Site uses cookies to provide basic functionality.

OK
I TIMOTHY
Up
1 2 3 4 5 6
Toggle notes
Chapter 1
I Ti BurCBCM 1:1  ငါတို့၏မျှော်လင့်ရာဖြစ်သော ခရစ်တော်ယေဇူးနှင့် ငါတို့၏ကယ်တင်ရှင်ဖြစ်သော ဘုရားသခင်၏ အမိန့်တော်အားဖြင့် ခရစ်တော်ယေဇူး၏တမန်တော်အဖြစ် ရွေးကောက်ခြင်းခံရသော ငါပေါလုသည်၊-
I Ti BurCBCM 1:2  ယုံကြည်ခြင်း၌ ငါ၏သားအစစ်အမှန်ဖြစ်သော တီမောသီဦးထံသို့ စာရေးလိုက်ပါ၏။ အဖခမည်းတော်ဘုရားနှင့် ငါတို့၏သခင် ခရစ်တော်ယေဇူးထံတော်မှ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်းချမ်းသာယာခြင်းကို ခံစားရပါစေသော်။
I Ti BurCBCM 1:3  ငါသည် မာစီဒိုးနိယပြည်သို့သွားစဉ် သင့်ကိုတိုက်တွန်းခဲ့သည့်အတိုင်း သင်သည် ဧဖက်ဆုမြို့တွင် ဆက်လက်နေထိုင်၍ အချို့သောပုဂ္ဂိုလ်များအား ကွဲပြားသောအယူဝါဒများကို မသွန်သင်ကြစေရန်နှင့်၊-
I Ti BurCBCM 1:4  ယုံကြည်ခြင်း၌ အခြေခံသော ဘုရားသခင်၏အစီအမံများကို သွန်သင်ခြင်းမရှိဘဲ အငြင်းပွားမှုများကို တိုးပွားစေသည့်ဒဏ္ဍာရီ ပုံပြင်များနှင့် အဆုံးမသတ်နိုင်သော ဆွေစဉ်မျိုးဆက်စာရင်းများကို အာရုံမစိုက်ကြစေရန် သတိပေးရမည်ဖြစ်၏။-
I Ti BurCBCM 1:5  ဤကဲ့သို့ ငါတို့လမ်းညွှန်မှုပေးရသည့် အကြောင်းရင်းသည်ကား စင်ကြယ်သောနှလုံးသား၊ ကောင်းမြတ်သော အတွင်းစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်းတို့မှ ထွက်ပေါ်လာသော ချစ်ခြင်းမေတ္တာ ရှိကြစေရန်ဖြစ်၏။-
I Ti BurCBCM 1:6  အချို့သောသူတို့သည် ဤအချက်များမှ လွဲချော်သွားပြီးလျှင် အကျိုးမဲ့သော ဆွေးနွေးငြင်းခုံကြသည့်အဖြစ်သို့ ရောက်ခဲ့ကြ၏။-
I Ti BurCBCM 1:7  ဤသူတို့သည် မိမိတို့ပြောဆိုနေသော အရာများကိုလည်းကောင်း၊ မိမိတို့အခိုင်အမာ စွဲကိုင်သင်ကြားနေသည့် အရာတို့ကိုလည်းကောင်း နားမလည်ဘဲ ပညတ်တရားကို သင်ကြားပေးသည့်ဆရာများ ဖြစ်လိုကြ၏။
I Ti BurCBCM 1:8  မှန်ကန်စွာလိုက်နာကျင့်သုံးပါလျှင် ပညတ်တရားသည် ကောင်းမြတ်ကြောင်း ငါတို့အားလုံးသိကြ၏။-
I Ti BurCBCM 1:9  ငါတို့နားလည်ကြသည်ကား ပညတ်တရားကို ဖြောင့်မတ်သောသူတို့အတွက် ချမှတ်ထားခြင်းမဟုတ်ဘဲ တရားမဲ့သူ၊ နာခံခြင်းမရှိသူ၊ ဘုရားတရားမရှိသူ၊ အပြစ်ရှိ သူ၊ ဆိုးညစ်မိုက်မဲသူ၊ ဘုရားသခင်ကို ထိခိုက်စော်ကားသူ၊ ဖခင်တို့ကိုသတ်သူများ၊ မိခင်တို့ကိုသတ်သူများ၊ လူ့အသက်ကိုသတ်သူများ၊-
I Ti BurCBCM 1:10  ကာမဂုဏ်အမှု၌ ကိုယ်ကျင့်တရားပျက်ပြားသူများ၊ လိင်တူချင်း ဆက်ဆံသူများ၊ ပြန်ပေးဆွဲသူများ၊ လိမ်လည်သူများ၊ မုသားသက်သေခံသူများနှင့် စစ်မှန်သောအယူဝါဒကို ဆန့်ကျင်သောအရာ ဟူသမျှတို့အတွက် ချမှတ်ထားခြင်းသာဖြစ်၏။-
I Ti BurCBCM 1:11  ဤသွန်သင်ချက်သည် မွန်မြတ်တော်မူသော ဘုရားသခင်၏ဘုန်းကြီးသော ဧဝံဂေလိတရားတော် အတိုင်းဖြစ်၏။ ထိုတရားတော်ကို ဟောကြားရန် ငါ့အား တာဝန်အပ်နှင်းထားခဲ့ခြင်းဖြစ်၏။
I Ti BurCBCM 1:12  ဤအမှုအရာအတွက် ငါ့အား ခွန်အားပေးတော်မူသော ငါတို့၏သခင် ယေဇူးခရစ်တော်ကို ကျေးဇူးတင်ချီးမွမ်းပါ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ငါ့အား မိမိ၏အမှုတော်ကိုဆောင်ရွက်ရန် ခန့်အပ်ထားခြင်းဖြင့် ငါသည် သစ္စာရှိသူ ဖြစ်ကြောင်း သတ်မှတ်တော်မူလေပြီ။-
I Ti BurCBCM 1:13  ငါသည် ယခင်က ကိုယ်တော့်ကို ထိခိုက်ပြောဆိုခဲ့၍ ညှဉ်းပန်းနှိပ်စက်ကာ မထီမဲ့မြင်ပြုခဲ့သော်လည်း ကိုယ်တော်သည် ငါ့ကို ဤသို့သတ်မှတ်ခဲ့လေပြီ။ မည်သို့ပင်ဖြစ်စေ ငါသည် သနားကရုဏာတော်ကို ခံစားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် ယုံကြည်ခြင်းကင်းမဲ့လျက် မသိနားမလည်ဘဲ ထိုကဲ့သို့ပြုမူခဲ့ခြင်း ဖြစ်သောကြောင့်တည်း။-
I Ti BurCBCM 1:14  ငါတို့သခင်ဘုရား၏ ကျေးဇူးတော်သည် ခရစ်တော်ယေဇူး၌ရှိသော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့နှင့်အတူ ငါ့အတွက်ပြည့်လျှံခဲ့လေပြီ။-
I Ti BurCBCM 1:15  ခရစ်တော်ယေဇူးသည် အပြစ်ရှိသောသူတို့ကိုကယ်တင်ရန် ဤလောကသို့ ဆင်းကြွလာတော်မူခဲ့သည်ဟူသော စကားသည် မှန်ကန်၍ အပြည့်အဝလက်ခံထိုက်ပေ၏။ အကြောင်းမူကား ငါသည် အပြစ်ရှိသူတို့တွင် ပထမဦးဆုံးပင်ဖြစ်၏။-
I Ti BurCBCM 1:16  သို့သော် ထာ၀ရအသက်ကိုရရှိရန်အလို့ငှာ ကိုယ်တော်၌ ယုံကြည်လာမည့်သူတို့အတွက် စံနမူနာဖြစ်စေရန် ယေဇူး ခရစ်တော်သည် အပြစ်ရှိသူတို့တွင် ပထမဦးဆုံးဖြစ်သောငါ့၌ ပြည့်စုံသောသည်းခံခြင်းကို ပြသတော်မူလိုသောကြောင့် ငါသည် သနားကရုဏာတော်ကို ခံစားရခြင်းဖြစ်၏။-
I Ti BurCBCM 1:17  ခေတ်ကာလအပေါင်းတို့၏ဘုရင်၊ ပျက်စီးပြောင်းလဲခြင်းနှင့်ကင်းသော၊ မျက်စိဖြင့်မမြင်နိုင်သော၊ တစ်ဆူတည်းသော ဘုရားသခင်အား ကာလအဆက်ဆက် ဘုန်းတော်ဂုဏ်တော်ရှိတော်မူပါစေသော်။ အာမင်။
I Ti BurCBCM 1:18  ငါ့သား တီမောသီဦး၊ သင့်ကိုရည်ညွှန်း၍ ပရောဖက်တို့ ဟောကြားထားခဲ့သည့် စကားနှင့်အညီ သင်သည် ဤစကားများ အားဖြင့် လှုံ့ဆော်ခြင်းကိုခံရလျက် ကောင်းသောစစ်ပွဲကို တိုက်ခိုက်နိုင်စေရန် ဤတာဝန်ကို သင့်အား ယုံကြည်စိတ်ချစွာ ငါအပ်နှင်းလိုက်၏။-
I Ti BurCBCM 1:19  ယုံကြည်ခြင်းနှင့် မှန်ကန်သောအသိတရားတို့ကို စွဲမြဲစွာစောင့်ထိန်းလော့။ အချို့သောလူတို့သည် အသိတရားကို ငြင်းပယ်ခြင်းအားဖြင့် မိမိတို့၏ယုံကြည်ခြင်းကို ဆုံးရှုံးခဲ့ကြလေပြီ။-
I Ti BurCBCM 1:20  ထိုသူတို့တွင် ဟေမေနေဦးနှင့် အလက်ဇန္ဒားတို့ပါဝင်ကြ၏။ သူတို့သည် ဘုရားသခင်အား ထိခိုက်ပြောဆိုခြင်း မပြုအပ်ကြောင်းကို သင်ယူစေခြင်းငှာ သူတို့အား စာတန်နတ်ဆိုး၏လက်သို့ ငါအပ်လိုက်လေပြီ။
Chapter 2
I Ti BurCBCM 2:1  သင်တို့သည် ဘုရားသခင်ထံ အသနားခံခြင်း၊ ဆုတောင်းခြင်း၊ ကြားဝင်တောင်းလျှောက်ပေးခြင်း၊ ကျေးဇူးတင်ခြင်းတို့ကို လူအားလုံးတို့အတွက် ပြုလုပ်ပေးကြရန် ပထမဦးစွာ ငါတိုက်တွန်းနှိုးဆော်ပါ၏။-
I Ti BurCBCM 2:2  ငါတို့သည် တည်ငြိမ်၍ ငြိမ်းချမ်းသာယာသော အသက်တာကိုလျှောက်လှမ်းလျက် ဘုရားတရားကြည်ညိုပြီး သင့်တင့်လျောက်ပတ်စွာ အသက်ရှင်နိုင်ကြစေခြင်းငှာ ဘုရင်များနှင့် ကြီးမြတ်သောနေရာကို ယူထားကြသော သူတို့အတွက် ဆုတောင်းပေးကြလော့။-
I Ti BurCBCM 2:3  ဤအမှုသည် ကောင်းမြတ်၍ ငါတို့၏ကယ်တင်ရှင် ဘုရားသခင်၏ရှေ့ တော်မှောက်တွင် လက်ခံဖွယ်ရာဖြစ်၏။-
I Ti BurCBCM 2:4  ကိုယ်တော်သည် လူအပေါင်းတို့အား ကယ်တင်ခြင်းခံရစေရန်နှင့် သမ္မာတရားတော်ကို သိနားလည်လာကြစေရန် အလိုရှိ တော်မူ၏။-
I Ti BurCBCM 2:5  အကြောင်းမူကား ဘုရားတစ်ဆူတည်းရှိတော်မူ၍ ဘုရားသခင်နှင့် လူတို့အကြားတွင် ကြားဝင်ဖျန်ဖြေပေးသူမှာလည်း တစ်ဦးတည်းသာရှိ၏။ ထိုသူကား လူစင်စစ်ဖြစ်တော်မူသော ခရစ်တော်ယေဇူးပင်ဖြစ်၏။-
I Ti BurCBCM 2:6  ကိုယ်တော်သည် လူအားလုံးတို့ကို ရွေးနုတ်ကယ်တင်ရန် အဖိုးအခအဖြစ် မိမိကိုယ်ကို စွန့်တော်မူကြောင်းကို သင့်လျော်သောအချိန်၌ သက်သေခံခဲ့လေပြီ။-
I Ti BurCBCM 2:7  ဤအမှုတော်အတွက် ငါသည် ဟောပြောသွန်သင်သူအရာ၌လည်းကောင်း၊ တမန်တော်အရာ၌လည်းကောင်း၊ ယုံကြည်ခြင်းနှင့် သမ္မာတရားတို့နှင့်ပတ်သက်၍ လူမျိုးခြားတို့ကိုသင်ကြားသော ဆရာအရာ၌လည်းကောင်း ခန့်အပ်ထားခြင်းခံရလေပြီ။ ငါသည် မုသားပြောခြင်းမဟုတ်၊ မှန်သောစကားကိုသာပြော၏။
I Ti BurCBCM 2:8  သို့ဖြစ်၍ နေရာတိုင်းတွင် ယောက်ျားတို့သည် အမျက်ဒေါသထွက်ခြင်းနှင့် ခိုက်ရန်ဖြစ်ပွားခြင်းတို့မရှိဘဲ သန့်ရှင်းသော လက်များကိုပင့်မြှောက်၍ ဆုတောင်းကြရန် ငါအလိုရှိ၏။-
I Ti BurCBCM 2:9  ထိုနည်းတူပင် မိန်းမတို့သည်လည်း သင့်လျော်သော အဝတ်အစားဝတ်ဆင်၍ ယဉ်ကျေးသိမ်မွေ့စွာ ဆင်ယင်သင့်၏။ ဆံပင်ကိုထုံးဖွဲ့၍ ရွှေ၊ ပုလဲနှင့် တန်ဖိုးကြီးသည့် အဝတ်တန်ဆာတို့ကို မဆင်ယင်သင့်ပေ။-
I Ti BurCBCM 2:10  သူတို့သည် ဘုရားတရားကြည်ညိုသော အမျိုးသမီးများပြုလုပ်သင့်သော ကောင်းမှုကုသိုလ်များဖြင့် မိမိတို့ကိုယ်ကို ဆင်ယင်သင့်၏။-
I Ti BurCBCM 2:11  မိန်းမတစ်ဦးသည် ကျိုးနွံနာခံခြင်းဖြင့် တိတ်ဆိတ်စွာသင်ယူပါစေ။-
I Ti BurCBCM 2:12  မည်သည့်မိန်းမကိုမျှ သွန်သင်ညွှန်ကြားရန်၊ သို့မဟုတ် ယောက်ျားတို့အပေါ် ဩဇာပြရန် ငါခွင့်မပြု။ သူမသည် တိတ်ဆိတ်စွာ နေရမည်။-
I Ti BurCBCM 2:13  အကြောင်းမူကား အာဒံသည် ပထမဦးစွာဖန် ဆင်းခြင်းခံခဲ့ရ၏။ ထို့နောက်မှ ဧ၀ကို ဖန်ဆင်းခဲ့ခြင်းဖြစ်၏။-
I Ti BurCBCM 2:14  အာဒံသည် လှည့်ဖြားခြင်းခံခဲ့ရသည်မဟုတ်။ မိန်းမသာလျှင် လှည့်ဖြားခြင်းခံခဲ့ရပြီး အပြစ်ကျူးလွန်သူဖြစ်ခဲ့ရ၏။-
I Ti BurCBCM 2:15  သို့သော်လည်း မိန်းမသည် ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့် သန့်ရှင်းမွန်မြတ်ခြင်းတို့၌ သိမ်မွေ့စွာ စောင့်ထိန်းပါလျှင် သားဖွားခြင်းအမှုအားဖြင့် ကယ်တင်ခြင်းခံရလိမ့်မည်။
Chapter 3
I Ti BurCBCM 3:1  တစ်စုံတစ်ယောက်သည် သာသနာ၏အကြီးအမှူး အရိုက်အရာအတွက် ရည်ရွယ်ချက်ကြီးမားစွာထားရှိလျှင် သူသည် မွန်မြတ်သော တာဝန်တစ်ခုကို လိုလားခြင်းဖြစ်သည် ဟူသောစကားမှာမှန်ပေ၏။-
I Ti BurCBCM 3:2  သာသနာအကြီးအမှူးသည် အပြစ်တင်စရာမရှိသူ၊ ဇနီးတစ်ဦးတည်း၏ ခင်ပွန်းဖြစ်သူ၊ မျှတစွာကျင့်ကြံသူ၊ ပညာသတိရှိသူ၊ ဣန္ဒြေသိက္ခာရှိသောသူ၊ ဧည့်ဝတ်ကျေပွန်သူနှင့် ကောင်းစွာသင်ကြားပေးတတ်သော သူဖြစ်ရမည်။-
I Ti BurCBCM 3:3  သူသည် သောက်စားမူးယစ်တတ်သောသူ၊ ကြမ်းတမ်းရက်စက်သူ၊ ခိုက်ရန်ဖြစ်ပွားတတ်သောသူ၊ ငွေကြေးတပ်မက်သူ အစရှိသောလူမျိုးမဟုတ်ဘဲ နူးညံ့သိမ်မွေ့သောသူဖြစ်ရမည်။-
I Ti BurCBCM 3:4  သူသည် မိမိ၏မိသားစုကို ကောင်းစွာအုပ်ချုပ်သူဖြစ်၍ မိမိ၏သားသမီးများကိုလည်း အရာရာ၌ ကျိုးနွံနာခံစေ၍ ရိုသေလေးစားတတ်သော သူများဖြစ်ရန် ထိန်းသိမ်းနိုင်ရမည်။-
I Ti BurCBCM 3:5  အကြောင်းမူကား လူတစ်ဦးသည် မိမိ၏မိသားစုကို ထိန်းသိမ်းအုပ်ချုပ်နိုင်စွမ်းမရှိပါလျှင် သူသည် ဘုရားသခင်၏ အသင်းတော်ကို မည်ကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်မည်နည်း။-
I Ti BurCBCM 3:6  ဤသူသည် မကြာသေးမီက ဘာသာဝင်လာသူ မဖြစ်စေရ။ သို့မဟုတ်လျှင် ထိုသူသည် မာနထောင်လွှားခြင်းဖြင့် ဘဝင်မြင့်ပြီး နတ်ဆိုးကဲ့သို့ အပြစ်ဒဏ်စီရင်ခြင်းခံရမည်ကို စိုးရိမ်ရ၏။-
I Ti BurCBCM 3:7  ထိုမျှမက သူသည် အသင်းတော်ပြင်ပမှလူများ၏ ရိုသေလေးစားခြင်းကို ခံရသူလည်းဖြစ်ရမည်။ ထိုသို့မဟုတ်လျှင် သူသည် ကဲ့ရဲ့ ပြစ်တင်ခံရ၍ နတ်ဆိုး၏ကျော့ကွင်းသို့ ကျရောက်နိုင်၏။
I Ti BurCBCM 3:8  ထိုနည်းတူပင် သိက္ခာရအမှုတော်ဆောင်တို့သည်လည်း တည်ကြည်လေးနက်သူများဖြစ်ကြရမည်။ သူတို့သည် လျှာနှစ်ခွဖြင့် ပြောဆိုသူများ၊ စပျစ်ရည်သောက်ကြူးသူများနှင့် အကျိုးအမြတ်ရရန် လောဘကြီးသူများ မဖြစ်စေရ။-
I Ti BurCBCM 3:9  သူတို့သည် ယုံကြည်ခြင်း၏နက်နဲရာအချက်ကို ကြည်လင်သောစိတ်ဖြင့် စောင့်ထိန်းကြရမည်။-
I Ti BurCBCM 3:10  သူတို့သည် ပထမဦးစွာ စမ်းသပ်စစ်ဆေးခြင်းကို ခံယူကြပါစေ။ ဤသို့ဖြင့် သူတို့သည် အပြစ်တင်စရာမရှိကြောင်း မိမိတို့ကိုယ်ကိုသက်သေပြနိုင်လျှင် သူတို့ကို သိက္ခာရအမှုတော်ဆောင်များအဖြစ် အမှုထမ်းစေလော့။-
I Ti BurCBCM 3:11  ထိုနည်းတူ အမျိုးသမီးတို့သည်လည်း တည်ကြည်လေးနက်သောသူများ ဖြစ်ကြရမည်။ သူတို့သည် သူတစ်ပါး အသရေပျက်အောင် ပြောဆိုသူများမဟုတ်ဘဲ မျှတစွာပြုကျင့်သူများဖြစ်ကြ၍ အရာရာတို့၌ သစ္စာရှိသူများဖြစ်ကြရမည်။-
I Ti BurCBCM 3:12  သိက္ခာရအမှုတော်ဆောင်တို့သည် ဇနီးတစ်ဦးတည်း၏ ခင်ပွန်းဖြစ်ကြရမည်။ သူတို့သည် မိမိတို့၏သားသမီးများနှင့် မိသားစုတို့ကို ကောင်းစွာထိန်းသိမ်းအုပ်ချုပ်သူများဖြစ်ကြပါစေ။-
I Ti BurCBCM 3:13  သိက္ခာရအမှုတော်ဆောင်အဖြစ် ကောင်းစွာအစေခံသောသူတို့သည် မိမိတို့ကိုယ်တိုင်အတွက် ဂုဏ်သိက္ခာရှိစေမည့်အပြင် ခရစ်တော်ယေဇူး၌ ယုံကြည်ခြင်းနှင့်ပတ်သက်၍လည်း အခွင့်အာဏာဖြင့်ဟောပြောနိုင်ကြလိမ့်မည်။
I Ti BurCBCM 3:14  ငါသည် သင့်ထံသို့ မကြာမီလာရောက်နိုင်မည်ဟု မျှော်လင့်ပါ၏။ သို့သော် ဤသွန်သင်ချက်များကို သင့်ထံသို့ ရေးရသော အကြောင်းရင်းမှာ၊-
I Ti BurCBCM 3:15  အကယ်၍ ငါလာရောက်ရန် နှောင့်နှေးကြန့်ကြာခဲ့ပါလျှင် ဘုရားသခင်၏ အိမ်ထောင်စုအတွင်း၌ လူတစ်ဦးသည် မည်ကဲ့သို့နေထိုင်ကျင့်ကြံရမည့်အကြောင်းကို သင်သိစေရန်ဖြစ်၏။ ဘုရားသခင်၏အိမ်ထောင်စုသည်ကား အသက်ရှင်သော ဘုရားသခင်၏အသင်းတော်နှင့် သမ္မာတရား၏မဏ္ဍိုင်နှင့် ကျောထောက်နောက်ခံဖြစ်သတည်း။-
I Ti BurCBCM 3:16  ငါတို့ ဘာသာတရား၏ နက်နဲရာအချက်သည် အမှန်စင်စစ်ကြီးမြတ်လှကြောင်းကို ငါတို့ယုံကြည်ဝန်ခံပါ၏။ ကိုယ်တော့်ကို လူအဖြစ်၌ ထင်ရှားစေပြီးလျှင် ကိုယ်တော်သည် ဖြောင့်မတ်ကြောင်းကို ဝိညာဉ်တော်က သက်သေထူတော်မူ၏။ ကောင်းကင်တမန်တော်တို့သည် ကိုယ်တော့်ကို ဖူးမြင်ကြရ၏။ သတင်းတော်ကို လူမျိုးအပေါင်းတို့အလယ်တွင် ကြေညာ ဟောပြောကြ၍ ကမ္ဘာအနှံ့ယုံ ကြည်ခဲ့ကြသည်။ ကိုယ်တော်သည် ဘုန်းဂုဏ်တော်နှင့် အထက်သို့ဆောင်ယူခြင်းခံရတော်မူပြီ။
Chapter 4
I Ti BurCBCM 4:1  နောင်အချိန်ကာလများတွင် အချို့သောသူတို့သည် လှည့်ဖြားတတ်သောဝိညာဉ်များနှင့် နတ်ဆိုးတို့၏အယူဝါဒများကို လက်ခံခြင်းအားဖြင့် ယုံကြည်ခြင်းကို စွန့်ခွာသွားကြလိမ့်မည်ဟု ဝိညာဉ်တော်က အတိအလင်း ဗျာဒိတ်ပေးတော်မူ၏။-
I Ti BurCBCM 4:2  သူတို့သည် အသိတရားခန်းခြောက်နေကြသော လူလိမ်လူညာများ၏ အယောင်ဆောင်မှုများမှတစ်ဆင့် ထိုအယူဝါဒများကို ရရှိခဲ့ကြ၏။-
I Ti BurCBCM 4:3  ဤလူလိမ်လူညာတို့သည် ထိမ်းမြားလက်ထပ်ခြင်းကို ပိတ်ပင်ကြလျက် အစားအစာများကို ရှောင်ကြဉ်စေရန် ပညတ်ထား ကြ၏။ ထိုအစားအစာများမှာ သမ္မာတရားကိုသိကြသော ယုံကြည်သူအပေါင်းတို့က ကျေးဇူးသိတတ်စွာဖြင့်သုံးဆောင်ရန် ဘုရားသခင်ဖန်ဆင်းထားတော်မူခြင်းဖြစ်၏။-
I Ti BurCBCM 4:4  အကြောင်းမူကား ဘုရားသခင်ဖန်ဆင်းထားတော်မူသော အရာရှိသမျှသည် ကောင်းမြတ်၍ ကျေးဇူးသိတတ်စွာဖြင့် လက်ခံကြမည်ဆိုလျှင် မည်သည့်အရာကိုမျှ မငြင်းပယ်အပ်ပေ။-
I Ti BurCBCM 4:5  အဘယ်ကြောင့်ဆိုသော် ထိုအရာသည် ဘုရားသခင်၏ နှုတ်တော်ထွက်စကားနှင့် ဆုတောင်းပတ္ထနာအားဖြင့် သန့်ရှင်းစင်ကြယ်ပြီး ဖြစ်သောကြောင့်တည်း။
I Ti BurCBCM 4:6  သင်သည် ဤသွန်သင်ချက်များကို ညီအစ်ကိုတို့ ရှေ့မှောက်၌တင်ပြလျှင် သင်သည် ခရစ်တော်ယေဇူး၏ အမှုထမ်းကောင်း တစ်ဦးဖြစ်၍ သင်လိုက်နာခဲ့သောယုံကြည်ခြင်းနှင့် ကောင်းသောအယူဝါဒတို့၏ တရားစကားများဖြင့် ပြည့်၀နေကြောင်း ပြသရာရောက်၏။-
I Ti BurCBCM 4:7  ဘုရားမဲ့ဝါဒနှင့် အဓိပ္ပာယ်မဲ့သော ဒဏ္ဍာရီပုံပြင်များနှင့် ပတ်သက်ခြင်းမရှိလေနှင့်။ ဘုရားတရားကြည်ညိုခြင်းရှိစေရန် သင့်ကိုယ်ကို လေ့ကျင့်ပုံသွင်းပါလော့။-
I Ti BurCBCM 4:8  အကြောင်းမူကား ကိုယ်ကာယအတွက် လေ့ကျင့်ခြင်းသည် အတော်အတန်အကျိုးရှိသော်လည်း ဘုရားတရားကြည်ညိုခြင်း သည်ကား အဘက်ဘက်၌ အကျိုးရှိ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ယခုဘ၀အတွက်သာမက နောင်လာမည့် ဘ၀အတွက်လည်း အကျိုးဖြစ်ထွန်းစေမည်ဟု ကတိရှိထားသောကြောင့်ဖြစ်၏။-
I Ti BurCBCM 4:9  ဤစကားသည် မှန်ကန်၍ အပြည့်အဝလက်ခံထိုက်သော အရာဖြစ်ပေ၏။-
I Ti BurCBCM 4:10  ငါတို့သည် ဤရည်မှန်းချက်အတွက် ပင်ပန်းစွာကြိုးပမ်းဆောင်ရွက်လျက်ရှိကြ၏။ အကြောင်းမူကား လူအပေါင်းတို့ အတွက်၊ အထူးသဖြင့် ယုံကြည်သူတို့အတွက် ကယ်တင်ရှင်ဖြစ်တော်မူသည့် အသက်ရှင်တော်မူသော ဘုရားသခင်၌ ငါတို့သည် မျှော်လင့်ချက်ထားရှိကြသောကြောင့် ဖြစ်သတည်း။
I Ti BurCBCM 4:11  ဤအကြောင်းအရာတို့ကို လမ်းညွှန်သွန်သင်ပါလော့။-
I Ti BurCBCM 4:12  သင်၏ငယ်ရွယ်နုပျိုခြင်းကို မည်သူမျှ မထီမဲ့မြင်မပြုစေနှင့်။ သို့သော် သင်သည် သင်၏အပြောအဆို၊ အပြုအမူ၊ ချစ်ခြင်းမေတ္တာ၊ ယုံကြည်ခြင်းနှင့်စင်ကြယ်ခြင်းတို့၌ ယုံကြည်သူတို့အတွက် စံနမူနာဖြစ်ပါစေ။-
I Ti BurCBCM 4:13  လူတို့ရှေ့၌ ကျမ်းစာဖတ်ရှုခြင်း၊ ဟောပြောခြင်းနှင့် သွန်သင်ခြင်းတို့ကို ငါလာသည့်အချိန်တိုင်အောင် ဆောင်ရွက်လော့။-
I Ti BurCBCM 4:14  အသင်းတော်၏အကြီးအကဲများက သင့်အပေါ် လက်တင်ခဲ့ကြစဉ်က ဗျာဒိတ်တော်စကားဖြင့် သင်ခံယူရရှိခဲ့သော ဆုကျေးဇူးတော်ကို လျစ်လျူမရှုလေနှင့်။-
I Ti BurCBCM 4:15  ဤတာဝန်များကို ထမ်းဆောင်ပါလော့။ ယင်းတို့ကိုနှလုံးသွင်း၍ ကြိုးစားအားထုတ်လော့။ ဤသို့ဖြင့် လူအားလုံးတို့သည် သင်၏တိုးတက်မှုကို တွေ့မြင်နိုင်ကြလိမ့်မည်။-
I Ti BurCBCM 4:16  သင့်ကိုယ်ကိုလည်းကောင်း၊ သင်၏သွန်သင်ချက်ကိုလည်းကောင်း သတိပြုပါလော့။ ထိုသွန်သင်ချက်ကို လက်ကိုင် ထားလော့။ အကြောင်းမူကား ဤသို့ပြုလုပ်ခြင်းဖြင့် သင်သည် မိမိကိုယ်တိုင်နှင့်တကွ မိမိ၏တရားကို ကြားနာကြသောသူတို့ကို ကယ်တင်နိုင်လိမ့်မည်။
Chapter 5
I Ti BurCBCM 5:1  အသက်ကြီးသောသူကို ပြစ်တင်ပြောဆိုခြင်းမပြုဘဲ သင်၏ဖခင်အား ပြောဆိုသကဲ့သို့ပင် သူ့အား တောင်းပန်ပြောဆိုလော့။ ငယ်ရွယ်သူများကိုလည်း ညီငယ်များသဖွယ် ဆက်ဆံလော့။-
I Ti BurCBCM 5:2  အသက်ကြီးသော အမျိုးသမီးတို့ကို မိခင်များကဲ့သို့လည်းကောင်း၊ ငယ်ရွယ်သောအမျိုးသမီးများကို နှမကဲ့သို့လည်းကောင်း စိတ်ထားဖြူစင်စွာ ဆက်ဆံပါလော့။
I Ti BurCBCM 5:3  အမှန်တကယ်ပင် မုဆိုးမဖြစ်သူတို့ကို ရိုသေလေးစားလော့။-
I Ti BurCBCM 5:4  အကယ်၍ မုဆိုးမတစ်ဦး၌ သားသမီးများနှင့်မြေးများရှိလျှင် ထိုသားမြေးတို့အား ၎င်းတို့၏မိသားစုအတွက် ဆောင်ရွက်ရမည့် ဘာသာရေးဝတ္တရားကို သင်ယူကြစေလျက် ၎င်းတို့၏မိဘများကို ကျေးဇူးဆပ်ကြပါစေ။ အကြောင်းမူကား ဤအမှုသည် ဘုရားသခင်၏မျက်မှောက်တော်၌ လက်ခံဖွယ်ဖြစ်၏။-
I Ti BurCBCM 5:5  အမှန်တကယ်ပင် မုဆိုးမဖြစ်၍ တစ်ဦးတည်းကျန်ရစ်သော အမျိုးသမီးသည် ဘုရားသခင်ကို မျှော်လင့်အားကိုးလျက် နေ့ညမပြတ် အသနားခံဆုတောင်းတတ်၏။-
I Ti BurCBCM 5:6  အပျော်အပါးမက်မောသော မုဆိုးမမူကား အသက်ရှင်လျက်ပင် သေဆုံးလေပြီ။-
I Ti BurCBCM 5:7  ထိုသူတို့သည် အပြစ်တင်ခြင်းမခံရစေရန် ဤသို့ညွှန်ကြားလော့။-
I Ti BurCBCM 5:8  အကယ်၍ တစ်စုံတစ်ယောက်သည် မိမိ၏ဆွေမျိုးများအတွက် အထူးသဖြင့် မိမိ၏မိသားစုအတွက် ထောက်ပံ့ခြင်းမပြုလျှင် ထိုသူသည် ယုံကြည်ခြင်းကို စွန့်ပစ်လေပြီ။ သူသည် မယုံကြည်သောသူတစ်ဦးထက် ပို၍ဆိုးရွားလေပြီ။
I Ti BurCBCM 5:9  အသက်အားဖြင့် ခြောက်ဆယ်ထက်မနည်းရှိ၍ ခင်ပွန်းတစ်ဦးတည်း၏ ဇနီးဖြစ်ခဲ့သော မုဆိုးမကို စာရင်းသွင်းထားလော့။-
I Ti BurCBCM 5:10  သူမသည် သားသမီးတို့ကို ကောင်းစွာထိန်းသိမ်းပျိုးထောင်ခဲ့သူ၊ ဧည့်ဝတ်ကျေပွန်ခဲ့သူ၊ သူတော်သူမြတ်တို့၏ခြေကို ဆေးခဲ့သူ၊ ဆင်းရဲဒုက္ခရောက်သူတို့ကို ကူညီမစခဲ့သူ၊ အဘက်ဘက်၌ကောင်းမှုပြုရန် မိမိကိုယ်ကို ဆက်ကပ်ထားသူစသည်ဖြင့် မိမိ၏ကောင်းမှုကုသိုလ်များကြောင့် ထင်ရှားသောသူဖြစ်ရမည်။-
I Ti BurCBCM 5:11  သို့သော် ငယ်ရွယ်သောမုဆိုးမတို့ကို စာရင်းသွင်းရန် ငြင်းဆိုလော့။ အကြောင်းမူကား သူတို့သည် ခရစ်တော်ထံ ဆက်ကပ်ခြင်း၌ ငြီးငွေ့လာကြသောအခါ ထိမ်းမြားလက်ထပ်လိုစိတ် ဖြစ်ပေါ်လာကြလိမ့်မည်။-
I Ti BurCBCM 5:12  ဤသို့ဖြင့် သူတို့သည် မိမိတို့ ပထမပြုထားခဲ့သောကတိကို ချိုးဖောက်ခြင်းအတွက် အပြစ်ဒဏ်သင့်ကြလိမ့်မည်။-
I Ti BurCBCM 5:13  ထိုမျှမက သူတို့သည် တစ်အိမ်မှတစ်အိမ်သို့ လှည့်လည်၍ အချိန်ဖြုန်းတတ်လာကြပြီးနောက် အချိန်ဖြုန်းခြင်းသာမက အတင်း ပြောဆိုခြင်းနှင့်တကွ မိမိတို့နှင့်မဆိုင်သောအရာများတွင် ဝင်ရောက်စွက်ဖက်ကာ မပြောဆိုသင့်သည့်အရာကို ပြောဆိုလာကြ လိမ့်မည်။-
I Ti BurCBCM 5:14  ထို့ကြောင့် ငယ်ရွယ်သော မုဆိုးမတို့ကို လက်ထပ်ထိမ်းမြားခြင်း၊ သားသမီးမွေးဖွားခြင်း၊ မိမိတို့၏မိသားစုကို ထိန်းသိမ်းကွပ်ကဲခြင်း စသည်တို့ကိုပြုလုပ်စေရန် ငါအလိုရှိ၏။ ငါတို့အား ကဲ့ရဲ့ပြစ်တင်နိုင်သော အခွင့်အရေးကို ရန်သူအား ပေးရန် ငါအလိုမရှိပေ။-
I Ti BurCBCM 5:15  အကြောင်းမူကား အချို့သောသူတို့သည် စာတန်နတ်ဆိုး၏နောက်သို့ လိုက်သွားခဲ့ကြလေပြီ။-
I Ti BurCBCM 5:16  ယုံကြည် သူအမျိုးသမီးတစ်ဦး၌ မုဆိုးမဖြစ်သော ဆွေမျိုးများရှိလျှင် သူမသည် ထိုသူတို့ကို ကူညီစောင့်ရှောက်ပါစေ။ ထိုသူ တို့အတွက် အသင်းတော်ကို ဝန်မလေးစေနှင့်။ သို့မှသာ အသင်းတော်သည် အမှန်တကယ်အားကိုးရာမဲ့ဖြစ်နေသော မုဆိုးမများကို ကူညီစောင့်ရှောက်နိုင်လိမ့်မည်။
I Ti BurCBCM 5:17  ကောင်းမွန်စွာအုပ်ချုပ်သော အသင်းတော်အကြီးအကဲများ၊ အထူးသဖြင့် ဟောပြောခြင်းနှင့် သွန်သင်ခြင်းတို့၌ ကြိုးစားအားထုတ်ကြသော အကြီးအကဲတို့သည် လုပ်အားခနှစ်ဆခံထိုက်ကြသူများ ဖြစ်သည်ဟု မှတ်ယူခြင်းခံရပါစေ။-
I Ti BurCBCM 5:18  အကြောင်းမူကား ကျမ်းစာတော်မြတ်က စပါးနယ်သောနွားကို ပါးချုပ်မတပ်ထားရဟူ၍လည်းကောင်း၊ အလုပ်လုပ်သော သူသည် မိမိ၏လုပ်အားခကို ရထိုက်သည်ဟူ၍လည်းကောင်း ဆိုထားခြင်းကြောင့်ဖြစ်၏။-
I Ti BurCBCM 5:19  သက်သေနှစ်ဦး၊ သုံးဦး၏အထောက်အထားမရှိဘဲ အသင်းတော်အကြီးအကဲတစ်ဦးအပေါ် စွပ်စွဲထားချက်ကို မည်သည့်အခါမျှ လက်မခံနှင့်။-
I Ti BurCBCM 5:20  အပြစ်မကောင်းမှုကို ပြုသောသူတို့ကို လူအပေါင်းတို့ရှေ့၌ ပြစ်တင်ဆုံးမလော့။ ဤသို့ဖြင့် ကျန်ရှိနေသောသူတို့သည် ကြောက်ရွံ့ကြလိမ့်မည်။-
I Ti BurCBCM 5:21  သင်သည် အရေးပေးခြင်းနှင့် မျက်နှာသာပေးခြင်းမရှိဘဲ ဤပညတ်ချက်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ဘုရားသခင်နှင့် ခရစ်တော်ယေဇူး၏ ရှေ့မျက်မှောက်တော်တွင်လည်းကောင်း၊ ရွေးကောက်ခံရသော ကောင်းကင်တမန်တော်များ၏ ရှေ့တွင်လည်းကောင်း ငါသည်သင့်ကို တာဝန်ပေးအပ်လိုက်ပါ၏။-
I Ti BurCBCM 5:22  သူတစ်ပါးအပေါ် လက်တင်ခြင်းအမှုကို အလျင်စလို မပြုလေနှင့်။ အခြားသူ၏ အပြစ်မကောင်းမှု၌လည်း ပါဝင်ခြင်းမရှိနှင့်။ သင့်ကိုယ်ကို ဖြူစင်သန့်ရှင်းစေလော့။
I Ti BurCBCM 5:23  သင်သည် ရေတစ်ခုတည်းကိုသာ မသောက်ဘဲ သင်၏ဝမ်းထဲတွင် အစာကြေစေရန်နှင့် မကြာခဏ သင်ခံစားရသော ဝေဒနာတို့အတွက် စပျစ်ရည်အနည်းငယ်ကိုလည်း သောက်သုံးသင့်၏။
I Ti BurCBCM 5:24  အချို့သောသူတို့၏ အပြစ်များသည် ထင်ရှား၍ အပြစ်စီရင်ခြင်းကိုခံရမည့် အခြေအနေ၌ရှိသော်လည်း အချို့သောသူတို့၏ အပြစ်များသည်ကား နောက်မှ ပေါ်လာတတ်၏။-
I Ti BurCBCM 5:25  ထိုနည်းတူပင် ကောင်းမှုတို့သည်လည်း ထင်ရှားလာကြ၏။ ထိုကောင်းမှုတို့ မထင်ရှားသောအခါ၌ပင်လျှင် ၎င်းတို့ကို ဖုံးကွယ်ထား၍ မရနိုင်ပေ။
Chapter 6
I Ti BurCBCM 6:1  ကျွန်ဘ၀၌ရောက်နေသောသူတို့သည် မိမိတို့၏သခင်များကို ရိုသေလေးစားထိုက်သူများဟု မှတ်ယူပါစေ။ သို့မှသာ မည်သူကမျှ ဘုရားသခင်၏နာမတော်နှင့် သွန်သင်ချက်တို့ကို ထိခိုက်ပြောဆိုမည်မဟုတ်ပေ။-
I Ti BurCBCM 6:2  သူတို့၌ ယုံကြည်သူသခင်များ ရှိပါကလည်း ၎င်းတို့မှာ မိမိတို့၏ညီအစ်ကိုများဖြစ်သည် ဟူသောအကြောင်းပြချက်ဖြင့် ၎င်းတို့ကို မလေးမစားမပြုရ။ အမှန်စင်စစ် မိမိတို့၏အစေခံခြင်းကို ခံနေရသောသူတို့သည် ယုံကြည်သူများနှင့် ချစ်ခင်ရသူများ ဖြစ်သောကြောင့် ပို၍ပင်ကောင်းမွန်စွာ အစေခံကြရမည်။ ဤတာဝန်ဝတ္တရားများကို သွန်သင်၍ လိုက်နာကြစေရန် နှိုးဆော်လော့။
I Ti BurCBCM 6:3  တစ်စုံတစ်ယောက်သည် ကွဲပြားသောအယူဝါဒကိုသွန်သင်၍ ငါတို့၏ သခင်ယေဇူးခရစ်တော်၏ မှန်ကန်သော သွန်သင်ချက်ကိုသော်လည်းကောင်း၊ စစ်မှန်သောဘာသာတရားနှင့် ကိုက်ညီသောသွန်သင်ချက်ကိုသော်လည်းကောင်း လက်မခံလျှင်၊-
I Ti BurCBCM 6:4  ထိုသူသည် မောက်မာထောင်လွှား၍ မည်သည့်အရာကိုမျှ မသိနားမလည်သောသူသာဖြစ်၏။ ထိုသူသည် အငြင်းပွားဖွယ်မေးခွန်းများနှင့် စကားအသုံးအနှုန်းများအပေါ် ငြင်းခုံခြင်း၌သာ စိတ်ဝင်စားခြင်းဖြစ်၏။ ထိုသို့ပြုလုပ်ခြင်းဖြင့် မနာလိုဝန်တိုခြင်း၊ စိတ်သဘောကွဲလွဲခြင်း၊ သူတစ်ပါး၏အသရေကိုဖျက်ခြင်း၊ မကောင်းသောသံသယစိတ်ဝင်ခြင်းစသည် တို့ကိုဖြစ်ပေါ်စေလျက်၊-
I Ti BurCBCM 6:5  စိတ်ဓာတ်ပျက်ပြား၍ သမ္မာတရားကင်းမဲ့သော သူတို့အချင်းချင်း ကြာမြင့်စွာငြင်းခုံစေပြီးလျှင် ထိုသူတို့က ဘုရားတရားဆိုသည်မှာ အကျိုးအမြတ်ရနိုင်သော လမ်းစဖြစ်သည်ဟု ထင်မြင်နိုင်လေ၏။-
I Ti BurCBCM 6:6  ရောင့်ရဲတင်းတိမ်ခြင်းရှိပါက ဘုရားတရားကို ကျင့်ကြံအားထုတ်ခြင်းဖြင့် ကြီးစွာသောအကျိုးကျေးဇူးကို ရရှိနိုင်၏။-
I Ti BurCBCM 6:7  အကြောင်းမူကား ငါတို့သည် ကမ္ဘာလောကထဲသို့ မည်သည့်အရာကိုမျှ ယူဆောင်လာခဲ့ခြင်း မရှိသကဲ့သို့ မည်သည့်အရာကိုမျှလည်း ကမ္ဘာလောကထဲမှ ယူဆောင်သွားနိုင်ကြမည်မဟုတ်ပေ။-
I Ti BurCBCM 6:8  ထို့ကြောင့် ငါတို့၌ အစားအစာနှင့် အဝတ်အထည်ရှိလျှင် ငါတို့သည် ကျေနပ်ရောင့်ရဲကြရမည်။-
I Ti BurCBCM 6:9  ချမ်းသာကြွယ်၀လိုသော သူတို့မူကား နှောင့်ယှက်ခြင်းသို့ ကျရောက်ခြင်း၊ ထောင်ချောက်မိခြင်း၊ လူတို့ကို ပျက်စီးခြင်းသို့ ရောက်စေသော စွဲလမ်းတပ်မက်မှုများ နောက်သို့လိုက်ပါတတ်ခြင်းဖြင့် ကျရှုံးတတ်ကြ၏။ ထိုစွဲလမ်းမှုများသည် မိုက်မဲ၍ လူကိုထိခိုက်စေလေ၏။-
I Ti BurCBCM 6:10  အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုမှန်သမျှ၏ အရင်းအမြစ်ဖြစ်သောကြောင့်တည်း။ ဤတပ်မက်ခြင်းကြောင့် အချို့သောသူတို့သည် ယုံကြည်ခြင်းမှ လမ်းလွဲခဲ့ကြပြီးလျှင် မိမိတို့၏စိတ်နှလုံးများကို စိတ်ပူဆွေးခြင်း များဖြင့် ထိုးဖောက်နာကျင်စေကြလေပြီ။
I Ti BurCBCM 6:11  အိုဘုရားသခင်၏လူ၊ သင်မူကား ဤအရာအားလုံးတို့ကို ရှောင်ကြဉ်ပါလော့။ ဖြောင့်မတ်မှန်ကန်ခြင်း၊ ဘုရားတရား ကြည်ညိုခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာရှိခြင်း၊ တည်ကြည်ခိုင်မာခြင်း၊ နူးညံ့သိမ်မွေ့ခြင်းစသည်တို့ကို ရည်မှန်း၍ ကျင့်ကြံပါလော့။-
I Ti BurCBCM 6:12  ယုံကြည်ခြင်းအတွက် ကောင်းသောတိုက်ပွဲကိုဆင်နွှဲ၍ ထာ၀ရအသက်ကို ရယူလော့။ သင့်အား ထိုအသက်တာသို့ ခေါ်တော်မူသည်ဖြစ်၍ ယင်းအတွက်ပင် သင်သည် သက်သေများစွာတို့၏ ရှေ့မှောက်၌ သင်၏ယုံကြည်ခြင်းကို ဝန်ခံခဲ့ခြင်းဖြစ်၏။-
I Ti BurCBCM 6:13  ခပ်သိမ်းသောအရာတို့ကို အသက်ရှင်စေတော်မူသော ဘုရားသခင်၏ ရှေ့မျက်မှောက်နှင့် ပုံစီဦးပီလာတုမင်းရှေ့၌ မိမိကိုယ်မိမိ သက်သေခံရာတွင် ကောင်းစွာဝန်ခံပြောဆိုခဲ့သော ခရစ်တော်ယေဇူး၏ရှေ့မျက်မှောက်၌၊-
I Ti BurCBCM 6:14  သင့်အား ငါမိန့်မှာသည်ကား ငါတို့၏သခင် ယေဇူးခရစ်တော် ထင်ရှားပေါ်ထွန်းလာသည့်တိုင်အောင် ပညတ်တော်များကို အမည်းစက်မထင်စေဘဲ အပြစ်တင်ခြင်းမှကင်းလွတ်အောင် စောင့်ထိန်းလော့။-
I Ti BurCBCM 6:15  ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဖြစ်၍ မင်္ဂလာရှိတော်မူသည့် တစ်ပါးတည်းသော အရှင်သခင်သည် သင့်လျော်သော အချိန်၌ ခရစ်တော်ကို ထင်ရှားပေါ်ထွန်းစေလိမ့်မည်။-
I Ti BurCBCM 6:16  ထိုအရှင်သခင်တစ်ပါးတည်းသာလျှင် သေခြင်းနှင့်ကင်းပြီး လူတို့မချဉ်းကပ်နိုင်သော အလင်းတော်၌ စံပယ်တော်မူလေ၏။ ထိုအရှင်အား မည်သူမျှမမြင်ဖူးသကဲ့သို့ မြင်လည်းမမြင်နိုင်ကြပေ။ ကိုယ်တော်၌ ဘုန်းဂုဏ်တော်နှင့် ထာ၀ရစိုးစံခြင်း ရှိတော်မူပါစေသော်။ အာမင်။
I Ti BurCBCM 6:17  ဤကမ္ဘာလောက၌ ဥစ္စာဓနကြွယ်၀ချမ်းသာသော သူတို့နှင့်ပတ်သက်၍ဆိုရလျှင် သူတို့အား မောက်မာခြင်းမရှိစေရန်နှင့် မတည်မြဲသော ဥစ္စာကြွယ်၀မှုတို့အပေါ်တွင် မျှော်လင့်အားကိုးခြင်းမရှိဘဲ ငါတို့ခံစားအသုံးပြုနိုင်ရန် အရာခပ်သိမ်းတို့ကို ကြွယ်၀စွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌သာ မျှော်လင့်ကိုးစားကြရန် သင်မိန့်မှာပါလော့။-
I Ti BurCBCM 6:18  သူတို့သည် ကောင်းမှုကိုပြုကြ၍ ကောင်းသောအပြုအမူတို့ဖြင့် ပြည့်၀နေကြရမည်။ သူတို့၌ သဒ္ဓါရက်ရောသောစိတ်ရှိ၍ ဝေမျှပေးလိုသောဆန္ဒရှိရမည်။-
I Ti BurCBCM 6:19  ဤသို့ဖြင့် သူတို့သည် အနာဂတ်အတွက် ကောင်းသောအုတ်မြစ်ကို ချနိုင်ကြပြီးလျှင် စစ်မှန်သည့် တစ်ခုတည်းသော ဘ၀အသက်တာကို ရယူပိုင်ဆိုင်နိုင်ကြပေလိမ့်မည်။
I Ti BurCBCM 6:20  အို တီမောသီဦး၊ သင့်အား အပ်နှင်းထားသမျှကို ထိန်းသိမ်းစောင့်ရှောက်ပါလော့။ ဘုရားတရားမဲ့သော စကားများ ပြောဆိုခြင်းနှင့် အသိတရားဟု မှားယွင်းစွာ ခေါ်ဝေါ်သမုတ်ကြသော ဆန့်ကျင်ဘက်သဘောတရားများကို ရှောင်ကြဉ်ပါလော့။-
I Ti BurCBCM 6:21  အကြောင်းမူကား ဤအရာ ကို လက်ခံကျင့်သုံးခြင်းဖြင့် အချို့သောသူတို့သည် ယုံကြည်ခြင်းနှင့်ဆိုင်သော တရားလမ်းမှ လွဲချော်ခဲ့ကြလေပြီ။ ကျေးဇူးတော်သည် သင်နှင့်အတူရှိစေသတည်း။