Site uses cookies to provide basic functionality.

OK
I JOHN
Up
1 2 3 4 5
Chapter 1
I Jo BurJudso 1:1  ရှေ့ဦးစွာကပင်ဖြစ်၍၊ ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့် စမ်းသပ်ခဲ့ပြီးသောအရာတည်းဟူသော အသက်ရှင်သောနှုတ်ကပတ်တော်နှင့်ဆိုင်သောအရာကို သင်တို့အားပြသကြ၏။
I Jo BurJudso 1:2  ထိုအသက်သည်ထင်ရှားခဲ့ပြီ။ ငါတို့လည်း မြင်ရကြပြီ။ ခမည်းတော်နှင့်အတူရှိဘူး၍၊ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်ကို၊ ငါတို့သည် သင်တို့အား သက်သေခံ၍ပြသကြ၏။
I Jo BurJudso 1:3  ငါတို့သည် ခမည်းတော်နှင့်၎င်း၊ သားတော်ယေရှုခရစ်နှင့်၎င်း၊ မိဿဟာယဖွဲ့ရသည်ဖြစ်၍၊ သင်တို့သည် ငါတို့နှင့် မိဿဟာယဖွဲ့စေခြင်းငှါ၊ ငါတို့ကြားမြင်ရသောအရာကို သင်တို့အားပြသကြ၏။
I Jo BurJudso 1:4  သင်တို့၏ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါလည်း၊ ဤအရာများကို ငါတို့သည် ရေးလိုက်ကြ၏။
I Jo BurJudso 1:5  ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည်ကြားရ၍၊ သင်တို့အား ပြသသောတရားစကားဟူမူကား၊ ဘုရား သခင်သည်အလင်း ဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။
I Jo BurJudso 1:6  ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ပြီဟုဆိုလျက်ပင်၊ မှောင်မိုက်၌ကျင်လည်လျှင်၊ သစ္စာတရား ကိုမကျင့်။ မုသာကိုသုံးသောသူ ဖြစ်ကြ၏။
I Jo BurJudso 1:7  ဘုရားသခင်သည်အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည်အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိဿဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည်၊ ငါတို့အပြစ် ရှိသမျှကို ဆေးကြောတော်မူ၏။
I Jo BurJudso 1:8  ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌သစ္စာတရားမရှိ။
I Jo BurJudso 1:9  ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။
I Jo BurJudso 1:10  ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏။ နှုတ်ကပတ်တော် လည်း ငါတို့၌မရှိ။
Chapter 2
I Jo BurJudso 2:1  ချစ်သားတို့၊ သင်တို့သည်ဒုစရိုက်ကိုမပြုစေခြင်းငှါ ဤအရာများကိုသင်တို့အား ငါရေး၍ပေးလိုက်၏။ တစုံတယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။
I Jo BurJudso 2:2  ထိုသခင်သည်ငါတို့၏အပြစ်မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏။
I Jo BurJudso 2:3  ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကိုအဘယ်သို့ သိရသနည်းဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။
I Jo BurJudso 2:4  ထိုသခင်ကို ငါသိ၏ဟုပညတ်တော်တို့ကို မစောင့်ဘဲလျက်ဆိုသောသူသည် မုသာကိုသုံးသောသူ ဖြစ်၍ ထိုသူ၌သစ္စာမရှိ။
I Jo BurJudso 2:5  ထိုသခင်၏စကားတော်ကို နားထောင်သောသူ မည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် သခင်၌ရှိကြောင်းကို ထိုသို့အားဖြင့်သိရကြ၏။
I Jo BurJudso 2:6  ထိုသခင်၌ငါတည်၏ဟုဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ရမည်။
I Jo BurJudso 2:7  ချစ်သူတို့၊ သင်တို့အား ငါရေးထားသော ပညတ်သည် ပညတ်သစ်မဟုတ်။ ရှေ့ဦးစွာကပင် သင်တို့၌ ရှိသော ပညတ်ဟောင်းဖြစ်၏။ ပညတ်ဟောင်းကား၊ ရှေ့ဦးစွာကပင်သင်တို့ကြားရသော ဒေသနာတော်ဖြစ်၏။
I Jo BurJudso 2:8  တဖန်တုံ၊ ပညတ်သစ်ကို သင်တို့အား ငါရေးထား၏။ ထိုသခင်အားဖြင့်၎င်း၊ သင်တို့အားဖြင့်၎င်း၊ အသစ်မှန်ပေ၏။ အကြောင်းမူကား မှောင်မိုက်ပျောက်လွင့်၍ မှန်သောအလင်းသည် ထွန်းတောက်လျက်ရှိ၏။
I Jo BurJudso 2:9  မိမိညီအစ်ကိုကိုမုန်းလျက်ပင်၊ ငါသည် အလင်း၌ရှိ၏ ဟုဆိုသောသူသည်ယခုတိုင်အောင် မှောင်မိုက်၌ ရှိသေး၏။
I Jo BurJudso 2:10  မိမိညီအစ်ကိုကိုချစ်သောသူသည် အလင်း၌ တည်နေ၏။ ထိမိ၍ လဲစရာအကြောင်းသည်ထိုသူ၌မရှိ။
I Jo BurJudso 2:11  မိမိညီအစ်ကိုကို မုန်းသောသူသည် မှောင်မိုက်၌ရှိ၏။ မှောင်မိုက်၌လည်းကျင်လည်သွားလာ၏။ မှောင် မိုက်ကြောင့်သူ၏မျက်စိ မမြင်နိုင်သဖြင့်၊ အဘယ်အရပ်သို့ ကိုယ်သွားသည်ကိုကိုယ်မသိ။
I Jo BurJudso 2:12  ချစ်သားတို့၊ သင်တို့သည် ထိုသခင်၏ နာမတော်အားဖြင့် အပြစ်များနှင့်ကင်းလွတ်သောကြောင့်၊ သင်တို့အားငါရေး၍ပေးလိုက်၏။
I Jo BurJudso 2:13  အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ လူပျိုတို့၊ သင်တို့သည် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ သူငယ်တို့၊ သင်တို့သည် ခမည်းတော်ကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။
I Jo BurJudso 2:14  အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျိုတို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ် သဖြင့် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။
I Jo BurJudso 2:15  လောကကို၎င်း၊ လောက၌ရှိသောအရာတို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။
I Jo BurJudso 2:16  လောက၌ရှိသမျှသော အရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီ စည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။
I Jo BurJudso 2:17  လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။
I Jo BurJudso 2:18  ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ ရန်သူတည်းဟူသော အန္တိခရစ် ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း၊ ယခုပင်အန္တိခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခု ကာလသည်နောက်ဆုံးသောကာလဖြစ်သည်ကိုသိရ၏။
I Jo BurJudso 2:19  ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက်ကငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူနေကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ၊ ငါတို့ထံမှ ထွက်သွားကြ၏။
I Jo BurJudso 2:20  သင်တို့သည် သန့်ရှင်းတော်မူသောဘုရား၏ လက်မှဘိသိတ်ကျေးဇူးတော်ကိုခံရ၍၊ ခပ်သိမ်းသော အရာတို့ကို သိကြ၏။
I Jo BurJudso 2:21  သမ္မာတရားကို သင်တို့မသိသောကြောင့်၊ ငါရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သမ္မာတရား ကို၎င်း၊ မုသာရှိသမျှတို့သည် သမ္မာတရားနှင့် မစပ်ဆိုင်သည်ကို၎င်း၊ သိသောကြောင့် ငါရေး၍ပေးလိုက်၏။
I Jo BurJudso 2:22  မုသာကိုသုံးသောသူကားအဘယ်သူနည်း။ ယေရှုသည်ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သော သူသည် အန္တိခရစ်ဖြစ်၏။
I Jo BurJudso 2:23  သားတော်ကိုငြင်းပယ်သောသူမည်သည်ကား၊ ခမည်းတော်ကိုမသိ။ သားတော်ကို ဝန်ခံသောသူ မည်သည်ကား၊ ခမည်းတော်ကိုသိ၏။
I Jo BurJudso 2:24  ထိုကြောင့်၊ သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော ဒေသနာကို သင်တို့၌ တည်စေကြလော့။ ထိုဒေသနာသည် သင်တို့၌တည်လျှင်၊ သင်တို့သည် သားတော်၌၎င်း၊ ခမည်းတော်၌၎င်း၊ တည်ရကြလိမ့်မည်။
I Jo BurJudso 2:25  ငါတို့အား ပေးတော်မူသောဂတိတော်မူကား၊ ထာဝရအသက်ကို ဝန်ခံတော်မူသောဂတိတော် ပေတည်း။
I Jo BurJudso 2:26  သင်တို့ကို လှည့်ဖြားသောသူတို့၏အကြောင်းကို ဤသို့ သင်တို့အား ငါရေး၍ပေးလိုက်၏။
I Jo BurJudso 2:27  သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား၏လက်မှ သင်တို့ခံရသော ဘိသိတ်ကျေးဇူးတော်သည် သင်တို့၌ရှိသည်ဖြစ်၍၊ အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာအကြောင်းမရှိ။ ထိုဘိသိတ် ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင်သည်မဟုတ်၊ အမှန်ဖြစ်လျက် ခပ်သိမ်းသောအရာတို့ကို သင်တို့အား သွန်သင်တော်မူသည်အတိုင်း၊ သင်တို့သည် သားတော်၌တည်နေကြလော့။
I Jo BurJudso 2:28  ချစ်သားတို့၊ သားတော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် အထံတော်သို့ ရောက်လျှင်၊ ရဲရင့်ရသောအခွင့်ရှိ၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သားတော်၌ တည်နေကြလော့။
I Jo BurJudso 2:29  ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကို သင်တို့သည်သိလျှင်၊ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူဖြစ်သည်ကို သိရကြ၏။
Chapter 3
I Jo BurJudso 3:1  ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့်၊ ငါတို့ကိုလည်း မသိကြ။
I Jo BurJudso 3:2  ချစ်သူတို့၊ ယခုတွင်ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ နောက်မှအဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည် မြင်ရကြလတံ့။
I Jo BurJudso 3:3  ထိုသို့မြော်လင့်သောသူမည်သည်ကား၊ ကိုယ်တော်သန့်ရှင်းတော်မူသည်နည်းတူ၊ ကိုယ်ကိုကိုယ် သန့်ရှင်း စေတတ်၏။
I Jo BurJudso 3:4  ဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကို လွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်သတည်း။
I Jo BurJudso 3:5  ကိုယ်တော်သည် ငါတို့၏အပြစ်များကို ဆောင်သွားခြင်းငှါ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့ သိကြ၏။ ကိုယ်တော်၌လည်း အပြစ်မရှိ။
I Jo BurJudso 3:6  ကိုယ်တော်၌တည်နေသောသူမည်သည်ကား၊ ဒုစရိုက်ကို မပြုတတ်၊ ဒုစရိုက်ကို ပြုတတ်သောသူ မည်သည်ကား၊ ကိုယ်တော်ကိုမသိ မမြင်ရသေး။
I Jo BurJudso 3:7  ချစ်သားတို့၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေနှင့်။ အကြင်သူသည် ဖြောင့်မတ်ခြင်းတရားကို ကျင့်၏။ ကိုယ်တော်ဖြောင့်မတ်တော်မူသည်နည်းတူ၊ ထိုသူသည်ဖြောင့်မတ်ခြင်းရှိ၏။
I Jo BurJudso 3:8  မာရ်နတ်သည်ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့်၊ အကြင်သူသည် ဒုစရိုက်ကို ပြု၏။ ထိုသူသည်မာရ်နတ်နှင့် ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။
I Jo BurJudso 3:9  ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်။ အကြောင်းမူကား၊ ထိုသူ၌ မျိုးစေ့တော်တည်လျက်ရှိ၏။ ထိုသူသည် ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ ဖြစ်သောကြောင့် ဒုစရိုက်ကိုမပြုနိုင်။
I Jo BurJudso 3:10  ထိုသို့သောလက္ခဏာအားဖြင့် ဘုရားသခင်၏ သားတို့နှင့် မာရ်နတ်၏သားတို့သည် ထင်ရှားကြ၏။ ဖြောင့်မတ်ခြင်းတရားကို မကျင့်သောသူ၊ မိမိညီအစ်ကိုကိုမချစ်သောသူ မည်သည်ကား၊ ဘုရားသခင်နှင့်မဆိုင်။
I Jo BurJudso 3:11  သင်တို့သည်ရှေ့ဦးစွာကပင် ကြားရသောတရားစကားဟူမူကား၊ မာရ်နတ်နှင့်ဆိုင်၍ မိမိညီကို သတ်သော ကာဣနကဲ့သို့မဟုတ်၊ ငါတို့သည် အချင်းချင်းချစ်ရကြမည်ဟုလာသတည်း။
I Jo BurJudso 3:12  ကာဣနသည် မိမိညီကို အဘယ်ကြောင့် သတ်သနည်းဟူမူကား၊ မိမိအကျင့်သည် ဆိုးယုတ်၍၊ ညီ၏အကျင့်သည် ဖြောင့်မတ်သတည်း။
I Jo BurJudso 3:13  ညီအစ်ကိုတို့၊ လောကီသားတို့သည် သင်တို့ကို မုန်းသော်လည်း အံ့ဩခြင်းမရှိကြနှင့်။
I Jo BurJudso 3:14  ငါတို့သည် ညီအစ်ကိုချင်းတို့ကို ချစ်သောကြောင့်၊ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက် သည်ကို ကိုယ်သိရကြ၏။ မိမိ ညီအစ်ကိုကို မချစ်သောသူသည် သေခြင်း၌တည်၏။
I Jo BurJudso 3:15  မိမိညီအစ်ကိုကိုမုန်းသောသူမည်သည်ကား၊ လူအသက်ကို သတ်သောသူဖြစ်၏။ လူအသက်ကို သတ်သောသူ တစုံတယောက်၌မျှ ထာဝရအသက် မတည်သည်ကို သင်တို့သိကြ၏။
I Jo BurJudso 3:16  ခရစ်တော်သည် ငါတို့အဘို့အလိုငှါ အသက်တော်ကို စွန့်တော်မူသည်အရာကို ငါတို့သည် ထောက်၍၊ မေတ္တာတော်ကို သိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အဘို့အလိုငှါ အသက်ကိုစွန့်ရကြ၏။
I Jo BurJudso 3:17  အကြင်သူသည် လောကီစည်းစိမ်ဥစ္စာရှိလျက်ပင်၊ မိမိညီအစ်ကိုဆင်းရဲခြင်းကိုမြင်၍၊ သနားခြင်း ကရုဏာစိတ်ကို ချုပ်တည်း၏။ ထိုသူ၌ဘုရားသခင်၏ မေတ္တာတော်သည် အဘယ်သို့တည်မည်နည်း။
I Jo BurJudso 3:18  ချစ်သားတို့၊ ငါတို့သည် စကားပြောကာမျှအားဖြင့်သာ မချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ်ကြကုန်အံ့။
I Jo BurJudso 3:19  ထိုသို့ချစ်လျှင်၊ ကိုယ်တိုင်သမ္မာတရားနှင့် ဆိုင်သည်ကို ကိုယ်သိရ၍၊ ဘုရားသခင့်ရှေ့တော်၌ ကိုယ်စိတ်နှလုံးကို သက်သာစေကြလိမ့်မည်။
I Jo BurJudso 3:20  အကြောင်းမူကား၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်လျှင်၊ ဘုရားသခင်သည် ငါတို့၏ စိတ်နှလုံး ထက်သာ၍ ကြီးမြတ်သည်ဖြစ်၍၊ အလုံးစုံတို့ကို သိတော်မူသည်ကို ငါတို့သိကြ၏။
I Jo BurJudso 3:21  ချစ်သူတို့၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကို အပြစ်မတင်လျှင်၊ ဘုရားသခင့်ရှေ့တော်၌ ရဲရင့်ရသော အခွင့် ရှိကြ၏။
I Jo BurJudso 3:22  ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက်၍၊ နှစ်သက်တော်မူသောအကျင့်တို့ကို ကျင့်သောကြောင့်၊ ဆုတောင်းသမျှတို့ကိုဘုရားသခင့် ထံတော်မှရကြ၏။
I Jo BurJudso 3:23  ဘုရားသခင်၏ပညတ်တော်ဟူမူကား၊ သားတော်ယေရှုခရစ်ကို ယုံကြည်ရမည်။ သားတော်ပညတ် တော်မူသည်အတိုင်း၊ အချင်းချင်း ချစ်ရမည်ဟူသော ပညတ်တော်ပေတည်း။
I Jo BurJudso 3:24  ပညတ်တော်တို့ကို စောင့်သောသူသည် ဘုရားသခင်၌တည်၏။ ထိုသူ၌လည်း ဘုရားသခင် တည်တော်မူ၏။ ငါတို့အားပေးတော်မူသော ဝိညာဉ်တော်ကို ငါတို့သည်အမှီပြု၍၊ ဘုရားသခင်သည်ငါတို့၌ တည်တော်မူသည်ကိုသိရကြ၏။
Chapter 4
I Jo BurJudso 4:1  ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကိုစုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။
I Jo BurJudso 4:2  ဘုရားသခင်၏ဝိညာဉ်တော်ကို အဘယ်သို့သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့်ကြွလာ တော်မူသော ယေရှုခရစ်ကို ဝန်ခံသောဝိညာဉ် မည်သည်ကား၊ ဘုရားသခင်နှင့်စပ်ဆိုင်၏။
I Jo BurJudso 4:3  လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရား သခင်နှင့်မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင် လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။
I Jo BurJudso 4:4  ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက်သာ၍ကြီးတော်မူ၏။
I Jo BurJudso 4:5  ထိုသူတို့သည် လောကနှင့်စပ်ဆိုင်သောကြောင့်၊ လောကီအကြောင်းအရာကို ပြောတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့စကားကို နားထောင်တတ်ကြ၏။
I Jo BurJudso 4:6  ငါတို့မူကား၊ ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကို နားထောင်တတ်၏။ ဘုရားသခင်နှင့် မစပ်ဆိုင်သောသူသည် ငါတို့စကားကိုနားမထောင်တတ်။ ထိုအရာကို ငါတို့သည်ထောက်၍၊ သမ္မာဝိညာဉ်ကို၎င်း၊ မိစ္ဆာဝိညာဉ်ကို၎င်း သိရကြ၏။
I Jo BurJudso 4:7  ချစ်သူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့၊ အကြောင်းမူကား၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ ချစ်တတ်သောသူမည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူဖြစ်၏။ ဘုရားသခင်ကို သိသောသူလည်းဖြစ်၏။
I Jo BurJudso 4:8  ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။
I Jo BurJudso 4:9  သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှါ၊ ဘုရားသခင်သည်တပါးတည်းသော သားတော်ကို ဤလောကသို့စေလွှတ်တော်မူသောအရာ၌၊ ငါတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။
I Jo BurJudso 4:10  ငါတို့သည် ဘုရားသခင်ကိုချစ်ကြသည်ဟု မဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏အပြစ် ဖြေစရာအကြောင်းဖြစ်စေခြင်းငှါ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။
I Jo BurJudso 4:11  ချစ်သူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်မှန်လျှင်၊ ငါတို့သည်လည်း အချင်းချင်းချစ်ရကြမည်။
I Jo BurJudso 4:12  ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူး။ သို့သော်လည်း၊ အချင်းချင်းချစ်ကြလျှင်၊ ဘုရားသခင်သည် ငါတို့၌ တည်တော်မူ၍၊ ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံလျက်ရှိကြ၏။
I Jo BurJudso 4:13  ဘုရားသခင်သည် ဝိညာဉ်တော်၏ ကျေးဇူးကို ငါတို့အား ပေးတော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်၌ တည်သည်ကို၎င်း၊ ဘုရားသခင်သည် ငါတို့၌ တည်တော်မူသည်ကို၎င်း သိရကြ၏။
I Jo BurJudso 4:14  လောကီသာတို့ကို ကယ်တင်သောသခင်ဖြစ်စေခြင်းငှါ၊ ခမည်းတော်သည် သားတော်ကို စေလွှတ်တော်မူသည်ဟု ငါတို့သည် သိမြင်၍ သက်သေခံကြ၏။
I Jo BurJudso 4:15  ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို ဝန်ခံသောသူမည်သည်ကား၊ ဘုရားသခင်၌ တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။
I Jo BurJudso 4:16  ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူခြင်း မေတ္တာတော်ကိုငါတို့သည်သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သောသူသည် ဘုရားသခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူ၏။
I Jo BurJudso 4:17  ထိုသို့ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသောအားဖြင့်၊ တရားဆုံးဖြတ်တော်မူသောနေ့၌ ရဲရင့် ရသော အခွင့်ရှိကြလိမ့်မည်။ အကြောင်းမူကား၊ ငါတို့သည် ကိုယ်တော်၏နည်းတူ ဤလောက၌ဖြစ်ကြ၏။
I Jo BurJudso 4:18  ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသောကြောင့်၊ စုံလင်သောမေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး။
I Jo BurJudso 4:19  ဘုရားသခင်သည် ငါတို့ကိုရှေ့ဦးစွာ ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။
I Jo BurJudso 4:20  တစုံတယောက်သောသူက၊ ငါသည် ဘုရားသခင်ကိုချစ်၏ဟု ဆိုလျက်ပင် မိမိညီအစ်ကိုကို မုန်းလျှင်၊ ထိုသူသည် မုသာကိုသုံးသောသူဖြစ်၏။ မိမိမြင်ရသော ဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း။
I Jo BurJudso 4:21  ဘုရားသခင်ကို ချစ်သောသူသည် မိမိညီအစ်ကိုကို ချစ်ရမည်ဟူသော ပညတ်တော်ကို ငါတို့သည် ခရစ်တော်ထံ၌ ခံရကြပြီ။
Chapter 5
I Jo BurJudso 5:1  ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည် သားကိုလည်းချစ်တတ်သည်နှင့်အညီ၊
I Jo BurJudso 5:2  ငါတို့သည် ဘုရားသခင်ကိုချစ်၍၊ ပညတ်တော်တို့ကို စောင့်ကြည့်လျှင်၊ ဘုရားသခင်၏သားတို့ကို ချစ်ကြသည်ကို ငါတို့သိရကြ၏။
I Jo BurJudso 5:3  ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲ သည်မဟုတ်။
I Jo BurJudso 5:4  ဘုရားသခင်၏သားဖြစ်သောသူ မည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း။
I Jo BurJudso 5:5  ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတပါး၊ အဘယ်သူသည် လောကကို အောင်နိုင်သနည်း။
I Jo BurJudso 5:6  ထိုသခင်ကား၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း ကြွလာသောသူတည်းဟူသော ယေရှုခရစ် ပေတည်း။ ရေအားဖြင့်သာမဟုတ်၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း ကြွလာတော်မူ၏။ သက်သေခံ ဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။
I Jo BurJudso 5:7  သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တပါး နှုတ်ကပတ်တော်တပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါတို့သည် တလုံးတဝတည်း ဖြစ်တော်မူ၏။
I Jo BurJudso 5:8  မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တပါး၊ ရေတပါး၊ အသွေးတပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါး တို့သည် တညီတညွတ်တည်းဖြစ်၏။
I Jo BurJudso 5:9  လူ၏သက်သေကိုယုံရလျှင်၊ ဘုရားသခင်၏ သက်သေတော်ကိုသာ၍ ယုံဘွယ်ရာအကြောင်းရှိ၏။ ယခုဆိုခဲ့ပြီးသော သက်သေကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းကို သက်သေခံတော်မူချက် ဖြစ်သတည်း။
I Jo BurJudso 5:10  ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည်၊ မိမိအထဲ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်ကို မုသာအပြစ်တင်၏။ အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းမှာ သက်သေခံတော်မူသောစကားတော်ကို ထိုသူသည် မယုံဘဲနေ၏။
I Jo BurJudso 5:11  သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။
I Jo BurJudso 5:12  သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။
I Jo BurJudso 5:13  ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။
I Jo BurJudso 5:14  ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်း အကြောင်းဟူမူကား၊ ငါတို့သည်အလိုတော်နှင့်အညီ တစုံတခုသောဆုကို တောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။
I Jo BurJudso 5:15  ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင်၊ အထံတော်၌ တောင်းသောဆုတို့ကို ရမည်ဟုသိရကြ၏။
I Jo BurJudso 5:16  ညီအစ်ကိုချင်းသည် သေပြစ်မသင့်သောဒုစရိုက်ကို ပြုမိသည်ကို တစုံတယောက်သောသူသည် မြင်လျှင်၊ ထိုသူသည် ဆုတောင်းရမည်။ သေပြစ်ကို မပြုသောသူတို့အဘို့အလိုငှါ၊ ဘုရားသခင်သည် ထိုသူအား အသက်ကိုပေးတော်မူမည်။ သေပြစ်သင့်သောဒုစရိုက်ရှိ၏။ ထိုဒုစရိုက်အပြစ်ကို လွှတ်စေခြင်းငှါ ဆုတောင်း ရမည်ဟုငါမဆို။
I Jo BurJudso 5:17  မတရားသောအမှုမည်သည်ကား ဒုစရိုက်ဖြစ်၏။ သို့သော်လည်း သေပြစ်မသင့်သောဒုစရိုက်ရှိ၏။
I Jo BurJudso 5:18  ဘုရားသခင်၏သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကိုမပြုတတ်သည်ကို ငါတို့သိကြ၏။ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူသည်၊ မိမိကိုမိမိ စောင့်ရှောက်သဖြင့်၊ မာရ်နတ်သည်ထိုသူကို မထိမခိုက်နိုင်ရာ။
I Jo BurJudso 5:19  ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်ကို၎င်း၊ လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိကြ၏။
I Jo BurJudso 5:20  ဘုရားသခင်၏သားတော်သည်ကြွလာ၍၊ မှန်သောဘုရားသခင်ကို သိသောဉာဏ်ကို ငါတို့အား ပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌၎င်း၊ သားတော်ယေရှုခရစ်၌၎င်းငါတို့သည် တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သော ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရအသက်လည်း ဖြစ်တော်မူ၏။
I Jo BurJudso 5:21  ချစ်သားတို့၊ ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။ ရှင်ယောဟန်ဩဝါဒစာပဌမစောင်ပြီး၏။