Site uses cookies to provide basic functionality.

OK
COLOSSIANS
Up
1 2 3 4
Toggle notes
Chapter 1
Colo BurCBCM 1:1  ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေဇူး၏တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါတို့၏ညီအစ်ကို တီမောသီဦး တို့က၊-
Colo BurCBCM 1:2  ကော်လောဆေမြို့တွင်ရှိကြသောသူတော်သူမြတ်များနှင့် ခရစ်တော်၌ သစ္စာရှိကြသောညီအစ်ကိုများထံသို့ စာရေးလိုက် ပါ၏။ ငါတို့၏အဖဘုရားသခင်ထံတော်မှ ကျေးဇူးတော် နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အပေါ်သို့ သက် ရောက်ပါစေသော်။
Colo BurCBCM 1:3  ငါတို့သည် သင်တို့အတွက် ဆုတောင်းပတ္ထနာပြု ကြသောအခါ ငါတို့သခင် ယေဇူးခရစ်တော်၏အဖခမည်း တော်ဘုရားကို အစဉ်အမြဲကျေးဇူးတင်ကြ၏။-
Colo BurCBCM 1:4  အဘယ် ကြောင့်ဆိုသော် သင်တို့သည် ခရစ်တော်ယေဇူး၌ ယုံ ကြည်ကြ၍ သူတော်သူမြတ်အပေါင်းတို့အား ချစ်ခင်ကြ သည် ကို ငါတို့ကြားသိရသောကြောင့်လည်းကောင်း၊-
Colo BurCBCM 1:5  သင်တို့အတွက် ကောင်းကင်ဘုံ၌ ရည်ရွယ်ထားပြီးဖြစ် သောမျှော်လင့်ခြင်းကြောင့်လည်းကောင်း ဖြစ်လေ၏။ ဤမျှော်လင့် ခြင်းအကြောင်းကို သမ္မာတရား၏သတင်း စကားတည်းဟူသော ဧဝံဂေလိတရားတော်၌ သင်တို့ ကြားခဲ့ကြရလေပြီ။-
Colo BurCBCM 1:6  ဧဝံဂေလိတရားတော်သည် ကမ္ဘာ တစ်ဝန်းလုံး၌ အကျိုးဖြစ်ထွန်းစေလျက် တိုးပွားပျံ့နှံ့ခဲ့ သည့်နည်းတူ သင်တို့ထံသို့လည်း ရောက်ရှိလာခဲ့၏။ သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို သမ္မာတရားတော်၌ ကြားနာပြီး နားလည်ခဲ့သည့်နေ့မှစ၍ သင် တို့အလယ်တွင်လည်း ထိုကဲ့သို့ပင်ဖြစ်ခဲ့၏။-
Colo BurCBCM 1:7  သင်တို့ သည် ဤအကြောင်းကို ငါတို့နှင့်အတူ အမှုတော်ထမ်း ဆောင်ဖက်ဖြစ်၍ ငါတို့ချစ်ခင်ရသောဧပါဖရထံမှ ကြားသိ ခဲ့ကြရလေပြီ။ သူသည် သင်တို့အတွက် ခရစ်တော်၏ အမှုတော်ကို သစ္စာရှိစွာထမ်းဆောင်သောသူဖြစ်၏။-
Colo BurCBCM 1:8  ဝိညာဉ်တော်၌ သင်တို့ခံယူရရှိသောချစ်ခြင်းမေတ္တာကို လည်း သူသည် ငါတို့အား ပြောကြားခဲ့လေပြီ။
Colo BurCBCM 1:9  ထို့ကြောင့် ငါတို့သည် ဤအကြောင်းကိုကြားခဲ့ရ သောနေ့မှစ၍ သင်တို့အတွက် အစဉ်အမြဲ ဆုတောင်း ပေးလျက်ရှိ၏။ ဆုတောင်းရာတွင် သင်တို့သည် ဝိညာဉ် ရေးရာနှင့်ဆိုင်သောဉာဏ်ပညာနှင့် သိနားလည်ခြင်းတို့၌ ကိုယ်တော်၏အလိုတော်ကို သိမြင်နိုင်သောကျေးဇူး တော်နှင့်ပြည့်၀ကြမည့်အကြောင်း တောင်းလျှောက်ခြင်း ဖြစ်၏။-
Colo BurCBCM 1:10  ဤသို့ဖြင့် သင်တို့သည် သခင်ဘုရားကိုကောင်း စွာကျေနပ်နှစ်သက်စေကြလျက် ကောင်းသောအမှုရှိ သမျှတို့က ိုလုပ်ဆောင်၍ အကျိုးဖြစ်ထွန်းစေကြပြီးလျှင် ဘုရားသခင်အား ပိုမို၍သိရှိလာကာ သခင်ဘုရားနှင့် ထိုက်တန်သောဘ၀ အသက်တာကို လျှောက်လှမ်းနိုင် ကြလိမ့်မည်။-
Colo BurCBCM 1:11  သင်တို့သည် ကိုယ်တော်၏ဘုန်းကြီး သောတန်ခိုးတော်အတိုင်း ခွန်အားဖြင့်ပြည့်၀ကြပါစေ။ သို့မှသာ သင်တို့သည် အရာရာ ၌ ကြံ့ကြံ့ခံလျှောက်လှမ်း နိုင်ပြီး ဝမ်းမြောက်စိတ်ဖြင့် သည်းခံနိုင်ကြ၍၊-
Colo BurCBCM 1:12  အလင်း တော်၌ သူတော်သူမြတ်တို့၏အမွေတော်ကို ဝေမျှခံစား နိုင်ရန် ငါတို့အား ထိုက်တန်စေတော်မူသော အဖဘုရား သခင်ကို ကျေးဇူးတင်ချီးမွမ်းနိုင်ကြလိမ့်မည်။-
Colo BurCBCM 1:13  ကိုယ် တော်သည် ငါတို့ကို အမိုက်မှောင်၏အုပ်စိုးမှုအောက်မှ ကယ်နုတ်၍ မိမိချစ်မြတ်နိုးသောသားတော်၏နိုင်ငံ တော်သို့ပြောင်းရွှေ့ခေါ်ဆောင်တော်မူခဲ့လေပြီ။-
Colo BurCBCM 1:14  ငါတို့ သည် ထိုသားတော်၌ ငါတို့၏ကယ်တင်ခြင်းတည်းဟူ သော အပြစ်တို့၏အခွင့်လွှတ်ခြင်းချမ်းသာကို ခံစားကြ ရ၏။
Colo BurCBCM 1:15  ကိုယ်တော်သည် မျက်စိဖြင့်မမြင်နိုင်သောဘုရား သခင်၏ပုံသဏ္ဌာန်တော်နှင့် ဖန်ဆင်းခြင်းအားလုံး၏ သားဦးဖြစ် တော်မူ၏။-
Colo BurCBCM 1:16  အကြောင်းမူကား ကောင်းကင် နှင့် ကမ္ဘာမြေကြီးပေါ်တွင်ရှိသမျှသော မြင်နိုင်ရာ၊ မမြင် နိုင်ရာအားလုံးတို့ကို ကိုယ်တော်၌ ဖန်ဆင်းခဲ့ခြင်းဖြစ်၏။ ရာဇပလ္လင်များဖြစ်စေ၊ အုပ်ချုပ်သောနိုင်ငံများဖြစ်စေ၊ အုပ်ချုပ်သူများဖြစ်စေ၊ တန်ခိုးအာဏာများဖြစ်စေ ခပ်သိမ်း သောအရာအားလုံးကို ထိုသခင်အားဖြင့်လည်းကောင်း၊ ထိုသခင်အတွက်လည်းကောင်း ဖန်ဆင်းခဲ့ခြင်းဖြစ်၏။-
Colo BurCBCM 1:17  ကိုယ်တော်သည် ခပ်သိမ်းသောအရာများ မတည်ရှိမီကပင် တည်ရှိတော်မူ၍ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၌ တစ်လုံးတစ်၀တည်းရှိကြရ၏။-
Colo BurCBCM 1:18  ကိုယ်တော်သည် အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာ၏ ဦးခေါင်းဖြစ်တော်မူ၏။ ကိုယ်တော်သည် အရာရာ၌ အမြင့် မြတ်ဆုံးဖြစ်တော်မူမည့်အကြောင်း ခပ်သိမ်းသောအရာ တို့၏မူလအစဖြစ်၍ သေသူတို့အစုတွင် ပထမဦးဆုံးရှင် ပြန်ထမြောက် သောသူဖြစ်တော်မူ၏။-
Colo BurCBCM 1:19  အကြောင်းမူ ကား ဘုရားသခင်၏ပြည့်စုံခြင်းအလုံးစုံတို့သည် ကိုယ် တော်၌ တည်နေ၍၊-
Colo BurCBCM 1:20  ဘုရားသခင်သည် မြေကြီးပေါ် ၌ ဖြစ် စေ၊ ကောင်းကင်၌ ဖြစ်စေ ရှိသမျှသောအရာအားလုံးကို ကိုယ်တော်အားဖြင့် မိမိနှင့် ပြန်လည်ကျေအေးစေခြင်းငှာ ကိုယ်တော်၏လက်ဝါးကပ်တိုင်ပေါ်မှ အသွေးတော် အားဖြင့် ငြိမ်းချမ်းခြင်းကိုဖြစ်ပေါ်စေ တော်မူ ၏။
Colo BurCBCM 1:21  သင်တို့သည် တစ်ချိန်တစ်ခါက ဆိုးညစ်သောအမှု များကိုပြုကျင့်လျက် ဘုရားသခင်နှင့်ကင်းကွာ၍ ရန်လို စိတ်ရှိခဲ့ကြ၏၊-
Colo BurCBCM 1:22  ယခုအခါတွင် ကိုယ်တော်သည် မိမိ၏ အသွေးအသားခန္ဓာကိုယ်၌ အသေခံတော်မူခြင်းဖြင့် သင်တို့နှင့် ပြန်လည် ကျေအေး သင့်မြတ်ခဲ့ပြီး သင်တို့ကို ဘုရားသခင်၏ရှေ့တော်မှောက်သို့ ခေါ်ဆောင်လာခဲ့၏။ ထိုအခါ သင်တို့သည် သန့်ရှင်းဖြူစင်၍ အပြစ်တင်ခြင်းမှ ကင်းလွတ်ကြလိမ့်မည်။-
Colo BurCBCM 1:23  သို့သော်လည်း သင်တို့သည် သင်တို့ကြားနာခဲ့ရသည့်ဧဝံဂေလိတရားတော်၏မျှော် လင့်ခြင်းမှ သွေဖည်မသွားဘဲ ယုံကြည် ခြင်း၌ တည်ကြည် မြဲမြံစေရန် ဆက်လက်ထိန်းသိမ်းကြရမည်။ ထိုတရား တော်ကို မိုးကောင်းကင်အောက်ရှိ သတ္တဝါအပေါင်းတို့ အား ဟောပြောသွန်သင်ခဲ့ပြီး ငါပေါလုသည် ထိုတရား တော်အတွက် အမှုတော်ဆောင်ဖြစ်ခဲ့၏။
Colo BurCBCM 1:24  ယခု ငါသည် သင်တို့အတွက် ဒုက္ခဆင်းရဲခံထမ်းရ သောကြောင့်လည်းကောင်း၊ အသင်းတော်တည်းဟူ သော ခရစ်တော်၏ ကိုယ်ခန္ဓာအတွက် ခံထမ်းရန်လိုအပ်နေသော ကိုယ်တော်၏ဒုက္ခဆင်းရဲများကို ငါ၏ကိုယ်ခန္ဓာ၌ ဖြည့်ဆည်းနိုင်သောကြောင့် လည်းကောင်း ဝမ်းမြောက်ပါ၏။-
Colo BurCBCM 1:25  ဘုရားသခင်၏နှုတ်တော်ထွက်စကားကို အပြည့် အဝဟောပြောနိုင်ရန် ကိုယ်တော်သည် ငါ့ကို သင်တို့အတွက် အမှုတော် ဆောင်အဖြစ် ခန့်ထားတော်မူခြင်းဖြင့် ငါသည် အသင်းတော်၏အမှုတော်ဆောင်ဖြစ်လာခဲ့၏။-
Colo BurCBCM 1:26  ထိုနှုတ်တော်ထွက်စကားမှာ ကာလပေါင်းများစွာ လူမျိုး အစဉ်အဆက်ဖုံးကွယ်ထားခဲ့သောနက်နဲရာဖြစ်ပြီး ယခု အခါတွင်မူ မိမိ၏သူတော်သူမြတ်တို့အား ၎င်းကိုထုတ် ဖော်ပြတော်မူလေပြီ။-
Colo BurCBCM 1:27  ဤနက်နဲရာအချက်သည်ကား သင်တို့၌ရှိသည့် မျှော်လင့်ခြင်း၏ဘုန်းဂုဏ်တော်တည်း ဟူသော ခရစ်တော်ပင်ဖြစ် သတည်း။ဤနက်နဲရာ ဘုန်း ဂုဏ်တော်သည် လူမျိုးခြားတို့အလယ်တွင် မည်မျှကြီး မြတ်ပြည့်စုံတော်မူသည်ကို ထုတ်ဖော်ပြရန် ဘုရားသခင် သည် ထိုသူတော်သူမြတ်တို့အား ရွေးကောက်တော်မူ ခဲ့၏။-
Colo BurCBCM 1:28  လူတိုင်းသည် ခရစ်တော်၌ စုံလင်ရင့်ကျက်လာ ကြစေရန် ငါတို့သည် ခရစ်တော်အကြောင်းကို ဟောပြော ကြ၍ လူတိုင်း အား ငါတို့သိရှိသမျှအတိုင်း သွန်သင်ဆုံးမ လျက် သတိပေးနှိုးဆော်ကြ၏။-
Colo BurCBCM 1:29  ဤအမှုအတွက် ငါ့အား ကိုယ်တော်ပေးတော်မူသည့် ကြီးမားသောစွမ်းအားဖြင့် ငါသည် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်၏။
Chapter 2
Colo BurCBCM 2:1  အကြောင်းမူကား ငါသည် သင်တို့အတွက်လည်းကောင်း၊ လာအိုဒိစိယမြို့တွင်ရှိသော သူတို့အတွက်လည်းကောင်း၊ ငါ့ကို မမြင်ဖူးသေးသော သူတို့အတွက်လည်းကောင်း မည်မျှပြင်းထန်စွာကြိုးပမ်းခဲ့သည်ကို သင်တို့အား သိစေလို၏။-
Colo BurCBCM 2:2  ဤသို့ဖြင့် သူတို့ သည် ဘုရားသခင်၏နက်နဲရာဖြစ်သော ခရစ်တော်ကို အမှန်တကယ်နားလည်၍ ကောင်းစွာသိရှိနိုင်ခြင်းငှာ သူတို့အချင်းချင်း ချစ်ခြင်းမေတ္တာ၌ ပေါင်းစပ်ကြလျက် သူတို့၏စိတ်နှလုံး၌ အားပေးနှစ်သိမ့်ခြင်းခံကြရစေရန် ဖြစ်၏။-
Colo BurCBCM 2:3  ဉာဏ်ပညာနှင့် အသိတရားတို့၏ဘဏ္ဍာများမှာ ခရစ်တော်၌ပင် ဝှက်ကွယ်လျက်ရှိ၏။-
Colo BurCBCM 2:4  မည်သူကမျှ သင်တို့ကို ဆွဲဆောင်ဖြား ယောင်းတတ်သောစကားများဖြင့် မလှည့်ဖြားနိုင်စေရန် သင်တို့အား ငါဤသို့ပြော ဆိုခြင်း ဖြစ်၏။-
Colo BurCBCM 2:5  ငါသည် ကိုယ်ကာယအားဖြင့် သင်တို့နှင့်အတူ မရှိသော်လည်း စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူရှိ၏။ သင်တို့သည် ကောင်းမွန်စွာနေထိုင်ကြသည်ကို လည်းကောင်း၊ ခရစ်တော်၌ မြဲမြံစွာ ယုံကြည်ကြသည် ကိုလည်းကောင်း တွေ့ရသောကြောင့် ငါဝမ်းမြောက်ပါ၏။
Colo BurCBCM 2:6  ထို့ကြောင့် သင်တို့သည် ယေဇူးခရစ်တော်သခင် ကို ခံယူခဲ့ကြသည့်အတိုင်း ကိုယ်တော်၌အသက်ရှင်ကြလော့။-
Colo BurCBCM 2:7  သင်တို့ သင်ယူခဲ့ကြရသည့်အတိုင်း ကျေးဇူးတော်ကို အပြည့်အဝချီးမွမ်းကြလျက် ယုံကြည်ခြင်း၌ ခိုင်မြဲစေပြီး သင်တို့၏ ဘ၀အသက်တာကို ကိုယ်တော်၌ အခြေခံ၍ တည်ထောင်ကြလော့။
Colo BurCBCM 2:8  ခရစ်တော်၏လမ်းစဉ်အတိုင်းမဟုတ်ဘဲ လူတို့၏ ထုံးတမ်းစဉ်လာများနှင့် ဤလောက၏အခြေခံသဘော တရားများက အခြေခံ၍ ထွက်ပေါ်လာသော အနှစ်သာရ ကင်းမဲ့သည့်လှည့်စားချက်နှင့် အတွေးအခေါ်တို့ဖြင့် မည် သူကမျှ သင်တို့ကို မဖျက် ဆီးစေရန် သတိပြုကြလော့။-
Colo BurCBCM 2:9  အကြောင်းမူကား ဘုရားဇာတိအပြည့်အစုံသည် ကိုယ်ကာယပုံသဏ္ဌာန်ဖြင့် ကိုယ်တော်၌ကိန်းဝပ်တော်မူ၏။-
Colo BurCBCM 2:10  သင်တို့သည်လည်း အုပ်စိုးမှုနှင့်တန်ခိုးအာဏာရှိသမျှ တို့၏အရှင်ဖြစ်တော်မူသော ကိုယ်တော်၌ ပြည့်၀စုံလင် သောအသက် တာကိုရရှိကြ၏။-
Colo BurCBCM 2:11  ထို့ပြင် သင်တို့သည် ခရစ်တော်၏အရေဖျားလှီးခြင်းအားဖြင့် အသွေးအသား ခန္ဓာကိုယ်ကို စွန့်ပယ်ကြသည်ဖြစ်၍ လူတို့၏ လက်ဖြင့် မလုပ်ဆောင်သောအရေဖျားလှီးခြင်းကိုခံယူကြ၏။-
Colo BurCBCM 2:12  ထို့နောက် သင်တို့သည် ဆေးကြောခြင်းမင်္ဂလာ၌ ကိုယ်တော်နှင့်အတူ မြှုပ်နှံသဂြိုဟ်ခြင်းကိုခံကြ၏။ ဤသို့ဖြင့် သင်တို့ သည် ကိုယ်တော့်ကို သေသူတို့အစုမှရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် ထိုဆေးကြောခြင်းမင်္ဂလာ၌ပင် ကိုယ်တော်နှင့်အတူ ရှင်ပြန်ထမြောက်ကြရ၏။-
Colo BurCBCM 2:13  သင်တို့ သည် အပြစ်သားများဖြစ်ကြပြီး ခန္ဓာကိုယ်၏အလိုဆန္ဒ များကို စွန့်ပယ်ခြင်းမရှိသောကြောင့် သေဆုံးခဲ့ကြသော အခါ ဘုရားသခင်သည် ငါတို့၏မကောင်းမှုအားလုံးကို ခွင့်လွှတ်၍ သင်တို့အား သားတော်နှင့်အတူ အသက်ရှင် စေတော်မူခဲ့၏။-
Colo BurCBCM 2:14  ကိုယ်တော်သည် ပညတ်တရား၏ တောင်းဆိုချက်များနှင့် ငါတို့၏အပြစ်ကြွေးများကိုပယ် ဖျက်တော်မူ၏။ ကိုယ်တော်သည် ထိုအရာများကို လက် ဝါးကပ်တိုင်ပေါ်တွင် ရိုက်ထားခြင်းဖြင့် ဖျက်သိမ်းတော်မူ၏။-
Colo BurCBCM 2:15  ကိုယ်တော်သည် အုပ်ချုပ်သူများနှင့် တန်ခိုးအာ ဏာရှင်တို့ကိုဖယ်ရှား၍ သားတော်အားဖြင့် ၎င်းတို့ကို အောင်နိုင်ကြောင်း လူအများရှေ့တွင် ထုတ်ဖော်ပြတော် ၏။
Colo BurCBCM 2:16  ထို့ကြောင့် အစားအသောက်အတွက်ဖြစ်စေ၊ ပွဲလမ်းသဘင်ကျင်းပရာတွင်ဖြစ်စေ၊ လပြည့်နေ့ သို့မဟုတ် ဥပုသ်နေ့အတွက် ဖြစ်စေ မည်သူကမျှ သင်တို့အပေါ် စီရင်ဆုံးဖြတ်ခြင်းမပြုစေနှင့်။-
Colo BurCBCM 2:17  ဤအရာတို့သည် နောင်ဖြစ်လတ္တံ့သောအရာ၏အရိပ်သာ ဖြစ်၏။ ခရစ်တော်၏ ခန္ဓာကိုယ်သာလျှင် စစ်မှန်သောအရာ ဖြစ်တော်မူ၏။-
Colo BurCBCM 2:18  လွဲမှားသောနှိမ့်ချခြင်းနှင့် ကောင်းကင်တမန်တော်တို့အား ရှိခိုးကိုးကွယ်ခြင်းတို့ကို အခိုင်အမာပြောဆိုလျက် ထူး ခြားသော ဗျာဒိတ်ရူပါရုံများကိုမြင်ရသောကြောင့် အခြားသူတို့ထက် ပိုမိုမြင့်မြတ်သည်ဟုပြောဆိုပြီး လူတို့၏အမြင်ဖြင့် အကြောင်းမဲ့ ထောင်လွှား သောသူတို့သည် သင်တို့ကို မထိုက်တန်ကြောင်းစီရင်ခြင်းမပြုစေကြနှင့်။-
Colo BurCBCM 2:19  ထိုသူတို့သည် ဦးခေါင်းနှင့် ဆက်နွယ် ခြင်းမရှိကြချေ။ ထိုဦးခေါင်းသည်ကား ခန္ဓာကိုယ်တစ်ခုလုံးကို ၎င်း၏အရိုး အဆစ်များ အားဖြင့် ပေါင်းစည်းပေးထားလျက် အင်အား ဖြစ်စေပြီး ဘုရားသခင်ထံတော်မှလာသောကြီးထွားမှု ကို ရရှိစေ၏။
Colo BurCBCM 2:20  သင်တို့သည် ခရစ်တော်နှင့်အတူ ဤလောက၏ အတွေးအခေါ်များမှ စုတေခဲ့ကြလျှင် အဘယ်ကြောင့် လောကနှင့် သက်ဆိုင်သူများကဲ့သို့ ဆက်လက်ကျင့်ကြံ နေထိုင်ကြသနည်း။ အဘယ်ကြောင့် သင်တို့သည်၊-
Colo BurCBCM 2:21  မကိုင်တွယ်ရ၊ မမြည်းစမ်းရ၊ မထိရစသည့်ဥပဒေများကို လိုက်နာနေကြသနည်း။-
Colo BurCBCM 2:22  ဤအရာတို့သည် လူတို့ဖန် တီးသည့်ဥပဒေများနှင့် သွန်သင်ချက်များဖြစ်ကြသည့် အလျောက် ယင်းတို့ကို လိုက်နာနေစဉ် တွင်ပင် အားလုံး ပျက်စီးပျောက်ကွယ်သွားတတ်သောအရာများဖြစ်ကြ၏။-
Colo BurCBCM 2:23  ဤအရာတို့သည် ပြင်းထန်စွာကိုးကွယ်ဆည်းကပ်ခြင်း၊ လွဲမှားသောနှိမ့်ချခြင်း၊ ခန္ဓာကိုယ်ကို ဥပေက္ခာပြုခြင်း စသည်တို့ကို ကျင့်ကြံစေရန် အားပေးရာတွင် ဉာဏ်ပညာရှိဟန်ပေါ်လွင်သော်လည်း ကိုယ်ကာယ၏တပ်မက်မှုများကို ချုပ်တည်းရာ၌မူ အကျိုးမပြုချေ။
Chapter 3
Colo BurCBCM 3:1  သင်တို့သည် ခရစ်တော်နှင့်အတူ ရှင်ပြန်ထမြောက်ခဲ့ကြသည်ဖြစ်၍ ဘုရားသခင်၏လက် ယာတော်ဘက်၌ ထိုင်နေတော် မူသော ခရစ်တော်ရှိရာ အထက်အရပ်နှင့်ဆိုင်သည့်အရာများကို ရှာဖွေရယူကြ လော့။-
Colo BurCBCM 3:2  သင်တို့သည် မြေကြီးပေါ်၌ရှိသောအရာတို့ကို စွဲလမ်းခြင်းမရှိဘဲ အထက်အရပ်၌ရှိသောအရာတို့ကို သာ စွဲလမ်းကြလော့။-
Colo BurCBCM 3:3  အကြောင်းမူကား သင်တို့သည် သေဆုံးခဲ့ကြပြီဖြစ်၍ သင်တို့၏အသက်တာသည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ကွယ်လျက်ရှိသော ကြောင့်တည်း။-
Colo BurCBCM 3:4  သင်တို့၏အသက်တာတည်းဟူသော ခရစ်တော်ထင်ရှားပြတော်မူသောအခါ သင်တို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းဂုဏ်တော်၌ထင်ရှား ကြလိမ့်မည်။
Colo BurCBCM 3:5  ထို့ကြောင့် ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညမ်းစွာ ပြုကျင့်ခြင်း၊ အာရုံခံစားမှုကိုတပ်မက်ခြင်း၊ မကောင်းမှု ပြုရန် တမ်းတ ခြင်း၊ ရုပ်တုကိုးကွယ်ခြင်းနှင့်မခြားသည့် လောဘလွန်ကြူးခြင်းစသော သင်တို့၌ရှိသည့် လောက နှင့်ဆိုင်သောအရာများကို ချုပ်ငြိမ်းစေကြလော့။-
Colo BurCBCM 3:6  ဤ အရာများအတွက် ဘုရားသခင်၏အမျက်တော်သည် နာခံခြင်းမရှိသောသူတို့အပေါ်သို့ ကျရောက်လိမ့်မည်။-
Colo BurCBCM 3:7  သင်တို့သည် တစ်ချိန်က ထိုသူတို့နှင့်အတူနေထိုင်ခဲ့ကြပြီး ဤမကောင်းမှုများကို ပြုကျင့်ခဲ့ကြ၏။- ၈ ။ သို့သော် ယခုအခါ သင်တို့သည် အမျက်ထွက်ခြင်း၊ ဒေါသကြီး ခြင်း၊ ရန်လိုမုန်းတီးခြင်း၊ သူတစ်ပါး၏အသရေကိုဖျက် ခြင်း၊ ညစ်ညမ်းသောစကားကိုပြောဆိုခြင်း စသည့်အရာ အားလုံးကို စွန့်ပယ်ကြလော့။-
Colo BurCBCM 3:9  သင်တို့တစ်ဦးနှင့်တစ်ဦး မုသားစကားမပြောဆိုကြနှင့်။ အကြောင်းမူကား သင်တို့သည် လူဟောင်းဘ၀၏အကျင့်ဆိုးကို ယင်း၏အပြု အမူများနှင့်အတူတကွ ချွတ်ခွာပစ်ခဲ့ကြပြီး၊-
Colo BurCBCM 3:10  ဖန်ဆင်းတော်မူသောအရှင်၏ပုံသဏ္ဌာန်တော်အတိုင်း အသိပညာ၌ အသစ်ပြုပြင်ထားသောလူသစ်ဘ၀ကို သင်တို့ ဆင်မြန်းထားကြလေပြီ။-
Colo BurCBCM 3:11  သို့ဖြစ်၍ ဂရိလူမျိုးနှင့် ဂျူးလူမျိုး၊ အရေဖျားလှီးခြင်းခံရသူနှင့်မခံရသူ၊ ယဉ်ကျေးသူနှင့်ရိုင်းစိုင်းသူ၊ ကျေးကျွန်နှင့် လွတ်လပ် သူဟူ၍ မရှိနိုင်တော့ချေ။ ခရစ်တော်သည် ထိုသူအားလုံးတို့နှင့်သက်ဆိုင်ပြီး ထိုသူအားလုံးတို့၌လည်း ကိန်းဝပ် တော်မူ၏။
Colo BurCBCM 3:12  ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက် ထားသောသူများဖြစ်၍ ကိုယ်တော်ချစ်မြတ်နိုးတော်မူ သော သန့်ရှင်းသူ များဖြစ်ကြသည့်အလျောက် ကရုဏာထားခြင်း၊ ကြင်နာခြင်း၊ နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ ခြင်းနှင့် စိတ်ရှည်သည်းခံခြင်း စသည် တို့ကို ကျင့်ကြံကြလော့။-
Colo BurCBCM 3:13  လူတစ်ဦးသည် အခြားတစ်ဦးအပေါ် အပြစ်တင်စရာရှိ လျှင်လည်း တစ်ဦးကိုတစ်ဦးသည်းခံလျက် ခွင့်လွှတ်ကြလော့။ ဘုရားသခင်သည် သင်တို့ကို ခွင့်လွှတ်တော်မူခဲ့ သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းခွင့်လွှတ် ကြရမည်။-
Colo BurCBCM 3:14  အထူးသဖြင့် ခပ်သိမ်းသောအရာတို့ကို လုံးလုံးလျားလျားသင့်မြတ်စေခြင်းဖြင့် ပေါင်းစည်းပေးသော ချစ်ခြင်းမေတ္တာ ကိုလည်း စွဲကိုင်ထားကြလော့။-
Colo BurCBCM 3:15  ခရစ် တော်ပေးသောငြိမ်းချမ်းသာယာခြင်းသည်လည်း သင် တို့၏စိတ်နှလုံးများ၌ အုပ်စိုးလျက်ရှိပါစေ။ အကြောင်း မူကား ဤငြိမ်းချမ်းသာယာခြင်းအတွက်ပင် သင်တို့ကို ခန္ဓာကိုယ်တစ်ခုတည်းသို့ အတူတကွခေါ်ဆောင်ထား ခြင်းဖြစ်၏။ ထို့ကြောင့် အစဉ်အမြဲကျေးဇူးသိတတ်ကြလော့။-
Colo BurCBCM 3:16  သင်တို့သည် အချင်းချင်း ပညာဉာဏ်ရှိသမျှ သွန် သင်ဆုံးမကြရာတွင်လည်းကောင်း၊ ဘုရားသခင်အား ရည်စူး၍ သင်တို့၏စိတ်နှလုံးထဲ၌ ကျေးဇူးတင်လိုသော စိတ်ဖြင့် ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေး ဆိုင်ရာသီချင်းများကို သီဆိုကြရာတွင်လည်းကောင်း ခရစ်တော်၏နှုတ်တော်ထွက်စကားသည် သင်တို့၌ ကြွယ်၀စွာတည်နေတော်မူပါစေ။-
Colo BurCBCM 3:17  နှုတ်အားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ သင်တို့ပြုလုပ်သမျှအရာတို့ကို ယေဇူးသခင်၏နာမတော်၌ပြုလုပ်ကြ၍ ကိုယ်တော်အား ဖြင့် အဖဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းကြလော့။
Colo BurCBCM 3:18  ဇနီးသည်တို့၊ သင်တို့၏ခင်ပွန်းသည်တို့ကို နာခံကြ လော့။ ဤသို့ပြုမူခြင်းသည် သခင်ဘုရားနှစ်သက်သော အမှုဖြစ်၏။-
Colo BurCBCM 3:19  ခင်ပွန်းသည်တို့၊ သင်တို့၏ဇနီးသည်တို့ကို ချစ်ကြလော့။ သူတို့အား ကြမ်းတမ်းစွာမဆက်ဆံကြ နှင့်။-
Colo BurCBCM 3:20  ချစ်သားသမီးတို့၊ အရာရာ၌ သင်တို့မိဘများ၏ စကားကို နားထောင်ကြလော့။ အကြောင်းမူကား ဤသို့ ပြုလုပ်ခြင်းကို သခင်ဘုရားနှစ်သက်တော်မူ၏။-
Colo BurCBCM 3:21  ဖခင်များတို့၊ သင်တို့၏သားသမီးများကို စိတ်မသာမယာ မဖြစ်စေကြနှင့်။ ဤသို့ပြုလျှင် သူတို့သည် စိတ်ပျက်အား ငယ်ကြလိမ့်မည်။-
Colo BurCBCM 3:22  အစေခံတို့၊ သင်တို့ပြုလုပ်သမျှသော အရာတို့၌ ဤလောကရှိ သင်တို့၏သခင်များကို နာခံကြ လော့။ နာခံရာတွင်လည်း လူတို့နှစ်သက်စေရန်ပြုလုပ် သကဲ့သို့ မျက်စိရှေ့မှောက်၌သာ နာခံခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေလျက် စိတ်ပါလက်ပါ နာခံကြလော့။-
Colo BurCBCM 3:23  လူတို့ကိုအစေခံခြင်းမဟုတ်ဘဲ ဘုရား သခင်ကို အစေခံသကဲ့သို့ သင်တို့ပြုလုပ်သမျှအရာတိုင်း ၌ စိတ်အားထက်သန်စွာ ဆောင်ရွက်ကြလော့။-
Colo BurCBCM 3:24  သင်တို့သည် ဘုရားသခင်ထံမှ အမွေတော်ကို သင်တို့၏ဆု လာဘ်အဖြစ်ရရှိမည်ဖြစ်ကြောင်း သိထားကြလော့။ သင်တို့သည် သခင်ခရစ်တော်ကိုအစေခံနေကြခြင်းဖြစ်၏။-
Colo BurCBCM 3:25  အကြောင်းမူကား မကောင်းမှုကိုပြုသောသူသည် မိမိပြုလုပ်ခဲ့သောမကောင်းမှုအတွက် အပြစ်ဒဏ်ခံရလိမ့် မည်ဖြစ်၍မျက် နှာလိုက်ခြင်းလည်း ရှိလိမ့်မည်မဟုတ် ပေ။
Chapter 4
Colo BurCBCM 4:1  သခင်တို့၊ သင်တို့တွင်လည်း ကောင်းကင်ဘုံ၌ သခင်တစ်ပါးရှိတော်မူသည်ကိုသတိရလျက် သင်တို့၏အစေခံများကို တရား သဖြင့် မျှတစွာဆက်ဆံ ကြလော့။
Colo BurCBCM 4:2  ဆုတောင်းခြင်းအမှု၌ ဆက်လက်၍တည်ကြည် ခိုင်မာစေပြီးလျှင် ကျေးဇူးတော်ချီးမွမ်းလျက် ထိုအမှုကို ဂရုတစိုက်ပြု လုပ်ကြလော့။-
Colo BurCBCM 4:3  ဘုရားသခင်သည် ခရစ် တော်၏နက်နဲရာကို ငါတို့ကြေညာဟောပြောနိုင်ရန် နှုတ်တော်ထွက်စကားအတွက် အခွင့်အလမ်း ဖွင့်ပေးတော်မူမည့်အကြောင်း ငါတို့အတွက်လည်း ဆုတောင်းပေးကြပါလော့။ ငါသည် ဤတရားတော်အတွက်ကြောင့် အကျဉ်း ကျခံနေရခြင်းဖြစ်၏။-
Colo BurCBCM 4:4  ငါသည် တရားတော်ကို ဟောပြောသင့်သည့်အတိုင်း ရှင်းလင်းပြတ်သားစွာ ဟောပြောနိုင်ရန်လည်း ဆုတောင်းပေး ကြပါလော့။
Colo BurCBCM 4:5  သင်တို့သည် အချိန်ရှိသမျှကို ကောင်းစွာအသုံးချ ၍ မယုံကြည်သောသူတို့အား ပညာသတိဖြင့် ဆက်ဆံ ပြောဆိုကြလော့။-
Colo BurCBCM 4:6  လူတစ်ဦးစီအား သင်တို့မည်သို့ဖြေ ကြားရမည်ကို သိရှိနိုင်စေရန် သင်တို့၏စကားသည် အစဉ်အမြဲ နားဝင်ချို၍သာယာနာ ပျော်ဖွယ်ဖြစ်ပါစေ။
Colo BurCBCM 4:7  တိခိကုသည် ငါ၏အကြောင်းအလုံးစုံကို သင်တို့ အား ပြောပြလိမ့်မည်။ သူသည် ငါတို့ချစ်ခင်ရသောညီ အစ်ကိုတစ်ယောက် ဖြစ်၍ သခင်ဘုရား၌ သစ္စာရှိသော အမှုတော်ဆောင်နှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးလည်းဖြစ်၏။-
Colo BurCBCM 4:8  ငါတို့၏အကြောင်းကို သင်တို့သိစေရန်နှင့် သူသည် လည်း သင်တို့၏စိတ်နှလုံးကို အားပေးနှစ်သိမ့်ရန် သူ့ကို သင်တို့ထံသို့ ငါစေလွှတ်လိုက်ခြင်းဖြစ်၏။-
Colo BurCBCM 4:9  ငါသည် သူ နှင့် အတူ အိုနေးစိမုကိုလည်း စေလွှတ်လိုက်မည်။ ထိုသူ သည်လည်း သစ္စာရှိ၍ ငါတို့ချစ်ခင်ရသောညီအစ်ကိုတစ် ဦးဖြစ်ပြီး သင်တို့အထဲမှတစ်ဦးလည်းဖြစ်၏။ သူတို့သည် ဤအရပ်တွင်ဖြစ်ပျက်သမျှကို သင်တို့အား ပြောပြကြ လိမ့်မည်။
Colo BurCBCM 4:10  ငါနှင့်အတူ အကျဉ်းကျခံနေရသူ အာရစ္စတာကုနှင့် ဘာနဘ၏ညီဝမ်းကွဲတော်သူ မာကုတို့ကလည်း သင်တို့ကို နှုတ်ဆက် လိုက်ကြပါ၏။ မာကု၏အကြောင်းကို သင်တို့အား ငါမှာကြားထားပြီးဖြစ်၏။ သင်တို့ထံသို့ သူရောက်လာသောအခါ သူ့ကို လက်ခံကြိုဆိုကြလော့။-
Colo BurCBCM 4:11  ဂျုစတုဟုခေါ်သောယေဇုကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ ဘုရားသခင်၏နိုင်ငံတော်အတွက် ငါနှင့်အတူ လုပ်ဆောင်သော သူများထဲတွင် ဤသူတို့သာလျှင် အရေဖျားလှီးခြင်းခံသောသူများဖြစ်ကြပြီး သူတို့သည် ငါ့အတွက် နှစ်သိမ့်ရာ ဖြစ်ခဲ့ကြ၏။-
Colo BurCBCM 4:12  ယေဇူးခရစ် တော်၏အမှုတော်ဆောင်ဖြစ်၍ သင်တို့အထဲမှ တစ်ဦး ဖြစ်သော ဧပါဖရကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ ၏။ သင်တို့သည် ရင့်ကျက်စွာ ရပ်တည်၍ ဘုရားသခင် ၏အလိုတော်၌ အရာအားလုံးကို အပြည့်အဝလိုက်နာ ဆောင်ရွက်နိုင်ကြ မည့်အကြောင်း သူသည် အစဉ်အမြဲ စိတ်အားထက်သန်စွာ သတိရဆုတောင်းပေးလျက်ရှိ၏။-
Colo BurCBCM 4:13  အကြောင်းမူကား သူသည် သင်တို့အတွက်လည်း ကောင်း၊ လာအိုဒိစိယနှင့် ဟေရာပိုလိမြို့များ၌ရှိကြသော သူတို့အတွက် လည်းကောင်း ပင်ပန်းစွာ လုပ်ကိုင်ခဲ့ ကြောင်း ငါသက်သေခံပါ၏။-
Colo BurCBCM 4:14  ချစ်ခင်လေးစားအပ်သော ဆေးဆရာ လုကာနှင့် ဒေမတ်တို့ကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
Colo BurCBCM 4:15  လာအိုဒိစိယမြို့ရှိ ညီအစ်ကိုတို့အားလည်းကောင်း၊ နမ်ဖနှင့် သူမ၏အိမ်တွင် စုဝေးသောအသင်းတော်ကို လည်းကောင်း ငါနှုတ်ဆက်လိုက်ကြောင်း ပြောကြားပေး ပါလော့။-
Colo BurCBCM 4:16  ဤစာကို သင်တို့အကြားတွင် ဖတ်ကြားပြီး သောအခါ လာအိုဒိစိယမြို့ မှအသင်းတော်ကိုလည်း ဖတ် ကြားစေကြလော့။ သင်တို့သည်လည်း လာအိုဒိစိယမြို့၏အသင်းတော်ထံမှရသောစာကိုလည်း ဖတ်ရှုကြလော့။-
Colo BurCBCM 4:17  အာခီပုကိုလည်း သခင်ဘုရား၌ သင်ရရှိသော အမှုတော်ကို ပြီးဆုံးသည်အထိ ထမ်းဆောင်ပါဟု ပြော ကြားပေးပါလော့။
Colo BurCBCM 4:18  ငါပေါလုသည် ဤနှုတ်ဆက်စကားကို ငါ၏လက် ဖြင့် ကိုယ်တိုင်ရေးသားလိုက်ပါ၏။ ငါ့အားချုပ်နှောင်ထားလျက်ရှိသည်ကို သတိရကြလော့။ ကျေးဇူးတော်သည် သင်တို့နှင့် အတူရှိပါစေသော်။ အာမင်။