Site uses cookies to provide basic functionality.

OK
EPHESIANS
Up
1 2 3 4 5 6
Toggle notes
Chapter 1
Ephe BurCBCM 1:1  ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေဇူး၏တမန်တော်အဖြစ်ခန့်ထားခြင်းခံရသော ငါပေါလုသည် ခရစ်တော် ယေဇူး အပေါ်သစ္စာရှိကြ သော ဧဖက်ဆုမြို့ရှိ သူတော်သူမြတ်တို့ထံသို့ စာရေး လိုက်ပါ၏။
Ephe BurCBCM 1:2  ငါတို့အဖ ဘုရားသခင်နှင့် ယေဇူးခရစ်တော်သခင် ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင် တို့အပေါ်သို့ သက်ရောက်ပါစေသော်။
Ephe BurCBCM 1:3  ငါတို့၏သခင် ယေဇူးခရစ်တော်၏ခမည်းတော်ဖြစ် တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိပါစေသော်။ ကိုယ်တော်သည် ခရစ်တော်အားဖြင့် ကောင်းကင်နှင့် ဆိုင်သော ဝိညာဉ်ရေးရာကောင်းချီးမင်္ဂလာရှိသမျှတို့ကို ငါတို့အား ပေးသနားတော်မူလေပြီ။-
Ephe BurCBCM 1:4  ငါတို့သည် ရှေ့တော် မှောက်၌ သန့်ရှင်းမြင့်မြတ်၍ အပြစ်ကင်းစင်သူများဖြစ် ကြစေရန် ကိုယ်တော်သည် ကမ္ဘာမတည်ရှိ မီကပင် ငါတို့ကို ခရစ်တော်၌ ရွေးကောက်ထားတော်မူခဲ့၏။-
Ephe BurCBCM 1:5  ကိုယ်တော်သည် ယေဇူးခရစ်တော်အားဖြင့် ငါတို့ကို မိမိသားသမီးများဖြစ်ကြစေရန် မိမိအလိုတော်အတိုင်း သတ်မှတ်ထား၍ ဤသို့ပြုလုပ်ရခြင်းကိုလည်း ကျေနပ်အားရတော်မူ၏။-
Ephe BurCBCM 1:6  ကိုယ်တော်ချစ်မြတ်နိုးတော်မူသောသားတော်၌ ငါတို့အား အခမဲ့ပေးသနားတော်မူသည့် မွန်မြတ်သော ကျေးဇူးတော်အတွက် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြု ကြလော့။-
Ephe BurCBCM 1:7  ကိုယ်တော်၌ ငါတို့သည် အသွေးတော်အားဖြင့် ကယ်တင်ခြင်းတည်းဟူသော ငါတို့၏အပြစ်များမှ ဖြေလွှတ်ခံရခြင်းကို ကိုယ်တော်၏ကြွယ်၀တော်မူသော ကျေးဇူးတော်အလျောက် ခံစားရရှိကြ၏။-
Ephe BurCBCM 1:8  ကိုယ်တော်သည် ဤကျေးဇူးတော်ကို ငါတို့အပေါ်သို့ ရက်ရောစွာ သွန်းလောင်းပေးသနားတော်မူ၏။-
Ephe BurCBCM 1:9  အကြောင်းမူကား ကိုယ်တော်သည် ခရစ်တော်၌ မိမိကိုယ်တော်တိုင် ရည်ရွယ်ထားခဲ့သည့်အတိုင်း ခပ်သိမ်းသော ဉာဏ်ပညာနှင့် အသိတရားတို့ဖြင့် မိမိအလိုတော်၏နက်နဲရာကို ငါတို့အား သိစေတော်မူ၏။-
Ephe BurCBCM 1:10  ဤသို့ဖြင့် ကိုယ်တော်သည် အချိန်ကာလပြည့်စုံသောအခါ ကောင်းကင်နှင့်မြေကြီးပေါ်တွင် ရှိသမျှသောအရာတို့ကို သားတော်၌ တစ်လုံး တစ်၀တည်းပေါင်းစည်းစေရန် ကြံရွယ်ထားတော်မူ၏။
Ephe BurCBCM 1:11  မိမိအလိုတော်အတိုင်း အလုံးစုံသောအရာတို့ကို ပြီးမြောက်အောင် ဆောင်ရွက်တော်မူသည့်အရှင်၏ အကြံအစည်တော် ကိုထောက်၍ ငါတို့သည် ကိုယ်တော် ရှင်၌ အမွေတော်ကိုခံစားကြရ၏။-
Ephe BurCBCM 1:12  ဤသို့ဖြင့် ခရစ်တော်၌ ပထမဦးစွာမျှော်လင့်ခဲ့ကြသော ငါတို့သည် ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းထောမနာ ပြုခြင်းငှာ အသက်ရှင်ကြရန် သတ်မှတ်ရွေးချယ်ထားခြင်း ခံကြရ၏။-
Ephe BurCBCM 1:13  သင်တို့သည်လည်း ကယ်တင်ခြင်း၏ သတင်းကောင်းတည်းဟူသော သမ္မာတရားကိုကြားနာရပြီး ကိုယ်တော်၌ ယုံကြည် ကြသဖြင့် ကတိထားတော်မူသည့် ဝိညာဉ်တော် မြတ်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံကြရလေပြီ။-
Ephe BurCBCM 1:14  ငါတို့သည် ဤအမွေတော်ကိုပိုင်ဆိုင်သည့်တိုင်အောင် ဝိညာဉ် တော်သည် ငါတို့အတွက် အာမခံချက်ဖြစ်တော်မူ၏။ ဤ အချက်ကြောင့်လည်း ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို ငါတို့ချီးမွမ်းကြရပေလိမ့်မည်။
Ephe BurCBCM 1:15  ထို့ကြောင့် ငါသည် ယေဇူးသခင်၌ယုံကြည်သော သင်တို့၏ယုံကြည်ခြင်းနှင့် သူတော်သူမြတ်အပေါင်းတို့အပေါ်၌ ထားရှိသော သင်တို့၏ချစ်ခြင်းမေတ္တာတို့ကို ကြားသိခဲ့ရပြီးဖြစ်၍၊-
Ephe BurCBCM 1:16  သင်တို့အတွက် ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက် ငါ၏ဆုတောင်းပတ္ထနာများ၌ သင်တို့ကို သတိရဆုတောင်း ပေးပါ၏။-
Ephe BurCBCM 1:17  ငါတို့၏သခင် ယေဇူးခရစ်တော်၏ဘုရားသခင်၊ ဘုန်းတန်ခိုးတော်ရှင် အဖခမည်းတော်သည် မိမိကိုသိရှိစေမည့် ဉာဏ်ပညာ နှင့် ဗျာဒိတ်တော်တို့ကို သင်တို့အား ပေးသနားတော်မူမည့်အကြောင်း ငါဆုတောင်းပါ၏။-
Ephe BurCBCM 1:18  ဤသို့ဖြင့် သင်တို့၏စိတ်နှလုံးအသိဉာဏ်ပွင့်လာပြီးနောက် သင်တို့သည် ကိုယ်တော်၏ကြီးမြတ်သော ဘုန်းတန်ခိုးတော်၏ လုပ်ဆောင် ချက်တို့ကိုထောက်၍ သင်တို့အား ကိုယ်တော်ခေါ်တော် မူခဲ့သောမျှော်လင့်ချက်မှာ မည်သည့်အရာဖြစ်သည်ကို လည်းကောင်း၊ သူတော်သူမြတ်တို့ခံစားရမည့်ဘုန်းစည်း စိမ်အမွေတော် မည်မျှကြီးမားသည်ကိုလည်းကောင်း၊-
Ephe BurCBCM 1:19  ယုံကြည်သူဖြစ်သောငါတို့၌ ပြတော်မူသောကိုယ်တော်၏ ဘုန်းတန်ခိုးတော်မှာ အတိုင်းအဆမဲ့ကြီးမားသည်ကို လည်းကောင်း သိရှိနိုင်ကြရန် ငါဆုတောင်းပါ၏။-
Ephe BurCBCM 1:20  ကိုယ်တော်သည် ခရစ်တော်ကို သေသူတို့၏အစုမှ ရှင်ပြန်ထမြောက်စေပြီး ကောင်းကင်ဘုံတွင် မိမိလက်ယာဘက်၌ ထိုင်စေတော်မူရာတွင် မိမိ၏ဘုန်းတန်ခိုးတော်ဖြင့် ခရစ် တော်၌ ဤသို့လုပ်ဆောင်တော်မူခဲ့ခြင်းဖြစ်ပေ၏။-
Ephe BurCBCM 1:21  ကိုယ်တော်သည် ခရစ်တော်အားအလုံးစုံသော အုပ်ချုပ်မှု၊ ဩဇာအာဏာ၊ ဘုန်းတန်ခိုးနှင့် အချုပ်အခြာအာဏာပိုင် စသည်တို့၏အထက်တွင်လည်းကောင်း၊ ဤခေတ်ကာလတွင်သာမက နောင်ကာလတွင်လည်း ခေါ်ဝေါ်သမုတ် ခြင်းခံရမည့် အမည်နာမရှိသမျှတို့၏အထက်တွင်လည်းကောင်း စံနေစေတော်မူခဲ့၏။-
Ephe BurCBCM 1:22  ကိုယ်တော်သည် အရာခပ်သိမ်းတို့ကို ခရစ်တော်၏ခြေတော်အောက်၌ ချထား၍ သူ့အား ခပ်သိမ်းသောအရာတို့အထက်တွင် အသင်း တော်၏ဦးခေါင်းဖြစ်စေတော်မူ၏။-
Ephe BurCBCM 1:23  ထိုအသင်းတော်သည်ကား ခရစ်တော်၏ခန္ဓာကိုယ်ပင်ဖြစ်၏။ ကိုယ်တော်သည် ထိုအသင်းတော်၌ အကြွင်းမဲ့ပေါင်းစပ် နေပြီးလျှင် အရပ်ရပ်တိုင်း၌ ရှိသမျှသောအရာတို့ကို ပြီးပြည့်စုံစေတော်မူ၏။
Chapter 2
Ephe BurCBCM 2:1  ။ သင်တို့သည် ပြစ်မှားကျူးလွန်ခြင်းနှင့် မကောင်းမှုတို့ဖြင့် သေလျက်ရှိကြသောအခါ ကိုယ်တော်သည် သင်တို့ကိုပြန်၍ ရှင်သန်စေတော်မူခဲ့၏။-
Ephe BurCBCM 2:2  သင်တို့သည် ထိုအပြစ်မကောင်းမှုတို့ဖြင့် တစ်ချိန်က ဤလောကလမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့ကြ၍ လေဟာပြင်ကို စိုးမိုးသည့်အုပ်ချုပ်သူ၏နောက်သို့လိုက်ခဲ့ကြ၏။ ယခု အခါတွင် ထိုဝိညာဉ်သည် နာခံခြင်းမရှိသောသူတို့၌ လှုပ်ရှားလျက်ရှိ၏။-
Ephe BurCBCM 2:3  ငါတို့အားလုံးသည်လည်း တစ်ချိန် တစ်ခါက ထိုသူတို့အလယ်၌ သွေးသား၏တပ်မက်မှု များဖြင့် နေထိုင်ခဲ့ကြ၍ ကာယနှင့် စိတ်တို့၏အလိုဆန္ဒ နောက်သို့လိုက်ခဲ့ကြ၏။ ထို့ကြောင့် ငါတို့သည်လည်း ဇာတိသဘောအားဖြင့် အခြားသူများကဲ့သို့ အမျက်တော် သင့်သောသားသမီးများဖြစ်ခဲ့ကြ၏။-
Ephe BurCBCM 2:4  သို့ရာတွင် သနားကရုဏာနှင့်ကြွယ်၀ပြည့်စုံသော ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူသည့် ကြီးမားသောချစ်ခြင်း မေတ္တာတော်ကြောင့်၊-
Ephe BurCBCM 2:5  မိမိတို့၏ထိခိုက်ကျူးလွန်မှုများဖြင့် သေခဲ့ကြပြီးသောငါတို့ကို ခရစ်တော်နှင့်အတူ အသက်ပြန်ရှင်စေတော်မူခဲ့၏။ သင်တို့သည် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းကိုခံခဲ့ကြရ၏။-
Ephe BurCBCM 2:6  ထို့နောက် ကိုယ်တော်သည် ငါတို့ကို ခရစ်တော်ယေဇူးနှင့်အတူ ထမြောက်စေ၍ ထို သခင်၌ပင် ကောင်းကင်ဘုံတွင် အတူတကွစံစားရသော အခွင့်ကို ပေးတော်မူခဲ့၏။-
Ephe BurCBCM 2:7  ဤသို့ဖြင့် ကိုယ်တော်သည် ခရစ်တော်ယေဇူး၌ ငါတို့အပေါ်ထားရှိသောချစ်ခြင်း မေတ္တာတော်မှာ အတိုင်းအဆမဲ့ များပြား ကြွယ်၀ကြောင်းကို နောင်ကာလအဆက်ဆက်ပြသတော်မူရန်ဖြစ်၏။-
Ephe BurCBCM 2:8  အကြောင်းမူကား သင်တို့သည် ယုံကြည်သည့်အတွက် ကြောင့် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံခဲ့ကြရ၏။ ၎င်းသည် သင်တို့ကိုယ်တိုင်ပြုလုပ်သောအမှုမဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော်သာဖြစ်ပြီး၊-
Ephe BurCBCM 2:9  မည်သည့်ကြိုး စားအားထုတ်မှုကြောင့်မျှမဟုတ်သောကြောင့် မည်သူမျှ ကြွားဝါစရာအကြောင်းမရှိပေ။-
Ephe BurCBCM 2:10  အကြောင်းမူကား ငါတို့သည် ကောင်းသောအမှုကို ပြုလုပ်ရန် ခရစ်တော်ယေဇူး၌ ဖန်ဆင်းခြင်းခံကြရသော ကိုယ်တော်၏ လုပ်သားများ ဖြစ်ကြသောကြောင့်တည်း။ ကိုယ်တော်သည် ငါတို့အား ကောင်းသောလမ်းစဉ်အတိုင်း လျှောက်လှမ်းကြစေရန် ထိုကောင်းမှုများကို ကြိုတင်ပြင်ဆင်ထားတော်မူခဲ့ခြင်း ဖြစ်၏။
Ephe BurCBCM 2:11  ထို့ကြောင့် ကိုယ်ကာယ၌ ပြုလုပ်သည့် အရေဖျားလှီးခြင်းခံရသောသူတို့က အရေဖျားလှီးခြင်းမခံရသော သူများဟူ၍ ခေါ်ဝေါ်ခဲ့ကြသော သင်တို့သည် တစ်ချိန်က ရုပ်ပိုင်းဆိုင်ရာအားဖြင့်လူမျိုးခြားများဖြစ်ခဲ့ကြသည်ကို သတိရကြလော့။-
Ephe BurCBCM 2:12  ထိုအချိန်က သင်တို့သည် ခရစ်တော်နှင့်ကင်းကွာလျက် အစ္စရာအဲလ်လူမျိုးတို့၏အစုအဖွဲ့၌လည်း ပါဝင်ခွင့်မရကြပေ။ သင်တို့သည် ကတိတော်ခံရသော ပဋိညာဉ်များနှင့်လည်း မသက်ဆိုင်ပေ။ သင်တို့သည် မျှော်လင့်ချက်မရှိဘဲ ဘုရားမဲ့လျက် ဤလောက၌ နေခဲ့ရသည်ကို သတိရကြလော့။-
Ephe BurCBCM 2:13  သို့သော် တစ်ချိန်က ဝေးလံစွာနေခဲ့ကြရသောသင်တို့သည် ယခုအခါ ခရစ်တော်ယေဇူးနှင့် ကိုယ်တော်၏အသွေးတော် အားဖြင့် နီးစပ်လာခဲ့ကြလေပြီ။-
Ephe BurCBCM 2:14  အကြောင်းမူကား လူမျိုးနှစ်မျိုးကို တစ်လုံးတစ်၀တည်းဖြစ်စေခဲ့သော ကိုယ်တော်သည် ငါတို့၏ငြိမ်းချမ်းသာယာခြင်းဖြစ်၍ ပိုင်းခြားထားသော ရန်လိုမုန်းတီးမှုတံတိုင်းကို ဖြိုချတော်မူ၏။-
Ephe BurCBCM 2:15  ကိုယ်တော်သည် ပညတ်တရားနှင့် သွန်သင်ချက်တို့၏ဥပဒေကို မိမိ၏ကိုယ်ခန္ဓာ၌ ပယ်ဖျက်ခြင်းအားဖြင့် လူမျိုးနှစ်မျိုး အစား လူမျိုးသစ်တစ်မျိုးတည်းကို မိမိ၌ပင် ဖြစ်ပေါ်စေလျက် ငြိမ်းချမ်းသာယာခြင်းကို တည်ထောင်တော်မူ၏။-
Ephe BurCBCM 2:16  ကိုယ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူ ခြင်းဖြင့် ငါတို့လူမျိုးနှစ်မျိုးကို ဘုရားသခင်နှင့် တစ်ပေါင်း တစ်စည်းတည်း ပြန်လည်သင့်မြတ်စေလျက် ရန်လိုမုန်းတီးခြင်းကို အဆုံးသတ်စေခဲ့၏။-
Ephe BurCBCM 2:17  ကိုယ်တော်သည် ကြွလာ၍ အဝေးတွင်ရှိသောသင်တို့နှင့် အနီးတွင်ရှိသော သူတို့အား ငြိမ်းချမ်းသာယာခြင်းကို ကြေညာ ဟောပြောခဲ့လေ၏။-
Ephe BurCBCM 2:18  အကြောင်းမူကား ငါတို့လူမျိုးနှစ်မျိုးစလုံးသည် ကိုယ်တော်အားဖြင့် ဝိညာဉ်တော်တစ်ပါးတည်း၌ ခမည်းတော်ထံသို့ ဝင်ရောက်ခွင့်ကိုရကြ၏။-
Ephe BurCBCM 2:19  ထို့ကြောင့် သင်တို့သည် လူမျိုးခြားများနှင့် ဧည့်သည်များမဟုတ်တော့ပေ။ သင်တို့သည် သူတော်သူမြတ်တို့နှင့်အတူ အမျိုး သားချင်းများဖြစ်ကြ၍ ဘုရားသခင်၏အိမ်တော်သားများလည်းဖြစ်ကြ၏။-
Ephe BurCBCM 2:20  သင်တို့ကို တမန်တော်ကြီးများနှင့် ပရောဖက်တို့၏အုတ်မြစ်ပေါ်တွင် တည်ဆောက်ထား ခြင်းဖြစ်ပြီး ခရစ်တော်ယေဇူး ကိုယ်တော်တိုင် ထောင့်ချုပ် ကျောက်ဖြစ်တော်မူ၏။-
Ephe BurCBCM 2:21  အဆောက်အဦတစ်ခုလုံးကို ကိုယ်တော်၌ ပုံစံတကျဆက်စပ်ထားသဖြင့် ၎င်းသည် ထာ၀ရဘုရားသခင်၌ သန့်ရှင်းသော ဗိမာန်တော်အဖြစ် တိုးတက်ဖြစ်ပေါ်လာ၏။-
Ephe BurCBCM 2:22  သင်တို့ကိုလည်း ခရစ်တော် အားဖြင့် ဘုရားသခင်ကိန်းဝပ်တော်မူသောနေရာအဖြစ် တည်ဆောက်ထားကြလေပြီ။ သို့မှသာ ဘုရားသခင် သည် ဝိညာဉ်တော်အားဖြင့် သင်တို့အထဲ၌ ကိန်းဝပ် တော်မူမည်ဖြစ်၏။
Chapter 3
Ephe BurCBCM 3:1  ထိုအကြောင်းကြောင့် ငါပေါလုသည် လူမျိုးခြားများဖြစ်ကြသောသင်တို့ကိုယ်စား ခရစ်တော်ယေဇူးအတွက် အကျဉ်းသား တစ်ဦးဖြစ်လာခဲ့၏။-
Ephe BurCBCM 3:2  သင်တို့အတွက် အမှုတော်ဆောင်ရန် ကျေးဇူးတော်ကို ဘုရားသခင်သည် ငါ့အားပေးအပ်တော်မူကြောင်း သင်တို့ ကြားခဲ့ကြပြီဟု ငါယူဆ၏။-
Ephe BurCBCM 3:3  ကိုယ်တော်သည် နက်နဲလှသောအကြောင်းအရာကို ဗျာဒိတ်တော်အားဖြင့် ငါ့အားဖော်ပြတော်မူ၏။ ထိုအကြောင်းကို သင်တို့အား အကျဉ်းချုပ်၍ ငါရေးသားဖော်ပြခဲ့လေပြီ။-
Ephe BurCBCM 3:4  ဤအကြောင်းကို သင်တို့ဖတ်ရှုကြသောအခါ ငါသည် ခရစ်တော်၏နက်နဲသောအကြောင်းအရာအား သိရှိနားလည်သည်ကို သင် တို့သိမြင်နိုင်ကြ၏။-
Ephe BurCBCM 3:5  ယခင်မျိုးဆက်များမှ လူသားတို့အား ဤနက်နဲရာအချက်ကို ထုတ်ဖော်ပြခြင်းမရှိခဲ့သော်လည်း ယခုအခါတွင် ကိုယ်တော်၏ သန့်ရှင်းသောတမန် တော်များနှင့် ပရောဖက်များအား ဝိညာဉ်တော်အားဖြင့် ထုတ်ဖော်ပြလေပြီ။-
Ephe BurCBCM 3:6  ဤနက်နဲရာအချက်သည်ကား ဧဝံဂေလိသတင်းကောင်းအားဖြင့် လူမျိုးခြားတို့သည် အမွေတော်ကို အတူခံစားထိုက်သူများ၊ တစ်ခုတည်းသောခန္ဓာကိုယ်မှ အင်္ဂါအစိတ်အပိုင်းများ၊ ခရစ်တော်ယေဇူး၌ထားရှိတော်မူသောကတိတော်တွင် ပါဝင်ခံစားရသူ များဖြစ်လာကြသည့်အကြောင်းပေတည်း။
Ephe BurCBCM 3:7  ဘုရားသခင်သည် မိမိတန်ခိုးတော်အားဖြင့် ငါ့အားပေးသနားတော်မူသောကျေးဇူးတော်အတိုင်း ငါသည် ဤဧဝံဂေလိသတင်း ကောင်းကို ကြေညာဟောပြောသူ ဖြစ်လာခဲ့ရ၏။-
Ephe BurCBCM 3:8  ငါသည် သူတော်သူမြတ်အပေါင်းတို့တွင် အနိမ့်ကျဆုံးဖြစ်သော်လည်း ခရစ်တော်၏အတိုင်း မသိများပြားလှသော ဘဏ္ဍာတော်များကို လူမျိုးခြားတို့အား ကြေညာဟောပြောရန် ငါ့အား ဤကျေးဇူးတော်ကို ပေးအပ်တော်မူခဲ့၏။-
Ephe BurCBCM 3:9  ထို့အတူ အရာအားလုံးကိုဖန်ဆင်း တော်မူသောဘုရားသခင်၌ ကာလအဆက်ဆက်ဝှက် ကွယ်လျက်ရှိသောအကြံအစည် တော်ကို လူအပေါင်း တို့သိမြင်လာစေရန် လုပ်ဆောင်ခြင်းငှာ ထိုကျေးဇူးတော် ကိုပေးအပ်ထားခြင်းဖြစ်၏။-
Ephe BurCBCM 3:10  ယင်းသို့ လုပ်ဆောင်တော်မူသည့်အကြောင်းရင်းကား ကောင်းကင်အရပ်ရပ်ရှိ အုပ်ချုပ်သူအပေါင်းနှင့် အင်အားတန်ခိုး တို့သည် ဘုရားသခင်၏အမျိုးမျိုးအဖုံဖုံသောဉာဏ်ပညာတော်ကို အသင်းတော်အားဖြင့် သိရှိလာကြမည်ဖြစ်၏။-
Ephe BurCBCM 3:11  ဤသည်ကား ငါတို့၏သခင် ခရစ်တော်ယေဇူး၌ ပြီးပြည့်စုံစေတော်မူ သောကိုယ်တော်၏ထာ၀ရအကြံအစည်တော်အတိုင်း ပင်ဖြစ်သတည်း။-
Ephe BurCBCM 3:12  ငါတို့သည် ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၌ ရဲဝံ့စွာပြောဆိုကြ၍ အထံတော်သို့ ချဉ်းကပ်နိုင်သော အခွင့်ကိုရကြ၏။-
Ephe BurCBCM 3:13  ထို့ကြောင့် သင်တို့အတွက် ငါခံထမ်းရသောဒုက္ခဆင်းရဲများကြောင့် သင်တို့ တုန်လှုပ်ခြင်းမရှိကြလေနှင့်။ ယင်းသည် သင်တို့အတွက် ဂုဏ်ယူစရာအကြောင်းပင်ဖြစ်၏။
Ephe BurCBCM 3:14  ထိုအကြောင်းကြောင့် ငါသည် အဖခမည်းတော်၏ရှေ့တော်တွင် ဒူးထောက်၍ ဆုတောင်းပါ၏။-
Ephe BurCBCM 3:15  ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသောမိသားစုတို့သည် မိမိ တို့၏အမည်များကို ကိုယ်တော့်ထံမှ ခံယူရရှိကြ၏။-
Ephe BurCBCM 3:16  ငါ၏ ဆုတောင်းမေတ္တာတွင် ကိုယ်တော်သည် မိမိ၏ဘုန်းဂုဏ်တော်ကြွယ်၀ပြည့်စုံသည့်အတိုင်း မိမိ၏ဝိညာဉ်တော် အားဖြင့် သင်တို့၏အတွင်းစိတ်၌ ခွန်အားဖြည့်တင်းပေးရန် ကျေးဇူးတော်ကို ပေးသနားတော်မူမည့်အကြောင်း၊-
Ephe BurCBCM 3:17  ထိုမျှမက ခရစ်တော်သည် ယုံကြည်ခြင်းအားဖြင့် သင်တို့၏စိတ်နှလုံးများတွင် ကိန်းဝပ်တော်မူပါမည့်အကြောင်းနှင့် ချစ်ခြင်းမေတ္တာ၌ အမြစ်တွယ်၍ အခြေခိုင်လျက်ရှိကြ သောသင်တို့သည်၊-
Ephe BurCBCM 3:18  သူတော်သူမြတ်အပေါင်းတို့နှင့်အတူ ခရစ်တော်၏ချစ်ခြင်းမေတ္တာမှာ မည်မျှတည်မြဲကြောင်း၊ ကျယ်ဝန်းကြောင်း၊ နက်ရှိုင်းကြောင်း၊ မြင့်မား ကြောင်းစသည်တို့ကို သိရှိနားလည် နိုင်သောစွမ်းအားရရှိ မည့်အကြောင်း ငါဆုတောင်း၏။- ၁၉ ။ထို့အတူ အသိပညာထက် ပိုမိုပြည့်စုံသော ခရစ်တော်၏ချစ်ခြင်းမေတ္တာကို သိရှိနားလည်ခြင်းဖြင့် သင်တို့သည် ဘုရားသခင်နှင့် အကြွင်းမဲ့ပေါင်းစပ်ကြမည့်အကြောင်း ငါဆုတောင်းပါ၏။
Ephe BurCBCM 3:20  ငါတို့၌ တန်ခိုးတော်အားဖြင့် စီမံဆောင်ရွက်ပြီး ငါတို့တောင်းလျှောက်ကြံစည်သမျှတို့ထက် များစွာပိုမို၍ ပြုလုပ်ပေး နိုင်တော်မူသောအရှင်အား၊-
Ephe BurCBCM 3:21  အသင်းတော်၌လည်းကောင်း၊ ခရစ်တော်ယေဇူး၌လည်းကောင်း ကာလအဆက်ဆက် အစဉ်ထာ၀ရ ဘုန်းတော်ဂုဏ်တော် ရှိပါ စေသော်။ အာမင်။
Chapter 4
Ephe BurCBCM 4:1  ထို့ကြောင့် သင်တို့သည် မိမိတို့ခံယူရရှိသောခေါ် တော်မူခြင်းနှင့်ထိုက်တန်သည့်ဘ၀အသက်တာကို လိုက်နာကျင့်ကြံကြမည့် အကြောင်း သခင်ဘုရားအတွက် အကျဉ်းသားဖြစ်သော ငါသည် တိုက်တွန်းနှိုးဆော်လိုက်ပါ၏။-
Ephe BurCBCM 4:2  ထိုသို့ကျင့်ကြံရာတွင် စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်သည်းခံခြင်းနှင့် တစ်ဦးကိုတစ်ဦးချစ်ခြင်းမေတ္တာဖြင့် အနစ်နာခံခြင်းစသည်တို့ကို တတ်အားသရွေ့ ပြုမူကျင့်ကြံကြလျက်၊-
Ephe BurCBCM 4:3  သင်တို့အား ချည်နှောင်ထားသော ငြိမ်းချမ်းသာယာခြင်းအားဖြင့် ဝိညာဉ်တော်၌ ပေါင်းစည်းနေခြင်းကို ထိန်းသိမ်းကြရန် စိတ်အားထက်သန်စွာ ကြိုးစားအားထုတ်ကြလော့။-
Ephe BurCBCM 4:4  သင်တို့သည် သင်တို့၏ခေါ်တော်မူခြင်းနှင့်သက်ဆိုင်သည့် တစ်ခုတည်းသောမျှော်လင့်ခြင်းသို့ ခေါ်တော်မူခြင်းခံကြရသည့် နည်းတူ ကိုယ်ခန္ဓာတစ်ခု၊ ဝိညာဉ်တော်တစ်ပါး၊-
Ephe BurCBCM 4:5  သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဆေးကြောခြင်း တစ်ပါးတည်းသာ ရှိတော်မူ၏။-
Ephe BurCBCM 4:6  ထို့အတူ ငါတို့အားလုံး ၏အဖဖြစ်သော ဘုရားသခင်တစ်ပါးတည်းသာရှိတော်မူ၏။ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကို အုပ်စိုး၍ ၎င်းတို့အားဖြင့် လုပ်ဆောင်ပြီး ၎င်းတို့အလယ်တွင် တည် ရှိတော်မူ၏။
Ephe BurCBCM 4:7  သို့သော် ငါတို့အသီးသီးသည် ခရစ်တော်ခွဲဝေပေး သနားတော်မူသည့်အတိုင်း ကျေးဇူးတော်ကိုခံယူကြရ၏။-
Ephe BurCBCM 4:8  ထို့ကြောင့် ကျမ်းစာတော်မြတ်၌ ဆိုထားသည်ကား ကိုယ်တော်သည် မြင့်သောအရပ်သို့တက်ကြွသောအခါ များစွာသော သုံ့ပန်းတို့ကိုခေါ်ဆောင်သွားပြီးလျှင် လူတို့အား ဆုလက်ဆောင်များကို ပေးတော်မူ၏ဟူ၍ဖြစ်သတည်း။-
Ephe BurCBCM 4:9  ကိုယ်တော်သည် တက်ကြွသောအခါဟုဆိုရာတွင် ကိုယ်တော်သည် ကမ္ဘာမြေကြီး၏အောက်နိမ့်ရာ အရပ်သို့လည်း ဆင်းသွား တော်မူခဲ့သည်ကို ဆိုလိုခြင်း မဟုတ်လော။-
Ephe BurCBCM 4:10  အောက်သို့ဆင်းကြွသောအရှင်သည် ခပ်သိမ်းသောအရာတို့ကို ပြည့်စုံစေခြင်းငှာ ကောင်းကင်အထက်ကို ကျော်လွန်၍ တက်ကြွသောအရှင်လည်း ဖြစ်တော်မူ၏။-
Ephe BurCBCM 4:11  ကိုယ်တော်၏ဆုလက်ဆောင်များသည်ကား အချို့ကို တမန်တော်များအဖြစ်၊ အချို့ကို ပရောဖက်များအဖြစ်၊ အချို့ကို ဧဝံဂေလိတရားတော်ဟောပြော သူများအဖြစ်၊ အချို့ကို သိုးထိန်းအရာ၌လုပ်ဆောင်သူများအဖြစ်၊ အချို့ကို သင်ကြားသူ ဆရာများအဖြစ် ခန့်ထား တော်မူခြင်းပင်ဖြစ်၏။-
Ephe BurCBCM 4:12  ဤသို့ပြုလုပ်ခြင်းမှာ ကိုယ်တော်သည် သူတော်သူမြတ်တို့အား ခရစ်တော်၏ခန္ဓာတော် တည်းဟူသော အသင်းတော်ကို တည်ထောင်သည့်အမှုတော်၌ အတူတကွလုပ်ဆောင်နိုင်ရန် ပြင်ဆင်ပေးခြင်းဖြစ်၏။-
Ephe BurCBCM 4:13  ဤသို့ပြင်ဆင်ပေးရာတွင် ငါတို့အားလုံးသည် ယုံကြည်ခြင်း၌လည်းကောင်း၊ ဘုရားသခင်၏သားတော် အကြောင်းကို သိရှိခြင်း၌လည်းကောင်း တစ်လုံးတစ်၀တည်းရှိကြ၍ ခရစ်တော်၏ပြည့်၀သောပမာဏအတိုင်း ရင့်ကျက်သူများဖြစ်လာသည် အထိ ပြင်ဆင်ပေးခြင်းဖြစ်၏။-
Ephe BurCBCM 4:14  ဤသို့ဖြင့် ငါတို့သည် လူတို့၏ကောက်ကျစ်စဉ်းလဲခြင်းနှင့် ပါးနပ်စွာလှည့်ဖြားခြင်းတို့ကြောင့် အယူဝါဒလမ်းကြောင်း ပြောင်းသောအခါတိုင်း ဖရိုဖရဲလွင့်ပါသွား တတ်သောကလေးသူငယ်များဖြစ်ကြတော့မည်မဟုတ်ပေ။-
Ephe BurCBCM 4:15  ထိုမျှမက ငါတို့သည် ချစ်ခြင်းမေတ္တာ၌ အမှန်တရားကို ဟောပြောကြလျက် ငါတို့၏ဦးခေါင်းဖြစ်သော ခရစ်တော်၌ အရာရာတွင်ကြီးပွားတိုးတက်ကြရမည်ဖြစ်၏။-
Ephe BurCBCM 4:16  ထိုသခင်အားဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် ပေါင်းစည်းထား၍ ကိုယ်အင်္ဂါရှိသမျှတို့သည် ၎င်းတို့တစ်ခုစီလုပ် ဆောင်ရမည့် လုပ်ငန်းအတိုင်း အသီးသီးလုပ်ဆောင်ကြလျက် ကိုယ်ခန္ဓာအား အထောက်အကူပြုကြ၏။ သို့ဖြစ်၍ ကိုယ်ခန္ဓာသည် ချစ်ခြင်း မေတ္တာ၌ တည်ဆောက်ပြီးစီး သည်အထိ ကြီးထွားလာလေ၏။
Ephe BurCBCM 4:17  ထို့ကြောင့် သင်တို့သည် လူမျိုးခြားများပြုမူသကဲ့သို့ အနှစ်သာရကင်းမဲ့သောအကြံအစည်များဖြင့် ဆက်လက်နေထိုင် ခြင်းမပြု ကြရန် သခင်ဘုရား၌ သက်သေပြု၍ သင်တို့ကို ငါပြောလိုပါ၏။-
Ephe BurCBCM 4:18  သူတို့၏အသိတရား၌ အမှောင်ဖုံးလျက်ရှိပြီး စိတ်နှလုံးခိုင်မာခြင်းကြောင့်လည်း သူတို့၌ တတ်သိနားလည်ခြင်းကင်းမဲ့ကြ၍ သူတို့သည် ဘုရားသခင်ပေးသနားတော်မူသော အသက်နှင့်ဝေးကွာလျက်ရှိကြ၏။-
Ephe BurCBCM 4:19  သူတို့၌ အကောင်းအဆိုးကိုပိုင်းခြားနိုင်သောအသိတရားကွယ်ပျောက်သွားသဖြင့် သူတို့သည် မိမိတို့ကိုယ်ကို ထိန်းချုပ်ခြင်း မရှိတော့ဘဲ ညစ်ညမ်းသော ကိလေသာအကျင့်အမျိုးမျိုးနောက်သို့လိုက်ပါသွားကြ၏။-
Ephe BurCBCM 4:20  ခရစ်တော်ထံမှ သင်တို့သင်ယူခဲ့ရသော လမ်းစဉ်မူကား ထိုကဲ့သို့မဟုတ်ပေ။-
Ephe BurCBCM 4:21  ဤသို့ဆိုရာတွင် ယေဇူး၌ တည်သောသမ္မာတရားအကြောင်းကို သင်ယူခဲ့စဉ်က သင်တို့သည် ကိုယ်တော်၏အကြောင်းကို မှန်ကန်စွာ ကြားနာခဲ့ကြသည်ဟုမှတ်ယူ၍ ပြောဆိုခြင်းဖြစ်၏။-
Ephe BurCBCM 4:22  သို့ ဖြစ်၍ လှည့်ဖြားတတ်သောတပ်မက်ခြင်းများကြောင့် ယိုယွင်းပျက်စီးနေပြီး ယခင်ကအပြုအမူအကျင့်အကြံများ နှင့်ဆက်နွယ်နေသည့် သင်တို့၏ဘ၀ဟောင်းကိုစွန့်ခွာ ကြလော့။-
Ephe BurCBCM 4:23  ထို့နောက် သင်တို့၏စိတ်နှလုံးများကို အသစ်ပြုပြင်ကြပြီးလျှင်၊-
Ephe BurCBCM 4:24  ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖြောင့်မတ်ခြင်းနှင့်သန့်ရှင်းဖြူစင်ခြင်းတို့၌ ဖန်ဆင်းခြင်းခံရသော ဘ၀အသစ်ကို ဆင်မြန်းကြလော့။
Ephe BurCBCM 4:25  ထို့ကြောင့် လူတိုင်းသည် မုသားပြောခြင်းကို စွန့် လွှတ်ကြ၍ မိမိနှင့်နီးစပ်သောသူအား မှန်သောစကား ကိုပြောဆိုကြလော့။ အကြောင်းမူကား ငါတို့သည် တစ် ဦးနှင့်တစ်ဦးဆက်နွယ်လျက်ရှိကြသောကြောင့်ဖြစ်၏။-
Ephe BurCBCM 4:26  သင်တို့သည် အမျက်ထွက်ကြလျှင်ပင် အပြစ်မကျူးလွန် မိကြစေနှင့်။ နေမဝင်မီ သင်၏အမျက်ကို ငြိမ်းစေလော့။-
Ephe BurCBCM 4:27  စာတန်နတ်ဆိုးအား အခွင့်အရေးမပေးကြလေနှင့်။-
Ephe BurCBCM 4:28  ခိုးဝှက်တတ်သောသူအား နောက်တစ်ဖန် မခိုးဝှက်စေဘဲ အလုပ်လုပ် ကိုင်စေလော့။ သူသည် ဆင်းရဲချို့တဲ့သောသူတို့ကို ပေးကမ်းကူညီနိုင်စေခြင်းငှာ သူ၏လက်များဖြင့် ရိုးသားသောအလုပ်ကို လုပ်ကိုင်စေလော့။-
Ephe BurCBCM 4:29  သင်တို့၏နှုတ်မှ မကောင်းသောစကားထွက်မလာစေနှင့်။ သင်တို့၏စကားကိုကြားသောသူတို့သည် အကျိုးခံစား ရစေခြင်း ငှာ အခွင့်အခါကြုံလျှင် ကောင်းသောသဘော ကိုဆောင်သည့်စကားကိုပြောဆိုကြလော့။-
Ephe BurCBCM 4:30  ကယ်တင် ခြင်းခံရမည့်နေ့ရက်အတွက် သင်တို့ကို တံဆိပ်ခတ်နှိပ် ပေးတော်မူသော ဘုရားသခင်၏ဝိညာဉ်တော်မြတ်ကို စိတ်ကြေကွဲစေရန် မပြုလုပ်ကြနှင့်။-
Ephe BurCBCM 4:31  သင်တို့သည် ခါးသီး နာကြည်းခြင်း၊ ဒေါသစိတ်မထိန်းနိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်းနှင့် အသေရ ဖျက်ခြင်း စသော မကောင်းမှုအားလုံးတို့ကို ဖယ်ရှားကြပြီးလျှင်၊-
Ephe BurCBCM 4:32  တစ်ဦးကို တစ်ဦးသနားကြင်နာ၍ ညှာတာကြလော့။ ဘုရားသခင်သည် ခရစ်တော်၌ သင်တို့ကိုခွင့်လွှတ်တော် မူသကဲ့သို့ သင်တို့သည်လည်း တစ်ဦးကိုတစ်ဦးခွင့်လွှတ် ကြလော့။
Chapter 5
Ephe BurCBCM 5:1  ထို့ကြောင့် ဘုရားသခင်ချစ်မြတ်နိုးသောသား သမီးများဖြစ်ကြသည့်အတိုင်း ကိုယ်တော့်ကို အတုယူကြလော့။-
Ephe BurCBCM 5:2  ခရစ်တော်သည် ငါတို့ကို ချစ်မြတ်နိုး၍ ငါတို့အတွက် မိမိကိုယ်ကို မွှေးကြိုင်သောပူဇော်သကာ နှင့်ယဇ်ကောင်အဖြစ် ဘုရားသခင်အား ဆက်ကပ်ပူ ဇော်တော်မူသကဲ့သို့ သင်တို့သည်လည်း ချစ်ခြင်းမေတ္တာ ၌ လျှောက်လှမ်းကြလော့။
Ephe BurCBCM 5:3  သင်တို့အကြားတွင် ကာမဂုဏ်လိုက်စားခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်းများနှင့် လောဘကြီးခြင်းတို့ မရှိစေကြနှင့်။ ယင်းတို့သည် သူတော်သူမြတ်တို့နှင့် မအပ်စပ်ပေ။-
Ephe BurCBCM 5:4  ညစ်ညူး၍ မိုက်မဲသောစကားများနှင့် မဖွယ်မရာ ပြက်ရယ်ပြုသောစကားများမှာ ပြောဆိုရန် မသင့်သောကြောင့် သင်တို့ အကြား၌ မပြောသင့်ပေ။ ထိုစကားများ အစားသင်တို့သည် ကျေးဇူးတော်ချီးမွမ်းသောစကားကို သာပြောဆိုကြလော့။-
Ephe BurCBCM 5:5  ကာမဂုဏ်လိုက်စားသောသူ၊ ညစ်ညူးသောသူ၊ ရုပ်တုကိုးကွယ်သောသူဖြစ်၍ လော ဘကြီးသောသူ တစ်ဦးတစ်ယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံတော်တွင် အမွေတော်ကိုခံကြရ လိမ့်မည်မဟုတ်ကြောင်းကို သင်တို့ကောင်းစွာသိကြ၏။-
Ephe BurCBCM 5:6  မည်သူမျှ သင်တို့ကို အဓိပ္ပာယ်မဲ့သောစကားများ ဖြင့် မလှည့်ဖြားစေနှင့်။ အကြောင်းမူကား ဤအကြောင်း အရာများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံခြင်းမရှိသောသူတို့အပေါ်သို့ သက်ရောက်လျက်ရှိ၍ပင်တည်း။-
Ephe BurCBCM 5:7  သို့ဖြစ်၍ သင်တို့သည် ထိုသူတို့နှင့်ပေါင်းဖော်ခြင်းမပြုကြနှင့်။-
Ephe BurCBCM 5:8  အကြောင်းမူကား သင်တို့သည် တစ်ချိန် တစ်ခါက မှောင်မိုက်ခြင်းအတိဖြစ်ခဲ့ကြသော်လည်း ယခုအခါတွင် သခင်ဘုရား၌ အလင်းဖြစ်ကြ၍ အလင်း၏သား သမီးများကဲ့သို့ ကျင့်ကြံနေထိုင်ကြလော့။-
Ephe BurCBCM 5:9  အကြောင်းမူကား အလင်း၏အသီးအပွင့်များကို ကောင်းမြတ်သော အရာများ၊ ဖြောင့်မတ်သောအရာများနှင့် စစ်မှန်သော အရာရှိသမျှတို့၌ တွေ့ရှိရသောကြောင့်ဖြစ်၏။-
Ephe BurCBCM 5:10  သခင်ဘုရားနှစ်သက်တော်မူသောအရာကို ကြိုးစားသင်ယူကြလော့။-
Ephe BurCBCM 5:11  မှောင်မိုက်ထဲတွင်ရှိသောသူတို့၏အကျိုးမဲ့ သောလုပ်ရပ်များတွင် မပါဝင်ကြသည့်အပြင် ထိုအမှုများကို ဖော်ထုတ်ကြ လော့။-
Ephe BurCBCM 5:12  အကြောင်းမူကား ဆိတ်ကွယ်ရာ၌ ထိုသူတို့ပြုမူသောအရာများကို ပြောဆိုခြင်းသည်ပင်လျှင် ရှက်ဖွယ်ကောင်း သောကြောင့်တည်း။-
Ephe BurCBCM 5:13  သို့ရာတွင် မည်သည့်အရာမဆို အလင်းကြောင့် ထွက်ပေါ်လာသောအခါ ၎င်းသည် မြင်သာထင်ရှားလာလေ၏။ အ ကြောင်းမူကား မြင်သာထင်ရှားလာသောအရာသည် အလင်းဖြစ်သောကြောင့်တည်း။-
Ephe BurCBCM 5:14  သို့ဖြစ်၍ ကျမ်းစာ တော်မြတ်၌ ဆိုထားသည်ကား အို အိပ်ပျော်နေသောသူ၊ ထလော့။ သေသူတို့အစုမှ ထမြောက်လော့။ ထိုအခါ ခရစ်တော်သည် သင့်အား အလင်းကိုပေးတော်မူလိမ့် မည်ဟူ၍ဖြစ်သတည်း။
Ephe BurCBCM 5:15  သို့ဖြစ်၍ သင်တို့သည် ပညာမဲ့သူကဲ့သို့မဟုတ်ဘဲ ပညာရှိသူတို့ကဲ့သို့ ကျင့်ကြံအသက်ရှင်နိုင်ရန် သတိပြုကြလော့။-
Ephe BurCBCM 5:16  ဤနေ့ရက်ကာလသည် ဆိုးညစ်သောကာ လဖြစ်သောကြောင့် သင်တို့သည် အချိန်ကို ကောင်းစွာ အသုံးချကြလော့။-
Ephe BurCBCM 5:17  ထို့ကြောင့် မိုက်မဲခြင်းမရှိကြလေနှင့်။ သို့သော် သခင်ဘုရား၏အလိုတော်ကိုသိနားလည်ရန် ကြိုးစားကြလော့။-
Ephe BurCBCM 5:18  စပျစ်ရည်ကိုသောက်၍ မူးယစ်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ဤသို့ပြုခြင်းသည် အပျော်အပါးလွန်ကြူးခြင်းပင်ဖြစ်၏။ သင်တို့သည် ဝိညာဉ်တော်နှင့်ပြည့်၀ကြ၍၊-
Ephe BurCBCM 5:19  ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများဖြင့် တစ်ဦးနှင့်တစ်ဦးပြောဆိုကြလျက် သင်တို့၏စိတ်နှလုံးအတွင်း မှလာသောချီးမွမ်းခြင်းဖြင့် သခင်ဘုရားကို သီဆိုကျူး အေးကြလော့။-
Ephe BurCBCM 5:20  အဖခမည်းတော်အား ခပ်သိမ်းသော အရာတို့အတွက် ငါတို့သခင် ယေဇူးခရစ်တော်၏နာမတော်၌ အစဉ်အမြဲကျေးဇူး တင်ချီးမွမ်းကြလော့။
Ephe BurCBCM 5:21  ခရစ်တော်ကို ရိုသေလေးစားသောအားဖြင့် သင် တို့သည် တစ်ဦးကိုတစ်ဦး နာခံကြလော့။-
Ephe BurCBCM 5:22  ဇနီးမယားတို့၊ သင်တို့သည် သခင်ဘုရားကိုနာခံကြသကဲ့သို့ သင်တို့၏ ခင်ပွန်းတို့ကို နာခံကြလော့။-
Ephe BurCBCM 5:23  အကြောင်းမူကား ခရစ်တော်သည် မိမိ၏ကိုယ်ခန္ဓာတည်းဟူသော အသင်းတော်၏ဦးခေါင်းဖြစ်၍ မိမိကိုယ်တော်တိုင် အသင်းတော် ၏ကယ်တင်ရှင်ဖြစ်တော်မူသကဲ့သို့ ခင်ပွန်းသည်လည်း မိမိဇနီးသည်၏ဦးခေါင်းဖြစ်၏။-
Ephe BurCBCM 5:24  အသင်းတော်သည် ခရစ်တော်ကိုနာခံသကဲ့သို့ ဇနီးသည်တို့သည်လည်း အရာရာ၌ မိမိတို့၏ခင်ပွန်းတို့ကိုနာခံကြပါစေ။-
Ephe BurCBCM 5:25  ခင်ပွန်း သည်တို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူ၍ ၎င်းအတွက် မိမိကိုယ်ကို ဆက်ကပ်ပူဇော်တော်မူသကဲ့ သို့ သင်တို့သည်လည်း သင်တို့၏ဇနီးများကိုချစ်ကြလော့။-
Ephe BurCBCM 5:26  ကိုယ်တော်သည် မိမိကိုယ်ကို ထိုသို့ပူဇော်ခြင်းမှာ အသင်းတော်ကို ရေ၌ဆေးကြောခြင်းအားဖြင့်လည်းကောင်း၊ နှုတ်တော်ထွက်စကားအားဖြင့်လည်းကောင်း စင်ကြယ်စေခြင်းဖြင့် ၎င်းကို သန့်ရှင်းမြင့်မြတ်စေရန်ဖြစ်၏။-
Ephe BurCBCM 5:27  ဤသို့ဖြင့် ကိုယ်တော်သည် အသင်းတော်ကို မိမိ ကိုယ်တော်တိုင်အတွက် သိမ်းပိုက်တော်မူရာတွင် ၎င်းသည် အညစ်အကြေးမရှိ၊ အစွန်းအကွက်မရှိဘဲ သန့်ရှင်း၍ အပြစ်ကင်းစင်လျက် ဂုဏ်ကျက်သရေနှင့်ပြည့်စုံနေ စေရန်ဖြစ်၏။-
Ephe BurCBCM 5:28  ဤနည်းတူ ခင်ပွန်းတို့သည် မိမိတို့၏ခန္ဓာကိုယ်ကိုချစ်သကဲ့သို့ မိမိတို့၏ဇနီးများကိုချစ်ရမည်။ မိမိဇနီးကို ချစ်မြတ်နိုးသောသူသည် မိမိကိုယ်ကိုချစ်မြတ်နိုးသောသူဖြစ်၏။-
Ephe BurCBCM 5:29  မည်သူမျှ မိမိကိုယ်ခန္ဓာကို မုန်းသည် ဟူ၍မရှိချေ။ မမုန်းသည့်အပြင် သူသည် မိမိကိုယ်ခန္ဓာကို ကျွေးမွေးပြုစုသည်မှာ အသင်းတော်အား ခရစ်တော် ကျွေးမွေးပြုစုတော်မူသကဲ့သို့ဖြစ်၏။-
Ephe BurCBCM 5:30  အဘယ်ကြောင့် ဆိုသော် ငါတို့သည် ကိုယ်တော့်ခန္ဓာတော်၏ကိုယ်အင်္ဂါ အစိတ်အပိုင်းများဖြစ်ကြသောကြောင့်တည်း။-
Ephe BurCBCM 5:31  ဤ အကြောင်းကြောင့် ယောက်ျားသည် မိမိ၏မိဘတို့ကို စွန့်ခွာ၍ မိမိ၏ဇနီးနှင့်စုံဖက်သဖြင့် ထိုသူနှစ်ဦးတို့သည် တစ်သား တစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်ဟု ကျမ်းစာ တော်မြတ်တွင်ဖော်ပြထား၏။-
Ephe BurCBCM 5:32  ဤအချက်သည် အလွန် နက်နဲသောအရာဖြစ်၍ ငါသည် ခရစ်တော်နှင့် အသင်းတော်ကို ရည်ညွှန်း၍ ပြောဆိုခြင်းဖြစ်၏။-
Ephe BurCBCM 5:33  အချုပ်ဆိုရလျှင် သင်တို့တစ်ဦးစီသည်လည်း မိမိကိုယ်ကိုချစ်သကဲ့ သို့ မိမိ၏ဇနီးကိုချစ်ကြလော့။ ဇနီးသည်လည်း မိမိ၏ ခင်ပွန်းကို ရိုသေလေးစားလော့။
Chapter 6
Ephe BurCBCM 6:1  သားသမီးတို့၊ သခင်ဘုရား၌ သင်တို့၏မိဘများကို နာခံကြလော့။ အကြောင်းမူကား ဤကဲ့သို့ ပြုမူခြင်းသည် မှန်ကန် သင့်မြတ်သောကြောင့်ဖြစ်၏။-
Ephe BurCBCM 6:2  သင်၏မိဘတို့အား ရိုသေခြင်းကိုပြုလော့။ ဤသည်ကား ကတိတော်နှင့်ယှဉ်သောပထမပညတ်တော်ဖြစ်၏။-
Ephe BurCBCM 6:3  ကတိတော်သည်ကား သင်သည် ကမ္ဘာမြေကြီးပေါ်တွင် ကောင်းစားလျက် အသက်ရှည်လိမ့်မည်ဟူ၍ဖြစ်၏။-
Ephe BurCBCM 6:4  ဖခင်တို့၊ သင်တို့၏သားသမီးများကို အမျက်မထွက်စေ ကြနှင့်။ သို့သော် သူတို့ကို သခင်ဘုရား၏ဆုံးမသွန်သင် ချက်အတိုင်း ပြုစုပျိုးထောင်ကြလော့။
Ephe BurCBCM 6:5  ကျွန်များတို့၊ သင်တို့သည် ခရစ်တော်ကိုနာခံသကဲ့ သို့ သင်တို့၏လောကီသခင်များကို ကြောက်ရွံ့ရိုသေ လျက် စိတ်နှလုံး ဖြောင့်မှန်စွာဖြင့် နာခံကြလော့။-
Ephe BurCBCM 6:6  သင်တို့သည် လူသားတို့ကျေနပ်နှစ်သက်စေရုံသဘောမျိုးဖြင့် သူတို့၏မျက်စိရှေ့တွင်သာ နာခံခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်ကို စိတ်နှလုံးအကြွင်းမဲ့လိုက် နာဆောင်ရွက်ကြသော ခရစ်တော်၏အစေခံများကဲ့သို့ နာခံကြလော့။-
Ephe BurCBCM 6:7  သင်တို့သည် လူတို့အတွက်မဟုတ်ဘဲ ဘုရားသခင်အတွက် စိတ်ကောင်းနှလုံးကောင်းဖြင့် အမှုတော်ကိုထမ်းရွက်သကဲ့သို့ အစေခံကြလော့။-
Ephe BurCBCM 6:8  ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ မိမိပြုသောကောင်းမှုအတွက် သခင်ဘုရားထံတော်မှ ညီမျှသောဆုလာဘ်တော်ကို ရရှိ မည့်အကြောင်း သိထားကြလော့။-
Ephe BurCBCM 6:9  သခင်တို့၊ သင်တို့ ၏ကျွန်များကို အထက်ပါအတိုင်းဆက်ဆံကြလော့။ ခြိမ်းခြောက်ခြင်းမပြု ကြနှင့်။ ထိုသူတို့နှင့် သင်တို့၏ သခင် သည် ကောင်းကင်ဘုံ၌ရှိတော်မူ၍ ထိုသခင်သည် မျက် နှာလိုက်ခြင်းမရှိကြောင်းကို သတိပြုကြလော့။
Ephe BurCBCM 6:10  နောက်ဆုံးအနေနှင့်ကား သခင်ဘုရား၌လည်း ကောင်း၊ ကိုယ်တော်၏တန်ခိုးတော်အရှိန်အဝါ၌လည်းကောင်း တည်ကြည်ခိုင်မာခြင်းရှိကြလော့။-
Ephe BurCBCM 6:11  သင်တို့သည် နတ်ဆိုး၏ပရိယာယ်များကို ခုခံတွန်းလှန်နိုင်ရန် ဘုရားသခင်၏ချပ်ဝတ်တန်ဆာတစ်ခုလုံးကို ဆင်မြန်း ကြလော့။-
Ephe BurCBCM 6:12  အကြောင်းမူကား ငါတို့သည် လူသားရန်သူများကို ရင်ဆိုင်တိုက်ခိုက်နေကြခြင်းမဟုတ်ဘဲ အမှောင်ကမ္ဘာထဲမှ အာဏာပိုင်များ၊ တန်ခိုးဩဇာရှိသူများ၊ အုပ်စိုးသူများ၊ ကောင်းကင်အရပ်မှ ဆိုးယုတ်ခြင်း၏ဝိညာဉ်များ ကို တွန်းလှန်တိုက်ခိုက် နေကြခြင်းဖြစ်၏။-
Ephe BurCBCM 6:13  ထို့ကြောင့် ဘုရားသခင်၏ချပ်ဝတ်တန်ဆာတစ်ခုလုံးကို ဆင်မြန်း ကြလော့။ ဤသို့ဖြင့် သင်တို့သည် မကောင်းမှု၏နေ့ရက် ၌ ကြံ့ကြံ့ခံနိုင်ကြ၍ အရာအားလုံးပြီးစီးသွားသည်အထိ ရပ်တည်နိုင်ကြပေလိမ့်မည်။
Ephe BurCBCM 6:14  ထို့ကြောင့် သမ္မာတရားတည်းဟူသော သင်၏ခါး ပန်းကြိုးကိုစည်း၍ ဖြောင့်မတ်ခြင်းတည်းဟူသော ရင်အုပ် တန်ဆာကို ဝတ်ဆင်ကာ၊-
Ephe BurCBCM 6:15  ငြိမ်းချမ်းသာယာခြင်း၏ သတင်းကောင်းကိုကြေညာရန် စိတ်အားထက်သန်ခြင်း တည်းဟူသောဖိနပ်ကိုစီးလျက် ရပ်နေကြလော့။-
Ephe BurCBCM 6:16  ဤအရာတို့အပြင် ယုံကြည်ခြင်း၏ဒိုင်းလွှားကိုလည်း ကိုင်ဆောင်ကြလော့။ ထိုဒိုင်းလွှားဖြင့် နတ်ဆိုး၏မီးမြားလက် နက်ရှိသမျှတို့ကို သင်တို့ငြှိမ်းသတ်နိုင်ကြလိမ့်မည်။-
Ephe BurCBCM 6:17  ထို့နောက် ကယ်တင်ခြင်းတည်းဟူသောသံခမောက်ကို ဆောင်း၍ ဝိညာဉ်တော်၏ဓားလက်နက်တည်းဟူသော ဘုရားသခင်၏နှုတ်တော်ထွက်စကားကိုလည်း ကိုင်ဆောင်ကြလော့။-
Ephe BurCBCM 6:18  အမျိုးမျိုးသောဆုတောင်းပတ္ထနာများနှင့်အသနားခံတောင်းလျှောက်ခြင်းတို့ဖြင့် ဝိညာဉ်တော်၌ အစဉ်မပြတဆုတောင်း ကြလော့။ သူတော်သူမြတ် အပေါင်းတို့အတွက် အသနားခံဆုတောင်းကြလျက် မဆုတ်မနစ်ကြိုးစား၍ နိုးနိုးကြားကြားရှိ ကြလော့။-
Ephe BurCBCM 6:19  ငါသည်လည်း ဧဝံဂေလိသတင်းကောင်း၏နက်နဲရာကို ဟောပြောရာ၌ နှုတ်ကိုရဲဝံ့စွာဖွင့်၍ သွန်သင်နိုင်သော အခွင့်ကို ရပါမည့်အကြောင်း ငါ့အတွက်လည်း ဆုတောင်း ပေးကြလော့။-
Ephe BurCBCM 6:20  သို့မှသာ ငါသည် ဟောပြောရန် ဝတ္တရားရှိသည့်အတိုင်း ဧဝံဂေလိသတင်းကောင်းကို ရဲဝံ့စွာဟောပြောနိုင်မည်ဖြစ်၏။ ငါသည် ဤသတင်းကောင်းအတွက် ချုပ်နှောင်ခံနေရသောသံတမန်တစ်ဦးဖြစ်၏။
Ephe BurCBCM 6:21  ငါ၌ဖြစ်ပျက်နေသောအကြောင်းအရာနှင့် ငါပြုမူသမျှတို့ကို သင်တို့သိရှိနိုင်ရန် ငါတို့ချစ်သောညီဖြစ်သူ သခင်ဘုရား၏ သစ္စာရှိသော အမှုတော်ဆောင် တိခိကုသည် အလုံးစုံကို သင်တို့အား ပြောပြလိမ့်မည်။-
Ephe BurCBCM 6:22  ငါတို့၌ ဖြစ်ပျက်နေသောအကြောင်းအရာများကို သင်တို့သိစေ ရန်နှင့် သင်တို့၏ စိတ်နှလုံးကို အားပေးနှစ်သိမ့်ရန် ရည် ရွယ်၍ ငါသည် သူ့ကို သင်တို့ထံသို့ စေလွှတ်လိုက်၏။
Ephe BurCBCM 6:23  အဖဘုရားသခင်နှင့် ယေဇူးခရစ်တော်သခင်သည် ငြိမ်းချမ်းသာယာခြင်း၊ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်း တို့ကို ညီအစ်ကိုအပေါင်းတို့အား ပေးသနားတော်မူပါစေ။-
Ephe BurCBCM 6:24  ထာ၀ရတည်သောချစ်ခြင်းမေတ္တာဖြင့် ငါတို့၏ သခင်ယေဇူးခရစ်တော်ကို ချစ်မြတ်နိုးသောသူအပေါင်းတို့၌ ဘုရားသခင်၏ ကျေးဇူးတော်သက်ရောက်ပါစေ သော်။