Site uses cookies to provide basic functionality.

OK
REVELATION OF JOHN
Up
Toggle notes
Chapter 1
Reve BurCBCM 1:1  ဤသည်ကား ယေဇူးခရစ်တော်၏ ဗျာဒိတ်တော်ပေတည်း။ ကိုယ်တော်သည် မိမိ၏အစေခံတို့အား မကြာမီဖြစ်လတ္တံ့သော အရာများကို ပြသနိုင်ရန် ဘုရားသခင်သည် ထိုဗျာဒိတ်တော်ကို ကိုယ်တော်အား ပေးအပ်တော်မူလေ၏။ ကိုယ်တော်သည် မိမိ၏ကောင်းကင်တမန်တော်ကို မိမိ၏အစေခံ ယောဟန်ထံသို့ စေလွှတ်တော်မူခြင်းဖြင့် ထိုဗျာဒိတ်တော်ကို ကြားသိစေခဲ့၏။-
Reve BurCBCM 1:2  ယောဟန်သည်ကား ဘုရားသခင်၏နှုတ်တော်ထွက်စကားနှင့် ယေဇူးခရစ်တော်၏အကြောင်းကို သူ မြင်တွေ့ခဲ့ရသော လူအပေါင်းတို့အား သက်သေခံခဲ့သော သူပင်ဖြစ်၏။
Reve BurCBCM 1:3  ဤဟောထားချက်များကို အများကြားအောင် ဖတ် သောသူသည် မင်္ဂလာရှိ၏။ ဤကျမ်းတွင် ရေးထားသော အရာတို့ကို ကြားနာပြီး ကျင့်ကြံသောသူသည်လည်း မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုဗျာဒိတ်တော်များပြည့်စုံရန် အချိန်သည် နီးကပ်လာ လေပြီ။
Reve BurCBCM 1:4  ငါယောဟန်သည် အာရှပြည်တွင်ရှိသော အသင်းတော်ခုနစ်ပါးထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာ ခြင်းသည် ပစ္စုပ္ပန်၊ အတိတ်နှင့် အနာဂတ်ကာလတို့၌ အစဉ်တည်နေတော်မူသော အရှင်ထံမှ လည်းကောင်း၊ ပလ္လင်တော်ရှေ့၌ ခစားလျက်ရှိသော ကောင်းကင်တမန်တော်ခုနစ်ပါးမှလည်းကောင်း၊-
Reve BurCBCM 1:5  ကမ္ဘာပေါ် ရှိဘုရင်တို့၏ ဘုရင်ဖြစ်ပြီး သေခြင်းမှထမြောက်သော သူတို့တွင် သားဦးဖြစ်၍ သစ္စာရှိသောသက်သေခံ ဖြစ်တော်မူသည့် ယေဇူးခရစ်တော်ထံတော်မှလည်းကောင်း ထွက်ပေါ်လာ၍ သင်တို့အပေါ်သို့ သက်ရောက်ပါစေ။ ငါတို့ကို ချစ်တော်မူ၍ မိမိ၏အသွေးတော်နှင့် ငါတို့ကို အပြစ်များမှ ဖြေလွှတ်ပြီး၊-
Reve BurCBCM 1:6  ငါတို့အတွက် နိုင်ငံတော်တည်ထောင်ကာ မိမိခမည်းတော်ဘုရား၏ အမှုတော်ကိုဆောင်ရွက်ရန် ငါတို့ကို ရဟန်းအမျိုးအနွယ် ဖြစ်စေသော ကိုယ်တော်အား ကာလအဆက်ဆက် ဘုန်းဂုဏ်တော်နှင့် တန်ခိုးအာဏာတော်ရှိပါစေသော်။ အာမင်။
Reve BurCBCM 1:7  ကြည့်လော့၊ ကိုယ်တော်သည် မိုးတိမ်များနှင့်အတူ ကြွလာတော်မူလေပြီ။ ကိုယ်တော့်ကို ထိခိုက်နာကျင်စေသော သူများအပါအဝင် လူတိုင်းသည် ကိုယ်တော့်ကို ဖူးမြင်ကြရလိမ့်မည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သည်လည်း ကိုယ်တော့် အတွက်ကြောင့် ငိုကြွေးကြလိမ့်မည်။ ထိုကဲ့သို့ပင်ဖြစ်ပေလိမ့်မည်။ အာမင်။
Reve BurCBCM 1:8  ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလတို့တွင် အစဉ်တည်နေတော်မူသော အနန္တတန်ခိုးတော်ရှင်ဖြစ်သည့် ထာ၀ရအရှင် ဘုရားသခင်က ငါသည် အာလ်ဖါနှင့် အိုမီဂါဖြစ်သည်ဟု မိန့်တော်မူ၏။
Reve BurCBCM 1:9  ယေဇူးသခင်၌ သင်တို့နှင့်အတူ ဒုက္ခအခက်အခဲကိုလည်းကောင်း၊ နိုင်ငံတော်ကိုလည်းကောင်း၊ စိတ်ရှည်သည်းခံခြင်း ကိုလည်းကောင်း မျှဝေခံစားသော သင်တို့၏ညီအစ်ကို ငါယောဟန်သည် ယေဇူးသခင်ကို သက်သေခံ၍ ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ဟောပြောသောအမှုကြောင့် ပတ္တမော့ကျွန်းတွင်နေခဲ့ရ၏။-
Reve BurCBCM 1:10  ငါသည် သခင်ဘုရား၏နေ့တော်၌ ဝိညာဉ်တော်မြတ်နှင့် ပြည့်၀လျက်ရှိစဉ် ငါ၏နောက်မှ တံပိုးခရာမှုတ်သံကဲ့သို့ ကျယ်သောအသံကို ကြားလိုက်ရ၏။-
Reve BurCBCM 1:11  ထိုအသံက သင်မြင်သမျှကို စာအုပ်တွင်ရေး၍ အသင်းတော်ခုနစ်ခုဖြစ်သော ဧဖက်ဆု၊ စမီနာ၊ ပေဂါမော့၊ သီယတိရ၊ ဆာဒစ်၊ ဖီလာ ဒေးဖိယနှင့် လာအိုဒိစိယတို့ထံသို့ ပေးပို့လော့ဟုဆို၏။
Reve BurCBCM 1:12  ထိုအခါ ငါ့ကိုပြောဆိုနေသောအသံလာရာသို့ ငါလှည့်၍ကြည့်၏။ ထိုသို့လှည့်ကြည့်လိုက်စဉ်တွင် ရွှေမီးခွက်တင်ခုံ ခုနစ်ခုကို ငါမြင်ရ၏။-
Reve BurCBCM 1:13  ထိုမီးခွက်တင်ခုံများအလယ်တွင် အဝတ်ရှည်ကိုဝတ်ဆင်ထားပြီး ရင်ဘတ်တွင် ရွှေစလွယ်သိုင်းထားသော လူသားနှင့် တူသည့်သူ တစ်ဦးရှိလေ၏။-
Reve BurCBCM 1:14  သူ၏ဦးခေါင်းနှင့် ဆံပင်တို့သည် အဖြူရောင်သိုးမွေးကဲ့သို့လည်းကောင်း၊ နှင်းပွင့်ကဲ့သို့လည်းကောင်း ဆွတ်ဆွတ်ဖြူ၍ သူ၏မျက်စိတို့သည် မီးတောက်ကဲ့သို့ဖြစ်၏။-
Reve BurCBCM 1:15  သူ၏ခြေများသည်လည်း မီးပြင်းဖိုတွင် သန့်စင်ထားသောကြေးများကဲ့သို့ တောက်ပပြီး သူ၏အသံသည် ရေများစီးဆင်း နေသော အသံကဲ့သို့ဖြစ်၏။-
Reve BurCBCM 1:16  သူသည် သူ၏လက်ယာလက်၌ ကြယ်ခုနစ်လုံးကိုဆုပ်ကိုင်ထားပြီး သူ၏ခံတွင်းမှထက်သော သန်လျက်ထွက်လာ၏။ သူ၏မျက်နှာသည်ကား အစွမ်းကုန်တောက်ပနေသော နေမင်းကဲ့သို့ဖြစ်၏။
Reve BurCBCM 1:17  ထိုသူ့ကို ငါတွေ့မြင်ရသောအခါ ငါသည် သေဆုံးသကဲ့သို့ သူ၏ခြေရင်း၌လဲကျသွား၏။ သို့သော် သူသည် ငါ့အပေါ်၌ သူ၏လက်ယာလက်ကို တင်ထားလျက် ဆိုသည်မှာ မကြောက်နှင့်၊ ငါသည် အစနှင့်အဆုံးဖြစ်၏။-
Reve BurCBCM 1:18  ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ကြည့်လော့၊ ငါသည် အစဉ်ထာ၀ရ အသက်ရှင်လျက် ရှိလေပြီ။ ငါ့၌ သေခြင်းနှင့် မရဏနိုင်ငံ၏သော့များရှိ၏။-
Reve BurCBCM 1:19  သင်မြင်ရသောအရာများ၊ ပစ္စုပ္ပန်တွင် ဖြစ်ပျက်နေသောအရာများနှင့် နောင်အနာဂတ်တွင် ဖြစ်ပျက်လတ္တံ့သော အကြောင်းအရာများကို ယခုရေးမှတ်လော့။-
Reve BurCBCM 1:20  ငါ၏လက် ယာဘက်တွင် သင်တွေ့မြင်ရသော ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်တင်ခုံခုနစ်ခုတို့၏ နက်နဲသည့်အဓိပ္ပာယ်နှင့် ပတ်သက်၍ဆိုရလျှင် ကြယ်ခုနစ်လုံးမှာ အသင်းတော်ခုနစ်ပါး၏ တမန်တော်များဖြစ်ကြပြီး မီးခွက်တင်ခုံခုနစ်ခုကား အသင်းတော်ခုနစ်ပါးပင်ဖြစ်၏။
Chapter 2
Reve BurCBCM 2:1  ဧဖက်ဆုမြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်း ရေးသားလော့။ ကြယ်ခုနစ်လုံးကို မိမိ၏ လက်ယာလက်တွင်ကိုင်ပြီး ရွှေမီးခွက်တင်ခုံခုနစ်ခုအလယ်၌ လျှောက်လှမ်းသွားသောသူ၏ အမိန့်စကားသည်ကား ဤသို့တည်း။
Reve BurCBCM 2:2  သင်၏လုပ်ဆောင်ချက်များ၊ ကြိုးပမ်းအားထုတ်မှုများနှင့် စိတ်ရှည်သည်းခံခြင်းတို့ကို ငါသိ၏။ ဒုစရိုက်သားများကို သင်လက်မခံသည့်အကြောင်းနှင့် တမန်တော်များမဟုတ်ကြဘဲ မိမိတို့ကိုယ်ကို တမန်တော်ဟုခေါ်ဆိုသော သူတို့ကို စစ်ဆေးပြီး သူတို့၏ဟန်ဆောင်ခြင်းကို သင်ဖော်ထုတ်နိုင်ကြောင်းကိုလည်း ငါသိ၏။-
Reve BurCBCM 2:3  သင်သည် စိတ်ရှည်စွာခံထမ်း၍ ငါ၏နာမတော်အတွက်ကြောင့် ဒုက္ခခံနိုင်စွမ်းရှိပြီး စိတ်အားမလျှော့ကြောင်းကိုလည်း ငါသိ၏။-
Reve BurCBCM 2:4  သို့သော် ငါ၌သင့်အပေါ် အပြစ်တင်စရာရှိ၏။ ၎င်းမှာ သင်သည် သင်၌ ပထမဦးစွာရှိခဲ့သော ချစ်ခြင်းမေတ္တာကို စွန့်လွှတ်ခဲ့ခြင်းပင်ဖြစ်၏။-
Reve BurCBCM 2:5  မည်သည့်အခြေအနေမှ သင်လမ်းလွဲခဲ့သည်ကို ပြန်လည်ဆင်ခြင်လော့။ နောင်တယူ၍ သင်ပထမဦးစွာ ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်ပါလော့။ ထိုသို့မဟုတ်ဘဲ သင်နောင်တမရပါက ငါသည် သင့်ထံသို့လာပြီး သင်၏မီးခွက် တင်ခုံကို နေရာမှဖယ်ရှားမည်။-
Reve BurCBCM 2:6  သို့သော် သင်သည် နီကောလ၏တပည့်တို့ လုပ်ဆောင်သောအရာများကို ငါမုန်းတီးသကဲ့သို့ မုန်းတီးသောကြောင့် သင်၌ ချီးမွမ်းစရာတစ်ခုရှိလေ၏။-
Reve BurCBCM 2:7  နားရှိသောသူသည် ဝိညာဉ်တော်မြတ်က အသင်းတော်တို့အား မိန့်တော်မူသောအရာကို ကြားပါစေ။ အောင်မြင်သောသူအား ဘုရားသခင်၏ပါရာ ဒီဇူးဥယျာဉ်၌ရှိသော အသက်ပင်၏အသီးကိုစားရသော အခွင့်ကို ငါပေးမည်။
Reve BurCBCM 2:8  စမီနာမြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်းရေးသားလော့။ သေခြင်းမှပြန်ရှင်လာသောသူဖြစ်ပြီး အစနှင့်အဆုံးဖြစ်တော်မူသော အရှင်၏အမိန့်စကားသည်ကား ဤသို့တည်း။
Reve BurCBCM 2:9  သင်၏ဒုက္ခအခက်အခဲများနှင့် ဆင်းရဲခြင်းကို ငါသိ၏။ သို့သော် သင်သည် ကြွယ်၀ပါ၏။ ဂျူးလူမျိုးမဟုတ်ဘဲ ဂျူးအမည်ခံသောသူတို့၏ ကဲ့ရဲ့သောအသံကို ငါသိ၏။ သူတို့သည် စာတန်၏တရားဇရပ်ပင်ဖြစ်ကြ၏။-
Reve BurCBCM 2:10  သင်ခံထမ်းရမည့်ဒုက္ခကို မကြောက်နှင့်။ ကြည့်လော့၊ သင်တို့ကို စုံစမ်းခြင်းငှာ နတ်ဆိုးသည် သင်တို့အထဲမှအချို့ကို ထောင်ထဲ၌ ချထားလိမ့်မည်။ သင်တို့သည် ဆယ်ရက်တိုင်တိုင် ဒုက္ခခံကြရလိမ့်မည်။ အသက်စွန့်သည်အထိ သစ္စာရှိပါလော့။ ထိုအခါ ငါသည် သင်တို့အား အသက်သရဖူကိုပေးမည်။-
Reve BurCBCM 2:11  နားရှိသောသူသည် ဝိညာဉ်တော်မြတ်က အသင်းတော်တို့အား မိန့်တော်မူသောအရာကို ကြားပါစေ။ အောင်မြင်သော သူသည် ဒုတိယအကြိမ် သေရသည့်အဖြစ်မှ ကင်းလွတ်လိမ့်မည်။
Reve BurCBCM 2:12  ပေဂါမော့မြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်းရေးသားလော့။ နှစ်ဖက်သွားသံလျက်ကို ပိုင်ဆိုင်ထားသော သူ၏အမိန့်စကားသည်ကား ဤသို့တည်း။
Reve BurCBCM 2:13  သင်မည်သည့်နေရာတွင် နေထိုင်သည်ကို ငါသိ၏။ ထိုနေရာကား စာတန်နတ်ဆိုး၏ ပလ္လင်ရှိသောနေရာဖြစ်၏။ သင်တို့အထဲမှ ငါ့အပေါ်သစ္စာရှိသော ငါ၏သက်သေခံအန္တိပသည် စာတန်နတ်ဆိုး ကျက်စားသောနေရာတွင် အသတ်ခံရသော အချိန်၌ပင် သင်သည် ငါ၏နာမတော်ကို လက်ကိုင်ပြု၍ ငါ့၌ယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ချေ။-
Reve BurCBCM 2:14  သို့သော် ငါ၌သင့်အပေါ် အပြစ်တင်စရာ အနည်းငယ်ရှိ၏။ သင်၏အရပ်ဒေသတွင် ဘာလမ်၏သွန်သင်ချက်ကို လိုက်နာနေသော သူအချို့ရှိ၏။ အစ္စရာအဲလ်လူမျိုးတို့သည် ရုပ်တုများအား ပူဇော်ထားသောအစာကိုစားပြီး မတရားသော မေထုံမှီဝဲခြင်းကို ကျင့်ခြင်းဖြင့် လမ်းမှားသို့ရောက်စေရန် ဘာလမ်က ဘာလမင်းအား သင်ကြားပေးခဲ့၏။-
Reve BurCBCM 2:15  ထိုနည်းတူစွာပင် နီကောလ၏နောက်လိုက်များ စွဲကိုင်သောအယူအဆကို လိုက်နာသော လူအချို့သည်လည်း သင်တို့အလယ်၌ ရှိကြ၏။-
Reve BurCBCM 2:16  သို့ဖြစ်၍ နောင်တရကြလော့။ သို့မဟုတ်လျှင် ငါသည် သင်တို့ထံသို့ အလျင်အမြန်လာ၍ ငါ၏နှုတ်တော်မှ သံလျက်နှင့် စစ်ဆင်မည်။-
Reve BurCBCM 2:17  နားရှိသောသူသည် ဝိညာဉ်တော်မြတ်က အသင်းတော်တို့အား မိန့်တော်မူသောအရာကို ကြားပါစေ။ အောင်မြင်သော သူအား ဝှက်ကွယ်လျက်ရှိသော မန္နာမုန့်ကိုကျွေး၍ ကျောက်တုံးအဖြူတစ်တုံးကို ငါပေးမည်။ ထိုကျောက်တုံးအဖြူပေါ်တွင် နာမည်အသစ်တစ်ခုကို ရေးထားပြီး ကျောက်တုံးကို လက်ခံရရှိသူမှတစ်ပါး မည်သူမျှ ထိုနာမည်ကို သိရှိလိမ့်မည်မဟုတ်။
Reve BurCBCM 2:18  သီယတိရမြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်းရေးသားလော့။ မီးတောက်ကဲ့သို့ စူးရှသော မျက်လုံးများနှင့် ကြေးဝါကဲ့သို့တောက်ပြောင် သည့်ခြေများရှိသော ဘုရားသားတော်၏ အမိန့်စကားသည်ကား ဤသို့တည်း။
Reve BurCBCM 2:19  ငါသည် သင်၏လုပ်ဆောင်ချက်များ၊ သင်၏ချစ်ခြင်းမေတ္တာ၊ ယုံကြည်ခြင်း၊ အမှုတော်ထမ်းဆောင်ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ကိုလည်းကောင်း၊ နောက်ပိုင်းတွင် သင်၏လုပ်ဆောင်ချက်တို့သည် ယခင်က သင်၏ လုပ်ဆောင်ချက် တို့ထက် သာလွန်ကြောင်းကိုလည်းကောင်း ငါသိ၏။-
Reve BurCBCM 2:20  သို့သော် ငါ၌ သင့်အပေါ် အပြစ်တင်စရာရှိ၏။ သင်သည် မိမိကိုယ်ကို ပရောဖက်မဟုခေါ်ဆိုသော ဂျေဇေဘဲလ်ကို လက်ခံထားလေပြီ။ သူမသည် ငါ၏အစေခံတို့ကို မတရားသောမေထုံမှီဝဲရန်နှင့် ရုပ်တုဆင်းတုတို့အား ပူဇော်ထားသော အစာများကိုစားရန် သင်ကြားပေးလျက် သူတို့အား လှည့်ဖြားလေပြီ။-
Reve BurCBCM 2:21  ငါသည် သူမအား နောင်တယူရန် အချိန်ပေးခဲ့၏။ သို့သော် သူမသည် မိမိ၏မကောင်းမှုများအတွက် နောင်တယူရန် ငြင်းဆန်ခဲ့၏။-
Reve BurCBCM 2:22  ကြည့်လော့၊ ငါသည် သူမကိုနာမကျန်းဖြစ်စေပြီး အိပ်ရာပေါ်တွင် လဲစေမည်။ သူမနှင့်ဖောက်ပြန်ကြသော သူအားလုံး သည်လည်း မိမိတို့၏လုပ်ရပ်များအတွက် နောင်တမယူကြလျှင် ငါသည် သူတို့အား ကြီးစွာသော ဒုက္ခနှင့် ကြုံတွေ့စေမည်။-
Reve BurCBCM 2:23  ငါသည် သူမ၏သားသမီးများကို သေကြေပျက်စီးစေမည်။ ငါသည် နှလုံးသားနှင့် စိတ်သဘောထားကို ဆန်းစစ်သော သူဖြစ်ကြောင်း အသင်းတော်အားလုံးက သိကြလိမ့်မည်။ ငါသည် သင်တို့တစ်ဦးစီအား သင်တို့၏လုပ်ရပ်နှင့် ထိုက်တန်သော ဆုကိုပေးမည်။-
Reve BurCBCM 2:24  သို့သော် ဤဒိဋ္ဌိအယူဝါဒကို မလိုက်နာ၊ စာတန်နတ်ဆိုး၏ လျှို့ဝှက်နက်နဲသောအရာများဟူ၍ လူတချို့က ခေါ်ဆိုသော အရာများကိုလည်း မသင်ယူသော သီယတိရမြို့မှ ကျန်ရှိသူအပေါင်းတို့၊ သင်တို့အား ငါဆိုသည်ကား သင်တို့အပေါ်၌ အခြားသောဝန်ထုပ်ကို ငါမတင်။-
Reve BurCBCM 2:25  သင်တို့၌ရှိသောအရာများကိုသာ ငါကြွလာသည့်တိုင်အောင် အခိုင်အမာကိုင်စွဲထားကြလော့။-
Reve BurCBCM 2:26  အောင်မြင်၍ အဆုံးတိုင်အောင် ငါ့စကားကို လိုက်နာသောသူအား တိုင်းနိုင်ငံများအပေါ် အုပ်စိုးရသောအခွင့်ကို ငါပေးမည်။-
Reve BurCBCM 2:27  ငါ၏ခမည်းတော်ထံမှ အာဏာစက်ကို ငါကိုယ်တိုင်ရရှိခဲ့ သည့်အတိုင်းပင် သူ့အားငါပေးမည်။ မြေအိုးသည် တစ်စစီ ရိုက်ခွဲခြင်းခံရသကဲ့သို့ သူသည် ထိုတိုင်းနိုင်ငံတို့ကို သံတုတ်နှင့် အုပ်စိုးလိမ့်မည်။-
Reve BurCBCM 2:28  မိုးသောက်ကြယ်ကိုလည်း သူ့အား ငါပေးမည်။-
Reve BurCBCM 2:29  နားရှိသောသူသည် ဝိညာဉ်တော်မြတ်က အသင်းတော်တို့အား မိန့်တော်မူသောအရာကို ကြားပါစေ။
Chapter 3
Reve BurCBCM 3:1  ဆာဒစ်မြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်းရေးသားလော့။ ဘုရားသခင်၏ ဝိညာဉ်တော်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးကို ကိုင်ဆောင်သောသူ၏ အမိန့်စကားသည်ကား ဤသို့တည်း။ သင်၏ လုပ်ဆောင်ချက်များကို ငါသိ၏။ သင်သည် အသက်ရှင်လျက်ရှိသည်ဟု အမည်တွင်သော်လည်း သေလျက်ရှိ၏။-
Reve BurCBCM 3:2  နိုးကြားပါလော့။ သေလုနီးပါးရှိသော ကျန်ရှိနေသည့်အရာတို့ကို ခွန်အားဖြည့်တင်းပေးပါလော့။ အကြောင်းမူကား သင်၏ လုပ်ဆောင်ချက်များမှာ ဘုရားသခင်၏မျက်မှောက်တော်၌ စုံလင်သည်ဟူ၍ ငါမတွေ့ရပေ။-
Reve BurCBCM 3:3  သို့ဖြစ်၍ သင်လက်ခံရရှိသမျှ၊ ကြားနာခဲ့ရသမျှတို့ကို သတိရပါလော့။ ထိုအရာတို့ကို လိုက်နာ၍ နောင်တယူပါလော့။ သင်သည် နိုးကြားစွာမနေပါလျှင် ငါသည် သူခိုးကဲ့သို့လာမည်ဖြစ်၍ သင့်ထံသို့ ငါလာမည့် အချိန်ကို သင်သိလိမ့်မည်မဟုတ်။-
Reve BurCBCM 3:4  သို့သော် ဆာဒစ်မြို့တွင် မိမိတို့၏ဝတ်ရုံကို မစွန်းမကွက်စေသော လူအချို့၏အမည်များ သင့်၌ရှိသေး၏။ သူတို့သည် ထိုက်တန်သူများဖြစ်သောကြောင့် ဖြူစင်သောဝတ်ရုံဝတ်ဆင်လျက် ငါနှင့်အတူသွားလာကြရလိမ့်မည်။-
Reve BurCBCM 3:5  အောင်မြင်သောသူသည် ဤကဲ့သို့သောဝတ်ရုံဖြူကို ဝတ်ဆင်ကြရလိမ့်မည်။ ငါသည်လည်း သူ၏နာမည်ကို အသက်ရှင်ခြင်း ၏စာအုပ်မှ ပယ်ဖျက်မည်မဟုတ်။ ငါသည် ငါ၏ခမည်းတော်ရှေ့မျက်မှောက်နှင့် ကိုယ်တော်၏ တမန်တော်တို့ရှေ့၌ သူ၏အမည်ကို ဝန်ခံအသိအမှတ်ပြုမည်။-
Reve BurCBCM 3:6  နားရှိသောသူသည် ဝိညာဉ်တော်မြတ်က အသင်းတော်တို့အား မိန့်တော်မူသောအရာကို ကြားပါစေ။
Reve BurCBCM 3:7  ဖီလာဒေးဖိယမြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်းရေးသားလော့။ သန့်ရှင်းမြင့်မြတ်သောသူ၊ ဟုတ်မှန်သောသူ၊ ဒါဝိဒ်မင်း၏သော့ကိုကိုင်၍ သူဖွင့်လျှင် မည်သူမျှမပိတ်နိုင်၊ သူပိတ်လျှင် မည်သူမျှ မဖွင့်နိုင်သော သူ၏အမိန့်စကားသည်ကား ဤသို့တည်း။
Reve BurCBCM 3:8  သင်၏လုပ်ဆောင်ချက်များကို ငါသိ၏။ ကြည့်လော့၊ မည်သူမျှမပိတ်နိုင်သော တံခါးကို သင်၏ရှေ့၌ ငါဖွင့်ထား၏။ သင်၌ တန်ခိုးအာဏာနည်းပါးကြောင်း ငါသိ၏။ သို့သော် သင်သည် ငါ၏စကားကို စောင့်ထိန်း၍ ငါ၏နာမတော်ကို မငြင်းပယ်ခဲ့ပေ။-
Reve BurCBCM 3:9  ကြည့်လော့၊ ဂျူးလူမျိုးမဟုတ်ဘဲ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟု လိမ်ညာပြောဆိုသော စာတန်၏တရားဇရပ်မှ လူတို့ကို သင်၏ခြေရင်း၌ လာရောက်ပျပ်ဝပ်စေမည်။ ငါသည် သင့်ကို ချစ်ခင်ကြောင်း သူတို့အား သိစေမည်။-
Reve BurCBCM 3:10  သင်သည် ငါ၏သည်းခံခြင်းတရားကို လိုက်နာစောင့်ထိန်းသောကြောင့် ကမ္ဘာပေါ်၌ နေထိုင်ကြသောသူများကို စစ်ဆေးရမည့်အချိန် ကာလကျရောက်သောအခါ ငါသည်သင့်ကို ကာကွယ်စောင့်ရှောက်မည်။-
Reve BurCBCM 3:11  ငါသည် မကြာမီရောက်လာမည်။ မည်သူမျှ သင်၏သရဖူကိုမလုယူစေရန် သင်ပိုင်ဆိုင်ထားသောအရာကို စွဲမြဲစွာ ထိန်းသိမ်းပါလော့။-
Reve BurCBCM 3:12  အောင်မြင်သောသူကို ငါသည် ဘုရားသခင်၏ဗိမာန်တော်၌ မဏ္ဍိုင်ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ ဗိမာန်တော်မှ ထွက်ခွာသွားရလိမ့်မည်မဟုတ်။ ငါသည် သူ့အပေါ်၌ ဘုရားသခင်၏ နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင်ရှိရာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဂျေရုဆလင်မြို့သစ်၏ နာမတော်ကိုလည်းကောင်း၊ ငါ၏နာမတော်သစ်ကိုလည်းကောင်း ရေးသားမည်။-
Reve BurCBCM 3:13  နားရှိသောသူသည် ဝိညာဉ်တော်က အသင်းတော်တို့အား မိန့်တော်မူသောအရာကို ကြားပါစေ။
Reve BurCBCM 3:14  လာအိုဒိစိယမြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်းရေးသားလော့။ ဘုရားသခင်၏ ဖန်ဆင်း တော်မူခြင်းတွင် အစမူလဖြစ်လျက် သစ္စာရှိ၍ ဟုတ်မှန်သောသက်သေခံ ဖြစ်တော်မူသည့် အာမင်၏ အမိန့်တော်ကား ဤသို့တည်း။
Reve BurCBCM 3:15  သင်၏လုပ်ဆောင်ချက်များကို ငါသိ၏။ သို့သော် သင်သည် မပူမအေးဖြစ်နေ၏။ သင်သည် အေးလိုလျှင် အေး၍ မအေးလိုလျှင် ပူပါက ကောင်းပေစွ။-
Reve BurCBCM 3:16  သင်သည် မပူမအေး နွေးရုံမျှသာ ရှိသောကြောင့် ငါ၏ခံတွင်းမှ သင့်ကိုငါအန်ထုတ်မည်။-
Reve BurCBCM 3:17  အကြောင်းမူကား သင်က ငါသည် ကြွယ်၀ချမ်းသာ၏၊ ကြီးပွားတိုးတက်၏၊ ငါ၌မည်သည့်အရာကိုမျှ မလိုအပ်ဟု ဆိုလေပြီ။ သို့ရာတွင် သင်သည် စိတ်မချမ်းမြေ့ဖွယ်ကောင်းသူ၊ သနားဖွယ်ကောင်းသူ၊ ဆင်းရဲသူ၊ မျက်စိကန်းသူနှင့် အဝတ်အချည်းစည်းရှိသူ ဖြစ်ကြောင်းကို သင်မသိပါတကား။-
Reve BurCBCM 3:18  သို့ဖြစ်၍ သင့်ကို ငါအကြံပေးမည်။ သင်ချမ်းသာကြွယ်၀စေရန် မီးဖြင့်သန့်စင်ထားသော ရွှေကို ငါ့ထံမှဝယ်ယူလော့။ သင်၏ ရှက်ဖွယ်သော အဝတ်အချည်းစည်းဖြစ်ခြင်းကို လူမမြင်စေရန် ငါ့ထံမှဝတ်ရုံဖြူကို ဝယ်ယူဝတ်ဆင်လော့။ သင်၏မျက်စိ မြင်စေခြင်းငှာ ငါ့ထံမှမျက်စဉ်းဝယ်၍ ခတ်ပါလော့။-
Reve BurCBCM 3:19  ငါသည် ငါချစ်သောသူကို အပြစ်တင်၍ ဆုံးမတတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိပါလော့။ နောင်တယူလော့။-
Reve BurCBCM 3:20  ကြည့်လော့၊ ငါသည် တံခါးရှေ့၌ရပ်၍ ခေါက်လျက်နေ၏။ ငါ့အသံကိုကြားပြီး တံခါးဖွင့်ပေးသောသူထံသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။-
Reve BurCBCM 3:21  ငါကိုယ်တိုင်အောင်မြင်ခဲ့၍ ခမည်းတော်ဘုရားနှင့်အတူ ကိုယ်တော်၏ရာဇပလ္လင်ပေါ်တွင် စံမြန်းသကဲ့သို့ အောင်မြင်သော သူသည်လည်း ငါ၏ရာဇပလ္လင်ပေါ်တွင် ငါနှင့်အတူ စံမြန်းရလိမ့်မည်။-
Reve BurCBCM 3:22  နားရှိသောသူသည် ဝိညာဉ်တော်မြတ်က အသင်းတော်တို့အား မိန့်တော်မူသောအရာကို ကြားပါစေ။
Chapter 4
Reve BurCBCM 4:1  ထို့နောက် ငါကြည့်လိုက်သောအခါ ကောင်းကင်တံခါးပွင့်လျက်ရှိသည်ကို အံ့ဩစွာမြင်ရလေ၏။ ပထမအကြိမ်ငါကြားရသော တံပိုးခရာသံကဲ့သို့ စကားပြောသောအသံက ဆိုသည်မှာ ဤအပေါ်သို့ တက်ခဲ့ပါလော့၊ နောင်ဖြစ်လတ္တံ့သော အရာများကို သင့်အား ငါပြမည်ဟု ဆိုလေ၏။-
Reve BurCBCM 4:2  ငါသည်လည်း ချက်ချင်းပင် ဝိညာဉ်တော်နှင့်ပြည့်၍ ကောင်းကင်ဘုံ၌ရှိသောပလ္လင်နှင့် ပလ္လင်ပေါ်တွင် ထိုင်နေသူကို ငါမြင်ရ၏။-
Reve BurCBCM 4:3  ပလ္လင်ပေါ် တွင်ထိုင်နေသောသူသည် နဂါးသွဲ့ကျောက်နှင့် ပတ္တမြားကျောက် ကဲ့သို့တောက်ပ၏။ ပလ္လင်တော်၏ဝန်းကျင်တွင် မြစိမ်းရောင်ပြေးနေသော သက်တန့်ရှိ၏။-
Reve BurCBCM 4:4  ထိုပလ္လင်၏ပတ်လည်တွင် အခြားပလ္လင်နှစ်ဆယ့်လေးခုရှိပြီး ယင်းပလ္လင်များပေါ်တွင် ဦးခေါင်း၌ ရွှေသရဖူကို ဆောင်းထား လျက် ဝတ်ရုံဖြူကို ဆင်မြန်းထားသော သက်ကြီးဝါကြီး နှစ်ဆယ့်လေးဦးတို့ထိုင်နေကြ၏။-
Reve BurCBCM 4:5  ပလ္လင်တော်ထံမှ လျှပ်စီးများလက်၍ မိုးကြိုးထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ ပလ္လင်တော်၏ရှေ့၌ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မီးရှုးတိုင်ခုနစ်တိုင်သည် တောက်လောင်လျက်ရှိ၏။-
Reve BurCBCM 4:6  ပလ္လင်တော်၏ရှေ့တွင် ကျောက်သလင်းနှင့်တူသည့် ဖန်ပင်လယ်ပမာကဲ့သို့သော ရေပြင်ရှိ၏။ ပလ္လင်တော်၏ လေးဖက်လေးတန်၌မူ ရှေ့ဘက်နှင့်နောက်ဘက်တို့တွင် မျက်စိများနှင့်ပြည့်နေသော သက်ရှိသတ္တဝါလေးဦးရှိ၏။-
Reve BurCBCM 4:7  ပထမသက်ရှိသတ္တဝါမှာ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ဒုတိယသက်ရှိသတ္တဝါမှာ နွားလားကဲ့သို့လည်းကောင်း၊ တတိယ သက်ရှိသတ္တဝါမှာ လူ၏မျက်နှာနှင့်လည်းကောင်း၊ စတုတ္ထသက်ရှိသတ္တဝါမှာ ပျံသန်းနေသောလင်းယုန်ငှက်ကဲ့သို့လည်းကောင်း ဖြစ်ကြ၏။-
Reve BurCBCM 4:8  ထိုသတ္တဝါလေးဦးစလုံးတွင် တောင်ပံခြောက်ခုစီရှိကြပြီး သူတို့၏ကိုယ်ခန္ဓာအနှံ့နှင့် အတွင်းပိုင်းတို့တွင် မျက်စိများနှင့် ပြည့်နှက်လျက်ရှိကြ၏။ သူတို့သည် နေ့ညမပြတ် သီချင်းကျူးအေးကြသည်ကား ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်တို့တွင် ထာ၀ရတည်တော်မူသော အနန္တတန်ခိုးတော်ရှင် ထာ၀ရဘုရားသခင်သည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏ဟူ၍ဖြစ်၏။
Reve BurCBCM 4:9  ထိုသက်ရှိသတ္တဝါလေးဦးတို့သည် ပလ္လင်ပေါ်တွင် စံပယ်တော်မူသည့် ထာ၀ရအဆက်ဆက် အသက်ရှင်တော်မူသော အရှင်အား ဂုဏ်ပြုချီးမွမ်း၍ ကျေးဇူးဆပ်တင်ကြသည့်အခါတိုင်း၊-
Reve BurCBCM 4:10  နှစ်ဆယ့်လေးဦးသောသက် ကြီးဝါကြီးတို့သည် ပလ္လင်တော်ပေါ်တွင် ထိုင်နေတော်မူသော အရှင်၏ရှေ့မှောက်တွင် ပျပ်ဝပ်ကြလျက် ကာလအဆက်ဆက် တည်တော်မူသော ထိုအရှင်အား ဝတ်ပြုကိုးကွယ်ကြကုန်၏။ သူတို့သည် မိမိတို့၏ဗောင်းသရဖူများကို ပလ္လင်တော်ရှေ့၌ ချထားကြလျက် ဆိုကြသည်ကား၊-
Reve BurCBCM 4:11  အကျွန်ုပ်တို့၏ထာ၀ရအရှင် ဘုရားသခင်သည် ဘုန်းဂုဏ်တော်၊ ရိုသေလေးစားခြင်းနှင့် တန်ခိုးအာဏာတော်တို့ကို ခံစားထိုက်ပေ၏။ အကြောင်းမူကား ကိုယ်တော်သည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူ၍ ထိုအရာတို့သည် ကိုယ်တော်၏ အလိုတော်အတိုင်း ဖန်ဆင်းခြင်းခံရ၍ တည်ရှိလာကြပါ၏ဟု သီဆိုချီးမွမ်းကြ၏။
Chapter 5
Reve BurCBCM 5:1  ပလ္လင်တော်ပေါ်တွင် ထိုင်နေသောသူ၏လက်ယာလက်၌ စာလိပ်တစ်လိပ်ရှိသည်ကို ငါမြင်ရ၏။ ထိုစာလိပ်၏ စာမျက်နှာအတွင်းအပြင် နှစ်ဖက်စလုံးတွင် စာရေးထားပြီး ၎င်းကို တံဆိပ်ခုနစ်ခုဖြင့် ခတ်နှိပ်ထား၏။-
Reve BurCBCM 5:2  ခွန်အားကြီးသည့် ကောင်းကင်တမန်တော်တစ်ပါးက မည်သူသည် ချိပ်တံဆိပ်များကိုခွာပြီး စာလိပ်ကိုဖွင့် ထိုက်သနည်းဟူ၍ ကျယ်သောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်ရ၏။-
Reve BurCBCM 5:3  သို့ရာတွင် ကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်၌လည်းကောင်း ဤစာလိပ်ကို ဖွင့်နိုင်သူ၊ သို့မဟုတ် ဖတ်ရှုနိုင်မည့် သူတစ်ဦးတစ်ယောက်မျှမရှိ။-
Reve BurCBCM 5:4  ဤစာလိပ်ကိုဖွင့်နိုင်သူ၊ သို့မဟုတ် ဖတ်ရှုနိုင်သူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရသောကြောင့် ငါသည် ပြင်းထန်စွာ ငိုကြွေးခဲ့ရ၏။-
Reve BurCBCM 5:5  ထိုအခါ သက်ကြီးဝါကြီးတို့အထဲမှတစ်ဦးက မငိုကြွေးနှင့်၊ ဂျုဒအမျိုးအနွယ်ဝင်တို့၏ ခြင်္သေ့တည်းဟူသော ဒါဝိဒ်၏ မျိုးဆက်မှ ဆင်းသက်လာသောသူသည် အောင်ပွဲခံလေပြီ။ သူသည် ဤစာလိပ်နှင့် ၎င်း၏ ချိပ်တံဆိပ်ခုနစ်ခုကို ဖွင့်နိုင်လေပြီဟု ငါ့အားပြောလေ၏။
Reve BurCBCM 5:6  ထို့နောက် ပလ္လင်တော်နှင့် သတ္တဝါလေးဦးတို့၏အကြား၊ သက်ကြီးဝါကြီးတို့အလယ်တွင် ရပ်နေသော သိုးငယ်တော်ကို ငါမြင်ရ၏။ သိုးငယ်တော်သည် ပူဇော်ရန် အသတ်ခံထားရသကဲ့သို့ရှိ၏။ သူ၌ ဦးချိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံးရှိပြီး ယင်းတို့သည်ကား မြေတစ်ပြင်လုံးပေါ်သို့ ဘုရားသခင်စေလွှတ်တော်မူခဲ့သောဝိညာဉ် ခုနစ်ပါးပေတည်း။-
Reve BurCBCM 5:7  သူသည် သွား၍ ပလ္လင်ပေါ်၌ ထိုင်နေသောသူ၏လက်ယာလက်မှ စာလိပ်ကိုယူလိုက်၏။-
Reve BurCBCM 5:8  သူသည် စာလိပ်ကိုယူပြီးသောအခါ အသက်ရှင်သော သတ္တဝါလေးဦးနှင့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးဦးတို့သည် စောင်းကိုယ်စီပိုက်လျက် သူတော်သူမြတ်တို့၏ ဆုတောင်းပတ္ထနာများတည်းဟူသော အမွှေးနံ့သာနှင့် ပြည့်လျက်ရှိသည့် ရွှေဖလားများကိုကိုင်ဆောင်ကာ သိုးငယ်တော်၏ရှေ့တွင်ပျပ်ဝပ်လျက်၊-
Reve BurCBCM 5:9  သီချင်းအသစ်ကို သီဆိုကြသည်ကား ကိုယ်တော်သည် စာလိပ်ကိုယူ၍ ချိပ်တံဆိပ်များကို ဖွင့်လှစ်ရန် ထိုက်တန်သောသူ ဖြစ်တော်မူပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏အသွေးတော်အားဖြင့် အမျိုးအနွယ်အသီးသီး၊ ဘာသာစကားအသီးသီး၊ တိုင်းနိုင်ငံအသီးသီးတို့မှလူများကို ဘုရားသခင်အတွက် ရွေးနုတ်တော်မူခဲ့၏။-
Reve BurCBCM 5:10  ကိုယ်တော်သည် သူတို့ကို အကျွန်ုပ်တို့၏ ဘုရားသခင်အတွက် နိုင်ငံတော်နှင့် ရဟန်းများ ဖြစ်စေတော်မူခဲ့၏။ သူတို့သည်လည်း ကမ္ဘာပေါ်တွင် အုပ်စိုးကြလိမ့်မည် ဟူ၍ဖြစ်သတည်း။
Reve BurCBCM 5:11  ထို့နောက် ငါကြည့်လိုက်သောအခါ ပလ္လင်တော်၊ သတ္တဝါလေးဦးနှင့် သက်ကြီးဝါကြီးတို့ကို ဝန်းရံလျက်ရပ်နေကြသော ကုဋေသင်္ချေမက အတိုင်းမသိများပြားလှသော ကောင်းကင်တမန်တော်တို့၏အသံကို ငါကြားရ၏။-
Reve BurCBCM 5:12  သူတို့သည် ကျယ်သောအသံဖြင့် ကြွေးကြော်ကြသည်ကား အသေသတ်ခြင်းခံရသော သိုးငယ်တော်သည် တန်ခိုးအာနုဘော်၊ စည်းစိမ်ချမ်းသာ၊ ဉာဏ်ပညာ၊ ခွန်အား၊ ချီးမွမ်းဩဘာ၊ ဘုန်းဂုဏ်တော်နှင့် ကောင်းချီးမင်္ဂလာတို့ကို ခံထိုက်တော်မူပါ၏ဟူ၍ဖြစ်၏။-
Reve BurCBCM 5:13  ထို့နောက် ကောင်းကင်နှင့် မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်နှင့် ပင်လယ်အတွင်း၌လည်းကောင်း ရှိကြသော ဖန်ဆင်းခံသတ္တဝါအပေါင်းတို့က ပလ္လင်ပေါ်တွင် စံပယ်တော်မူသောအရှင်နှင့် သိုးငယ်တော်တို့၌ ကောင်းချီးမင်္ဂလာ၊ ချီးမွမ်းဩဘာ၊ ဘုန်းဂုဏ်တော်နှင့် ခွန်အားတန်ခိုးတို့သည် ကာလအဆက်ဆက် တည်ပါစေသော်ဟူ၍ ကြွေးကြော်ကြသည်ကို ငါကြားရ၏။-
Reve BurCBCM 5:14  ထိုအခါ သက်ရှိသတ္တဝါလေးဦးတို့က အာမင်ဟုဆိုကြ၍ သက်ကြီးဝါကြီးတို့သည်လည်း ပျပ်ဝပ်ကြလျက် ရှိခိုးကြကုန်၏။
Chapter 6
Reve BurCBCM 6:1  ဤတွင် သိုးငယ်တော်သည် ချိပ်တံဆိပ်ခုနစ်ခုထဲမှတစ်ခုကို ဖွင့်သည်ကို ငါမြင်ရ၏။ ထိုအခိုက် သက်ရှိသတ္တဝါလေးဦး ထဲတွင် တစ်ဦးက မိုးခြိမ်းသံနှင့် တူသောအသံဖြင့် လာလော့ဟုပြောသည်ကို ငါကြားရ၏။-
Reve BurCBCM 6:2  ထို့နောက် မြင်းဖြူတစ်ကောင်နှင့် လေးမြားကိုင်ဆောင်ထားသော မြင်းစီးသူရဲကို ငါမြင်ရ၏။ ထိုသူသည် သရဖူကိုခံယူပြီး အောင်ပွဲအဆင့်ဆင့်ခံရန် ထွက်ခွာသွားလေ၏။
Reve BurCBCM 6:3  ၊ သိုးငယ်တော်သည် ဒုတိယချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါ ဒုတိယသက်ရှိသတ္တဝါက လာလော့ဟု ဆိုသည်ကို ငါကြားရ၏။-
Reve BurCBCM 6:4  ထိုအခါ နီရဲတောက်ပြောင်သော အခြားမြင်းတစ်ကောင်ထွက်လာ၏။ မြင်းစီးသူရဲသည်ကား လူသားအချင်းချင်း သတ်ဖြတ်ကြရန် ကမ္ဘာမြေပေါ်ရှိ ငြိမ်းချမ်းသာယာခြင်းကို ပယ်ဖျက်ပိုင်ခွင့်ရရှိထား၏။ ကြီးမားသော ဓားတစ်လက်ကိုလည်း သူ့အား ပေးအပ်ထားလေ၏။
Reve BurCBCM 6:5  သိုးငယ်တော်သည် တတိယချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါ တတိယသက်ရှိသတ္တဝါက လာလော့ဟု ဆိုသည်ကို ငါကြားရ၏။ ထိုအခါ မြင်းနက်ကြီးတစ်ကောင်ကို ငါမြင်ရ၏။ မြင်းစီးသူရဲသည်ကား လက်တွင် ချိန်ခွင်ကိုကိုင်ထား၏။-
Reve BurCBCM 6:6  ထို့နောက် သက်ရှိသတ္တဝါလေးဦးတို့အလယ်မှ ထွက်ပေါ်လာသည်ဟု ထင်ရသောအသံကို ငါကြားရ၏။ ယင်းက ဆိုသည်မှာ ဂျုံတစ်စိတ်ကို ဒေနာရီတစ်ပြား၊ ဘာလီဂျုံသုံးစိတ်ကို ဒေနာရီတစ်ပြား ပေးရ၏။ သို့သော် ဆီနှင့်စပျစ်ရည်တို့ကို မဖျက်ဆီးနှင့် ဟူ၍ဖြစ်၏။
Reve BurCBCM 6:7  သိုးငယ်တော်သည် စတုတ္ထချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါ စတုတ္ထသက်ရှိသတ္တဝါက လာလော့ဟု ဆိုသောအသံကို ငါကြားရ၏။-
Reve BurCBCM 6:8  ထို့နောက် အရောင်ဖျော့သော မြင်းတစ်ကောင်ကို ငါမြင်ရ၏။ မြင်းစီးသူရဲမှာ သေခြင်းဟု အမည်တွင်၍ သူ၏နောက်တွင် မရဏနိုင်ငံလိုက်ပါလာ၏။ လူတို့အား ဓားလက်နက်ဖြင့်လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဖြင့်လည်းကောင်း၊ ကပ်ရောဂါဖြင့်လည်းကောင်း၊ မြေပေါ်ရှိသားရဲတိရစ္ဆာန်တို့အားဖြင့်လည်းကောင်း သတ်ဖြတ်စေရန် ကမ္ဘာမြေကြီး၏လေးပုံ တစ်ပုံကို သူတို့၏လက်တွင်းသို့ ပေးအပ်ထားလေ၏။
Reve BurCBCM 6:9  သိုးငယ်တော်သည် ပဉ္စမချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါတွင် ဘုရားသခင်၏ နှုတ်တော်ထွက်စကားအတွက်ကြောင့် လည်းကောင်း၊ ယင်းကို သက်သေခံသောကြောင့်လည်းကောင်း အသတ်ခံရသောသူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်ရ၏။-
Reve BurCBCM 6:10  ထိုသူတို့က အလုံးစုံကိုစိုးပိုင်တော်မူသောသခင်၊ သန့်ရှင်းမြင့်မြတ်၍ မှန်ကန်တော်မူသောအရှင်၊ အကျွန်ုပ်တို့ သွေးမြေ ကျရခြင်းအတွက် ကမ္ဘာပေါ်တွင်နေထိုင်သူတို့အား တရားစီရင်ပြီး ဒဏ်ခတ်ရန် မည်မျှကြာဦးမည်နည်းဟု ကျယ်သောအသံနှင့် ဟစ်အော်ကြ၏။-
Reve BurCBCM 6:11  ထိုအခါ သူတို့သည် ဝတ်ရုံဖြူတစ်ထည်စီရရှိကြပြီးလျှင် သူတို့ကဲ့သို့ အသတ်ခံရမည့် သူတို့၏အဖော်အစေခံများနှင့် သူတို့၏ ညီအစ်ကိုများ စုံလင်စွာရောက်ရှိလာသည့်တိုင်အောင် ခေတ္တစောင့်ငံ့ကြရန် မှာကြားထားခြင်းခံကြရ၏။
Reve BurCBCM 6:12  ထို့နောက် ငါကြည့်၍နေစဉ် သိုးငယ်တော်သည် ဆဋ္ဌမချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါ ငလျင်ပြင်းထန်စွာ လှုပ်လေ၏။ နေသည် လျှော်တေအဝတ်ကဲ့သို့ မည်းညစ်လျက်ရှိပြီး လပြည့်ဝန်းသည်လည်း သွေးကဲ့သို့ နီရဲနေလေ၏။-
Reve BurCBCM 6:13  သဖန်းပင်မှ အသီးစိမ်းများကို လေပြင်းလှုပ်ခါ၍ အသီးများကြွေကျသကဲ့သို့ ကောင်းကင်မှကြယ်တို့သည်လည်း မြေပေါ်သို့ ကြွေကျကြ၏။-
Reve BurCBCM 6:14  ကောင်းကင်သည်လည်း စာလိပ်တစ်လိပ်ကို လိပ်ယူလိုက်သကဲ့သို့ ပျောက်ကွယ်သွားလေ၏။ တောင်တန်းများနှင့် ကျွန်းရှိ သမျှတို့သည် မိမိတို့တည်ရှိရာနေရာမှ ရွေ့လျားသွားကြ၏။
Reve BurCBCM 6:15  ထိုအခါ ကမ္ဘာမြေပေါ်ရှိ ရှင်ဘုရင်များ၊ အုပ်ချုပ်သူလူကြီးများ၊ စစ်သူကြီးများ၊ သူဋ္ဌေးသူကြွယ်များ၊ ခွန်အားကြီး သူများနှင့်အတူ ကျေးကျွန်နှင့် လွတ်လပ်သူရှိသမျှတို့သည် လိုဏ်ဂူများနှင့် တောင်တန်းများပေါ်ရှိ ကျောက်ဆောင်များ အကြားတွင် ပုန်းအောင်းနေကြလျက်၊-
Reve BurCBCM 6:16  တောင်တန်းများနှင့် ကျောက်ဆောင်တို့ထံသို့ ကြွေးကြော်ကြသည်ကား ငါတို့အပေါ်သို့ ပြိုကျကြပါလော့၊ ငါတို့အား ပလ္လင်တော်ပေါ်တွင် စံပယ်တော်မူသောအရှင်၏ မျက်နှာတော်မှလည်းကောင်း၊ သိုးငယ်တော်၏ အမျက်တော်မှလည်းကောင်း ဖုံးကွယ်ပေးကြပါလော့။-
Reve BurCBCM 6:17  အဘယ်ကြောင့်ဆိုသော် ထိုအရှင်တို့၏ အမျက်တော်သင့်သောနေ့ကြီး ကျရောက်လာပြီဖြစ်၍ ယင်းကို မည်သူခံနိုင်မည် နည်းဟူ၍ဖြစ်လေ၏။
Chapter 7
Reve BurCBCM 7:1  ထို့နောက် ကမ္ဘာမြေကြီး၏ ထောင့်လေးထောင့်တွင် ရပ်လျက်ရှိသော ကောင်းကင်တမန်တော်လေးပါးသည် မြေပြင်ပေါ်သို့ လည်းကောင်း၊ ပင်လယ်ပေါ်သို့လည်းကောင်း၊ သစ်ပင်များပေါ်သို့လည်းကောင်း လေမတိုက်ခတ်စေခြင်းငှာ ကမ္ဘာလောက၏ လေစီးကြောင်းလေးခုအား ထိန်းချုပ်ထားသည်ကို ငါမြင်ရ၏။-
Reve BurCBCM 7:2  တစ်ဖန် အသက်ရှင်တော်မူသော ဘုရားသခင်၏တံဆိပ်တော်ကို ကိုင်ဆောင်လာသော ကောင်းကင်တမန်တော်တစ်ပါးသည် နေထွက်ရာအရပ်မှ တက်လာသည်ကို ငါမြင်ရ၏။ သူသည် မြေပြင်နှင့်ပင်လယ်တို့ကို ဖျက်ဆီးခွင့်ရရှိထားသော ကောင်းကင်တမန်တော်လေးပါးအား ကျယ်သောအသံနှင့် ခေါ်လျက်၊-
Reve BurCBCM 7:3  ဆိုသည်ကား ငါတို့ဘုရား သခင်၏အစေခံတို့အား ၎င်းတို့၏နဖူးပေါ်တွင် တံဆိပ်ခတ်နှိပ်ပြီးသည်အထိ မြေပြင်၊ ပင်လယ်နှင့် သစ်ပင်တို့ကို မဖျက်ဆီးနှင့်ဟူ၍ဖြစ်၏။-
Reve BurCBCM 7:4  ထို့နောက် တံဆိပ်ခတ်နှိပ်ပြီးသော သူတို့၏အရေအတွက်ကို ငါကြားရ၏။ အစ္စရာအဲလ်အမျိုးအနွယ် အသီးသီးမှ တံဆိပ်ခတ်နှိပ်ပြီးသော သူတို့၏အရေအတွက်မှာ တစ်သိန်းလေးသောင်းလေး ထောင်ဖြစ်လေ၏။-
Reve BurCBCM 7:5  ၎င်းတို့သည်ကား ဂျုဒအမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ ရူဘင်အမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ ဂတ်အမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊-
Reve BurCBCM 7:6  အာရှဲအမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ နက်ဖတာလီအမျိုးအနွယ်မှတစ်သောင်းနှစ်ထောင်၊ မာနားဆေအမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊-
Reve BurCBCM 7:7  စီမေအွန်အမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ လေဝိအမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ အီဇားခါအမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊-
Reve BurCBCM 7:8  ဇေဘုလွမ်အမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ ဂျိုးဇက်အမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ ဘင်ဂျာမင်အမျိုးအနွယ်မှတစ်သောင်းနှစ်ထောင်တို့ ဖြစ်ကြလေ၏။
Reve BurCBCM 7:9  ထို့နောက် ငါကြည့်လိုက်သောအခါ အဘယ်လူသားမျှ မရေမတွက်နိုင်အောင် များပြားလှသောလူအစု အဝေးကြီးကို မြင်ရ၏။ ထိုသူတို့သည် တိုင်းနိုင်ငံပေါင်းစုံ၊ အမျိုးအနွယ်ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံမှ လူများဖြစ်ကြ၏။ သူတို့သည် ဝတ်ရုံဖြူများကိုဝတ်ဆင်ထားပြီး မိမိတို့လက်များတွင် စွန်ပလွံခက်များ ကိုင်ဆောင်ထားကြလျက် ပလ္လင်တော်နှင့် သိုးငယ်တော်ရှေ့တွင် ရပ်နေကြ၏။-
Reve BurCBCM 7:10  ထို့နောက် သူတို့က ကယ်တင်ခြင်းသည် ပလ္လင်တော်ပေါ်တွင် စံပယ်တော်မူသော အကျွန်ုပ်တို့၏ ဘုရားသခင်နှင့် သိုးငယ်တော်ထံမှ ထွက်ပေါ်လာပေသည်ဟူ၍ ကျယ်သောအသံဖြင့် ကြွေးကြော်ကြလေ၏။-
Reve BurCBCM 7:11  ထိုအခါ ပလ္လင်တော်ကိုလည်းကောင်း၊ သက်ကြီးဝါကြီးများနှင့် သက်ရှိသတ္တဝါလေးဦးတို့ကိုလည်းကောင်း ဝန်းရံလျက် ရပ်နေကြသော ကောင်းကင်တမန်တော်အပေါင်းတို့သည် ပလ္လင်တော်ရှေ့တွင် ပျပ်ဝပ်၍ ဘုရားသခင်အား ရှိခိုးကိုးကွယ်လျက်၊-
Reve BurCBCM 7:12  ဆိုကြသည်မှာ အာမင်၊ အကျွန်ုပ်တို့၏ဘုရားအထံတော်၌ ကောင်းချီးမင်္ဂလာ၊ ဘုန်းဂုဏ်တော်၊ ဉာဏ်ပညာ၊ ကျေးဇူးဆပ်တင်ခြင်း၊ ချီးမွမ်းဩဘာနှင့် တန်ခိုးအာနုဘော်တို့သည် ကာလအဆက်ဆက်ရှိပါစေသော်၊ အာမင်ဟူ၍ဖြစ်သတည်း။
Reve BurCBCM 7:13  ထိုအခါ သက်ကြီးဝါကြီးတို့အထဲမှတစ်ဦးက ဝတ်ရုံဖြူကို ဆင်မြန်းထားသောဤသူတို့ကား မည်သူတို့နည်း၊ သူတို့သည် မည်သည့်အရပ်က လာကြသနည်းဟု ငါ့အားမေးလေ၏။-
Reve BurCBCM 7:14  ငါကလည်း သခင်၊ အရှင်သိပါသည်ဟု ပြန်ဖြေသောအခါ သူက ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခမှ လွတ်မြောက်လာကြသူများဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ဝတ်ရုံများကို သိုးငယ်တော်၏သွေး၌ ဆေးကြော၍ ဖြူစင်စေခဲ့ကြပြီ။-
Reve BurCBCM 7:15  ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့၌ ရောက်ရှိနေကြလျက် ကိုယ်တော်၏ဗိမာန်တော်တွင် နေ့ညမပြတ် ဝတ်ပြုနေကြခြင်းဖြစ်၏။ ပလ္လင်တော်ပေါ်၌ စံပယ်တော်မူသော ကိုယ်တော်သည်လည်း သူတို့ကို မျက်မှောက်တော်၌ စောင့်ရှောက်ထားတော်မူလိမ့်မည်။-
Reve BurCBCM 7:16  သူတို့သည် နောက်တစ်ဖန် ဆာလောင်ခြင်းသော်လည်းကောင်း၊ ရေငတ်ခြင်းသော်လည်းကောင်း ရှိလိမ့်မည်မဟုတ်။ နေရောင်နှင့် နေ၏အပူရှိန်တို့သည်လည်း သူတို့ကို ထိခိုက်လိမ့်မည်မဟုတ်။-
Reve BurCBCM 7:17  အကြောင်းမူကား ပလ္လင်တော်၏ အလယ်၌ရှိသော သိုးငယ်တော်သည် သူတို့၏ သိုးထိန်းဖြစ်တော်မူလိမ့်မည်။ ကိုယ်တော်သည် အသက်ပေးသောရေရှိရာ စမ်းအိုင်သို့ သူတို့ကို ခေါ်ဆောင်သွားလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့၏ မျက်စိထဲမှ မျက်ရည်များကို သုတ်ပေးတော်မူလိမ့်မည်။
Chapter 8
Reve BurCBCM 8:1  သိုးငယ်တော်သည် သတ္တမချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါ ကောင်းကင်၌ နာရီဝက်ခန့် တိတ်ဆိတ်သွားလေ၏။-
Reve BurCBCM 8:2  ထို့နောက် ဘုရားသခင်၏ ရှေ့တော်၌ရပ်နေသော ကောင်းကင်တမန်တော်ခုနစ်ပါးအား တံပိုးခရာခုနစ်ခု ပေးအပ်သည်ကို ငါမြင်ရ၏။-
Reve BurCBCM 8:3  အခြားတမန်တော်တစ်ပါးသည်လည်း ရွှေလော်ဗန်ကိုကိုင်လျက် လာ၍ ယဇ်ပလ္လင်ရှေ့၌ ရပ်လေ၏။ ထို့နောက် သူတော်စင်များ၏ ဆုတောင်းပတ္တနာများနှင့်ပေါင်းစပ်၍ ပလ္လင်တော်ရှေ့တွင်ရှိသော ရွှေယဇ်ပလ္လင်ပေါ်၌ ပူဇော်ရန် များစွာသော လော်ဗန်မှုန့်ကို သူ့အားပေးလေ၏။-
Reve BurCBCM 8:4  ထိုအခါ သူတော်စင်တို့၏ ဆုတောင်းပတ္ထနာများသည်ကောင်း ကင်တမန်တော်၏လက်ထဲရှိ လော်ဗန်အခိုးအငွေ့များ နှင့်အတူ ဘုရားသခင်၏ ရှေ့တော်မှောက်သို့ တက်လေ၏။-
Reve BurCBCM 8:5  ထို့နောက် ကောင်းကင်တမန်တော်သည် လော်ဗန်ခွက်ကိုယူပြီးလျှင် ယဇ်ပလ္လင်မှမီးခဲများဖြင့် ပြည့်စေပြီးမှ ၎င်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။ တစ်ချိန်တည်းတွင်ပင် မိုးထစ်ချုန်း၍ ကျယ်လောင်သောအသံများ ထွက်ပေါ်လာပြီး လျှပ်စီးများလက်ကာ မြေငလျင်လှုပ်လေ၏။
Reve BurCBCM 8:6  ဤတွင် တံပိုးခရာခုနစ်ခုကို ကိုင်ဆောင်ထားသော ကောင်းကင်တမန်တော်ခုနစ်ပါးသည် ထိုတံပိုးခရာတို့ကိုမှုတ်ရန် အသင့်ပြင်ဆင်ကြ၏။
Reve BurCBCM 8:7  ပထမကောင်းကင်တမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သည့်အခါ သွေးနှင့်ရောနေသော မီးနှင့်မိုးသီးတို့သည် မြေပေါ်သို့ကျလာကြပြီး ကမ္ဘာမြေကြီး၏ သုံးပုံတစ်ပုံ၊ သစ်ပင်များ၏ သုံးပုံတစ်ပုံနှင့် စိမ်းလန်းသော မြက်ပင်ရှိသမျှတို့သည် လောင်ကျွမ်းသွားကြလေ၏။
Reve BurCBCM 8:8  ဒုတိယကောင်းကင်တမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သောအခါ မီးတောက်လောင်နေသော ကြီးမားသော တောင်နှင့်တူသည့် အရာဝတ္ထုတစ်ခုသည် ပင်လယ်ထဲသို့ ပစ်ချခြင်းခံရလေ၏။-
Reve BurCBCM 8:9  ထိုအခါ ပင်လယ်၏ သုံးပုံတစ်ပုံသည် သွေးအတိဖြစ်သွားပြီး ပင်လယ်ထဲရှိ သက်ရှိသတ္တဝါတို့၏ သုံးပုံတစ်ပုံတို့သည်လည်း သေကြေ၍ သုံးပုံတစ်ပုံသော သင်္ဘောတို့သည် ပျက်စီးကြကုန်၏။
Reve BurCBCM 8:10  တတိယကောင်းကင်တမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သောအခါ တောက်ပစွာထွန်းလင်းနေသည့် မီးရှူးတိုင်ကဲ့သို့သော ကြယ်ကြီးတစ်လုံးသည် ကောင်းကင်မှကြွေကျပြီး မြစ်များ၏သုံးပုံတစ်ပုံနှင့် စမ်းအိုင်များပေါ်သို့ ကျလေ၏။-
Reve BurCBCM 8:11  ကြယ်ကြီး၏အမည်ကား ခါးသီးခြင်းဟုခေါ်တွင်လေ၏။ ရေ၏သုံးပုံတစ်ပုံသည် ခါးသီးသောရေအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုအခါရေသည် လွန်စွာခါးသောကြောင့် များစွာသောလူတို့သည် သေဆုံးကြကုန်၏။
Reve BurCBCM 8:12  စတုတ္ထကောင်းကင်တမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သောအခါ နေ၏သုံးပုံတစ်ပုံ၊ လ၏သုံးပုံတစ်ပုံနှင့် ကြယ်တို့၏သုံးပုံတစ်ပုံတို့ကို ထိခိုက်ပျက်စီးစေသဖြင့် သုံးပုံတစ်ပုံသော အလင်းရောင်သည်မှောင် မိုက်သွားလေ၏။ နေ့၏ သုံးပုံတစ်ပုံသည် အလင်းပျောက်ကွယ်၍ ည၏သုံးပုံတစ်ပုံသည်လည်း ထိုနည်းတူပင်ဖြစ်လေ၏။
Reve BurCBCM 8:13  ထို့နောက် ငါသည် ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် ပျံသန်းနေသည့် လင်းယုန်တစ်ကောင်၏ ကျယ်လောင်သော အော်ဟစ်သံကို ကြားရ၏။ ထိုအသံက ဆိုသည်ကား ကျန်ရှိနေသော ကောင်းကင်တမန်တော်သုံးပါးတို့ မှုတ်တော့မည့် အခြားသော တံပိုးခရာသံများကို ကြားရလျှင် မြေကြီးသားအပေါင်းတို့၌ ဘေးဒုက္ခရောက်လေပြီ၊ ဘေးဒုက္ခရောက်လေပြီ၊ ဘေးဒုက္ခရောက်လေပြီ ဟူ၍ဖြစ်သတည်း။
Chapter 9
Reve BurCBCM 9:1  ပဉ္စမကောင်းကင်တမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သောအခါ ကြယ်တစ်လုံးသည် ကောင်းကင်မှ မြေပေါ်သို့ ကျလာသည်ကို ငါမြင်ရ၏။ ထိုကောင်းကင်တမန်တော်အား အဆုံးမရှိနက်ရှိုင်းသော တွင်းကြီးထဲသို့ ဝင်သည့် ဥမင်လိုဏ်ခေါင်း ပေါက်၏ သော့ကို ပေးအပ်ထား၏။-
Reve BurCBCM 9:2  သူသည် အဆုံးမရှိနက်ရှိုင်းလှသော တွင်း၏ဥမင်လိုဏ်ခေါင်းပေါက်ကို ဖွင့်လိုက်သောအခါ ထိုလိုဏ်ခေါင်းပေါက်မှ မီးခိုးသည် ကြီးမားသော မီးပြင်းဖို၏မီးခိုးလုံးကြီးကဲ့သို့ ထွက်ပေါ်လာပြီးလျှင် နေနှင့်လေထုတို့သည် ထွက်လာသောထိုမီးခိုးလုံးကြီးဖြင့် မှောင်မည်းသွားလေ၏။-
Reve BurCBCM 9:3  ထို့နောက် ကျိုင်းကောင်တို့သည် ထိုမီးခိုးလုံးကြီးထဲမှထွက်လာ၍ ကမ္ဘာမြေပေါ်သို့ ရောက်လာကြကုန်၏။ ထိုကျိုင်းကောင်များသည် ကမ္ဘာမြေပေါ် ရှိ ကင်းမြီးကောက်များ၏ အင်အားအစွမ်းကို ရရှိထားကြ၏။-
Reve BurCBCM 9:4  ကျိုင်းကောင်များသည် မြက်ပင်များနှင့် အခြားစိမ်းလန်းသော သစ်ပင်ကြီးငယ်တို့ကို အန္တရာယ်ပြုခွင့်မရှိဘဲ နဖူး၌ ဘုရားသခင်၏ ချိပ်တံဆိပ်နှိပ်ထားခြင်းမရှိသော လူတို့ကိုသာ အန္တရာယ်ပြုခွင့်ရှိကြ၏။-
Reve BurCBCM 9:5  ကျိုင်းကောင်များသည် ထိုသူတို့ကို အသေသတ်ခွင့်မရသော်လည်း သူတို့အား ငါးလတိုင်တိုင် ညှဉ်းဆဲခွင့်ရကြလေ၏။ ကျိုင်းကောင်အကိုက်ခံရသော သူတို့သည် ကင်းမြီးကောက်အကိုက်ခံရသကဲ့သို့ နာကျင်သောဝေဒနာကို ပြင်းစွာခံကြရ၏။-
Reve BurCBCM 9:6  ထိုနေ့ရက်တို့၌ လူတို့သည် သေခြင်းကို ခံယူလိုကြသော်လည်း သေကြရလိမ့်မည်မဟုတ်။ သူတို့၌ သေလိုသောဆန္ဒ ရှိကြသော်လည်း သေခြင်းတရားသည် သူတို့ကို တိမ်းရှောင်သွားလိမ့်မည်။
Reve BurCBCM 9:7  ထိုကျိုင်းကောင်များသည် စစ်ပွဲဝင်ရန် ကကြိုးတန်ဆာဆင်ထားသောမြင်းများနှင့် သဏ္ဌာန်တူ၏။ သူတို့၏ခေါင်းပေါ်တွင် ရွှေသရဖူနှင့်တူသော အရာများရှိပြီး သူတို့၏မျက်နှာများသည် လူမျက်နှာနှင့်တူကြ၏။-
Reve BurCBCM 9:8  သူတို့၏ ဆံပင်သည်လည်း အမျိုးသမီးတို့၏ဆံပင်ကဲ့သို့ဖြစ်၍ သူတို့၏သွားများသည် ခြင်္သေ့၏သွားများကဲ့သို့ဖြစ်ကြ၏။-
Reve BurCBCM 9:9  သူတို့၌ သံချပ်ကာအင်္ကျီကဲ့သို့သော အကြေးခွံများရှိကြပြီး သူတို့၏အတောင်ပံများရိုက်ခတ်သံသည် စစ်တလင်းသို့ တစ်ဟုန်ထိုးမောင်းနှင်နေသော မြင်းဆွဲသည့် စစ်ရထားများစွာတို့၏ အသံကဲ့သို့ ဖြစ်ကြ၏။-
Reve BurCBCM 9:10  သူတို့၌ ကင်းမြီးကောက်ကဲ့သို့ အဆိပ်ဆူးရှိသော အမြီးများရှိကြ၏။ လူတို့အား ငါးလတိုင်တိုင် ဒုက္ခပေးနိုင်သော အင်အား အစွမ်းမှာ သူတို့၏အမြီးတွင်ရှိ၏။-
Reve BurCBCM 9:11  အဆုံးမရှိနက်ရှိုင်းလှသောတွင်းကြီး၏ ကောင်းကင်တမန်တော်သည်ကား သူတို့အပေါ် အုပ်စိုးသောဘုရင်ဖြစ်၏။ ဘုရင်၏အမည်မှာ ဟေဗြေဦးဘာသာစကားအားဖြင့် အာဘက်ဒွန်ဟူ၍လည်းကောင်း၊ ဂရိဘာသာစကားအားဖြင့် အာပိုလီ ယမ်ဟူ၍လည်းကောင်း ခေါ်တွင်လေ၏။
Reve BurCBCM 9:12  ပထမဘေးဒုက္ခပြီးဆုံးသွားသော်လည်း နောက်ထပ်ဘေးဒုက္ခနှစ်ခု ကျရောက်ရန် ကျန်ရှိသေး၏။
Reve BurCBCM 9:13  ထို့နောက် ဆဋ္ဌမကောင်းကင်တမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သောအခါ ဘုရားသခင်၏ မျက်မှောက်တော်၌ရှိသော ရွှေယဇ်ပလ္လင်၏ဦးချိုလေးခု ထံမှအသံတစ်သံထွက်ပေါ်လာ၏။-
Reve BurCBCM 9:14  ထိုအသံက တံပိုးခရာရှိသော ဆဋ္ဌမကောင်းကင်တမန်တော်အား ယူဖရေးတီးမြစ်အနီး၌ ချည်နှောင်ထားသော ကောင်းကင်တမန်တော်လေးပါးတို့ကို ဖြေလွှတ်လိုက်ပါလော့ဟု ပြောဆိုသောအသံကို ငါကြားရ၏။-
Reve BurCBCM 9:15  သို့ဖြစ်၍ ကောင်းကင်တမန်တော်လေးပါးတို့သည် ဖြေလွှတ်ခြင်းခံကြရ၏။ ထိုလေးပါးတို့သည် လူသတ္တဝါတို့၏ သုံးပုံတစ်ပုံကို သတ်ဖြတ်ရန်အတွက် ဤနာရီ၊ ဤနေ့၊ ဤလ၊ ဤနှစ်တို့ကို အသင့်စောင့်ဆိုင်းနေကြသူများဖြစ်ကြ၏။-
Reve BurCBCM 9:16  မြင်းစီးသူရဲတို့၏ အရေအတွက်ကား ကုဋေနှစ်ဆယ်ရှိ၏။ သူတို့၏အရေအတွက် ဤမျှရှိကြောင်းကို ငါကြားရခြင်းဖြစ်၏။-
Reve BurCBCM 9:17  ငါ၏ရူပါရုံတွင် မြင်းများကိုလည်းကောင်း၊ မြင်းစီးသူရဲများသည် မီးလျှံရောင်၊ နီလာရောင်နှင့် ကန့်ရောင်ရှိသောသံချပ်ကာ အင်္ကျီများ ဝတ်ဆင်ထားကြသည်ကိုလည်းကောင်း၊ မြင်းတို့၏ဦးခေါင်းများသည် ခြင်္သေ့ဦးခေါင်းများနှင့်တူပြီး ၎င်းတို့၏ခံတွင်းမှ မီးလျှံ၊ မီးခိုးနှင့် ကန့်များထွက်လာသည်ကိုလည်းကောင်း ငါမြင်ရ၏။-
Reve BurCBCM 9:18  မြင်းတို့၏ခံတွင်းမှ ထွက်လာသော မီးလျှံ၊ မီးခိုးနှင့် ကန့်စသည့် ဤကပ်သုံးပါးကြောင့် လူသတ္တဝါတို့၏ သုံးပုံတစ်ပုံသည် သေဆုံးကြကုန်၏။-
Reve BurCBCM 9:19  မြင်းတို့၏အင်အားအစွမ်းသည် ၎င်းတို့၏ခံတွင်းနှင့် အမြီးတို့တွင်ရှိကြ၏။ ၎င်းတို့၏အမြီးတို့သည် မြွေနှင့်တူပြီး ဦးခေါင်းများလည်း ပါရှိကြ၏။ သူတို့သည် ထိုအမြီးများကို အသုံးပြုလျက် လူတို့ကို အန္တရာယ်ပြုကြ၏။
Reve BurCBCM 9:20  ဤကပ်သုံးပါးတွင် မသေဘဲကျန်ရစ်သော လူသားများသည် မိမိတို့၏လက်ဖြင့် ပြုလုပ်ခဲ့သမျှသော အရာတို့အတွက် နောင်တမရကြသည့်အပြင် နတ်ဆိုးများကိုလည်းကောင်း၊ မျက်စိလည်းမမြင်၊ နားလည်းမကြား၊ လှုပ်ရှားနိုင်ခြင်းလည်းမရှိသော ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်နှင့် သစ်သားစသည်တို့ဖြင့် ပြုလုပ်ထားသည့် ရုပ်တုတို့ကိုလည်းကောင်း ကိုးကွယ်လျက်ပင် ရှိကြလေ၏။-
Reve BurCBCM 9:21  ထို့ပြင် လူတို့သည် မိမိတို့ကျူးလွန်ခဲ့သော လူသတ်မှုများ၊ စုန်းကဝေအတတ်များ၊ ကိုယ်ကျင့်တရား ပျက်ပြားမှုများနှင့် ခိုးဝှက်မှုများအတွက်လည်း နောင်တမရကြချေ။
Chapter 10
Reve BurCBCM 10:1  ထို့နောက် ခွန်အားကြီးသော ကောင်းကင်တမန်တော်တစ်ပါးသည် ကောင်းကင်မှ ဆင်းသက်လာသည်ကို ငါမြင်ရ၏။ သူသည် မိုးတိမ်ကိုလွှမ်းခြုံလျက် ဦးခေါင်းပေါ်တွင် သက်တန့်ရှိပြီး သူ၏မျက်နှာမှာ နေမင်းကဲ့သို့လည်းကောင်း၊ သူ၏ခြေတို့မှာမူ မီးရှူးတိုင်များ ကဲ့သို့လည်းကောင်း ဖြစ်လေ၏။-
Reve BurCBCM 10:2  သူ၏လက်ထဲတွင် ဖွင့်ထားသော စာလိပ်ငယ်တစ်ခုရှိ၏။ သူသည် သူ၏ညာခြေကို ပင်လယ်ပေါ်၌လည်းကောင်း၊ သူ၏ဘယ်ခြေကို ကုန်းမြေပေါ်၌လည်းကောင်း ချထားလေ၏။-
Reve BurCBCM 10:3  ထို့နောက် သူသည် ခြင်္သေ့ဟိန်းဟောက်သောအသံကဲ့သို့ ကျယ်သောအသံဖြင့် ဟစ်အော်လိုက်၏။ သူဟစ်အော်လိုက် သောအခါ မိုးထစ်ချုန်းသံခုနစ်ချက် ထွက်ပေါ်လာ၏။-
Reve BurCBCM 10:4  မိုးထစ်ချုန်းသံခုနစ်ချက် ထွက်ပေါ်လာသောအခါ ငါသည် စာရေးရန် ပြင်ဆင်လိုက်၏။ သို့သော် ကောင်းကင်မှ ထွက်ပေါ်လာသောအသံက မိုးထစ်ချုန်းသံခုနစ်ချက်မှ ပြောခဲ့သည့်စကားများကို တံဆိပ်ခတ်၍ထားလော့၊ ၎င်းတို့ကို ရေးမှတ်မထားနှင့် ဟုဆိုသည်ကို ငါကြားရ၏။-
Reve BurCBCM 10:5  ထိုအခါ ပင်လယ်နှင့် မြေပေါ်တွင်ရပ်နေသည်ကို ငါမြင်ခဲ့ရသော ကောင်းကင်တမန်တော်သည် သူ၏လက်ယာလက်ကို ကောင်းကင်သို့မြှောက်ပြီး၊-
Reve BurCBCM 10:6  ကောင်းကင်နှင့် ကောင်းကင်တွင်ရှိသမျှတို့ကိုလည်းကောင်း၊ မြေကြီးနှင့်မြေကြီးပေါ်တွင် ရှိသမျှတို့ကိုလည်းကောင်း၊ ပင်လယ်နှင့်ပင်လယ်ထဲတွင် ရှိသမျှတို့ကိုလည်းကောင်း ဖန်ဆင်းတော်မူသော၊ ကာလအဆက်ဆက် အသက်ရှင်တော်မူသည့် အရှင်အား တိုင်တည်လျက်ဆိုသည်ကား စောင့်စားရသောအချိန်ကာလသည် လွန်လေပြီ၊-
Reve BurCBCM 10:7  သတ္တမကောင်းကင်တမန်တော်၏ တံပိုးခရာမှုတ်သံကို ကြားရသောနေ့ရက်တို့၌ မိမိ၏အစေခံ ပရောဖက်တို့အား ဘုရားသခင် ဗျာဒိတ်ပေးတော်မူခဲ့သည့် နက်နဲရာတို့သည် ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်ဟူ၍ဖြစ်၏။
Reve BurCBCM 10:8  ထိုအခါ ငါကြားခဲ့ရသော ကောင်းကင်မှအသံက ငါ့အား ပင်လယ်နှင့်ကုန်းမြေပေါ်တွင် ရပ်နေသော ကောင်းကင် တမန်တော်၏ လက်ထဲတွင်ရှိသည့် ဖွင့်ထားသော စာလိပ်ကိုသွား၍ ယူလော့ဟု ထပ်မံပြောဆိုလေ၏။-
Reve BurCBCM 10:9  သို့ဖြစ်၍ ငါသည် ထိုကောင်းကင်တမန်တော်ထံသို့သွားပြီးလျှင် စာလိပ်ငယ်ကို ငါ့အားပေးရန် တောင်းဆို၏။ ထိုအခါ သူက စာလိပ်ကိုယူ၍ စားလော့၊ ယင်းသည် သင်၏ဝမ်းတွင်း၌ ခါး၍ခံတွင်း၌မူကား ပျားရည်ကဲ့သို့ချိုလိမ့်မည်ဟုဆို၏။-
Reve BurCBCM 10:10  ငါသည်လည်း ကောင်းကင်တမန်တော်၏လက်မှ စာလိပ်ငယ်ကိုယူ၍ စားလိုက်၏။ ယင်းသည် ငါ၏ခံတွင်း၌ ပျားရည်ကဲ့သို့ချိုသော်လည်း စားပြီးသောအခါတွင်မူကား ငါ၏ဝမ်းတွင်း၌ ခါးတူးလာ၏။-
Reve BurCBCM 10:11  ထိုအခါ သူက သင်သည် များစွာသောလူများ၊ တိုင်းနိုင်ငံများ၊ ဘာသာစကားအသီးသီး ပြောဆိုသောသူများနှင့် ဘုရင်များ အကြောင်းကို ဗျာဒိတ်ပေး၍ တစ်ဖန်ဟောပြောရဦ မည်ဟု ငါ့အား ဆိုလေ၏။
Chapter 11
Reve BurCBCM 11:1  ထို့နောက် သူသည် တောင်ဝှေးနှင့်တူသော တိုင်းတာသည့် ကြိမ်တံတစ်ချောင်းကို ငါ့အားပေး၍ ဆိုသည်မှာ ထလော့၊ သင့်ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကိုတိုင်းတာလော့။ ထိုနေရာ၌ ဝတ်ပြုကိုးကွယ်နေသော သူတို့ကိုလည်း ရေတွက်လော့။-
Reve BurCBCM 11:2  သို့သော် ဗိမာန်တော်အပြင်ဘက်တံတိုင်းကို မတိုင်းတာဘဲ ချန်ထားလော့။ အကြောင်းမူကား ထိုနေရာကို လူမျိုးခြားတို့ အတွက် ပေးထားသောကြောင့်ဖြစ်၏။ သူတို့သည် သန့်ရှင်းသောမြို့တော်ကို လေးဆယ့်နှစ်လပတ်လုံး နင်းချေကြလိမ့်မည်။-
Reve BurCBCM 11:3  ငါသည် လျှော်တေအဝတ်ကိုဝတ်ထားသော ငါ၏သက်သေခံနှစ်ဦးတို့အား ရက်ပေါင်း တစ်ထောင့်နှစ်ရာခြောက်ဆယ် တိုင်တိုင် ဗျာဒိတ်ပေးရန် အခွင့်အာဏာပေးမည်။
Reve BurCBCM 11:4  သူတို့သည်ကား ကမ္ဘာမြေကြီးကို စိုးပိုင်တော်မူသော သခင်ရှေ့၌ရှိသော သံလွင်ပင်နှစ်ပင်နှင့် မီးခွက်တင်ခုံနှစ်ခုံတို့ ဖြစ်ကြ၏။-
Reve BurCBCM 11:5  တစ်စုံတစ်ယောက်သောသူသည် သူတို့ကိုအန္တရာယ်ပြုခဲ့လျှင် သူတို့၏ပါးစပ်မှ မီးထွက်ပြီး သူတို့၏ရန်သူများကို လောင်ကျွမ်းလိမ့်မည်။ သူတို့ကို အန္တရာယ်ပြုသော သူဟူသမျှသည် အသေသတ်ခြင်း ခံရမည်သာဖြစ်၏။-
Reve BurCBCM 11:6  သူတို့သည် သူတို့ဟောပြောနေသည့် နေ့ရက်များအတွင်း မိုးမရွာစေခြင်းငှာ ကောင်းကင်ကို ပိတ်ထားနိုင်သည့် အခွင့်ကိုလည်းကောင်း၊ ရေကိုသွေးဖြစ်စေနိုင်သည့် အခွင့်ကိုလည်းကောင်း၊ သူတို့အလိုရှိသည့်အတိုင်း ကမ္ဘာမြေကြီးကို ကပ်ဘေးမျိုးစုံနှင့် တိုက်ခိုက်နိုင်သည့် အခွင့်ကိုလည်းကောင်း ရရှိထားကြ၏။
Reve BurCBCM 11:7  သူတို့၏သက်သေခံခြင်း ပြီးဆုံးသောအခါ အဆုံးမရှိနက်ရှိုင်းသော တွင်းထဲမှတက်လာသည့် သတ္တဝါကြီးသည် သူတို့ကို တိုက်ခိုက်အောင်မြင်၍ သတ်ဖြတ်လိမ့်မည်။-
Reve BurCBCM 11:8  သူတို့၏အလောင်းများသည် ဆောဒိုမာနှင့် အီဂျစ်ဟုတင်စားခေါ်ဝေါ်သည့် ကြီးမြတ်သောမြို့၏ လမ်းမပေါ်တွင် စွန့်ပစ်ခြင်းခံရလိမ့်မည်။ ထိုမြို့ကား သူတို့၏သခင် လက်ဝါးကပ်တိုင်တင်ခံရသော မြို့ဖြစ်၏။-
Reve BurCBCM 11:9  လူမျိုးအသီးသီး၊ အမျိုးအနွယ်အသီးသီး၊ ဘာသာစကားအသီးသီး၊ တိုင်းနိုင်ငံအသီးသီးတို့မှလူတို့သည် သူတို့၏အလောင်း များကို သုံးရက်ခွဲတိုင်တိုင် ကြည့်ရှုကြပြီးနောက် သူတို့အား သခင်္ျိုင်းဂူတွင် သင်္ဂြိုဟ်ရန် ငြင်းဆန်ကြလိမ့်မည်။-
Reve BurCBCM 11:10  ကမ္ဘာမြေကြီးပေါ်၌ နေထိုင်ကြသော သူတို့သည်လည်း ထိုသူတို့၏သေဆုံးခြင်းအတွက် ဝမ်းမြောက်ကြလျက် လက်ဆောင်များ ဖလှယ်ကြပြီး ပွဲကျင်းပကြလိမ့်မည်။ အကြောင်းမူကား ဤပရောဖက်နှစ်ဦးတို့သည် ကမ္ဘာမြေပေါ်၌ နေထိုင်သော သူတို့အတွက် ဘေးဒုက္ခတစ်ခု ဖြစ်သောကြောင့်တည်း။
Reve BurCBCM 11:11  သို့သော် သုံးရက်ခွဲကြာသောအခါ ဘုရားသခင်ထံမှ အသက်ဝိညာဉ်သည် သူတို့ထဲသို့ဝင်လာသဖြင့် သူတို့သည်ထ၍ မတ်တတ်ရပ်ကြသောအခါ သူတို့အား မြင်သမျှသောသူတို့သည် လွန်စွာကြောက်ရွံ့ တုန်လှုပ်ကြလေ၏။-
Reve BurCBCM 11:12  ထို့နောက် သူတို့သည် ဤအရပ်သို့ တက်လာကြလော့ဟု ကောင်းကင်မှလာသည့် ကျယ်လောင်သော အသံကိုကြားကြရ၏။ ထိုအခါ သူတို့သည် မိမိတို့ရန်သူများ၏ရှေ့တွင်ပင် မိုးတိမ်ကိုစီးလျက် ကောင်းကင်သို့ တက်သွားကြ၏။-
Reve BurCBCM 11:13  ထိုအချိန်နာရီ၌ပင် မြေငလျင်ပြင်းထန်စွာ လှုပ်သောကြောင့် မြို့၏ဆယ်ပုံတစ်ပုံပျက်စီး၍ လူပေါင်းခုနစ်ထောင် သေဆုံးလေ၏။ ကြွင်းကျန်သော သူတို့မူကား ကြောက်လန့်တုန်လှုပ်၍ ကောင်းကင်ဘုံအရှင် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြကုန်၏။
Reve BurCBCM 11:14  ဤသည်ကား ဒုတိယဘေးဒုက္ခပေတည်း။ ကြည့်လော့၊ တတိယဘေးဒုက္ခကျရောက်ပေတော့မည်။
Reve BurCBCM 11:15  ထို့နောက် သတ္တမတမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သောအခါ ကောင်းကင်မှကျယ်သော အသံများ ထွက်ပေါ်လာပြီးလျှင် လောကီနိုင်ငံသည် ငါတို့၏အရှင်သခင်နှင့် ကိုယ်တော်၏ခရစ်တော် ပိုင်ဆိုင်တော်မူသော နိုင်ငံတော်ဖြစ်လေပြီ။ ကိုယ်တော်သည် ကာလအဆက်ဆက် အုပ်စိုးတော်မူလိမ့်မည်ဟု ဆိုလေ၏။-
Reve BurCBCM 11:16  ထိုအခါ ဘုရားသခင်၏ရှေ့တော်၌ မိမိတို့၏ပလ္လင်များပေါ်တွင်ထိုင်နေကြသော သက်ကြီးဝါကြီး နှစ်ဆယ့်လေးဦးတို့သည် ဘုရားသခင်ကို ပျပ်ဝပ်ရှိခိုးကြလျက်၊-
Reve BurCBCM 11:17  ဆိုကြသည်မှာ ပစ္စုပ္ပန်နှင့် အတိတ်ကာလတို့၌ တည်ရှိတော်မူသော အိုအနန္တတန်ခိုးတော်ရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် မိမိ၏ဘုန်းတန်ခိုးတော်ဖြင့်စတင်၍ အုပ်စိုးတော်မူသောကြောင့် အကျွန်ုပ်တို့သည် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းကြပါ၏။-
Reve BurCBCM 11:18  လူမျိုးအပေါင်းတို့သည် အမျက်ထွက်ကြသော်လည်း သေလွန်သောသူတို့ကို တရားစီရင်တော်မူမည့်ကာလနှင့် ကိုယ်တော်၏ အမျက်တော်သည် ကျရောက်လာလေပြီ။ ထိုသို့ကျရောက်လာသည့်အကြောင်းကား ကိုယ်တော်၏အစေခံများ၊ ပရောဖက်များ၊ သူတော်သူမြတ်များ၊ ကိုယ်တော်၏နာမတော်ကို ကြောက်ရွံ့ရိုသေသော သူများအားလုံးတို့ကို အနိမ့်အမြတ် မရွေး ဆုလာဘ်ပေးသနားတော်မူရန်နှင့် ကမ္ဘာမြေကြီးကို ဖျက်ဆီးသောသူတို့အား ဖျက်ဆီးသုတ်သင်ရန်ပင်တည်း ဟူ၍ဖြစ်လေ၏။
Reve BurCBCM 11:19  ထို့နောက် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ဗိမာန်တော်သည် ပွင့်လာ၍ ဗိမာန်တော်အတွင်း၌ ကိုယ်တော်၏ ပဋိညာဉ်သေတ္တာတော်ကို မြင်နိုင်၏။ ထိုအခါ လျှပ်စီးလက်ခြင်း၊ ကျယ်လောင်သော အသံများထွက်ပေါ် ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြေငလျင်လှုပ်ခြင်း၊ ပြင်းထန်သော မိုးသီးမုန်တိုင်းများ ကျခြင်းတို့ ဖြစ်ပေါ်ကြလေ၏။
Chapter 12
Reve BurCBCM 12:1  ထိုအခါ ကောင်းကင်ယံ၌ ကြီးမားသော နိမိတ်လက္ခဏာတစ်ခု ပေါ်ထွန်းလေ၏။ အမျိုးသမီးတစ်ဦးသည် နေကိုဝတ်ဆင်ထားပြီး လကိုခြေဖြင့်နင်းလျက် ဦးခေါင်းပေါ်တွင်လည်း ကြယ်တစ်ဆယ့်နှစ်လုံးပါသည့် သရဖူကို ဆောင်းထားလေ၏။-
Reve BurCBCM 12:2  သူမ၌ ပဋိသန္ဓေရှိပြီး သားဖွားအံ့ဆဲဆဲဖြစ်၍ သူမသည် သားဖွားခြင်းဝေဒနာဖြင့် အော်ဟစ်နေ၏။-
Reve BurCBCM 12:3  ထိုအခါ ကောင်းကင်ယံတွင် အခြားသော နိမိတ်လက္ခဏာတစ်ခု ပေါ်လာပြန်၏။ ထိုအရာသည်ကား နီရဲသောနဂါးကြီးဖြစ်ပြီး ၎င်း၌ ဦးခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်းရှိ၍ သူ၏ဦးခေါင်းများပေါ်တွင် သရဖူခုနစ်ခုကိုဆောင်းထား၏။-
Reve BurCBCM 12:4  သူ၏အမြီးသည် ကောင်းကင်မှကြယ်သုံးပုံတစ်ပုံကို ဆွဲယူပြီးလျှင် ကမ္ဘာမြေပေါ်သို့ ပစ်ချလိုက်လေ၏။ ထို့နောက် နဂါးကြီးသည် သားဖွားအံ့ဆဲဆဲဖြစ်သော အမျိုးသမီးရှေ့တွင်ရပ်လျက် သူမထံမှ ဖွားမြင်လတ္တံ့သော သားငယ်ကို ဝါးမျိုရန် စောင့်နေလေ၏။-
Reve BurCBCM 12:5  ထိုအခါ သူမသည် လူမျိုးအပေါင်းတို့အား သံတောင်ဝှေးဖြင့် အုပ်စိုးမည့်သားယောက်ျားကို ဖွားမြင်လေ၏။ သူမ၏သားငယ်သည် ဘုရားသခင်နှင့် သူ၏ပလ္လင်တော်ထံသို့ ယူဆောင်သွားခြင်းခံရပြီး၊-
Reve BurCBCM 12:6  ထိုအမျိုးသမီးသည်လည်း သူမအတွက် ဘုရားသခင်ပြင်ဆင်ထားတော်မူရာအရပ်ဖြစ်သော တောကန္တာရသို့ ထွက်ပြေးသွား လေ၏။ သူမသည် ထိုအရပ်၌ ရက်ပေါင်းတစ်ထောင့်နှစ်ရာ့ခြောက်ဆယ်တိုင်တိုင် ကျွေးမွေးပြုစုခြင်း ခံရမည်ဖြစ်၏။
Reve BurCBCM 12:7  ဤတွင် ကောင်းကင်၌ စစ်ကြီးဖြစ်လေရာ မီကာအဲလ်နှင့် သူ၏ကောင်းကင်တမန်တော်များသည် နဂါးကြီးကို တိုက်ခိုက်ကြ၏။ နဂါးကြီးနှင့် သူ၏တမန်များကလည်း ပြန်လည်တိုက်ခိုက်ကြလေ၏။-
Reve BurCBCM 12:8  သို့ရာတွင် သူတို့သည် စစ်ရှုံးသောကြောင့် ကောင်းကင်ဘုံ၌ သူတို့အတွက် နေရာမရှိတော့ပေ။-
Reve BurCBCM 12:9  ထိုအခါ ကမ္ဘာတစ်ခုလုံးကို လှည့်စားပြီး စာတန်နတ်ဆိုးဟုခေါ်တွင်သော ရှေးမြွေနဂါးဖြစ်သည့် နဂါးကြီးသည် မိမိ၏ တမန်များနှင့်အတူ မြေပေါ်သို့ပစ်ချခြင်းကို ခံရလေ၏။-
Reve BurCBCM 12:10  ထို့နောက် ကောင်းကင်မှကျယ်သောအသံကို ငါကြားရ၍ ၎င်းကဆိုသည်ကား ကယ်တင်တော်မူခြင်း၊ ဘုန်းတန်ခိုးတော်၊ ငါတို့ဘုရားသခင်၏ နိုင်ငံတော်နှင့်အတူ ကိုယ်တော့်ခရစ်တော်၏ အာဏာတော်သည် ယခုရောက်ရှိလာလေပြီ။ အကြောင်း မူကား ငါတို့၏ညီအစ်ကိုများကို နေ့ညမပြတ် ဘုရားသခင်၏ရှေ့တော်၌ စွပ်စွဲသောသူသည် ပစ်ချခြင်းခံရလေပြီ။-
Reve BurCBCM 12:11  ညီအစ်ကိုတို့သည် သိုးငယ်တော်၏ အသွေးတော်နှင့် မိမိတို့သက်သေခံသော နှုတ်တော်ထွက်စကားအားဖြင့် စာတန်နတ်ဆိုးကို အောင်နိုင်ခဲ့ကြပြီ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အသက်စွန့်ရသည့်တိုင်အောင် မိမိတို့၏ အသက်များကို မနှမြောကြချေ။-
Reve BurCBCM 12:12  သို့ဖြစ်၍ ကောင်းကင်နှင့် ကောင်းကင်၌ရှိသော သူအပေါင်းတို့၊ ဝမ်းမြောက်ကြပါလော့။ မြေကြီးနှင့်ပင်လယ်ပြင်တို့၊ သင်တို့မူကား အမင်္ဂလာရှိ၏။ နတ်ဆိုးသည် ကြီးစွာသော အမျက်ဒေါသနှင့် သင်တို့ထံသို့ ဆင်းလာလေပြီ။ အကြောင်းမူကား သူ၏အချိန်သည် တိုတောင်းလှသည်ကို သူသိ၏ ဟူ၍ဖြစ်သတည်း။
Reve BurCBCM 12:13  နဂါးကြီးသည် မိမိအား ကမ္ဘာမြေပြင်ပေါ်သို့ ပစ်ချကြောင်းကို သိမြင်သောအခါ သားယောက်ျားကို ဖွားမြင်သော အမျိုးသမီးအား လိုက်ရှာလေ၏။-
Reve BurCBCM 12:14  သို့သော် ထိုအမျိုးသမီးသည် နဂါးကြီးထံမှ တောကန္တာရသို့ ပျံသန်းထွက်ပြေးနိုင်ရန်အလို့ငှာ ကြီးမားသော လင်းယုန်ငှက် ၏ အတောင်နှစ်ခုကို ပေးအပ်ခြင်းခံရ၏။ ထိုအရပ်တွင် သူမသည် ကာလတစ်ခု၊ ကာလနှစ်ခုနှင့် ကာလဝက်တိုင်အောင် ကျွေးမွေးပြုစုခြင်းခံရမည်ဖြစ်၏။-
Reve BurCBCM 12:15  နဂါးကြီးသည် ထိုအမျိုးသမီးကို ရေစီးဖြင့်မျောပါသွားစေခြင်းငှာ မိမိ၏ခံတွင်းမှ မြစ်ရေကဲ့သို့သောရေထုကြီးကို သူမရှိရာသို့ မှုတ်ထုတ်လိုက်၏။-
Reve BurCBCM 12:16  သို့သော် ကမ္ဘာမြေကြီးသည် မိမိ၏ခံတွင်းကို ဖွင့်ဟ၍ နဂါးကြီး၏ခံတွင်းမှ မှုတ်ထုတ်လိုက်သော မြစ်ရေကို မျိုချခြင်း အားဖြင့် သူမကို ကူညီလေ၏။-
Reve BurCBCM 12:17  ထိုအခါ နဂါးကြီးသည် အမျိုးသမီးအပေါ် အမျက်ထွက်၍ သူမထံမှဆင်းသက်သည့် ကျန်ရှိနေသော အမျိုးအနွယ်ကို လည်းကောင်း၊ ဘုရားသခင်၏ ပညတ်တော်များကို လိုက်နာသော သူတို့အားလည်းကောင်း၊ ယေဇူးကို သက်သေခံသော သူတို့အားလည်းကောင်း တိုက်ခိုက်ရန် ထွက်ခွာသွားလေ၏။
Reve BurCBCM 12:18  ထို့နောက် နဂါးကြီးသည် ပင်လယ်ကမ်းခြေရှိသဲ သောင်ပြင်ပေါ်တွင် မတ်တတ်ရပ်နေလေ၏။
Chapter 13
Reve BurCBCM 13:1  ထိုအခါ ငါသည် ဦးချိုဆယ်ချောင်းနှင့် ဦးခေါင်းခုနစ်လုံးပါရှိသော သတ္တဝါကြီးတစ်ကောင် ပင်လယ်ထဲမှ တက်လာသည်ကို မြင်ရ၏။ ၎င်း၏ဦးချိုများပေါ်တွင် သရဖူဆယ်ခုကိုဆောင်းထားပြီး ၎င်း၏ဦးခေါင်းများပေါ်တွင် ဘုရားသခင်ကို ထိခိုက်စော်ကားသော အမည်နာမပါရှိ၏။-
Reve BurCBCM 13:2  ငါမြင်ရသောသတ္တဝါကြီးသည် ကျားသစ်နှင့်တူ၏။ ၎င်း၏ခြေများကား ဝက်ဝံခြေများနှင့်တူ၍ ၎င်း၏နှုတ်မှာ ခြင်္သေ့၏နှုတ်နှင့် တူ၏။ နဂါးကြီးသည် ထိုသတ္တဝါကြီးအား မိမိ၏ခွန်အားတန်ခိုး၊ မိမိ၏ပလ္လင်နှင့် ဩဇာအာဏာတို့ကို ပေးအပ်လေ၏။-
Reve BurCBCM 13:3  သတ္တဝါကြီး၏ဦးခေါင်းများအနက်မှ တစ်လုံးတွင် သေနိုင်လောက်သော ဒဏ်ရာတစ်ခုရှိဟန်တူ၏။ သို့သော် ထိုသေလောက်သော ဒဏ်ရာသည် ပျောက်ကင်းသွားသဖြင့် တစ်ကမ္ဘာလုံးသည် အံ့ဩစွာဖြင့် သတ္တဝါကြီးနောက်သို့ လိုက်ကြလေ၏။-
Reve BurCBCM 13:4  နဂါးကြီးသည် သတ္တဝါကြီးအား မိမိ၏ဩဇာအာဏာကို ပေးခဲ့သည့်အတွက် လူတို့သည် နဂါးကြီးအား ကိုးကွယ်ကြလေ၏။ ထို့နောက် သူတို့သည် သတ္တဝါကြီးကိုလည်း ရှိခိုးကိုးကွယ်ကြလျက် မည်သူသည် သတ္တဝါကြီးကို တုနိုင်သနည်း။ သူ့ကို မည်သူယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်နည်းဟု ဆိုကြလေ၏။
Reve BurCBCM 13:5  သတ္တဝါကြီးသည် ဘုရားသခင်အား ထိခိုက်စော်ကားသော မောက်မာသည့်စကားများကို ရေရွတ်ပြောဆိုနိုင်သည့်နှုတ်ကို ရရှိထားပြီး လေးဆယ့်နှစ်လပတ်လုံး ဩဇာအာဏာသုံးရန် အခွင့်ရထားလေ၏။-
Reve BurCBCM 13:6  ၎င်းသည် မိမိ၏နှုတ်ကိုဖွင့်၍ ဘုရားသခင်အား ထိခိုက်စော်ကားသော စကားများကိုပြောဆိုပြီး ကိုယ်တော်၏နာမတော်၊ ကိုယ်တော်စံပယ်ရာဌာနနှင့် ကောင်းကင်ဘုံတွင် နေထိုင်သောသူတို့အား စော်ကားပြောဆိုကာ၊-
Reve BurCBCM 13:7  သူတော်သူမြတ်တို့ကိုလည်း တိုက်ခိုက်နှိမ်နင်းနိုင်ခွင့်ကို ရရှိထားလေ၏။ ထို့အတူ တိုင်းနိုင်ငံအသီးသီးတွင် ဘာသာစကား အမျိုးမျိုးကိုပြောဆိုကြသော လူမျိုးနွယ်အပေါင်းတို့ကို အုပ်ချုပ်ရန်အာဏာကိုလည်း ၎င်းအား ပေးအပ်ထားလေ၏။-
Reve BurCBCM 13:8  သတ်ဖြတ်ပူဇော်ခြင်းခံရသော သိုးငယ်တော်၏ အသက်မှတ်တမ်းစာအုပ်တွင် ကမ္ဘာမတည်မီကပင် အမည်စာရင်း မဝင်ထားသော ကမ္ဘာသူကမ္ဘာသားအားလုံးတို့သည် သတ္တဝါကြီးကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။
Reve BurCBCM 13:9  နားရှိသောသူသည် ကြားပါစေ။-
Reve BurCBCM 13:10  ဖမ်းဆီးချုပ်နှောင်ခြင်း ခံရမည့်သူမှန်သမျှသည် အကျဉ်းထောင်သို့ သွားရမည်သာဖြစ်၏။ ဓားကိုစွဲကိုင်၍ သုတ်သင်သတ်ဖြတ်သူ မှန်သမျှသည် ဓားဖြင့်သတ်ဖြတ်ခြင်း ခံရမည်သာဖြစ်၏။ ဤသည်ကား တည်ကြည်ခိုင်မာခြင်းရှိရန်နှင့် ယုံကြည်ခြင်းရှိရန် သူတော်သူမြတ်တို့ကို နှိုးဆော်ခြင်းပင်ဖြစ်၏။
Reve BurCBCM 13:11  ထို့နောက် ငါသည် မြေကြီးထဲမှထွက်လာသော ဒုတိယသတ္တဝါကြီးတစ်ကောင်ကို မြင်ရ၏။ ၎င်း၌ သိုးငယ်ကဲ့သို့ပင် ဦးချိုနှစ်ချောင်းရှိပြီး ၎င်းသည် နဂါးကဲ့သို့ စကားပြောဆို၏။-
Reve BurCBCM 13:12  ၎င်းသည် ပထမသတ္တဝါကြီး၏ ဩဇာအာဏာအလုံးစုံကို ထိုသတ္တဝါကြီး၏ ရှေ့မျက်မှောက်၌ပင် အသုံးပြုပြီးလျှင် ကမ္ဘာနှင့် ကမ္ဘာပေါ်ရှိ လူအားလုံးတို့ကိုလည်း သေလောက်သောဒဏ်ရာမှ ပျောက်ကင်းခဲ့သည့် ပထမသတ္တဝါကြီးကို ရှိခိုးကိုးကွယ်စေ၏။-
Reve BurCBCM 13:13  ၎င်းသည် ကောင်းကင်မှမြေကြီးပေါ်သို့ မီးကျလာစေသည်အထိ ကြီးကျယ်သောနိမိတ်လက္ခဏာများကို လူတို့ရှေ့၌ ပြုလုပ်နိုင်၏။-
Reve BurCBCM 13:14  ၎င်းသည် ပထမသတ္တဝါကြီး၏ရှေ့မျက်မှောက်တွင် ပြုလုပ်ခွင့်ရသော နိမိတ်လက္ခဏာများဖြင့် ကမ္ဘာသူကမ္ဘာသားတို့ကို လှည့်ဖြားပြီးလျှင် ဓားဒဏ်ရာရသော်လည်း အသက်ရှင်လျက်ရှိနေသည့် သတ္တဝါကြီးအတွက် ရုပ်တုကိုပြုလုပ်ရန် သူတို့ကို စေခိုင်းလေ၏။-
Reve BurCBCM 13:15  ၎င်းသည် သတ္တဝါကြီး၏ရုပ်တုကို အသက်သွင်းပေးနိုင်သည့် အခွင့်ကိုရရှိထားသဖြင့် သတ္တဝါကြီး၏ရုပ်တုသည် စကားပြောနိုင်သည့်အပြင် ရုပ်တုအား ရှိခိုးကိုးကွယ်ခြင်း မပြုသောသူတို့ကိုလည်း သတ်ဖြတ်နိုင်လေ၏။-
Reve BurCBCM 13:16  ထိုမျှမက ၎င်းသည် ကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ သခင်နှင့် ကျွန်ဟူ၍မရွေးဘဲ ထိုသူအားလုံးတို့၏လက် ယာလက်၊ သို့မဟုတ် နဖူးပေါ်တွင် အမှတ်တံဆိပ်ကို ခတ်နှိပ်စေ၏။-
Reve BurCBCM 13:17  သို့မှသာ သတ္တဝါကြီး၏အမည်၊ သို့မဟုတ် ထိုအမည်၏ကိန်းဂဏန်း အမှတ်အသားမပါဘဲ မည်သူမျှ ရောင်းဝယ်ခြင်း ပြုလုပ်နိုင်မည်မဟုတ်ပေ။
Reve BurCBCM 13:18  ဤနေရာတွင် ဉာဏ်ပညာကို အသုံးပြုရန်လိုအပ်၏။ နားလည်နိုင်စွမ်းရှိသောသူသည် သတ္တဝါကြီး၏ကိန်းဂဏန်းကို အနက်အဓိပ္ပာယ်ဖော်ထုတ်ပါစေ။ အကြောင်းမူကား ထိုကိန်းဂဏန်းသည် လူတစ်ယောက်ကို ကိုယ်စားပြုလျက် ရှိသော ကြောင့်တည်း။ ယင်းကိန်းဂဏန်းသည်ကား ခြောက်ရာခြောက်ဆယ့်ခြောက်ဖြစ်၏။
Chapter 14
Reve BurCBCM 14:1  ထို့နောက် ငါကြည့်လိုက်သောအခါ သိုးငယ်တော်သည် ဇီအွန်တောင်ပေါ်တွင် ရပ်နေသည်ကိုလည်းကောင်း၊ သိုးငယ်တော်နှင့်အတူ မိမိတို့၏အမည်နှင့် ခမည်းတော်၏နာမတော်ကို မိမိတို့နဖူးများပေါ်တွင် ရေးမှတ်ထားကြသော လူပေါင်း တစ်သိန်းလေး သောင်းလေးထောင်တို့ကိုလည်းကောင်း ငါမြင်ရ၏။-
Reve BurCBCM 14:2  ထို့နောက် ရေများစီးဆင်းသံနှင့် ကျယ်လောင်သော မိုးထစ်ချုန်းသံကဲ့သို့သော အသံတစ်ခုကို ကောင်းကင်မှ ငါကြားရ၏။ ငါကြားရသောအသံကား စောင်းသမားများ မိမိတို့၏စောင်းကိုတီးခတ်သော အသံနှင့်တူ၏။-
Reve BurCBCM 14:3  သူတို့သည် ပလ္လင်တော်ရှေ့၊ သက်ရှိသတ္တဝါလေးဦးတို့ရှေ့နှင့် သက်ကြီးဝါကြီးတို့၏ ရှေ့မှောက်တွင် သီချင်းသစ်ကို သီဆိုကြ လေ၏။ ကမ္ဘာမြေပေါ်မှ ကယ်တင်ခြင်းခံထားရသူ တစ်သိန်းလေးသောင်းလေးထောင်တို့မှအပ မည်သူမျှ ထိုသီချင်းကို မသင်ယူနိုင်ကြပေ။-
Reve BurCBCM 14:4  ဤသူတို့သည် မိန်းမများနှင့် ပြစ်မှားကျူးလွန်မှုမရှိဘဲ စင်ကြယ်သူများ၊ သိုးငယ်တော်သွားလေရာအရပ်သို့ လိုက်သောသူများ၊ ဘုရားသခင်နှင့် သိုးငယ်တော်တို့အတွက် သီးဦးသီးဖျားများအဖြစ် လူသားတို့အထဲမှ ရွေးနုတ်ခြင်း ခံထားရသော သူများဖြစ်ကြ၏။-
Reve BurCBCM 14:5  သူတို့သည် အပြစ်အနာအဆာ ကင်းသောသူများဖြစ်ကြသောကြောင့် သူတို့၏နှုတ်မှ လိမ်လည်ပြောဆိုခြင်းမရှိပေ။
Reve BurCBCM 14:6  ထို့နောက် ကမ္ဘာပေါ်တွင် နေထိုင်သူများ၊ တိုင်းနိုင်ငံများ၊ ဘာသာစကားအမျိုးမျိုး ပြောသောသူများနှင့် လူမျိုးစု အသီးသီးတို့အား ထာ၀ရတည်မည့် ဧဝံဂေလိတရားတော်ကိုဟောပြောရန် ကောင်းကင်ယံတွင် ပျံသန်းနေသည့် အခြားသော ကောင်းကင်တမန်တော်တစ်ပါးကို ငါမြင်ရ၏။-
Reve BurCBCM 14:7  သူက ကျယ်လောင်သောအသံနှင့် ကြွေးကြော်သည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ကြလော့။ ကိုယ်တော်၏ ဘုန်းတော်ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်စီရင်ဆုံးဖြတ်အံ့သော အချိန်နာရီသည် ကျရောက်လာ လေပြီ။ ကောင်းကင်နှင့် မြေကြီး၊ ပင်လယ်နှင့် စမ်းရေအိုင်တို့ကို ဖန်ဆင်းတော်မူသော ကိုယ်တော်ကို ရှိခိုးကိုးကွယ်ကြ ကုန်လော့ဟူ၍ ဖြစ်၏။
Reve BurCBCM 14:8  ထို့နောက် ဒုတိယကောင်းကင်တမန်တော်သည်လည်း ပေါ်လာ၍ ကြီးကျယ်သော ဘာဘီလွန်မြို့တော်ကြီး ကျဆုံးလေပြီ၊ ကျဆုံးလေပြီ။ သူမသည် တိုင်းနိုင်ငံရှိသမျှတို့အား သူမ၏မစင်ကြယ်သည့် ဆန္ဒရမ္မက်များတည်းဟူသော စပျစ်ရည်ကို သောက်သုံးစေခဲ့သူပင် ဖြစ်သည်ဟုဆိုလေ၏။
Reve BurCBCM 14:9  ထို့နောက် တတိယကောင်းကင်တမန်တော်သည်လည်း ပေါ်လာ၍ ကျယ်လောင်သောအသံဖြင့် ဆိုသည်မှာ သတ္တဝါကြီးနှင့် ၎င်း၏ရုပ်တုကိုကိုးကွယ်ပြီး မိမိ၏လက်၊ သို့မဟုတ် နဖူးပေါ်၌ အမှတ်တံဆိပ်ရှိသောသူ ဟူသမျှသည်၊-
Reve BurCBCM 14:10  ဘုရားသခင်၏ အမျက်တော်ဖလားထဲသို့ လောင်းထည့်ထားသော ရောစပ်ထားခြင်းမရှိသည့် အမျက်တော်၏ စပျစ်ရည်ကို သောက်ရလိမ့်မည်။ သူသည် သန့်ရှင်းသော ကောင်းကင်တမန်တော်များနှင့် သိုးငယ်တော်၏ ရှေ့မှောက်တော်တွင် မီးနှင့်လည်းကောင်း၊ ကန့်ငရဲမီးနှင့်လည်းကောင်း ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရလိမ့်မည်။-
Reve BurCBCM 14:11  သူတို့ကို ညှဉ်းပန်းနှိပ်စက်ရာမှ ထွက်လာသောမီးခိုးငွေ့သည် ကာလအဆက်ဆက်အထက်သို့ တက်လေ၏။ သတ္တဝါကြီးနှင့် ၎င်း၏ရုပ်တုကို ကိုးကွယ်၍ ၎င်း၏အမည်နာမအမှတ်တံဆိပ်ကို ရရှိထားသောသူတို့သည် နေ့ညမပြတ် အနားရကြလိမ့်မည် မဟုတ်ဟူ၍ ဖြစ်၏။
Reve BurCBCM 14:12  ဤသည်ကား ယေဇူး၌ ယုံကြည်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ပညတ်တော်များကိုလည်းကောင်း စောင့်ထိန်းကြသော သူတော်သူမြတ်တို့အား တည်ကြည်ခိုင်မာခြင်းရှိရန် နှိုးဆော်ခြင်းပေတည်း။
Reve BurCBCM 14:13  ထို့နောက် ငါသည် ကောင်းကင်မှအသံတစ်ခုကို ကြားရ၏။ ၎င်းကဆိုသည်မှာ ဤအရာကိုရေးမှတ်လော့၊ ယခုမှစ၍ သခင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏ ဟူ၍ဖြစ်လေ၏။ ထိုအခါ ဝိညာဉ်တော်ဘုရားက မင်္ဂလာရှိသည်မှန်ပေ၏၊ သူတို့၏ကောင်းမှုတို့သည် သူတို့နှင့် အတူပါလာသောကြောင့် သူတို့သည် ဆင်းရဲပင်ပန်းစွာ လုပ်ဆောင်ရခြင်းမှ အနားယူနိုင်ကြ လေပြီဟု မိန့်တော်မူ၏။
Reve BurCBCM 14:14  ထို့နောက် ငါကြည့်လိုက်သောအခါ အဖြူရောင်တိမ်တိုက်တစ်ခုကို ငါမြင်ရ၏။ တိမ်တိုက်ပေါ်တွင် လူသားနှင့်တူသော သူတစ်ဦးထိုင်လျက်ရှိပြီး သူ၏ဦးခေါင်းပေါ်တွင် ရွှေသရဖူကိုဆောင်းကာ သူ၏လက်တွင်ထက်သော တံစဉ်တစ်လက်ကို ကိုင်ထား၏။-
Reve BurCBCM 14:15  ထိုအခါ အခြားသော ကောင်းကင်တမန်တော်တစ်ပါးသည် ဗိမာန်တော်အတွင်းမှ ထွက်လာ၍ တိမ်တိုက်ပေါ်တွင် ထိုင်နေသော သူထံသို့ ကျယ်လောင်သောအသံဖြင့် ဟစ်အော်သည်မှာ သင်၏တံစဉ်ကိုယူ၍ ရိတ်သိမ်းပါလော့။ အကြောင်း မူကား ကမ္ဘာမြေကြီး၏အသီးအနှံတို့သည် မှည့်ရွမ်းနေပြီဖြစ်၍ ရိတ်သိမ်းရန် အချိန်တန်လေပြီဟုဆို၏။-
Reve BurCBCM 14:16  သို့ဖြစ်၍ တိမ်တိုက်ပေါ်တွင် ထိုင်နေသောသူသည် မိမိ၏တံစဉ်ကို ကမ္ဘာမြေပေါ်တွင်ဝှေ့ရမ်းကာ ကမ္ဘာမြေကြီး၏ အသီးအနှံများကို ရိတ်သိမ်းလေ၏။
Reve BurCBCM 14:17  ထိုအခါ အခြားသော ကောင်းကင်တမန်တော်တစ်ပါးသည် ကောင်းကင်ရှိဗိမာန်တော်မှ ထွက်လာ၏။ သူ့ထံတွင်လည်း ထက်သောတံစဉ်တစ်လက်ရှိ၏။-
Reve BurCBCM 14:18  ထို့နောက် မီးကိုအစိုးရသည့် အခြားသော ကောင်းကင်တမန်တော်တစ်ပါးသည် ယဇ်ပလ္လင်တော်မှ ထွက်လာ၍ တံစဉ်ကိုင်ထားသော တမန်တော်အား ကျယ်လောင်သောအသံနှင့် ပြောသည်မှာ သင်၏တံစဉ်ကိုယူ၍ ကမ္ဘာမြေပေါ်မှ စပျစ်ခိုင်များကို ရိတ်သိမ်းလော့။ အကြောင်းမူကား စပျစ်သီးတို့သည် မှည့်ရွမ်းလျက်ရှိပြီ ဟုဆို၏။-
Reve BurCBCM 14:19  သို့ဖြစ်၍ ထိုကောင်းကင်တမန်တော်သည် မိမိ၏တံစဉ်ကို ဝှေ့ရမ်းကာ ကမ္ဘာမြေပေါ်မှ စပျစ်သီးများကို ရိတ်သိမ်းပြီး ၎င်းတို့ကို ဘုရားသခင်၏ အမျက်တော်တည်းဟူသော စပျစ်ရည်ကြိတ်စက်ထဲသို့ ပစ်ချလိုက်လေ၏။-
Reve BurCBCM 14:20  ထိုစပျစ်သီးများကို မြို့၏အပြင်ဘက်ရှိ စပျစ်ရည်ကြိတ်စက်တွင် ကြိတ်လိုက်သောအခါ ထွက်လာသော သွေးများသည် မြင်း၏ဇက်ကြိုးကို ထိသည့်တိုင်အောင် မြင့်၍ မိုင်နှစ်ရာကျယ်ဝန်းလေ၏။
Chapter 15
Reve BurCBCM 15:1  ထို့နောက် ကောင်းကင်၌ကြီးမား၍ အံ့ဩဖွယ်ကောင်းသော နိမိတ်လက္ခဏာတစ်ခုကို ငါမြင်ရ၏။ ထိုနိမိတ်မှာ ကောင်းကင်တမန်တော်ခုနစ်ပါးနှင့်အတူ ဘုရားသခင်၏ အမျက်တော်ကို အဆုံးသတ်စေမည့် နောက်ဆုံးဘေးဒုက္ခခုနစ်ခုကို တွေ့ ရခြင်းပင်ဖြစ်၏။
Reve BurCBCM 15:2  ငါသည် မီးနှင့်ရောနေသည့် ဖန်သားပင်လယ်ပြင်ကြီးတစ်ခုကို တွေ့ရ၏။ သတ္တဝါကြီးနှင့် ၎င်း၏ရုပ်တုကိုလည်းကောင်း၊ ၎င်း၏အမည်နာမကိန်းဂဏန်းကိုလည်းကောင်း အောင်နိုင်သောသူတို့သည် မိမိတို့လက်ထဲတွင် ဘုရားသခင်၏ စောင်းတော်များကို ကိုင်ဆောင်ထားကြလျက် ဖန်သားပင်လယ်ပြင်ဘေးတွင် ရပ်နေကြ၏။-
Reve BurCBCM 15:3  ထို့နောက် သူတို့သည် ဘုရားသခင်၏အစေခံဖြစ်သူ မိုးဇက်နှင့် သိုးငယ်တော်၏သီချင်းကို သီဆိုကြသည်ကား အို အနန္တ တန်ခိုးတော်ရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော် လုပ်ဆောင်တော်မူသော အမှုအရာတို့သည် ကြီးကျယ်၍ အံ့ဩဖွယ ်ကောင်းလှပေ၏။ ကာလအဆက်ဆက် အုပ်စိုးတော်မူသော အိုဘုရင်မင်းမြတ်၊ ကိုယ်တော်၏ တရားလမ်းများသည် ဖြောင့်မတ်၍ မှန်ကန်ပေ၏။-
Reve BurCBCM 15:4  အို ထာ၀ရဘုရားသခင်၊ ကိုယ်တော်၏နာမတော်ကို မည်သူသည် မကြောက်ရွံ့၊ မချီးမွမ်းဘဲ နေနိုင်ပါမည်နည်း။ အကြောင်းမူကား ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏တရားစီရင်ခြင်းတို့ သည် ထင်ရှားသဖြင့် လူမျိုးအပေါင်းတို့သည် ကိုယ်တော့် ထံလာ၍ ရှိခိုးကိုးကွယ်ကြပါလိမ့်မည်ဟူ၍ဖြစ်သတည်း။
Reve BurCBCM 15:5  ထို့နောက် ငါကြည့်လိုက်သောအခါ ကောင်းကင်ရှိ သက်သေခံရာ ပဋိညာဉ်တဲတော်၏ ဗိမာန်တော်သည် ပွင့်လာပြီးလျှင်၊-
Reve BurCBCM 15:6  ထိုဗိမာန်တော်အတွင်းမှ ကောင်းကင်တမန်တော်ခုနစ်ပါးသည် ဘေးဒုက္ခခုနစ်ခုနှင့်အတူ ထွက်လာကြ၏။ သူတို့သည် တောက်ပဖြူစင်သော အဝတ်တန်ဆာဝတ်ဆင်ထားပြီး သူတို့၏ရင်ဘတ်များတွင် ရွှေစလွယ်များ သိုင်းထားကြ၏။-
Reve BurCBCM 15:7  ထိုအခါ သက်ရှိသတ္တဝါကြီးလေးဦးအနက်မှ တစ်ဦးသည် ကာလအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်နှင့်ပြည့်နေသည့် ရွှေဖလားခုနစ်လုံးကို ကောင်းကင်တမန်တော်ခုနစ်ပါးအား ပေးလိုက်လေ၏။-
Reve BurCBCM 15:8  ဗိမာန်တော်သည်လည်း ဘုရားသခင်၏ဘုန်းဂုဏ်တော်နှင့် တန်ခိုးတော်အရှိန်အဝါမှ ထွက်ပေါ်လာသည့် အခိုးအငွေ့များနှင့် ပြည့်လျက်ရှိ၏။ ကောင်းကင်တမန်တော်ခုနစ်ပါး ယူဆောင်လာသော ဘေးဒုက္ခခုနစ်ခု ပြီးဆုံးသည့်အချိန်တိုင်အောင် မည်သူမျှ ဗိမာန်တော်ထဲသို့ မဝင်နိုင်ကြပေ။
Chapter 16
Reve BurCBCM 16:1  ထို့နောက် ဗိမာန်တော်ထဲမှ ကျယ်လောင်သောအသံက သွားကြလော့၊ ဘုရားသခင်၏ အမျက်တော်ဖလားများကို ကမ္ဘာမြေကြီးပေါ်သို့ သွန်ချကြလော့ဟု ကောင်းကင်တမန်တော်ခုနစ်ပါးအား အမိန့်ပေးသည်ကို ငါကြားရ၏။
Reve BurCBCM 16:2  သို့ဖြစ်၍ ပထမကောင်းကင်တမန်တော်သည် သွား၍မိမိ၏ဖလားကို ကမ္ဘာမြေကြီးပေါ်သို့ သွန်ချလိုက်သောအခါ သတ္တဝါကြီး၏ အမှတ်တံဆိပ်ကို ဆောင်သောသူများနှင့် ၎င်း၏ရုပ်တုကို ရှိခိုးကိုးကွယ်သောသူတို့၌ စက်ဆုပ်ဖွယ်ရာ ဆိုးဝါးသော အနာစိမ်းများ ဖြစ်ပေါ်လာလေ၏။
Reve BurCBCM 16:3  ဒုတိယကောင်းကင်တမန်တော်သည် မိမိ၏ဖလားကို ပင်လယ်ထဲသို့ သွန်ချလိုက်သောအခါ ပင်လယ်ရေသည် လူသေ၏ သွေးကဲ့သို့ဖြစ်လာ၍ ပင်လယ်တွင်ရှိ သောသက်ရှိသတ္တဝါအားလုံးသေဆုံးကြကုန်၏။
Reve BurCBCM 16:4  တတိယကောင်းကင်တမန်တော်သည်လည်း မိမိ၏ဖလားကို မြစ်များနှင့် စမ်းရေအိုင်များအတွင်းသို့ သွန်ချလိုက်သောအခါ ရေတို့သည် သွေးဖြစ်သွားလေ၏။-
Reve BurCBCM 16:5  ထိုအခါ ရေကိုအစိုးရသော ကောင်းကင်တမန်တော်က ပစ္စုပ္ပန်နှင့်အတိတ်ကာလတို့တွင် အစဉ်တည်ရှိတော်မူသည့် အိုသန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ဘုရား၊ ကိုယ်တော်သည် ဤတရားစီရင်ချက်တို့၌ ဖြောင့်မတ်မှန်ကန်တော်မူပေ၏။-
Reve BurCBCM 16:6  အကြောင်းမူကား လူတို့သည် သူတော်သူမြတ်များနှင့် ပရောဖက်တို့ကို သွေးမြေကျစေသဖြင့် ကိုယ်တော်သည် ထိုသူတို့သောက်ရန် သွေးကိုပေးတော်မူ၏။ ဤသည်ကား သူတို့နှင့်ထိုက်တန်သော အပြစ်ဒဏ်ပေတည်းဟု မြွက်ဆိုသည်ကို ငါကြားရ၏။-
Reve BurCBCM 16:7  ထို့နောက် ယဇ်ပလ္လင်တော်က မှန်ပါ၏၊ အနန္တတန်ခိုးတော်ရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော်၏တရားစီရင်ချက်တို့သည် မှန်ကန်၍ တရားမျှတတော်မူပါ၏ဟူ၍ ကြွေးကြော်သည်ကို ငါကြားရ၏။
Reve BurCBCM 16:8  စတုတ္ထကောင်းကင်တမန်တော်သည် မိမိ၏ဖလားကို နေပေါ်သို့သွန်ချသဖြင့် နေသည် လူတို့ကို မီးအပူရှိန်ဖြင့် လောင်စေသော အခွင့်ကိုရလေ၏။-
Reve BurCBCM 16:9  လူတို့သည် ပြင်းထန်သော အပူရှိန်ဖြင့်လောင်ကျွမ်းခြင်း ခံရသောကြောင့် ဤဘေးဒုက္ခတို့ကို အစိုးရတော်မူသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ သူတို့သည် နောင်တလည်း မယူ၊ ဂုဏ်တော်ကိုလည်း မချီးမွမ်းကြပေ။
Reve BurCBCM 16:10  ပဉ္စမကောင်းကင်တမန်တော်သည် မိမိ၏ဖလားကို သတ္တဝါကြီး၏ပလ္လင်ပေါ်သို့ သွန်ချလိုက်သောအခါ ၎င်း၏နိုင်ငံသည် အမှောင်အတိဖြစ်သွားလေ၏။ လူတို့သည် ဝေဒနာပြင်းထန်စွာ ခံစားရသောကြောင့် မိမိတို့၏လျှာကို ကိုက်မိကြပြီး၊-
Reve BurCBCM 16:11  မိမိတို့ခံစားရသောဝေဒနာနှင့် အနာစိမ်းများအတွက် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ကျိန်ဆဲကြ၏။ သို့သော် သူတို့သည် မိမိတို့ပြုလုပ်ခဲ့သမျှသော အပြစ်ဒုစရိုက်တို့အတွက် နောင်တမရကြပေ။
Reve BurCBCM 16:12  ဆဋ္ဌမကောင်းကင်တမန်တော်သည် မိမိ၏ဖလားကို ယူဖရေးတီးမြစ်ကြီးပေါ်သို့ သွန်ချလိုက်သောအခါ အရှေ့တိုင်းမှ ဘုရင်များအတွက် လမ်းကိုပြင်ဆင်ပေးခြင်းငှာ မြစ်ရေသည် ခန်းခြောက်သွားလေ၏။-
Reve BurCBCM 16:13  ထို့နောက် နဂါးကြီး၏ ခံတွင်းမှလည်းကောင်း၊ သတ္တဝါကြီး၏ ခံတွင်းမှလည်းကောင်း၊ ပရောဖက်အတုအယောင်တို့၏ ခံတွင်းမှလည်းကောင်း ဖားနှင့်တူသည့်ညစ်ညူးသောနတ်ဆိုး သုံးကောင်ထွက်လာသည်ကို ငါမြင်ရ၏။-
Reve BurCBCM 16:14  သူတို့သည် မိစ္ဆာနတ်ဆိုးများဖြစ်ကြသောကြောင့် နိမိတ်လက္ခဏာများကိုပြသကာ အနန္တတန်ခိုးတော်ရှင် ဘုရားသခင်၏ နေ့တော်၌ စစ်ခင်းရန် ကမ္ဘာအရပ်ရပ်ရှိဘုရင်များထံသို့ သွား၍ စည်းရုံးကြ၏။-
Reve BurCBCM 16:15  ကြည့်လော့၊ ငါသည် သူခိုးကဲ့သို့လာမည်။ အဝတ်အချည်းစည်းနှင့် သွားလာ၍ လူတို့၏ရှေ့၌ အရှက်မရစေခြင်းငှာ မိမိ၏အဝတ်များကို အသင့်ကိုင်ဆောင်လျက် နိုးကြားစွာစောင့်နေသောသူသည် မင်္ဂလာရှိ၏။-
Reve BurCBCM 16:16  ထို့နောက် နတ်ဆိုးတို့သည် ဘုရင်တို့အား ဟေဗြေဦးဘာသာစကားဖြင့် အာမဂက်ဒွန်ဟုခေါ်တွင်သော အရပ်၌ စုဝေးစေကြ၏။
Reve BurCBCM 16:17  သတ္တမကောင်းကင်တမန်တော်သည် မိမိ၏ဖလားကို လေထဲသို့သွန်ချလိုက်သောအခါ ဗိမာန်တော်နှင့် ပလ္လင်တော်မှ ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာ၍ ဆိုသည်မှာ ဤအမှုအရာ ပြီးဆုံးလေပြီ ဟူ၍ဖြစ်သတည်း။-
Reve BurCBCM 16:18  ထိုအခါ လျှပ်စီးလက်ခြင်း၊ ကျယ်လောင်သော အသံများထွက်ပေါ်လာခြင်း၊ မိုးထစ်ချုန်းခြင်းနှင့် ပြင်းထန်သော ငလျင်လှုပ်ခြင်းများဖြစ်ပေါ်လာ၏။ ငလျင်လှုပ်ခြင်းမှာလည်း ပြင်းထန်လှသဖြင့် ဤမျှပြင်းထန်သော ငလျင်မျိုးကို လူ့သမိုင်းတွင် တစ်ခါမျှမကြုံဖူးချေ။
Reve BurCBCM 16:19  မြို့တော်ကြီးသည် သုံးပိုင်းကွဲသွား၍ တိုင်းနိုင်ငံများ၏ မြို့တော်တို့သည်လည်း ပျက်စီးကြကုန်၏။ ထို့နောက် ဘုရားသခင်သည် ဘာဘီလွန်မြို့ကြီးကို သတိရသဖြင့် ၎င်းအား မိမိ၏ပြင်းထန်သော အမျက်တော်ဖလားကို ကုန်စင်အောင် သောက်စေတော်မူ၏။-
Reve BurCBCM 16:20  ကျွန်းရှိသမျှတို့သည် ပျောက်ကွယ်သွားကြပြီး တောင်တန်းများကိုလည်း မတွေ့ရတော့ပေ။-
Reve BurCBCM 16:21  ပေါင်ချိန်တစ်ရာကျော်လေးသော မိုးသီးကြီးများသည်လည်း ကောင်းကင်မှ လူတို့အပေါ်သို့ ကျလာလေ၏။ ထိုဘေးဒုက္ခကြီးသည် ဆိုးရွားပြင်းထန်လွန်းလှသောကြောင့် လူတို့သည် ဘုရားသခင်ကို ထိခိုက်ကျိန်ဆဲကြကုန်၏။
Chapter 17
Reve BurCBCM 17:1  ထိုအခါ ဖလားခုနစ်လုံး ကိုင်ဆောင်ထားသည့် ကောင်းကင်တမန်တော် ခုနစ်ပါးအနက် တစ်ပါးက ငါ့အားပြောဆိုသည်မှာ လာခဲ့လော့၊ ရေများပေါ်တွင် ထိုင်လျက်ရှိသော ပြည့်တန်ဆာမကြီးခံရမည့် အပြစ်ဒဏ်စီရင်ချက်ကို ငါပြမည်။-
Reve BurCBCM 17:2  ကမ္ဘာပေါ်ရှိဘုရင်များသည် သူမနှင့်ကာမဂုဏ်ကျူးလွန်ခြင်းကို ပြုခဲ့ကြပြီ။ မြေကြီးသားအပေါင်းတို့သည် သူမ၏ ကာမဂုဏ်ကျူးလွန်ခြင်းတည်းဟူသော စပျစ်ရည်၌ ယစ်မူးကြပြီဟုဆို၏။-
Reve BurCBCM 17:3  ထို့နောက် သူသည် ဝိညာဉ်တော်အားဖြင့် ငါ့ကို တောကန္တာရထဲသို့ ခေါ်ဆောင်သွားရာ အနီရောင်သတ္တဝါကြီးပေါ်တွင် ထိုင်နေသော မိန်းမတစ်ယောက်ကို ငါမြင်ရ၏။ ထိုသတ္တဝါ၌ ဘုရားသခင်ကို ထိခိုက်စော်ကားသည့် အမည်နာမများဖြင့် ပြည့်နှက်နေပြီး ဦးခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်းလည်းရှိ၏။-
Reve BurCBCM 17:4  ထိုမိန်းမသည် ခရမ်းရောင်နှင့် အနီရောင်အဝတ်များကို ဝတ်ဆင်လျက် ရွှေ၊ ကျောက်မြတ်ရတနာနှင့် ပုလဲတန်ဆာတို့ကို ဆင်မြန်းထား၏။ သူမ၏လက်ထဲတွင် စက်ဆုပ်ရွံရှာဖွယ်ရာများနှင့် ညစ်ညမ်းသော ကာမဂုဏ်ကျူးလွန်ခြင်းများဖြင့် ပြည့်နေသည့်ရွှေခွက်ကို ကိုင်ဆောင်ထား၏။-
Reve BurCBCM 17:5  သူမ၏နဖူးပေါ်တွင် နက်နဲဖွယ်သောအမည်နာမကို ရေးထိုးထားသည်ကား ပြည့်တန်ဆာတို့နှင့် ကမ္ဘာပေါ်ရှိ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အရာတို့၏မိခင်၊ မဟာဘာဘီလွန်မြို့တော်ကြီး ဟူ၍ဖြစ်၏။-
Reve BurCBCM 17:6  ထိုမိန်းမသည် သူတော်သူမြတ်များ၏သွေးနှင့် ယေဇူးအတွက် အသေခံသောသူများ၏ သွေးတို့နှင့် ယစ်မူးနေသည်ကို ငါမြင်ရ၏။ သူမကို ငါမြင်ရသောအခါ ငါသည် လွန်စွာအံ့ဩမိ၏။-
Reve BurCBCM 17:7  သို့သော် ကောင်းကင်တမန်တော်က ငါ့အားဆိုသည်မှာ အဘယ်ကြောင့် အံ့ဩရသနည်း၊ ထိုမိန်းမနှင့် သူမကို တင်ဆောင်ထားသော ဦးခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်းပါသည့် သတ္တဝါကြီးတို့၏ အနက်အဓိပ္ပာယ်ကို ငါပြောပြမည်။-
Reve BurCBCM 17:8  သင်မြင်ခဲ့ရသော သတ္တဝါကြီးသည် ယခင်ကရှိခဲ့သော်လည်း ယခုမရှိတော့ချေ။ ယင်းသည် အဆုံးမရှိနက်ရှိုင်းလှသော တွင်းကြီးထဲမှတက်လာပြီး ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။ ကမ္ဘာတည်စကပင် အသက်မှတ်တမ်းစာအုပ်၌ အမည်စာရင်းမဝင် ထားသော ကမ္ဘာသူကမ္ဘာသားတို့သည် သတ္တဝါကြီးကို မြင်ရသောအခါ အံ့ဩကြလိမ့်မည်။ အကြောင်းမူကား ၎င်းသည် ယခင်ကရှိခဲ့ပြီး ယခုမရှိတော့သော်လည်း ပြန်လာ ဦးမည်ဖြစ်သောကြောင့်တည်း။
Reve BurCBCM 17:9  ဤနေရာတွင် ဉာဏ်ပညာရှိရန် လိုအပ်၏။ ဦးခေါင်းခုနစ်လုံးသည်ကား ထိုမိန်းမထိုင်နေသော တောင်ခုနစ်တောင်ပင်ဖြစ်၏။-
Reve BurCBCM 17:10  ယင်းတို့သည် ရှင်ဘုရင်ခုနစ်ပါးလည်းဖြစ်၏။ ထိုဘုရင်များအနက် ငါးပါးသည် ကျဆုံးခဲ့ပြီးဖြစ်၍ တစ်ပါးအသက်ရှင်လျက် ရှိသေး၏။ အခြားသောတစ်ပါးကား မလာသေးပေ။ သူလာသောအခါ၌လည်း ခေတ္တခဏမျှသာ အုပ်စိုးရလိမ့်မည်။-
Reve BurCBCM 17:11  ယခင်ကရှိခဲ့ပြီး၍ ယခုပျောက်ကွယ်သွားသော သတ္တဝါကြီးမှာမူ အဋ္ဌမမြောက်ဖြစ်သော်လည်း ၎င်းသည် ဘုရင်ခုနစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်၏။ သူသည်လည်း ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။-
Reve BurCBCM 17:12  သင်မြင်ခဲ့သော ဦးချိုဆယ်ချောင်းသည်ကား မင်းအာဏာစက်ကို မရရှိသေးသော ဘုရင်ဆယ်ပါးဖြစ်ကြ၏။ သို့သော် သူတို့သည် သတ္တဝါကြီးနှင့်အတူ တစ်နာရီခန့်မျှသာ မင်းအာဏာစက်ကို ရကြလိမ့်မည်။-
Reve BurCBCM 17:13  ထိုဘုရင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြပြီး မိမိတို့၏ဩဇာအာဏာကို သတ္တဝါကြီးအား ပေးအပ်ကြ၏။-
Reve BurCBCM 17:14  သူတို့သည် သိုးငယ်တော်ကို စစ်ဆင်တိုက်ခိုက်ကြလိမ့်မည်။ သို့သော် သခင်တို့၏သခင်၊ ဘုရင်တို့၏ဘုရင်ဖြစ်တော်မူသော သိုးငယ်တော်သည် သူတို့အပေါ် အနိုင်ရလိမ့်မည်။ ကိုယ်တော်နှင့်အတူ ရှိသောသူတို့သည် ဖိတ်ခေါ်ခံရ၍ ရွေးကောက်ခြင်းခံရပြီး သစ္စာရှိသူများဖြစ်ကြ၏ ဟုဆိုလေ၏။
Reve BurCBCM 17:15  ထို့နောက် သူက ငါ့အား ဆိုသည်ကား သင်မြင်ခဲ့ရသော ပြည့်တန်ဆာထိုင်နေသည့် ရေတို့သည်ကား တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကို ပြောဆိုကြသော လူမျိုးအပေါင်းတို့ဖြစ်ကြ၏။-
Reve BurCBCM 17:16  သတ္တဝါကြီးနှင့် သင်မြင်ခဲ့ရသော ဦးချိုဆယ်ချောင်းသည် ထိုပြည့်တန်ဆာကို မုန်းတီးကြလိမ့်မည်။ သူတို့သည် သူမ၌ ရှိသမျှကို ဖျက်ဆီးကြ၍ သူမကို အဝတ်အချည်းစည်းအဖြစ်၌ ထားခဲ့ကြလိမ့်မည်။ သူတို့သည် သူမ၏အသားကိုဝါးမျိုပြီး သူမကို မီးရှို့ကြလိမ့်မည်။-
Reve BurCBCM 17:17  အကြောင်းမူကား ဘုရားသခင်၏နှုတ်တော်ထွက်စကားများ ပြည့်စုံခြင်းသို့ရောက်သည်အထိ ကိုယ်တော်သည် မိမိ၏ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် သူတို့ကို တစ်စိတ်တစ်ဝမ်းတည်းဖြစ်စေပြီး သူတို့၏မင်းအာဏာစက်ကို သတ္တဝါကြီးအား ပေးအပ်စေခြင်းဖြင့် သူတို့၏စိတ်နှလုံးကို လွှမ်းမိုးထားခဲ့သောကြောင့်ပင်ဖြစ်၏။- သင်မြင်ခဲ့ရသော မိန်းမသည်ကား ကမ္ဘာပေါ်ရှိဘုရင်များအပေါ် အုပ်စိုးရသောမြို့တော်ကြီးပင် ဖြစ်သတည်းဟုဆိုလေ၏။
Chapter 18
Reve BurCBCM 18:1  ထို့နောက် ဩဇာအာဏာကြီးသော ကောင်းကင်တမန်တော်တစ်ပါးသည် ကောင်းကင်မှ ဆင်းလာသည်ကို ငါမြင်ရ၏။ ကမ္ဘာမြေကြီးသည်လည်း သူ၏ဘုန်းအရှိန်အဝါဖြင့် တောက်ပလာ၏။-
Reve BurCBCM 18:2  သူသည် အင်အားကြီးမားသောအသံဖြင့် ကြွေးကြော်သည်မှာ မဟာဘာဘီလွန်မြို့တော်ကြီး ကျဆုံးလေပြီ၊ ကျဆုံးလေပြီ။ ၎င်းသည် နတ်ဆိုးတို့နေထိုင်ရာအရပ်၊ ညစ်ညူးသော ဝိညာဉ်တို့ကျက်စားရာဌာနနှင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ငှက်တို့၏ အသိုက်ဖြစ်လာလေပြီ။-
Reve BurCBCM 18:3  အကြောင်းမူကား တိုင်းနိုင်ငံအပေါင်းတို့သည် သူမ၏မစင်ကြယ်သော ရမ္မက်ဆန္ဒတို့ဖြင့် ပြည့်နေသည့် စပျစ်ရည်နှင့်ယစ်မူး ခဲ့ကြပြီ။ ကမ္ဘာပေါ်ရှိ ဘုရင်တို့သည်လည်း သူမနှင့် ကာမဂုဏ်အမှုကို ကျူးလွန်ခဲ့ကြပြီး ကမ္ဘာပေါ်ရှိ ကုန်သည်များသည် သူမ၏ ကာမဂုဏ်စည်းစိမ်အားဖြင့် ချမ်းသာကြွယ်၀လာကြလေပြီဟု ဆိုလေ၏။
Reve BurCBCM 18:4  တစ်ဖန် ကောင်းကင်မှလာသည့် အခြားသောအသံက ငါ၏လူမျိုးတို့၊ သူမ၏အပြစ်မကောင်းမှု၌ မပါဝင်စေရန်နှင့် သူမခံထမ်းရမည့် ဘေးဒုက္ခကြီးများ၌ ပါဝင်မခံထမ်းကြစေရန် သူမထံမှ ထွက်လာကြလော့။-
Reve BurCBCM 18:5  အကြောင်းမူကား သူမ၏အပြစ်များသည် မိုးထိမြင့်အောင် စုပုံနေလေပြီ။ ဘုရားသခင်သည်လည်း သူမ၏မကောင်းမှုများကို မှတ်သားထားတော်မူလေပြီ။-
Reve BurCBCM 18:6  သင့်ကို သူမဆက်ဆံခဲ့သည့်အတိုင်း သူမကို ပြန်လည်ဆက်ဆံလော့။ သူမပြုမူခဲ့သော လုပ်ရပ်များအတွက် သူမကို နှစ်ဆပြန်၍ပေးကြလော့။ သူမ ရောစပ်ခဲ့သည့်ခွက်ထဲတွင် သူမအတွက် နှစ်ဆပြင်းအောင်ရောစပ်၍ သူမအား ပေးကြလော့။-
Reve BurCBCM 18:7  သူမသည် မိမိကိုယ်ကို ဂုဏ်ဖော်ဝါကြွား၍ မကောင်းမှု၌ ဖောက်ပြားခဲ့သည့်အတိုင်း သင်တို့သည် ညီမျှသောဒုက္ခ ဆင်းရဲခြင်းနှင့် ငိုကြွေးခြင်းတို့ကို သူမ၌ သက်ရောက် စေကြလော့။ အဘယ်ကြောင့်ဆိုသော် သူမက ငါသည် မိဖုရားဖြစ်၏၊ မုဆိုးမ မဟုတ်၊ ငိုကြွေးခြင်းကို မည်သည့်အခါမျှ ငါမြင်ရလိမ့်မည်မဟုတ်ဟု မိမိ၏စိတ်နှလုံးထဲ၌ ဆိုသောကြောင့်ဖြစ်၏။-
Reve BurCBCM 18:8  ထို့ကြောင့် သူမ၏ဘေးဒုက္ခများဖြစ်သော ကပ်ရောဂါ၊ ဝမ်းနည်းငိုကြွေးခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းတို့သည် တစ်နေ့တည်းတွင် စုပြုံရောက်ရှိလာကြလိမ့်မည်။ သူမသည် မီးရှို့ခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူမကို စီရင်တော်မူသော ထာ၀ရအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်တည်း ဟုဆိုသည်ကို ငါကြားရ၏။
Reve BurCBCM 18:9  သူမနှင့်ကာမဂုဏ်ကျူးလွန်၍ ဖောက်ပြန်ခဲ့ကြသော လောကီဘုရင်တို့သည် သူမကိုလောင်ကျွမ်းရာမှ ထွက်သော မီးခိုးများကို မြင်ကြသောအခါ သူမအတွက် ငိုကြွေးပူဆွေးကြလိမ့်မည်။-
Reve BurCBCM 18:10  သူတို့သည် သူမခံထမ်းရသည့် ပြင်းထန်သောဝေဒနာကို ကြောက်ရွံ့ကြ၍ အဝေးမှရပ်နေလျက် ဆိုကြသည်ကား အိုအသင်မြို့တော်ကြီး၊ သင်သည် အဖြစ်ဆိုးလှပါသည်တကား။ အင်အားကြီးမားသော ဘာဘီလွန်မြို့တော်၊ သင်သည် တစ်နာရီအချိန်အတွင်း သင်၏အပြစ်ဒဏ်ကို ခံရလေပြီဟူ၍ဖြစ်၏။
Reve BurCBCM 18:11  ကမ္ဘာတစ်ဝန်းမှ ကုန်သည်များသည်လည်း မိမိတို့၏ကုန်ပစ္စည်းများကို ဝယ်ယူမည့်သူမရှိသောကြောင့် ဝမ်းနည်းငိုကြွေးကြ လေ၏။-
Reve BurCBCM 18:12  သူတို့၏ကုန်ပစ္စည်းများမှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ ပိတ်ချောများ၊ ကတ္တီပါ များ၊ ပိုးထည်များ၊ အနီရောင်ဝတ်ရုံများ၊ သစ်မွှေးများ၊ ဆင်စွယ်ပစ္စည်းအမျိုးမျိုး၊ အဖိုးထိုက်သောသစ်၊ ကြေးဝါ၊ သံနှင့် ကျောက်ဖြူစသည်တို့ဖြင့် ပြုလုပ်ထားသော ပစ္စည်းတန်ဆာများ၊-
Reve BurCBCM 18:13  သစ်ကြပိုး၊ ဟင်းခတ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ မုရန်အစေး၊ လော်ဗန်၊ စပျစ်ရည်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲ၊ နွား၊ သိုး၊ မြင်း၊ စစ်ရထားနှင့် လူသားကျွန်များဖြစ်ကြ၏။
Reve BurCBCM 18:14  သင်၏စိတ်နှလုံး၌ မျှော်မှန်းတမ်းတသောအသီးအပွင့်သည် သင့်ထံမှပျောက်ကွယ်သွားလေပြီ။ သင်၏ သိမ်မွေ့လှသော ဂုဏ်အရှိန်အဝါတို့သည်လည်း ပျောက်ဆုံးကြလေပြီ။ ထိုအရာများကို နောက်တစ်ဖန်သင်ပြန် တွေ့ရတော့မည်မဟုတ်။-
Reve BurCBCM 18:15  သူမကို အမှီပြု၍ ထိုကုန်ပစ္စည်းများကို ရောင်းဝယ်ခြင်းအားဖြင့် ချမ်းသာကြွယ်၀လာသော ကုန်သည်များသည် သူမခံစားရသော ပြင်းထန်သည့်ဝေဒနာကို ကြောက်ရွံ့သောကြောင့် အဝေး၌ရပ်နေကြလျက် ကျယ်လောင်စွာ ငိုကြွေးမြည်တမ်းကြသည်မှာ၊-
Reve BurCBCM 18:16  နူးညံ့ချောမွေ့သော ခရမ်းရောင်နှင့် အနီရောင်အဝတ်များကို ဝတ်ဆင်ထား၍ ရွှေ၊ ကျောက်မျက်ရတနာ၊ ပုလဲ တန်ဆာတို့ဖြင့် ဆင်ယင်ထားသောမြို့တော်ကြီး၊ သင်သည် အဖြစ်ဆိုးလှပါသည်တကား။-
Reve BurCBCM 18:17  သင်၏ကြွယ်၀ချမ်းသာမှု အားလုံးသည် တစ်နာရီအတွင်း ပျက်စီးဆုံးရှုံးသွားလေပြီ ဟုဆိုကြလိမ့်မည်။ အားလုံးသော ရေယာဉ်မှူးများ၊ ပင်လယ်ခရီးသည်များ၊ သင်္ဘောသားများ၊ ရေကြောင်းဖြင့် ကုန်သွယ်မှုပြုသောသူများတို့သည် အဝေးကရပ်နေလျက်၊-
Reve BurCBCM 18:18  သူမကို လောင်ကျွမ်းနေသော မီးမှမီးခိုးများကိုမြင်ကြ၍ ကြွေးကြော်ကြသည်မှာ ဤကဲ့သို့ကြီးကျယ်ခမ်းနားသော မြို့တော်ကြီးနှင့်တူသောမြို့ အဘယ်မှာရှိသနည်းဟုဆိုကြ၏။-
Reve BurCBCM 18:19  ထို့နောက် သူတို့သည် မြေမှုန့်များကို မိမိတို့၏ဦးခေါင်းပေါ်သို့ ကြဲဖြန့်လျက် ငိုကြွေးမြည်တမ်းကြသည်မှာ ပင်လယ်တွင် သွားလာသော သင်္ဘောများကို ပိုင်ဆိုင်သောသူတို့အား သင်၏စည်းစိမ်ဥစ္စာတို့ဖြင့် ကြီးပွားစေသည့်မြို့တော်ကြီး၊ သင်သည် အဖြစ်ဆိုးလှပေသည်တကား။ တစ်နာရီအတွင်း သင်၌ရှိသမျှတို့သည် ပျက်စီးဆုံးရှုံးရလေပြီတကားဟု ဆိုကြ၏။
Reve BurCBCM 18:20  အို ကောင်းကင်၊ အို သူတော်သူမြတ်တို့၊ တမန်တော်ကြီးများနှင့် ပရောဖက်တို့၊ ထိုမြို့ပျက်စီးသွားသည့်အတွက် ဝမ်းမြောက် ရွှင်လန်းကြပါလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့အတွက် သူမကို တရားစီရင်တော်မူလေပြီ။
Reve BurCBCM 18:21  ထို့နောက် ခွန်အားကြီးသော ကောင်းကင်တမန်တော်တစ်ပါးသည် ကြီးမားသည့် ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်တုံးတစ်တုံးကို ပင်လယ်အတွင်းသို့ ပစ်ချပြီးလျှင် ဘာဘီလွန်မြို့ကြီးသည်လည်း ဤနည်းတူ ကြမ်းတမ်းစွာ ပစ်ချခံရလျက် နောက်တစ်ဖန် သူမကို ပြန်တွေ့ရလိမ့်မည်မဟုတ်။-
Reve BurCBCM 18:22  စောင်းတီးသူများ၊ သီချင်းသီဆိုသူများ၊ ပုလွေမှုတ်သူများ၊ တံပိုးခရာမှုတ်သူများ၏အသံကို နောက်တစ်ဖန် သင်၌ကြားရ လိမ့်မည်မဟုတ်။ မည်သည့်လက်မှုပညာရှင် တစ်ယောက်ကိုမျှ သင်၌တွေ့ရတော့မည်မဟုတ်။ ကြိတ်ဆုံကျောက်၏ အသံကိုလည်း နောက်တစ်ဖန် သင်၌ကြားရလိမ့်မည်မဟုတ်။-
Reve BurCBCM 18:23  ဆီမီးခွက်၏ အလင်းရောင်ကိုလည်း သင်၌မြင်ရတော့မည်မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့် သတို့သမီးတို့၏ အသံကိုလည်း သင်၌ မည်သည့်အခါမျှ ကြားရတော့မည်မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်တို့သည် ကမ္ဘာပေါ်တွင် ဩဇာအာဏာ ကြီးမားသူများဖြစ်ကြပြီး လူမျိုးတကာတို့သည်လည်း သင်၏စုန်းကဝေအတတ်ဖြင့် လှည့်ဖြားခြင်းကို ခံကြရလေပြီ။-
Reve BurCBCM 18:24  သူမ၌ ပရောဖက်များနှင့် သူတော်သူမြတ်တို့၏ သွေးကိုလည်းကောင်း၊ ကမ္ဘာပေါ်၌အသတ်ခံရသော သူတို့၏သွေးကို လည်းကောင်း တွေ့ရသောကြောင့် ဖြစ်သည်ဟုဆိုလေ၏။
Chapter 19
Reve BurCBCM 19:1  ထို့နောက် ကောင်းကင်ရှိ မြောက်မြားလှသော လူပရိသတ်ကြီး၏အသံကဲ့သို့ ကျယ်လောင်သည့်အသံကို ငါကြားရ၏။ ထိုအသံက အာလေလုယာ၊ ကယ်တင်တော်မူခြင်း၊ ဘုန်းဂုဏ်တော်နှင့် တန်ခိုးအာနုဘော်တော်တို့ကို ငါတို့၏ဘုရားသခင် ပိုင်ဆိုင်တော်မူ၏။-
Reve BurCBCM 19:2  အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် ဖြောင့်မတ်မှန်ကန်၍ တရားမျှတသောကြောင့်ဖြစ်၏။ ကိုယ်တော်သည် ကာမဂုဏ်ကျူးလွန်သော အပြစ်များဖြင့် ကမ္ဘာမြေကြီးအား စာရိတ္တယိုယွင်းစေခဲ့သော ပြည့်တန်ဆာမကြီးကို ဒဏ်ခတ်တော်မူ၏။ မိမိအစေခံတို့၏အသွေးအတွက် ကိုယ်တော်သည် သူမကို အပြစ်ဒဏ်ခတ်တော်မူလေပြီဟုဆိုလေ၏။-
Reve BurCBCM 19:3  တစ်ဖန် သူတို့က အာလေလုယာ၊ သူမကိုလောင်ကျွမ်း၍ ထွက်လာသော မီးခိုးတို့သည် အထက်သို့ အစဉ်ထာ၀ရ လွင့်တက်လျက်ရှိလေသည်ဟု ကြွေးကြော်ကြ၏။-
Reve BurCBCM 19:4  သက်ကြီးဝါကြီးနှစ်ဆယ့်လေးဦးနှင့် သက်ရှိသတ္တဝါလေးဦးတို့သည်လည်း ပလ္လင်တော်ပေါ်တွင် စံပယ်တော်မူသော ဘုရားသခင်အား ပျပ်ဝပ်ရှိခိုးကြလျက် အာမင်၊ အာလေလုယာဟု ရွတ်ဆိုကြလေ၏။-
Reve BurCBCM 19:5  ထိုအခါ ပလ္လင်တော်ပေါ်မှ အသံတစ်ခုထွက်ပေါ်လာပြီးလျှင် ဘုရားသခင်၏ အစေခံအပေါင်းတို့နှင့် ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသူ ကြီးငယ်အပေါင်းတို့၊ ငါတို့၏ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့ဟု ကြွေးကြော်လေ၏။-
Reve BurCBCM 19:6  ထို့နောက် များစွာသောလူပရိသတ်ကြီး၏ အသံဖြစ်ဟန်ရှိ၍ ရေများစွာစီးဆင်းသံနှင့် ပြင်းထန်သော မိုးထစ်ချုန်းသံများကဲ့သို့ သောအသံကို ငါကြားရပြီး ထိုအသံက အာလေလုယာ၊ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာ၀ရအရှင် ငါတို့၏ ဘုရားသခင်သည် စိုးစံတော်မူလေပြီ။-
Reve BurCBCM 19:7  ဝမ်းမြောက်ရွှင်လန်းကြ၍ ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းထောမနာပြု ကြကုန်စို့။ အကြောင်းမူကား သိုးငယ်တော် ၏ မင်္ဂလာပွဲအချိန်ကျရောက်လေပြီ။ သိုးငယ်တော်၏ မင်္ဂလာသတို့သမီးသည်လည်း မိမိကိုယ်ကို အသင့်ပြင်ဆင်ထားလေပြီ။-
Reve BurCBCM 19:8  သူမဝတ်ဆင်စေရန် ဖြူစင်တောက်ပသော ပိတ်ချောထည်ကို ပေးထားပြီးဖြစ်သည်ဟုဆိုလေ၏။ အကြောင်းမူကား ထိုပိတ်ချောထည်သည် သူတော်သူမြတ်တို့၏ ဖြောင့်မတ်သော ကျင့်စဉ်များဖြစ်သောကြောင့်တည်း။
Reve BurCBCM 19:9  တစ်ဖန် ကောင်းကင်တမန်တော်က ငါ့အားဆိုသည်မှာ ဤအရာကို ရေးမှတ်လော့။ သိုးငယ်တော်၏ မင်္ဂလာညစာ စားပွဲတော်သို့ ဖိတ်ခေါ်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ ဤသည်ကား ဘုရားသခင်၏ စစ်မှန်သော နှုတ်တော်ထွက် စကားများပေတည်း ဟူ၍ဖြစ်၏။-
Reve BurCBCM 19:10  ထိုအခါ ငါသည် သူ့ကိုရှိခိုးရန် သူ၏ခြေရင်း၌ပျပ်ဝပ်လျှင် သူက ဤသို့မပြုလေနှင့်၊ ငါသည် သင်နှင့်သင်၏ ညီအစ်ကိုများကဲ့သို့ ယေဇူးကို သက်သေခံသော လုပ်ဖော်ကိုင်ဖက် အစေခံတစ်ဦးသာဖြစ်၏။ ဘုရားသခင်တစ်ပါးတည်းကိုသာ ရှိခိုးကိုးကွယ်လော့ဟု ငါ့အားဆို၏။ အကြောင်းမူကား ယေဇူး၏တရားတော်ကို ဝန်ခံခြင်းသည် ပရောဖက်တို့အား ဟောပြောခြင်းအမှုကို ပြုစေသည့် အကြောင်းရင်းပင်ဖြစ်သတည်း။
Reve BurCBCM 19:11  ထိုအခါ ကောင်းကင်ပွင့်လှစ်လျက်ရှိ၍ မြင်းဖြူတစ်ကောင်ပေါ်လာသည်ကို ငါမြင်ရ၏။ ထိုမြင်းကိုစီးသောသူမှာ သစ္စာသမာဓိရှိသူဟူ၍ အမည်တွင်လေ၏။ သူသည် တရားမျှတစွာစီရင်၍ စစ်ခင်းသောသူဖြစ်၏။-
Reve BurCBCM 19:12  သူ၏မျက်စိများသည် မီးလျှံများကဲ့သို့တောက်ပလျက် သူ၏ခေါင်းပေါ်တွင် သရဖူများစွာ ဆောင်းထား၏။ သူမှတစ်ပါး မည်သူမျှမသိနိုင်သော အမည်ကိုလည်း သူ့အပေါ်၌ ရေးထွင်းထား၏။-
Reve BurCBCM 19:13  သူသည် သွေးတွင်နှစ်ထားသော ဝတ်ရုံကိုဆင်မြန်းထား၍ သူ့ကို ဘုရားသခင်၏ နှုတ်တော်ထွက်စကားဟူ၍ ခေါ်ဆိုကြ လေ၏။-
Reve BurCBCM 19:14  ဖြူစင်သောပိတ်ချောထည်များကို ဝတ်ဆင်ထားသည့် ကောင်းကင်ဗိုလ်ခြေစစ်သည် အပေါင်းတို့သည်လည်း မြင်းဖြူများကိုစီးလျက် သူ၏နောက်မှလိုက်ကြ၏။-
Reve BurCBCM 19:15  တိုင်းနိုင်ငံတို့ကို ဖြိုခွင်းနှိမ်နင်းရန်အတွက် သူ၏ခံတွင်းမှထက်သော ဓားတစ်လက်ထွက်ပေါ်လာ၏။ သူသည် ထိုသူတို့ကို သံတောင်ဝှေးဖြင့် အုပ်စိုးလိမ့်မည်။ သူသည် အနန္တတန်ခိုးတော်ရှင် ဘုရားသခင်၏ အမျက်တော်တည်းဟူသော စပျစ်သီးညှစ်ရာ ကျင်းတွင် စပျစ်သီးများကို နင်းချေလိမ့်မည်။-
Reve BurCBCM 19:16  သူ၏ဝတ်ရုံနှင့် သူ၏ပေါင်ပေါ်တွင် ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟူသော အမည်နာမကို ရေးထားလျက်ရှိ၏။
Reve BurCBCM 19:17  ထို့နောက် နေထဲ၌ရပ်နေသော ကောင်းကင်တမန်တော်တစ်ပါးကို ငါမြင်ရ၏။ သူသည် ကောင်းကင်ယံ၌ ပျံသန်းနေသော ငှက်အပေါင်းတို့ကို ကျယ်လောင်သောအသံဖြင့် ခေါ်လျက်လာကြလော့၊ ဘုရားသခင်၏ စားပွဲတော်ကြီးသို့ လာရောက် စုရုံးကြလော့။-
Reve BurCBCM 19:18  သင်တို့သည် ဘုရင်တို့၏အသား၊ စစ်သူကြီးများနှင့် သူရဲကောင်းတို့၏အသား၊ မြင်းများနှင့် မြင်းစီးသူရဲတို့၏အသား၊ လွတ် လပ်သူနှင့် ကျွန်တို့၏အသား၊ ကြီးသူနှင့်ငယ်သူတို့၏ အသားများကို စားကြရလိမ့်မည်ဟုဆိုလေ၏။
Reve BurCBCM 19:19  ထိုအခါ သတ္တဝါကြီးနှင့် ကမ္ဘာပေါ်ရှိဘုရင်များသည် သူတို့၏စစ်တပ်များနှင့်တကွစုရုံး၍ မြင်းစီးသောအရှင်နှင့် သူ၏စစ်တပ်အား တိုက်ခိုက်ရန် ပြင်ဆင်ကြသည်ကို ငါမြင်ရ၏။-
Reve BurCBCM 19:20  ထို့နောက် သတ္တဝါကြီးနှင့်အတူ ၎င်း၏ရှေ့မှောက်တွင် လှည့်ဖြားသောနိမိတ်လက္ခဏာများကို ပြုလုပ်ခဲ့သော ပရောဖက် အတုအယောင်သည်လည်း ဖမ်းဆီးခြင်းခံရ၏။ ထိုပရောဖက်အတုအယောင်သည်ကား သတ္တဝါကြီး၏ အမှတ်တံဆိပ်ကို ခံယူ၍ ၎င်း၏ရုပ်တုကို ရှိခိုးကိုးကွယ်သူများအား နိမိတ်လက္ခဏာများအားဖြင့် လှည့်ဖြားခဲ့သောသူပင်ဖြစ်၏။ ထိုသူနှစ်ဦးစလုံးသည် တောက်လောင်နေသော ကန့်မီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်း ခံရကြ၏။-
Reve BurCBCM 19:21  ကြွင်းကျန်သောသူတို့မူကား မြင်းဖြူစီးသော အရှင်၏ခံတွင်းမှ ထွက်လာသောဓားဖြင့် သုတ်သင်ခြင်းခံကြရ၍ ငှက်အပေါင်းတို့သည် ထိုသူတို့၏အသားများကို ၀လင်စွာစားသောက်ကြ၏။
Chapter 20
Reve BurCBCM 20:1  ထို့နောက် ကောင်းကင်တမန်တော်တစ်ပါးသည် အဆုံးမရှိနက်ရှိုင်းလှသော တွင်းကြီး၏သော့နှင့် ကြီးမားလှသော သံကြိုးတစ်ချောင်းကိုကိုင်လျက် ကောင်းကင်မှဆင်းလာသည်ကို ငါမြင်ရ၏။-
Reve BurCBCM 20:2  သူသည် စာတန်နတ်ဆိုးတည်းဟူသော ရှေးမြွေနဂါးကြီးကို ဖမ်းဆီးပြီးလျှင် နှစ်ပေါင်းတစ်ထောင်တိုင်အောင် ချုပ်နှောင်၍၊-
Reve BurCBCM 20:3  ၎င်းကို တွင်းနက်ကြီးထဲသို့ ပစ်ချပြီး နှစ်ပေါင်းတစ်ထောင် ကြာသည့်တိုင်အောင် တိုင်းနိုင်ငံတို့အား လှည့်ဖြား နှောင့်ယှက်ခြင်း မပြုလုပ်နိုင်ရန် တွင်းတံခါးကိုပိတ်၍ တံဆိပ်ခတ်နှိပ်ထားလေ၏။ နှစ်ပေါင်းတစ်ထောင်ပြည့်ပြီးလျှင် နဂါးကြီးသည် ခေတ္တလွှတ်ပေးခြင်း ခံရလိမ့်မည်။
Reve BurCBCM 20:4  ထို့နောက် ငါသည် ပလ္လင်များကိုမြင်ရ၍ တရားစီရင်ပိုင်ခွင့်အာဏာကို ရရှိထားသောသူတို့သည် ထိုပလ္လင်များပေါ်တွင် ထိုင်နေကြ၏။ ထို့အတူ ယေဇူးကိုသက်သေခံ၍ ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ဟောပြောခြင်းကြောင့် ဦးခေါင်းဖြတ် ခံရသောသူများ၏ ဝိညာဉ်များကိုလည်းကောင်း၊ သတ္တဝါကြီးနှင့် ၎င်း၏ရုပ်တုကို ရှိခိုးကိုးကွယ်ခြင်းမပြုကြဘဲ မိမိတို့၏ နဖူးများနှင့်လက်များပေါ်၌ သတ္တဝါကြီး၏အမှတ်တံဆိပ်ကို ခတ်နှိပ်ထားခြင်းမရှိကြသော သူတို့၏ဝိညာဉ်များကိုလည်းကောင်း ငါမြင်ရ၏။ သူတို့သည် အသက်ပြန်ရှင်လာကြပြီး ခရစ်တော်နှင့်အတူ နှစ်ပေါင်းတစ်ထောင်စိုးစံကြ၏။-
Reve BurCBCM 20:5  သေလွန်သူတို့ထဲမှ ကြွင်းကျန်နေသောသူတို့သည် နှစ်ပေါင်းတစ်ထောင်ကုန်သည်အထိ အသက်ပြန်မရှင်ကြပေ။ ဤသည်ကား ပထမအကြိမ် ရှင်ပြန်ထမြောက်ခြင်းဖြစ်သတည်း။-
Reve BurCBCM 20:6  ပထမအကြိမ်ရှင်ပြန်ထမြောက်ခြင်း၌ ပါဝင်ခံစားရသောသူသည် မင်္ဂလာရှိ၍ သန့်ရှင်းမြင့်မြတ်သောသူဖြစ်၏။ ဒုတိယ သေခြင်းသည် ထိုသူတို့အပေါ်၌ လွှမ်းမိုးခြင်းမရှိပေ။ သူတို့မူကား ဘုရားသခင်နှင့် ခရစ်တော်၏ ရဟန်းများဖြစ်ကြ၍ ကိုယ်တော်နှင့်အတူ နှစ်ပေါင်းတစ်ထောင် စိုးစံကြလိမ့်မည်။
Reve BurCBCM 20:7  နှစ်ပေါင်းတစ်ထောင် ကုန်ဆုံးသောအခါ စာတန်သည် သူ၏အကျဉ်းထောင်မှလွှတ်ပေးခြင်းခံရ၍၊-
Reve BurCBCM 20:8  ဂေါ့ပြည်နှင့် မာဂေါ့ပြည်ဟုခေါ်သော ကမ္ဘာ့အရပ်လေးမျက်နှာမှ တိုင်းနိုင်ငံတို့ကို လှည့်ဖြား၍ စစ်ပွဲအတွက် စုရုံးလိမ့်မည်။ သူတို့၏အရေအတွက်သည်ကား ပင်လယ်ကမ်းခြေမှ သဲပွင့်များကဲ့သို့များပြားလေ၏။-
Reve BurCBCM 20:9  သူတို့သည် ကမ္ဘာပေါ်ရှိ နေရာအနှံ့အပြားကိုဖြတ်၍ ချီတက်လာကြပြီးလျှင် သူတော်သူမြတ်တို့၏စခန်းနှင့် နှစ်သက်မြတ်နိုး ဖွယ်သော မြို့တော်ကို ဝန်းရံထားကြ၏။ သို့သော် ကောင်းကင်ရှိ ဘုရားသခင်ထံမှ မီးကျလာပြီးလျှင် သူတို့ကို လောင်ကျွမ်းလေ၏။-
Reve BurCBCM 20:10  သူတို့အား လှည့်ဖြားသွေးဆောင်ခဲ့သော နတ်ဆိုးသည်လည်း သတ္တဝါကြီးနှင့် ပရောဖက်အတုအယောင်တို့ရှိနေသည့် ကန့်မီးအိုင်ထဲသို့ ပစ်ချခြင်းခံရလေ၏။ သူတို့သည် ထိုနေရာတွင် နေ့ညမပြတ်၊ အစဉ်ထာ၀ရ ညှဉ်းပန်းနှိပ်စက်ခြင်း ခံကြရလိမ့်မည်။
Reve BurCBCM 20:11  ထို့နောက် ငါသည် အဖြူရောင်ပလ္လင်ကြီးတစ်ခုနှင့် ထိုပလ္လင်အပေါ်တွင် စံပယ်တော်မူသောအရှင်ကို မြင်ရ၏။ ကမ္ဘာမြေကြီးနှင့် ကောင်းကင်သည် ထိုအရှင်၏ရှေ့တော်မှောက်မှ ပျောက်ကွယ်သွားပြီး ယင်းတို့အတွက်လည်း နေရာမရှိတော့ချေ။-
Reve BurCBCM 20:12  ထို့နောက် သေလွန်သူ ကြီးငယ်ဟူသမျှတို့သည် ပလ္လင်တော်ရှေ့တွင်ရပ်နေကြပြီး စာအုပ်များကိုလည်း ဖွင့်ထားလျက်ရှိသည်ကို ငါမြင်ရ၏။ အသက်မှတ်တမ်းစာအုပ်တည်းဟူသော အခြားစာအုပ်တစ်အုပ်ကိုလည်း ဖွင့်ထားလျက် ရှိ၏။ သေလွန်သောသူတို့သည် မိမိတို့လုပ်ဆောင်ခဲ့သည့်အတိုင်း ထိုစာအုပ်တွင် ရေးထားသည်နှင့်အညီ တရားစီရင်ခြင်း ခံကြရ၏။-
Reve BurCBCM 20:13  ပင်လယ်သည် မိမိ၌သေသောသူတို့ကို ထုတ်ပေးလေ၏။ သေမင်းနှင့် သေမင်းနိုင်ငံတို့သည်လည်း မိမိတို့၌ရှိသော သေလွန်သူတို့ကို ထုတ်ပေးကြ၏။ ထိုအခါ ခပ်သိမ်းသောလူတို့သည် မိမိတို့လုပ်ဆောင်ခဲ့သည့်အတိုင်း တရားစီရင်ခြင်း ခံကြရ၏။-
Reve BurCBCM 20:14  ထို့နောက် သေမင်းနှင့် သေမင်းနိုင်ငံတို့သည် မီးအိုင်ထဲသို့ပစ်ချခြင်းခံကြရ၏။ ဤမီးအိုင်သည်ကား ဒုတိယသေခြင်း ပေတည်း။-
Reve BurCBCM 20:15  အသက်မှတ်တမ်းစာအုပ်တွင် အမည်ရေးမှတ်ထားခြင်း မခံရသောသူဟူသမျှသည်လည်း မီးအိုင်ထဲသို့ပစ်ချခြင်းခံရ လေ၏။
Chapter 21
Reve BurCBCM 21:1  ထို့နောက် ကောင်းကင်သစ်နှင့် ကမ္ဘာသစ်ကို ငါမြင်ရ၏။ အကြောင်းမူကား ပထမကောင်းကင်နှင့် ပထမကမ္ဘာသည် ကွယ်ပျောက်သွားခဲ့ပြီး ပင်လယ်သည်လည်း မရှိတော့ချေ။-
Reve BurCBCM 21:2  ဘုရားသခင်စံမြန်းတော်မူရာ ကောင်းကင်မှ သန့်ရှင်းသော ဂျေရုဆလင်မြို့တော်သစ်ကြီးသည် မိမိခင်ပွန်းအတွက် ဆင်မြန်းထားသော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဆင်းသက်လာသည်ကို ငါမြင်ရ၏။-
Reve BurCBCM 21:3  ထို့နောက် ပလ္လင်တော်ပေါ်မှ ကျယ်လောင်သောအသံကို ငါကြားရသည်ကား ကြည့်လော့၊ ဘုရားသခင်စံမြန်းတော်မူရာ အိမ်တော်သည် လူတို့နှင့်အတူရှိ၏။ ကိုယ်တော်သည် လူတို့နှင့်အတူစံမြန်းတော်မူ၍ သူတို့သည် ကိုယ်တော်၏ လူမျိုးတော်ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည်လည်း ကိုယ်တော်တိုင် သူတို့နှင့်အတူ ရှိတော်မူလိမ့်မည်။-
Reve BurCBCM 21:4  ကိုယ်တော်သည် သူတို့၏ မျက်စိများထဲမှ မျက်ရည်ရှိသမျှကို သုတ်ပေးတော်မူလိမ့်မည်။ သေခြင်းသည်လည်း ရှိလိမ့်မည်မဟုတ်။ ဝမ်းနည်း ပူဆွေးခြင်း၊ ငိုကြွေးခြင်းနှင့် နာကျင်ခြင်းများသည်လည်း ရှိကြလိမ့်မည်မဟုတ်။ အကြောင်းမူကား ယခင်ကရှိခဲ့သောအရာတို့သည် ပျောက်ကွယ်သွားကြလေပြီဟူ၍ ဖြစ်သတည်း။
Reve BurCBCM 21:5  ထိုအခါ ပလ္လင်တော်ပေါ်၌ စံနေတော်မူသောအရှင်က ကြည့်လော့၊ ငါသည် အရာခပ်သိမ်းကို အသစ်ဖန်ဆင်းလေပြီ ဟုမိန့်တော်မူ၏။ ထို့ပြင် သူက ဤအရာကို ရေးမှတ်လော့။ အကြောင်းမူကား ဤစကားများမှာ ယုံကြည်ထိုက်၍ မှန်ကန်ကြသည် ဟုမိန့်တော်မူ၏။-
Reve BurCBCM 21:6  ထို့နောက် သူက ဤအရာများသည် ပြီးဆုံးလေပြီ။ ငါသည် အာလ်ဖါနှင့် အိုမီဂါ၊ အစနှင့်အဆုံးဖြစ်တော်မူ၏။ ရေငတ်သော သူအား အသက်၏စမ်းရေမှ ရေကို အဖိုးအခမယူဘဲ ငါပေးမည်။-
Reve BurCBCM 21:7  အောင်မြင်သောသူသည် ဤအမွေတော်ကို ခံစားရလိမ့်မည်။ ငါသည် သူ၏ဘုရားဖြစ်၍ သူသည်လည်း ငါ၏သား ဖြစ်လိမ့်မည်။-
Reve BurCBCM 21:8  သို့ရာတွင် သူရဲဘောနည်းသူများ၊ သစ္စာမဲ့သူများ၊ ညစ်ညူးသောသူများ၊ လူသတ်သမားများ၊ မတရားသောမေထုန်မှီဝဲသူများ၊ စုန်းကဝေများ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်ညာသူများ ရှိသမျှတို့သည် လောင်ကျွမ်းနေသော ကန့်မီးအိုင်ထဲသို့ ရောက်ကြလိမ့်မည်။ ထိုအရာသည်ကား ဒုတိယသေခြင်းပင် ဖြစ်သည်ဟု ငါ့အား မိန့်တော်မူ၏။
Reve BurCBCM 21:9  ထို့နောက် နောက်ဆုံးသော ဘေးဒုက္ခခုနစ်ခုပါသည့် ဖလားခုနစ်လုံးကို ကိုင်ဆောင်ထားသော ကောင်းကင်တမန်တော် ခုနစ်ပါးအနက်မှ တစ်ပါးက လာလော့၊ သိုးငယ်တော်၏ခင်ပွန်းဖြစ်သော သတို့သမီးကို သင့်အား ငါပြမည်ဟု ငါ့အားဆို၏။-
Reve BurCBCM 21:10  ထို့နောက် သူသည် ငါ့ကိုကြီးမား၍ မြင့်သောတောင်ပေါ်သို့ ဝိညာဉ်တော်အားဖြင့် သယ်ဆောင်သွား၍ ဘုရားသခင် စံမြန်းရာ ကောင်းကင်မှဆင်းသက်လာသည့် သန့်ရှင်းသောဂျေရုဆလင်မြို့တော်သစ်ကို ငါ့အားပြလေ၏။-
Reve BurCBCM 21:11  ထိုမြို့တော်ကြီးသည် ဘုရားသခင်၏ ဘုန်းဂုဏ်တော်နှင့်ပြည့်လျက်ရှိရာ ရှားပါးသော နဂါးသွဲ့ကျောက်ကဲ့သို့ တောက်ပ၍ သလင်းကျောက်ကဲ့သို့ ကြည်လင်၏။-
Reve BurCBCM 21:12  ထိုမြို့တော်ကြီး၏မြို့ရိုးသည် မြင့်၍ကြီးမားပြီး ၎င်း၌ တံခါးပေါက် တစ်ဆယ့်နှစ်ပေါက်ရှိ၏။ ထိုတံခါးပေါက်တစ်ခုစီတွင် ကောင်းကင်တမန်တော်တစ်ပါးစီရှိ၍ တံခါးပေါက်များပေါ်၌ အစ္စရာအဲလ်လူမျိုး တစ်ဆယ့်နှစ်မျိုး၏ အမည်နာမများကို ရေးထိုး ထားလျက်ရှိ၏။-
Reve BurCBCM 21:13  အရှေ့ဘက်၌ တံခါးသုံးပေါက်၊ မြောက်ဘက်၌ တံခါးသုံးပေါက်၊ တောင်ဘက်၌ တံခါးသုံးပေါက်၊ အနောက်ဘက်၌ တံခါးသုံးပေါက်ရှိ၏။-
Reve BurCBCM 21:14  မြို့တော်၏မြို့ရိုးတွင် အုတ်မြစ် တစ်ဆယ့်နှစ်ခုရှိပြီး ယင်းတို့အပေါ်တွင် သိုးငယ်တော်၏ တမန်တော်ကြီး တစ်ဆယ့်နှစ်ပါးတို့၏ အမည်များကို ရေးထိုးထားလျက်ရှိ၏။
Reve BurCBCM 21:15  ငါ့ကို စကားပြောသောသူ၏လက်ထဲတွင် မြို့တော်ကြီးနှင့်အတူ ယင်း၏မြို့ရိုးများနှင့် တံခါးပေါက်များကို တိုင်းတာရန် ရွှေပေတံတစ်ချောင်းပါရှိ၏။-
Reve BurCBCM 21:16  မြို့တော်ကြီး၏ မြို့ပြပုံစံသည် အနားလေးဘက်ညီစတုရန်းပုံဖြစ်၏။ သူသည်လည်း မြို့တော်ကြီးကို သူ၏ပေတံနှင့် တိုင်းတာရာ အကျယ်အဝန်းမှာ စတုရန်းမိုင်တစ်ထောင့်ငါးရာခန့်ရှိ၍ ၎င်း၏အလျား၊ အနံ၊ အမြင့်တို့သည် တူညီကြ၏။-
Reve BurCBCM 21:17  သူသည် ၎င်း၏မြို့ရိုးကိုလည်း တိုင်းတာရာ ကောင်းကင်တမန်အသုံးပြုသည့် လူတို့၏အတိုင်းအတာအရ တစ်ရာ လေးဆယ့်လေးတောင်အမြင့်ရှိ၏။-
Reve BurCBCM 21:18  မြို့ရိုးမှာ နဂါးသွဲ့ကျောက်နှင့် တည်ဆောက်ထားခြင်းဖြစ်ပြီး မြို့တော်ကြီးမှာလည်း ဖန်သားကဲ့သို့ ကြည်လင်သော ရွှေစင်ဖြင့် တည်ဆောက်ထားခြင်းဖြစ်၏။-
Reve BurCBCM 21:19  မြို့တော်ကြီး၏ မြို့ရိုးအုတ်မြစ်များကို ကျောက်မျက်ရတနာတစ်မျိုးစီဖြင့် စီချယ်ထား၏။ ပထမအုတ်မြစ်မှာ နဂါးသွဲ့ကျောက်၊ ဒုတိယအုတ်မြစ်မှာ နီလာ၊ တတိယအုတ်မြစ်မှာ မဟူရာ၊ စတုတ္ထအုတ်မြစ်မှာ မြကျောက်၊-
Reve BurCBCM 21:20  ပဉ္စမအုတ်မြစ်မှာ မဟူရာကြောင်ကျောက်၊ ဆဋ္ဌမအုတ်မြစ်မှာ ပတ္တမြားကျောက်၊ သတ္တမအုတ်မြစ်မှာ ဂေါတံကျောက်၊ အဋ္ဌမအုတ်မြစ်မှာ မျက်ရွဲကျောက်၊ န၀မအုတ်မြစ်မှာ ဥဿဖယားကျောက်၊ ဒသမအုတ်မြစ်မှာ မဟူရာစိမ်းကျောက်၊ ဧကဒသမအုတ်မြစ်မှာ စိမ်းပြာကျောက်၊ ဒွါဒသမအုတ်မြစ်မှာ ဂေါ်မုတ်ကျောက်စသည် တို့ဖြစ်ကြ၏။-
Reve BurCBCM 21:21  မြို့တံခါးပေါက်တစ်ပေါက်လျှင် ပုလဲတစ်လုံးစီဖြင့် ပြုလုပ်ထားသဖြင့် မြို့တံခါးပေါက် တစ်ဆယ့်နှစ်ပေါက်တို့သည် ပုလဲတစ်ဆယ့်နှစ်လုံး ဖြစ်ကြ၏။ မြို့တော်၏လမ်းတို့ကိုလည်း ဖန်သားကဲ့သို့ ကြည်လင်သောရွှေစင်ဖြင့် ပြုလုပ်ထားကြလေ၏။
Reve BurCBCM 21:22  ထိုမြို့တော်ကြီးထဲတွင် ဗိမာန်တော်ကို ငါမတွေ့ရပေ။ အကြောင်းမူကား အနန္တတန်ခိုးတော်ရှင် ထာ၀ရဘုရားသခင်နှင့် သိုးငယ်တော်သည် မြို့တော်၏ဗိမာန်တော်ပင်ဖြစ်သောကြောင့်တည်း။-
Reve BurCBCM 21:23  ဘုရားသခင်၏ ဘုန်းဂုဏ်တော်သည် မြို့တော်၏အလင်းဖြစ်၍ သိုးငယ်တော်သည် မြို့တော်၏ ဆီမီးဖြစ်သောကြောင့် မြို့တော်ကြီးကို အလင်းပေးရန် နေနှင့်လတို့ကို မလိုအပ်ချေ။-
Reve BurCBCM 21:24  လူမျိုးအပေါင်းတို့သည် မြို့တော်ကြီး၏အလင်း၌ လျှောက်လှမ်းကြလိမ့်မည်။ ကမ္ဘာပေါ်ရှိဘုရင်များသည်လည်း မိမိတို့၏ ဘဏ္ဍာများကို ထိုမြို့တော်ကြီးထဲသို့ ယူဆောင်လာကြလိမ့်မည်။-
Reve BurCBCM 21:25  မြို့တံခါးတို့ကို တစ်နေ့လုံးဖွင့်ထားလိမ့်မည်။ ထိုအရပ်၌ ညဟူ၍ ရှိလိမ့်မည်မဟုတ်။-
Reve BurCBCM 21:26  လူမျိုးအပေါင်းတို့သည် မိမိတို့၏ဘုန်းကျက်သရေနှင့် ဂုဏ်သိက္ခာတို့ကို မြို့တော်ကြီးထဲသို့ ယူဆောင်လာကြလိမ့်မည်။-
Reve BurCBCM 21:27  သို့ရာတွင် ညစ်ညူးသောအရာများသည် မြို့တော်ကြီးထဲသို့ ဝင်ရလိမ့်မည်မဟုတ်။ ထို့အတူ စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ပြုလုပ်သောသူနှင့် လိမ်လည်သောသူတို့သည်လည်း မြို့တော်ကြီးထဲသို့ ဝင်ရလိမ့်မည်မဟုတ်။ သိုးငယ်တော်၏ အသက်မှတ်တမ်းစာအုပ်တွင် အမည်ရေးမှတ် ခြင်းခံရသော သူတို့သာလျှင် မြို့တော်ကြီးအတွင်းသို့ဝင် ကြရလိမ့်မည်။
Chapter 22
Reve BurCBCM 22:1  ထို့နောက် ကောင်းကင်တမန်တော်သည် ငါ့အား ဘုရားသခင်နှင့် သိုးငယ်တော်၏ပလ္လင်တော်မှ စီးဆင်းလာသည့် သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပသော အသက်ရေ၏မြစ်ကို ပြလေ၏။-
Reve BurCBCM 22:2  ထိုမြစ်သည် မြို့တော်လမ်းအလယ်တစ်လျှောက် စီးဆင်းလေ၏။ မြစ်ကမ်းတစ်ဖက်တစ်ချက်စီတွင်လည်း မိမိ၏အသီး တစ်ဆယ့်နှစ်မျိုးကို လစဉ်တစ်မျိုးစီသီးပေးသော အသက်ပင်ရှိ၏။ ထိုအပင်၏အရွက်များသည် လူမျိုးအပေါင်းတို့၏ အနာရောဂါပျောက်ကင်းစေရန်အတွက်ဖြစ်၏။-
Reve BurCBCM 22:3  ကျိန်ဆိုခြင်းခံရသောအရာ တစ်စုံတစ်ခုမျှ ထိုအရပ်တွင် ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်နှင့် သိုးငယ်တော်၏ ပလ္လင်တော်သာလျှင် ထိုမြို့၌ တည်ရှိမည်ဖြစ်၍ ကိုယ်တော်၏အစေခံတို့သည် ကိုယ်တော့်ကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။-
Reve BurCBCM 22:4  သူတို့သည် ကိုယ်တော်၏မျက်နှာတော်ကို ဖူးမြင်ရ၍ သူတို့၏နဖူးများပေါ်တွင် ကိုယ်တော်၏နာမတော်ကို ရေးထိုးထားလိမ့်မည်။-
Reve BurCBCM 22:5  ထိုမြို့၌ ညအချိန် ရှိလိမ့်မည်မဟုတ်။ သူတို့သည် ဆီမီး၊ သို့မဟုတ် နေမှ အလင်းရောင်ကိုလည်း လိုအပ်ကြလိမ့်မည်မဟုတ်။ အကြောင်းမူကား ထာ၀ရအရှင် ဘုရားသခင်သည် သူတို့၏ အလင်းဖြစ်တော်မူလိမ့်မည်။ သူတို့သည်လည်း ကာလ အဆက်ဆက် အုပ်စိုးကြလိမ့်မည်။
Reve BurCBCM 22:6  ထို့နောက် ကောင်းကင်တမန်တော်က ငါ့အား ဤစကားများသည် မှန်ကန်သောသစ္စာစကားများ ဖြစ်ကြ၏။ ပရောဖက်တို့အား လှုံ့ဆော်တော်မူသည့်ဘုရား သခင်တည်းဟူသော ထာ၀ရဘုရားသခင်သည် မကြာမီ ဖြစ်လတ္တံ့သော အကြောင်းအရာများကို မိမိ၏အစေခံတို့ အားဖော်ပြရန် ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။-
Reve BurCBCM 22:7  ကြည့်လော့၊ ငါသည် မကြာမီကြွလာမည် ဟုဆိုလေ၏။ ဤကျမ်းစောင်၏ဗျာဒိတ်စကားတို့ကို လိုက်နာ စောင့်ထိန်းသောသူသည် မင်္ဂလာရှိ၏။
Reve BurCBCM 22:8  ငါယောဟန်သည်ကား ဤအဖြစ်အပျက်များကို မြင်ခဲ့ကြားခဲ့ရသောသူဖြစ်၏။ ငါသည် ဤအကြောင်းအရာများကို မြင်ရကြားရသောအခါ ယင်းတို့ကို ငါ့အားပြသသော ကောင်းကင်တမန်တော်ကို ရှိခိုးကိုးကွယ်ရန် သူ၏ခြေရင်း၌ ပျပ်ဝပ်လိုက်လေ၏။-
Reve BurCBCM 22:9  သို့သော် သူက ဤသို့မပြုနှင့်။ ငါသည် သင်နှင့်သင်၏ညီအစ်ကို ပရောဖက်များနှင့်အတူ ဤကျမ်းစောင်တွင် ပါဝင်သည့် ဗျာဒိတ်တော်များကို လိုက်နာစောင့်ထိန်းကြသော သူတို့၏လုပ်ဖော်ကိုင်ဖက် အစေခံတစ်ဦးမျှသာဖြစ်၏။ ဘုရားသခင်တစ်ပါး တည်းကိုသာ ရှိခိုးကိုးကွယ်လော့ဟု ငါ့အား ဆိုလေ၏။
Reve BurCBCM 22:10  ထို့နောက် သူက ငါ့အား ဆိုသည်ကား ဤကျမ်းစောင်၏ ဗျာဒိတ်စကားတို့ကို ချိပ်ပိတ်မထားလေနှင့်။ အကြောင်းမူကား ဖြစ်ပျက်မည့်အချိန်သည် နီးကပ်လာပြီ။-
Reve BurCBCM 22:11  မကောင်းမှုကိုပြုလုပ်သောသူသည် ထိုမကောင်းမှုကို ဆက်လက်ပြုလုပ်ပါစေ။ ဆိုးညစ်သောသူသည် ဆိုးညစ်သောအမှုကို ဆက်လက်ပြုလုပ်ပါစေ။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်ရာကို ဆက်လက်ဆောင်ရွက်ပါစေ။ သန့်ရှင်းမြင့်မြတ်သူ သည်လည်း ဆက်လက်၍ သန့်ရှင်းမြင့်မြတ်ပါစေဟူ၍ဖြစ်၏။
Reve BurCBCM 22:12  ကြည့်လော့၊ ငါသည် မကြာမီကြွလာမည်။ ငါသည် လူတစ်ဦးစီအား ၎င်းတို့ပြုမူကျင့်ကြံခဲ့သည့်အတိုင်း ပြန်လည် ပေးသနားရန် ဆုလာဘ်ကို ယူဆောင်လာမည်။-
Reve BurCBCM 22:13  ငါသည် အာလ်ဖာနှင့် အိုမီဂါဖြစ်၏။ ပထမနှင့် နောက်ဆုံး၊ အစနှင့် အဆုံးလည်းဖြစ်၏။
Reve BurCBCM 22:14  မိမိတို့၏ဝတ်ရုံများကို ဆေးကြောသန့်စင်သော သူတို့သည် မင်္ဂလာရှိကြ၏။ သူတို့သည် အသက်ပင်၏ အသီးကို ရပိုင်ခွင့်နှင့် မြို့တော်အတွင်းသို့ မြို့တံခါးမှ ဝင်နိုင်ခွင့်ကိုရကြလိမ့်မည်။-
Reve BurCBCM 22:15  မြို့ပြင်၌မူကား ခွေးများ၊ စုန်းကဝေများ၊ ကာမဂုဏ်အမှုကိုကျူးလွန်သူများ၊ လူသတ်သမားများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်လှည့်ဖြားခြင်းကိုနှစ်သက်၍ ကျင့်ကြံကြသူများနေကြရလိမ့်မည်။
Reve BurCBCM 22:16  ငါယေဇူးသည် အသင်းတော်များအတွက် ဤသွန်သင်ချက်များကိုပေးရန် သင်တို့ထံသို့ ငါ၏ကောင်းကင်တမန်တော်ကို စေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အမျိုးအနွယ်ဝင်ဖြစ်၍ ထွန်းလင်းတောက်ပသော မိုးသောက်ကြယ်တော်ဖြစ်၏။
Reve BurCBCM 22:17  ဝိညာဉ်တော်နှင့် မင်္ဂလာသတို့သမီးတို့က ကြွလာတော်မူပါဟုဆိုကြ၏။ ကြားသောသူသည်လည်း ကြွလာတော်မူပါ ဟုဆိုပါစေ။ ရေငတ်သောသူသည်လည်း လာပါစေ။ ရေငတ်သောသူသည် အသက်ရေကို အဖိုးအခမပေးဘဲ ယူပါစေ။
Reve BurCBCM 22:18  ငါယောဟန်သည် ဤကျမ်းစောင်တွင်ပါသော ဗျာဒိတ်စကားတို့ကို ကြားရသူအပေါင်းတို့အား အလေးအနက် သတိပေး ပါ၏။ မည်သူမဆို ဤကျမ်းစောင်တွင်ပါရှိသော အကြောင်းအရာများကို ထပ်မံဖြည့်စွက်ပါလျှင် ဤကျမ်းစောင်တွင် ဖော်ပြထားသော ဘေးဒုက္ခများကို ဘုရားသခင်သည် ထိုသူ့အပေါ်သို့ သက်ရောက်စေတော်မူလိမ့်မည်။-
Reve BurCBCM 22:19  မည်သူမဆို ဤကျမ်းစောင်တွင်ပါရှိသော ဗျာဒိတ်စကားများကိုဖယ်ရှားပစ်ပါလျှင် ဤကျမ်းစောင်တွင် ဖော်ပြထားသော အသက်ပင်နှင့်လည်းကောင်း၊ သန့်ရှင်းသောမြို့တော်နှင့်လည်းကောင်း သက်ဆိုင်သော သူ၏ဝေစုကို ဘုရားသခင်သည် သူ့ထံမှ ဖယ်ရှားတော်မူလိမ့်မည်။
Reve BurCBCM 22:20  ဤအကြောင်းအရာများကို သက်သေခံသောသူက ငါသည် မကြာမီဧကန်မုချ ကြွလာမည်ဟု မိန့်တော်မူ၏။ အာမင်။ အိုယေဇူးသခင်၊ ကြွလာတော်မူပါ။
Reve BurCBCM 22:21  ယေဇူးသခင်၏ ကျေးဇူးတော်သည် သူတော်သူမြတ်အပေါင်းတို့နှင့်အတူ ရှိပါစေသော်။ အာမင်။