါ့သမီး။ အခြားသောလယ်သို့သွား၍စပါးကျန်ကို မကောက်နှင့်။ ဤအရပ်ကမထွက်ဘဲ၊ ငါ့ကျွန်မတို့၌ မှီဝဲလျက်နေတော့။
Ruth BurJudso 2:9  သူတို့ရိတ်သောလယ်ကွက်ကိုကြည့်မှတ်၍ သူတို့နောက်၌ လိုက်လော့။ လုလင်တို့သည်သင့်ကို မနှောင့်ရှက်ရမည်အကြောင်း ငါမှာထားပြီ။ ရေငတ်သောအခါ၊ အိုးထားရာသို့သွား၍လုလင်ခပ်သောရေကို သောက်တော့ဟုဆိုလေသော်၊
Ruth BurJudso 2:10  ရုသသည်မြေပေါ်မှာဦးချပြပ်ဝပ်လျက်၊ ကျွန်မသည်တပါးအမျိုးသားဖြစ်၍ ကိုယ်တော်သည် ကျွန်မကို သိမှတ်မည်အကြောင်း၊ အဘယ်သို့စိတ်တော်နှင့်တွေ့ရပါသနည်းဟုလျှောက်လေ၏။
Ruth BurJudso 2:11  ဗောဇကလည်း၊ သင်၏လင်သေသွားနောက်၊ သင်သည်ယောက္ခမအားပြုစုသမျှကို၎င်း၊ သင်သည်မိဘနှင့်မွေးဘွားရာဌာနပြည်ကိုစွန့်၍အထက်က မသိဘူးသောပြည်သို့လာကြောင်းကို၎င်း၊ ငါ့အားသေချာစွာပြောကြပြီ။
Ruth BurJudso 2:12  သင့်အမှု၏အကျိုးကိုထာဝရဘုရားပေးတော်မူပါစေသော။ သင်သည်အတောင်တော်အောက်၌ ခိုလှုံ ခြင်းငှါ ချဉ်းကပ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် စုံလင်သောဆုကို ချတော်မူပါစေသောဟု ဆိုသော်၊
Ruth BurJudso 2:13  ရုသကလည်း သခင်ကျွန်မသည် ရှေ့တော်၌မျက်နှာရပါစေ။ ကျွန်မသည်ကိုယ်တော်ကျွန်မတို့နှင့် မတူသော်လည်း၊ ကိုယ်တော်သည် လောကဝတ် စကားကို ပြော၍ကျွန်မကို နှစ်သိမ့်စေပါပြီဟု လျှောက်လေ၏။
Ruth BurJudso 2:14  ဗောဇကလည်း၊ စားသောက်သောအချိန်ရှိပြီ။ လာ၍မုန့်ကို စားလော့။ ပုံးရည်၌ စားစရာကို နျစ်လော့ ဟု ခေါ်ဆိုသည်အတိုင်း၊ ရုသသည် စပါးရိတ်သော သူတို့နှင့်အတူ ထိုင်လျှင်၊ ဗောဇသည် ပေါက်ပေါက်ကိုလှမ်း၍ ပေးသဖြင့်၊ သူသည် ဝစွာစားပြီးမှချန်ထားသေး၏။
Ruth BurJudso 2:15  စပါးကျန်ကို ကောက်ခြင်းငှါထသွားသောအခါ၊ ဗောဇသည်လုလင်တို့အား၊ ထိုမိန်းမသည် ကောက်လှိုင်း စုထဲမှာကျန်သောစပါးကိုကောက်သိမ်း ပါစေ၊ အရှက်မခွဲကြနှင့်။
Ruth BurJudso 2:16  ရိတ်ပြီးသောစပါးအချို့ကိုလည်း သူအဘို့ချထားလော့။ ကောက်ယူပါစေ။ အပြစ်မတင်ကြနှင့်ဟု မှာထား၏။
Ruth BurJudso 2:17  ရုသသည်ထိုလယ်၌ ညဦးတိုင်အောင် စပါးကျန်ကိုကောက်၍ ရသောစပါးကိုနယ်ပြီးလျှင် မုယောဆန်တဧဖာခန့်မျှရှိ၏။
Ruth BurJudso 2:18  ထိုဆန်ကိုယူ၍မြို့ထဲသို့ ဝင်သဖြင့်၊ ကောက်၍ရသောဆန်ကိုလည်း ယောက္ခမအားပြ၏။ ဝစွာစားပြီးမှ ချန်ထားသော အရာကိုလည်း ထုတ်၍ ပေးသေး၏။
Ruth BurJudso 2:19  ယောက္ခမကလည်း၊ ယနေ့အဘယ်မှာလုပ်သနည်း။ သင်သိမှတ် သောသူသည်မင်္ဂလာရှိပါစေသော ဟုမြွက်ဆိုလျှင်၊ ရုသက ယနေ့ကျွန်မလုပ်သောသူ၏အမည်ကား၊ ဗောဇဖြစ်ပါသည်ဟုယောက္ခမအား ကြားပြောသော်။
Ruth BurJudso 2:20  ယောက္ခမက၊ အသက်ရှင်သောသူ၊ သေသော သူတို့၌ ကျေးဇူးမပြတ် ပြုတော်မူသေးသောထာဝရဘုရား သည်သူ့ကိုကောင်းကြီးပေးတော်မူပါစေသောဟူ၍၎င်း၊ ထိုသူသည်ငါတို့နှင့်ပေါက်ဘော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်း အဝင် ဖြစ်သည်ဟူ၍၎င်း၊ ချွေးမအားပြောဆို၏။
Ruth BurJudso 2:21  ထိုသူက၊ ငါ့စပါးရိတ်ခြင်းအမှု မပြီးမှီတိုင်အောင်၊ ငါ့လူတို့၌မှီဝဲလျက်နေတော့ဟု ဆိုကြောင်းကိုလည်း မောဘအမျိုးသမီး ရုသသည် ကြားပြောသော်၊
Ruth BurJudso 2:22  နောမိက၊ ငါ့သမီး၊ သင်သည် သူ၏ကျွန်မတို့နှင့်ပေါင်းဘော်ကောင်း၏။ အခြားသောလယ်၌သူတို့သည် သင့်ကိုမတွေ့စေကောင်းဟု၊ ချွေးမရုသအားပြောသည်အတိုင်း၊
Ruth BurJudso 2:23  သူသည် မုယောစပါး၊ ဂျုံစပါးရိတ်ခြင်းအမှု ပြီးသည်တိုင်အောင်ဗောဇ၏ ကျွန်မတို၌ မှီဝဲလျက်၊ စပါးကျင်ကိုကောက်၍ ယောက္ခမထံမှာနေလေ၏။
Chapter 3
Ruth BurJudso 3:1  တဖန်ယောက္ခမနောမိက၊ ငါ့သမီး၊ သင့်ကိုချမ်းသာစေခြင်းငှါ ငြိမ်ဝပ်ရာအရပ်ကို သင့်အဘို့ငါမရှာရသ လော။
Ruth BurJudso 3:2  သင်ပေါင်းဘော်သော ကျွန်မတို့၏သခင်ဗောဇသည် ငါတို့ပေါက်ဘော်ဖြစ်သည်မဟုတ်လော။ ယနေ့ညမှာ ကောက်နယ်တလင်း၌ မုယောစပါးကိုလှေ့လျက်နေ၏။
Ruth BurJudso 3:3  သင်သည်ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်တန်ဆာ ဆင်ခြင်းကိုပြုပြီးလျှင် ကောက်နယ်တလင်းသို့ သွားတော့။ သူသည်စားသောက်ခြင်း အမှုကိုမပြီးမှီကိုယ်ကို မပြနှင့်။
Ruth BurJudso 3:4  သူအိပ်သောအခါ၊ အိပ်ရာအရပ်ကိုမှတ်ပြီးမှဝင်၍ သူ့ခြေ၌ဖုံးသော အဝတ်ကိုဖွင့်ပြီးလျှင် အိပ်တော့။ သင်သည် အဘယ်သို့ပြုရမည်ကို သူပြောလိမ့်မည်ဟုဆိုသော်၊
Ruth BurJudso 3:5  ရုသက၊ မိခင်မှာထားသမျှတို့ကို ပြုပါမည်ဟု ဝန်ခံလျက်၊
Ruth BurJudso 3:6  ကောက်နယ်တလင်းသို့သွား၍ ယောက္ခမမှာထားသမျှ အတိုင်းပြုလေ၏။
Ruth BurJudso 3:7  ဗောဇသည်စားသောက်၍ ရွှင်လန်းလျက်၊ စပါးပုံအနားသို့သွား၍ အိပ်သောအခါ၊ ရုသသည်တိတ်ဆိတ် စွာချဉ်းကပ်၍သူ့ခြေ၌ဖုံးသောအဝတ်ကိုဖွင့်ပြီးလျှင် အိပ်လေ၏။
Ruth BurJudso 3:8  သန်းခေါင်အချိန်၌ ယောက်ျားသည်လန့်၍ လှည့်သဖြင့်၊ မိန်းမသည်ခြေရင်း၌ရှိသည်ကိုသိလျက်၊
Ruth BurJudso 3:9  သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်မသည်ကိုယ်တော်၏ ကျွန်မရုသဖြစ်ပါ၏။ ကိုယ်တော်သည်ရွေးပိုင်သော အမျိုးသားချင်းဖြစ်သော ကြောင့်၊ ကိုယ်တော်၏ ကျွန်မကိုအဝတ်တော်စွန်းနှင့် ဖုံးပါတော့ဟုဆိုသော်၊
Ruth BurJudso 3:10  သူက၊ ငါ့သမီး၊ ထာဝရဘုရားကောင်းကြီးပေးတော်မူပါစေသော။ သင်သည်ငွေရ တတ်သောလူပျို၊ ဆင်းရဲသောလူပျို တစုံတယောက်ကို မမှီဝဲဘဲနေ၍၊ အရင်ပြုသောကျေးဇူးထက် နောက်ပြုသောကျေးဇူး သာ၍ကြီး၏။
Ruth BurJudso 3:11  မစိုးရိမ်နှင့်ငါ့သမီး။ တောင်းသမျှကို ငါပြုမည်။ သင်သည်သီလနှင့်ပြည့်စုံသောမိန်းမဖြစ်ကြောင်းကို ငါ့လူမျိုးနေသော တမြို့လုံးသိ၏။
Ruth BurJudso 3:12  ငါသည်ရွေးပိုင်သော အမျိုးသားချင်းမှန်ပေ၏။ သို့သော်လည်းငါ့ထက်သာ၍ ရွေးပိုင်သော အမျိုးသားချင်းတယောက်ရှိသေး၏။
Ruth BurJudso 3:13  ယနေ့ညမှာနေဦးတော့၊ ထိုသူသည်ရွေးပိုင်သော အမျိုးသားချင်း ဝတ်ကိုပြုလိုလျှင်ပြုပါလေစေ။ ကောင်း၏။ မပြုလျှင်ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း ငါပြုမည်။ နံနက်တိုင်အောင် အိပ်ဦးတော့ ဟုဆို၏။
Ruth BurJudso 3:14  ရုသသည်နံနက်တိုင်အောင်သူ့ခြေရင်းနားမှာအိပ်ပြီးမှ၊ တယောက်ကို တယောက် သိနိုင်သော အချိန်မရောက်မှီထလေ၏။ ယောက်ျားကလည်း၊ မိန်းမသည် ဤကောက်နယ် တလင်းသို့လာသည်ကို အဘယ်သူမျှမသိစေနှင့်ဟုဆို၏။
Ruth BurJudso 3:15  တဖန်သင်၌ပါသော တင်းတိမ်ကိုယူခဲ့၍ဖြန့်ခင်းတော့ဟုဆိုသည်အတိုင်း၊ ရုသဖြန့်လျက် မုယောစပါးခြောက်ဩမဲကိုခြင်၍ သူ့အပေါ်မှာတင်သဖြင့်၊ သူသည်မြို့ထဲသို့ သွားလေ၏။
Ruth BurJudso 3:16  ယောက္ခမထံသို့ ရောက်သောအခါ၊ ယောက္ခမကအဘယ်သို့နည်းဟု မေးလျှင်၊ မိမိ၌ထိုသူပြုသမျှကို၎င်း၊
Ruth BurJudso 3:17  သူက၊ သင်သည်ယောက္ခမထံသို့လက်ချည်းမသွားနှင့်ဟုဆိုလျက် မုယောစပါးခြောက်ဩမဲပေးကြောင်း ကို၎င်း ကြားပြောလေ၏။
Ruth BurJudso 3:18  ယောက္ခမာလည်း၊ ငါ့သမီး၊ ဤအမှုသည်အဘယ်သို့ပြီးလိမ့်မည်ကိုမသိမှီတိုင်အောင် ထိုင်နေလော့။ ယောက်ျားသည် ယနေ့ ဤအမှုကိုမပြီးစီးမှီငြိမ်ဝင်စွာမနေဟုပြောဆို၏။
Chapter 4
Ruth BurJudso 4:1  ထိုအခါဗောဇသည်မြို့တံခါးဝသို့ သွား၍ထိုင်သဖြင့်၊ မနေ့ကပြောသော အမျိုးသားချင်းရှောက်သွား သည်ကိုမြင်လျှင်၊ အိုမည်သူလှည့်၍ ထိုင်ပါတော့ဟုခေါ်သည်အတိုင်း သူသည် လှည့်၍ထိုင်လေ၏။
Ruth BurJudso 4:2  တဖန်မြို့သားအသက်ကြီးသူ တကျိပ်တို့ကိုခေါ်၍၊ သည်မှာထိုင်ပါတော့ဟု ဆိုသည် အတိုင်းသူတို့သည် လည်းထိုင်ကြ၏။
Ruth BurJudso 4:3  အမျိုးသားချင်းကိုလည်း၊ မောဘပြည်မှပြန်လာသောနောမိသည် ငါတို့အစ်ကို ဧလိမလက်ပိုင်သော မြေ အကွက်ကိုရောင်းမည်ဖြစ်၍၊
Ruth BurJudso 4:4  သင့်ကိုငါတိုင်ကြားလျက်၊ ပြည်သားများ၊ ငါတို့အမျိုး၌ အသက်ကြီးသူ များရှေ့မှာဝယ်ပါတော့ဟု ပြောမည်အကြံရှိပါ၏။ သင်သည် ရွေးလိုလျှင် ရွေးပါတော့၊ မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့။ သင်မှ တပါးရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆိုသော်၊ အမျိုးသားချင်းက၊ ကျွန်ုပ်ရွေးမည်ဟု ပြန်ပြော၏။
Ruth BurJudso 4:5  ဗောဇကလည်း၊ ထိုလယ်ကွက်ကိုနောမိလက်မှဝယ်သောနေ့ရက်တွင်၊ သေသောသူ၏ အမွေဥစ္စာအားဖြင့် သူ၏နာမည်ကိုထောက်မခြင်းငှါ၊ သူ၏မယားမောဘအမျိုးသမီးရုသကိုလည်း ဝယ်ရသေး သည်ဟု ဆိုသော်၊
Ruth BurJudso 4:6  အမျိုးသားချင်းက၊ ကျွန်ုပ်သည် ကိုယ်အဘို့မရွေးနိုင်ပါ။ ရွေးလျှင် ကိုယ်အမွေဥစ္စာကိုဖျက်မည် စိုးရိမ်စရာရှိ၏။ ကျွန်ုပ်မရွေးနိုင်သောကြောင့်၊ ကျွန်ုပ်ရွေးပိုင်သောအရာကိုကိုယ်အဘို့ ရွေးပါတော့ဟုပြန်ပြော၏။
Ruth BurJudso 4:7  ဣသရေလရှေးထုံးစံ ဟူမူကား၊ ရွေးခြင်းအမှု၊ ဥစ္စာလဲခြင်းအမှုကိုမြဲမြံစေခြင်းငှါ တယောက်သောသူသည် မိမိ ခြေနင်းကိုချွတ်၍ တယောက်သောသူအားအပ်လေ့ရှိ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် သက်သေတည်ရ၏။
Ruth BurJudso 4:8  သို့ဖြစ်၍အမျိုးသားချင်းက၊ ကိုယ်အဘို့ဝယ်ပါတော့ဟု ဗောဇအားဆို၍ မိမိခြေနင်းကိုချွတ်၏။
Ruth BurJudso 4:9  ဗောဇကလည်း၊ ဧလိမလက်ဥစ္စာ၊ ခိလျုန်ဥစ္စာ၊ မဟာလုန်ဥစ္စာ ဟူသမျှကိုနောမိလက်မှငါဝယ်၍၊
Ruth BurJudso 4:10  သေသောသူ၏နာမည်ကို သူ၏ညီအစ်ကို စုထဲက၎င်း၊ သူနေရာမြို့တံခါးထဲက၎င်းမပြတ်စေခြင်းငှါ၊ သူ၏အမွေအားဖြင့် သူ၏နာမည်ကို ထောက်မမည် အကြောင်း၊ မဟာလုန်၏ မယားမောဘအမျိုးသမီး ရုသကို ငါ၏မယားဖြစ်စေခြင်းငှါ ငါဝယ်သည်ကိုသင်တို့သည် ယနေ့သက်သေဖြစ်ကြပါ၏ဟု အသက်ကြီးသူများ၊ လူများအပေါင်းတို့အားပြောဆို၏။
Ruth BurJudso 4:11  တံခါးဝ၌ရှိသောအသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည်သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည်၊ ဣသရေလအမျိုးကိုတည်ထောင်သောမိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော် မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌အသရေကျော်စောခြင်းရှိပါစေသော။
Ruth BurJudso 4:12  အသက်ပျိုသော ဤမိန်းမတွင်၊ ထာဝရဘုရားပေးတော်မူလတံ့သောမျိုးစေ့အားဖြင့်သင်၏ အမျိုးအနွယ် သည် ယုဒမယားတာမာ ဘွားမြင်သော ဖာရက် အမျိုးအနွယ်ကဲ့သို့ ဖြစ်ပါစေသောဟုပြောဆိုကြ၏။
Ruth BurJudso 4:13  ဗောဇသည် ရုသကိုသိမ်း၍ စုံဘက်လျက်ဆက်ဆံသောအခါ၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့်ရုသ သည်ပဋိသန္ဓေယူ၍ သားယောက်ျားကိုဘွားမြင်လေ၏။
Ruth BurJudso 4:14  မိန်းမတို့သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလအမျိုး၌ အသရေကျော်စောပါစေသော။
Ruth BurJudso 4:15  သူသည်သင်၏အသက်ကိုပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက်သင့်အဘို့ သာ၍ကောင်းသောသင်၏ ချွေးမသည်သားယောက်ျားကိုဘွားမြင်ပြီဟုပြောဆိုကြ၏။
Ruth BurJudso 4:16  နောမိသည်ထိုသူငယ်ကိုယူ၍ပိုက်ချီလျက်ထိန်းလေ၏။
Ruth BurJudso 4:17  အိမ်နီးချင်းမိန်းမတို့ကလည်း၊ နောမိသည် သားယောက်ျားကိုရပြီဟုဆိုလျက်၊ ထိုသူငယ်ကိုဩဗက် အမည်ဖြင့်မှည့်ကြ၏။ ဩဗက် သားကားယေရှဲ။ ယေရှဲသားကား ဒါဝိဒ်တည်း။
Ruth BurJudso 4:18  ဖာရက်၏သားစဉ်မြေးဆက်ဟူမူကား၊ ဖာရက်သားဟေဇရုံ၊
Ruth BurJudso 4:19  ဟေဇရုံသားအာရံ၊ အာရံသား အမိနဒပ်၊
Ruth BurJudso 4:20  အမိနဒပ်သားနာရှုန်၊ နာရှုန်သား စာလမုန်၊
Ruth BurJudso 4:21  စာလမုန်သားဗောဇ၊ ဗောဇသားဩဗက်၊
Ruth BurJudso 4:22  ဩဗက်သားယေရှဲ၊ ယေရှဲသားဒါဝိဒ်တည်း။ ရုသဝတ္တုပြီး၏။