Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 1
Luke BurCBCM 1:1  များစွာသောလူတို့သည် ငါတို့အကြားတွင် ပြီးမြောက်ခဲ့သောအကြောင်းအရာတို့ကို မှတ်တမ်းတင်ရန် အားထုတ်ခဲ့ကြ၏။-
Luke BurCBCM 1:2  ထိုသို့အားထုတ်ရာ၌ အစဦးကပင် မျက်မြင်သက်သေများဖြစ်ကြပြီး နှုတ်တော်ထွက်စကားအတွက် အမှုတော်ဆောင် ဖြစ်ခဲ့သူများက ငါတို့အား လက်ဆင့်ကမ်းဟောပြောခဲ့သည့်အတိုင်း ရေး သားနိုင်ရန် ကြိုးပမ်းခဲ့ကြ၏။-
Luke BurCBCM 1:3  ထို့ကြောင့် မွန်မြတ်သော သီအိုဖိလု၊ ငါသည်လည်း ထိုဖြစ်ရပ်အလုံးစုံတို့ကို အချိန်ယူ၍ သေချာစွာ လေ့လာခဲ့ပြီးနောက် သင့်အတွက် အစဉ်အတိုင်းရေးသားပေးလျှင် သင့်လျော်မည်ဟုငါယူဆ၏။-
Luke BurCBCM 1:4  ဤသို့ဖြင့် သင်သည် သင်ကြားနာခဲ့ရသော အကြောင်းအရာများနှင့် သက်ဆိုင်သည့် အမှန်တရားကို သိရှိနားလည်နိုင်ပေ လိမ့်မည်။
Luke BurCBCM 1:5  ဂျုဒပြည်၏ဘုရင် ဟေရုဒ်မင်းလက်ထက်၌ အာဘီဂျရဟန်းအသင်းဝင်ဖြစ်သော ဇခါရိယအမည်ရှိသည့် ရဟန်း တစ်ပါးရှိ၏။ သူ၏ဇနီးသည်ကား အာရွန်အနွယ်ဝင်ဖြစ်ပြီး သူမ၏အမည်မှာ ဧလိဇဘက်ဖြစ်၏။-
Luke BurCBCM 1:6  သူတို့နှစ်ဦးစလုံးသည် ဘုရားသခင်၏ရှေ့တော်မှောက်တွင် ဖြောင့်မတ်ကြပြီး ထာ၀ရဘုရားသခင်၏ပညတ်တော်များနှင့် ကျင့်ထုံးဥပဒေများကို အပြစ်တင်ခွင့်မရှိအောင် လိုက်နာခဲ့ကြ၏။-
Luke BurCBCM 1:7  သို့ရာတွင် သူတို့၌ သားသမီးမထွန်းကားချေ။ အကြောင်းမူကား ဧလိဇဘက်သည် အမြုံဖြစ်ပြီး သူတို့နှစ်ဦးစလုံးမှာလည်း အသက်အရွယ် ကြီးရင့်လာကြသောကြောင့်ဖြစ်၏။
Luke BurCBCM 1:8  ထိုအချိန်၌ ဇခါရိယသည် မိမိ၏အဖွဲ့အလှည့်ကျသဖြင့် ဘုရားသခင်၏ရှေ့တော်တွင် ရဟန်းအမှုတော်ကို ဆောင်ရွက်နေစဉ်၊-
Luke BurCBCM 1:9  ရဟန်းတို့၏ ဝိနည်းထုံးစံအရ ထာ၀ရဘုရားသခင်၏သန့်ရှင်းရာဌာနအတွင်းသို့ဝင်၍ လော်ဗန်နံ့သာကို မီးရှို့ပူဇော်ရန် သူ့အပေါ် မဲကျလေ၏။-
Luke BurCBCM 1:10  ထိုသို့ လော်ဗန်နံ့သာပူဇော်နေချိန်တွင် များစွာသောလူအပေါင်းတို့သည် အပြင်၌ ဆုတောင်းနေကြ၏။-
Luke BurCBCM 1:11  ထိုအခါ ထာ၀ရ ဘုရားသခင်၏ကောင်းကင်တမန်တော်သည် လော်ဗန်နံ့သာမီးရှို့ပူဇော်ရာယဇ်ပလ္လင်၏ လက်ယာဘက်၌ ရပ်လျက် သူ့အား ထင်ရှားပြလေ၏။-
Luke BurCBCM 1:12  ဇခါရိယသည်လည်း ကောင်းကင်တမန်တော်ကိုမြင်သောအခါ စိတ်နှလုံးမငြိမ်မသက်ဖြစ်လျက် ကြောက်ရွံ့တုန်လှုပ် လေ၏။-
Luke BurCBCM 1:13  သို့သော်ကောင်းကင်တမန်တော်က ဇခါရိယ၊ မကြောက်ရွံ့နှင့်။ အကြောင်းမူကား သင်၏ဆုတောင်းပတ္ထနာမှာ နား ညောင်းတော်မူခြင်းခံရလေပြီ။ သင်၏ဇနီး ဧလိဇဘက်သည် သင့်အတွက် သားယောက်ျားကို ဖွားမြင်ပေးလိမ့်မည်။ သူ၏ အမည်ကို ယောဟန်ဟု သင်မည့်ခေါ်ရလိမ့်မည်။-
Luke BurCBCM 1:14  ထိုအခါ သင်သည် ဝမ်းမြောက်ရွှင်လန်းခြင်းရှိလိမ့်မည်။ လူတို့သည်လည်း သူ၏ဖွားမြင်ခြင်း၌ ဝမ်းမြောက်ကြလိမ့်မည်။-
Luke BurCBCM 1:15  အကြောင်းမူကား သူသည် ထာ၀ရဘုရားသခင်၏ရှေ့တော်၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ သူသည် စပျစ်ရည်နှင့် သေရည်သေရက်တို့ကိုမသောက်ရ။ သူသည် အမိဝမ်းထဲကပင် ဝိညာဉ်တော်မြတ်နှင့် ပြည့်၀လိမ့်မည်။-
Luke BurCBCM 1:16  သူသည် များစွာသောအစ္စရာအဲလ်လူမျိုးတို့ကို ၎င်းတို့၏အရှင် ထာ၀ရဘုရားသခင်ထံတော်သို့ ပြန်လည်ခေါ်ဆောင် လိမ့်မည်။-
Luke BurCBCM 1:17  သူသည် အဖတို့ကို သားသမီးတို့နှင့် ပြန်လည်သင့်မြတ်စေ၍ နာခံခြင်းမရှိသော သူတို့ကို ဖြောင့်မတ်သောသူတို့၏ ပညာတရားလမ်းသို့ ပြောင်းလဲစေရန်နှင့် အသင့်ပြင်ဆင်ထားသော လူမျိုးတော်ကို ထာ၀ရဘုရားသခင်အတွက် အဆင်သင့်ဖြစ် စေရန် ဧလိယ၏စိတ်သဘောနှင့် တန်ခိုးတို့ဖြင့် ကိုယ် တော်၏ရှေ့တော်မှ သွားလိမ့်မည်ဟု မိန့်ဆိုလေ၏။
Luke BurCBCM 1:18  ထိုအခါ ဇခါရိယက ဤအရာကို အကျွန်ုပ်မည်သို့သိရပါမည်နည်း။ အကျွန်ုပ်သည် အသက်အရွယ်ကြီးရင့်သူ တစ်ယောက် ဖြစ်ပြီး အကျွန်ုပ်၏ဇနီးသည်လည်း အရွယ်လွန်ပါပြီဟု ကောင်းကင်တမန်တော်အား ပြန်ပြော၏။-
Luke BurCBCM 1:19  ကောင်းကင်တမန်တော်ကလည်း ငါသည် ဘုရားသခင်၏ရှေ့တော်မှောက်တွင် ခစားသော ဂါဘရီအဲလ်ဖြစ်၏။ သင့်အား ဝမ်းမြောက်စရာသတင်းကို ကြားပြောရန် ငါသည် စေလွှတ်ခြင်းခံရ၏။-
Luke BurCBCM 1:20  ကြည့်လော့၊ အချိန်တန်လျှင် ပြည့်စုံခြင်းသို့ရောက်မည့် ငါ၏စကားကို သင်မယုံကြည်သောကြောင့် ဤအကြောင်းအရာ များဖြစ်ပေါ်လာသည့်တိုင်အောင် သင်သည် စကားမပြောနိုင်ဘဲ ဆွံ့အနေလိမ့်မည်ဟုမိန့်ဆိုလေ၏။-
Luke BurCBCM 1:21  လူတို့သည် ဇခါရိယကိုစောင့်မျှော်နေကြ၍ သူသည် ဗိမာန်တော်ထဲ၌ ကြန့်ကြာနေသည့်အတွက် အံ့ဩခြင်းရှိကြ၏။-
Luke BurCBCM 1:22  ဇခါရိယသည် ဗိမာန်တော်ထဲမှ ထွက်လာသောအခါ သူတို့အား စကားမပြောနိုင်သဖြင့် သူသည် ဗိမာန်တော်ထဲတွင် နိမိတ်ရူပါရုံမြင်ခဲ့ရကြောင်းကို သူတို့သိရှိကြ၏။ ဇခါရိယသည်လည်း သူတို့အား ကိုယ်လက်အမူအရာဖြင့်သာပြောပြနိုင်ပြီး ဆွံ့အ လျက်နေ၏။-
Luke BurCBCM 1:23  ထို့နောက် သူသည် မိမိအမှုတော်ထမ်းရသည့်ကာလပြီးဆုံးသောအခါ မိမိ၏အိမ်သို့ ပြန်သွားလေ၏။-
Luke BurCBCM 1:24  ထိုနေ့ရက်များကုန်လွန်သောအခါ သူ၏ဇနီး ဧလိဇဘက်သည် ပဋိသန္ဓေစွဲ၍ ငါးလပတ်လုံး လူတို့၏မျက်ကွယ်တွင် နေလျက် ဆိုသည်ကား၊-
Luke BurCBCM 1:25  ထာ၀ရဘုရားသခင်သည် လူတို့ရှေ့၌ ငါ၏ရှက်ဖွယ်သောအမှုကိုဖယ်ရှားရန် ငါ့ကိုကြည့်ရှုတော်မူ၍ ဤသို့ပြုတော်မူပြီ ဟူ၍ဖြစ်၏။
Luke BurCBCM 1:26  ဆဋ္ဌမလသို့ရောက်သောအခါ ဘုရားသခင်သည် ကောင်းကင်တမန်တော် ဂါဘရီအဲလ်ကို ဂါလေလေးယပြည်၊ နာဇရက်မြို့ရှိ၊-
Luke BurCBCM 1:27  ဒါဝိဒ်မျိုးနွယ်ဝင် ဂျိုးဇက်အမည်ရှိသောသူနှင့် စေ့စပ်ထားသည့်အပျိုကညာတစ်ဦးထံသို့ စေလွှတ်တော်မူ၏။ အပျိုကညာ၏အမည်ကား မာရိယာ ဖြစ်သတည်း။-
Luke BurCBCM 1:28  ထိုအခါ ကောင်းကင်တမန်တော်သည် သူမထံသို့လာ၍ ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံသော သခင်မ၊ သင်၌ မင်္ဂလာရှိ စေသတည်း။ ထာ၀ရဘုရားသခင်သည် သင်နှင့်အတူရှိတော်မူ၏ဟု နှုတ်ခွန်းဆက်လေ၏။-
Luke BurCBCM 1:29  သို့သော် သူမသည် အလွန်စိတ်ဇဝေဇဝါဖြစ်၍ ဤနှုတ်ဆက်ခြင်းကား အဘယ်သို့ဖြစ်မည်နည်းဟု တွေးတောဆင်ခြင် လျက်နေ၏။-
Luke BurCBCM 1:30  ကောင်းကင်တမန်တော်ကလည်း မာရိယာ၊ မကြောက်ရွံ့လေနှင့်။ အကြောင်းမူကား သင်သည် ဘုရားသခင်၏ အရေးပေးခြင်းကို ခံရလေပြီ။-
Luke BurCBCM 1:31  သင်၏ဝမ်း၌ ပဋိသန္ဓေစွဲ၍ သင်သည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ သူ၏အမည်ကို ယေဇူးဟုမှည့်ခေါ်ရမည်။-
Luke BurCBCM 1:32  သူသည် ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောအရှင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကိုလည်း ခံရလိမ့်မည်။ ထာ၀ရအရှင် ဘုရားသခင်သည် သူ့အဖဒါဝိဒ်၏ ရာဇပလ္လင်ကို သူ့အား ပေးအပ်တော်မူလိမ့်မည်။-
Luke BurCBCM 1:33  ထိုအခါ သူသည် ယာကုပ်၏ အမျိုးအနွယ်ကို အစဉ်အမြဲအုပ်စိုးတော်မူလိမ့်မည်။ သူ၏နိုင်ငံတော်သည်လည်း အဆုံးမရှိ အစဉ်တည်နေလိမ့်မည်ဟု မိန့်ဆိုလေ၏။-
Luke BurCBCM 1:34  မာရိယာကလည်း ဤအမှုအရာသည် မည်သို့ဖြစ်နိုင်မည်နည်း။ အကြောင်းမူကား ကျွန်မ၌ ခင်ပွန်းမရှိပါဟု ကောင်းကင်တမန်တော်အား ဆိုလေ၏။-
Luke BurCBCM 1:35  ထိုအခါ ကောင်းကင်တမန်တော်က ဝိညာဉ်တော်မြတ်သည် သင့်အပေါ်သို့ဆင်းသက်လိမ့်မည်။ အမြင့်ဆုံးသော အရှင်၏ တန်ခိုးတော်သည်လည်း သင့်ကိုလွှမ်းမိုးတော်မူလိမ့်မည်။ ထို့ကြောင့် သင်မှဖွားမြင်လတ္တံ့သောသူငယ်သည် သန့်ရှင်းမွန်မြတ်ပြီး ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ် ခြင်းခံရလိမ့်မည်။
Luke BurCBCM 1:36  ထို့ပြင် ကြည့်လော့။ သင်၏ဆွေမျိုး ဧလိဇဘက်သည် အိုမင်းသောအရွယ်၌ ပဋိသန္ဓေစွဲ၍ အမြုံမဟု အခေါ်ခံရသော သူမသည် ယခု ဆဋ္ဌမလရှိလေပြီ။-
Luke BurCBCM 1:37  အကြောင်းမူကား ဘုရားသခင်မတတ်နိုင်သောအရာတစ်စုံတစ်ခုမျှ မရှိဟု မိန့်ဆိုလေ၏။-
Luke BurCBCM 1:38  မာရိယာကလည်း ကျွန်မသည် ထာ၀ရဘုရားသခင်၏ အစေခံဖြစ်ပါ၏။ သင်၏စကားအတိုင်း ကျွန်မ၌ ဖြစ်ပါစေဟုဆို၏။ ထို့နောက် ကောင်းကင်တမန်တော်သည် သူမထံမှ ထွက်ခွာသွားလေ၏။
Luke BurCBCM 1:39  ထိုနေ့ရက်တို့၌ မာရိယာသည် ထ၍ တောင်ကုန်းအရပ်ရှိ ဂျုဒမြို့တစ်မြို့သို့ အလျင်အမြန်သွားပြီးလျှင်၊-
Luke BurCBCM 1:40  ဇခါရိယ၏အိမ်သို့ဝင်ကာ ဧလိဇဘက်ကိုနှုတ်ဆက်လေ၏။-
Luke BurCBCM 1:41  ဧလိဇဘက်သည်လည်း မာရိယာ၏နှုတ်ဆက်သံကို ကြားသောအခါ သူမ၏သားငယ်သည် ဝမ်းတွင်း၌ခုန်မြူးလေ၏။ ထိုအခါ ဧလိဇဘက်သည် ဝိညာဉ်တော်မြတ်နှင့် ပြည့်၀လျက်၊-
Luke BurCBCM 1:42  ကျယ်သောအသံဖြင့် ကြွေးကြော်သည်ကား သင်သည် မိန်းမတကာတို့တွင် မြတ်သောမင်္ဂလာရှိသူဖြစ်၏။ သင်၏ဝမ်းတွင်းမှ အသီးတော်သည်လည်း မင်္ဂလာရှိတော်မူ၏။-
Luke BurCBCM 1:43  ကျွန်မသခင်၏မယ်တော်သည် ကျွန်မထံသို့ကြွလာသောကျေးဇူးတော်ကို ကျွန်မသည် အဘယ်ကြောင့် ခံထိုက်ပါသနည်း။-
Luke BurCBCM 1:44  အကြောင်းမူကား သင်၏နှုတ်ဆက်စကားသံသည် ကျွန်မ၏နားသို့ရောက် သည်နှင့် ကျွန်မ၏ဝမ်းတွင်းမှ သားငယ်သည် ဝမ်းမြောက်ခြင်းဖြင့် ခုန်မြူးလေပြီ။-
Luke BurCBCM 1:45  မိမိအား ထာ၀ရဘုရားသခင် မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏ဟု ဆိုလေ၏။
Luke BurCBCM 1:46  ထိုအခါ မာရိယာက မြွက်ဆိုသည်ကား ငါ၏ဝိညာဉ်သည် ထာ၀ရဘုရားသခင်ကိုချီးမွမ်း၏။-
Luke BurCBCM 1:47  ငါ၏စိတ်နှလုံးသည်လည်း ငါ၏ကယ်တင်ရှင် ဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်ခြင်းရှိ၏။
Luke BurCBCM 1:48  အကြောင်းမူကား ကိုယ်တော်သည် မိမိကျွန်မ၏ နှိမ့်ချသောအဖြစ်ကို ကြည့်ရှုတော်မူလေပြီ။ ယခုမှစ၍ ခပ်သိမ်းသော လူမျိုးအစဉ်အဆက်တို့သည် ငါ့ကို မင်္ဂလ ရှိသောသူဟု ခေါ်ဝေါ် ကြလိမ့်မည်။
Luke BurCBCM 1:49  အကြောင်းမူကား တန်ခိုးကြီးတော်မူသော သခင်သည် ငါ့အဖို့ ကြီးမြတ်သောအမှုအရာတို့ကို ပြုတော်မူပြီ။ ကိုယ်တော်၏ နာမတော်သည် သန့်ရှင်းမြင့်မြတ်တော်မူ၏။
Luke BurCBCM 1:50  ကိုယ်တော်၏ကရုဏာတော်သည်လည်း မိမိကို ကြောက်ရွံ့ရိုသေသော သူတို့အပေါ်သို့ သားစဉ်မြေးဆက် သက်ရောက် လေ၏။
Luke BurCBCM 1:51  ကိုယ်တော်သည် လက်ရုံးတော်အားဖြင့် ခွန်အားတန်ခိုးကိုပြတော်မူ၍ စိတ်၌ မာနထောင်လွှားသော သူတို့ကို ကွဲလွင့်စေ တော်မူပြီ။
Luke BurCBCM 1:52  ကိုယ်တော်သည် အင်အားကြီးသောသူတို့ကို အရိုက်အရာမှချတော်မူ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။
Luke BurCBCM 1:53  ကိုယ်တော်သည် ငတ်မွတ်သောသူတို့ကို ကောင်းသောအရာတို့နှင့်ပြည့်၀စေ၍ ကြွယ်၀သောသူတို့ကို လက်ချည်း သက်သက် လွှတ်လိုက်တော်မူပြီ။
Luke BurCBCM 1:54  ကိုယ်တော်သည် မိမိ၏ကရုဏာတော်ကို အောက်မေ့တော်မူသဖြင့် မိမိ၏အစေခံ အစ္စရာအဲလ်ကို ကူညီစောင်မတော်မူပြီ။-
Luke BurCBCM 1:55  ငါတို့၏ဘိုးဘေးများဖြစ်သော အာဘရာဟံမှစ၍ သူ၏မျိုးနွယ်အစဉ်အဆက်တို့၌ ထားခဲ့သော ကတိတော်အတိုင်း ကိုယ်တော်သည် အစဉ်ထာ၀ရ ကူညီစောင်မတော်မူလေပြီဟု မြွက်ဆိုလေ၏။
Luke BurCBCM 1:56  ထို့နောက် မာရိယာသည် ဧလိဇဘက်နှင့်အတူ သုံးလခန့်နေပြီးမှ မိမိ၏အိမ်သို့ပြန်လေ၏။
Luke BurCBCM 1:57  ဧလိဇဘက်သည် မွေးဖွားရန် နေ့လစေ့သောအခါ သားယောက်ျားကို ဖွားမြင်လေ၏။-
Luke BurCBCM 1:58  သခင်ဘုရားသည် ဧလိဇဘက်အား မိမိ၏မဟာကရုဏာတော်ကို ပြတော်မူကြောင်း အိမ်နီးချင်းများနှင့် ဆွေမျိုးသားချင်းတို့ ကြားကြသောအခါ သူမနှင့်အတူဝမ်းမြောက်ကြ၏။-
Luke BurCBCM 1:59  ထို့နောက် ရှစ်ရက်မြောက်သောနေ့၌ သူငယ်ကို အရေဖျားလှီးခြင်း မင်္ဂလာပေးခြင်းငှာ သူတို့သည် လာကြ၍ သူငယ်၏ အမည်ကိုလည်း အဖ၏အမည်အတိုင်း ဇခါရိယဟု မှည့်ခေါ်မည်ပြုကြ၏။-
Luke BurCBCM 1:60  သို့သော် သူ၏မိခင်က ထိုသို့မဟုတ်ပါ။ သူ့ကို ယောဟန်အမည်ဖြင့် မှည့်ခေါ်ရမည်ဟုဆို၏။-
Luke BurCBCM 1:61  သူတို့ကလည်း သင်၏ဆွေမျိုးတို့တွင် တစ်ယောက်မျှဤ အမည်ဖြင့်မှည့်ခေါ်ထားခြင်းမရှိပါဟု သူမအား ပြန်ပြောကြ၏။-
Luke BurCBCM 1:62  ထို့နောက် သူငယ်ကို မည်ကဲ့သို့မှည့်ခေါ်စေလို ကြောင်း ဖခင်ဖြစ်သူအား ကိုယ်လက်အမူအရာဖြင့် မေးမြန်းကြ၏။-
Luke BurCBCM 1:63  ထိုအခါ ဇခါရိယသည် သင်ပုန်းတစ်ချပ်ကို တောင်းပြီးလျှင် သူငယ်၏အမည်ကား ယောဟန်ဖြစ်သည်ဟု ရေးလေ၏။ ထိုသူတို့သည်လည်း အံ့ဩကြလေ၏။-
Luke BurCBCM 1:64  ထိုခဏချင်းတွင်ပင် ဇခါရိယ၏နှုတ်သည် ပွင့်၍ သူ၏လျှာသည်လည်း အနှောင်အဖွဲ့မှ ကင်းလွတ်ကာ သူသည် ဘုရားသခင် ကိုချီးမွမ်းထောမနာပြုလေ၏။-
Luke BurCBCM 1:65  သူတို့၏အိမ်နီးချင်းတို့သည်လည်း ကြောက်ရွံ့ထိတ်လန့်ကြကုန်၏။ ဤအကြောင်းအရာအလုံးစုံကို ဂျူဒေးယပြည် တောင်ကုန်းဒေသအနှံ့အပြားတွင် ပြောဆိုကြလေ၏။-
Luke BurCBCM 1:66  ကြားသိကြသောသူအပေါင်းတို့သည်လည်း ထိုအဖြစ်အပျက်များကိုနှလုံးသွင်းကြ၍ သို့ဖြစ်လျှင် ဤသူငယ်သည်ကား မည်ကဲ့သို့သောသူ ဖြစ်လာလိမ့်မည်နည်းဟုဆိုကြ၏။ အကြောင်းမူကား ဘုရားသခင်၏လက်တော်သည် သူနှင့်အတူရှိတော်မူ သောကြောင့်တည်း။
Luke BurCBCM 1:67  သူ၏အဖ ဇခါရိယသည်လည်း ဝိညာဉ်တော်မြတ် နှင့် ပြည့်၀လျက် မြွက်ဆိုသည်ကား၊-
Luke BurCBCM 1:68  အစ္စရာအဲလ်လူမျိုး၏ ထာ၀ရအရှင် ဘုရားသခင်အား မင်္ဂလာရှိစေသတည်း။ အကြောင်းမူကား ကိုယ်တော်သည် မိမိ၏ လူမျိုးတော် ကို အကြည့်အရှုပြုရန် ကြွလာတော်မူ၍ သူတို့ကို ကယ်တင်တော်မူလေပြီ။
Luke BurCBCM 1:69  ကိုယ်တော်သည် မိမိ၏အစေခံ ဒါဝိဒ်အမျိုးအနွယ်တွင် ကယ်တင်ခြင်း၏ဦးချိုကို ပေါ်ထွန်းစေတော်မူပြီ။
Luke BurCBCM 1:70  ရှေးကာလက ပေါ်ထွန်းခဲ့သော ပရောဖက်တို့၏နှုတ်ဖြင့် ကတိထားတော်မူခဲ့သည့်အတိုင်း၊-
Luke BurCBCM 1:71  ငါတို့သည်လည်း ငါတို့၏ရန်သူတို့ လက်မှလည်းကောင်း၊ ငါတို့ကို မုန်းတီးသောသူအပေါင်းတို့၏လက်မှလည်းကောင်း ကယ်တင်ခြင်းခံရလိမ့်မည်။
Luke BurCBCM 1:72  ဤသို့ဖြင့် ကိုယ်တော်သည် ငါတို့၏ဘိုးဘေးတို့အား ကတိထားတော်မူခဲ့သည့် ကရုဏာတော်ကို ပြသ၍ မိမိ၏ပဋိညာဉ် တော်မြတ်ကို သတိရအောက်မေ့တော်မူလေပြီ။
Luke BurCBCM 1:73  ငါတို့၏အဖ အာဘရာဟံအား ဘုရားသခင်ထားတော်မူသော ကတိတော်နှင့်အညီ၊-
Luke BurCBCM 1:74  ငါတို့သည် ရန်သူတို့၏ လက်မှ လွတ်မြောက်သောအခါ ကြောက်ရွံ့ ခြင်းမရှိ ဘဲ၊-
Luke BurCBCM 1:75  ကိုယ်တော်၏မျက်မှောက်တော်တွင် သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တစ်သက်ပတ်လုံး အစေခံကြရန် ဖြစ်သတည်း။
Luke BurCBCM 1:76  အချင်းသူငယ်၊ သင်သည် အမြင့်ဆုံးသောအရှင်၏ ပရောဖက်ဟု ခေါ်ဝေါ် ခြင်းကိုခံရလိမ့်မည်။ အကြောင်းမူကား သင်သည် သခင်ဘုရား၏ လမ်းများကို ပြင်ဆင်ရန်နှင့်၊-
Luke BurCBCM 1:77  ကိုယ်တော်၏လူမျိုးတော်အား သူတို့၏အပြစ်များမှ ခွင့်လွှတ်ခြင်းအားဖြင့် ကယ်တင်ခြင်း၏အသိတရားကို ပေးရန် ကိုယ်တော်၏ရှေ့တော်မှ သွားရလိမ့်မည်။
Luke BurCBCM 1:78  ငါတို့ဘုရားသခင်၏ ကြင်နာတတ်သောကရုဏာတော်အားဖြင့် ကောင်းကင်မှပေါ်ထွက်လာသော အရုဏ်ဦး၏ အလင်းရောင်သည် ငါတို့အပေါ်သို့ သက်ရောက်ပြီးလျှင်၊-
Luke BurCBCM 1:79  မှောင်မိုက်နှင့် သေမင်း၏အရိပ်တွင် ထိုင်နေကြသောသူတို့ကို အလင်းပေး၍ ငါတို့အား ငြိမ်းချမ်းသာယာခြင်း လမ်းစဉ်ကို ပြတော်မူလိမ့်မည်ဟု ပရောဖက်ဉာဏ်ဖြင့်ဟောပြောလေ၏။
Luke BurCBCM 1:80  သူငယ်သည်ကား ကြီးပြင်းလာ၍ ဉာဏ်ပညာနှင့် ပြည့်စုံလေ၏။ သူသည် အစ္စရာအဲလ်လူမျိုးတို့ထံသို့ ထင်ရှားစွာ ထွက်ပေါ်မလာမီတိုင်အောင် တောကန္တာရ၌ နေလေ၏။