Site uses cookies to provide basic functionality.

OK
ACTS
Up
Toggle notes
Chapter 1
Acts BurCBCM 1:1  အိုသီအိုဖိလု၊ ယေဇူးသည် အမှုတော်ကို စတင်ဆောင်ရွက်သောအချိန်မှစ၍ မိမိရွေးချယ်ထားသော တမန်တော်များကို ဝိညာဉ်တော်မြတ်အားဖြင့် မိန့်မှာတော်မူပြီးနောက် ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းကို ခံသောနေ့တိုင်အောင် သွန်သင် ဆောင်ရွက်တော်မူသမျှကို အကျွန်ုပ်၏ပထမကျမ်းတစ်စောင်တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။-
Acts BurCBCM 1:3  ကိုယ်တော်သည် အသေခံတော်မူပြီးနောက် မိမိအသက်ရှင်လျက်ရှိကြောင်းကို ထိုသူတို့အား များစွာသော အထောက်အထား တို့ဖြင့် ရက်ပေါင်းလေးဆယ်တိုင်အောင် ထင်ရှားပြ၍ ဘုရားသခင်၏နိုင်ငံ တော်အကြောင်းကို ဟောပြောသွန်သင်တော်မူခဲ့၏။-
Acts BurCBCM 1:4  ကိုယ်တော်သည် သူတို့နှင့်အတူ စားပွဲ၌ရှိတော်မူစဉ် သူတို့အား ဂျေရုဆလင်မြို့မှ ထွက်ခွာမသွားကြဘဲ ခမည်းတော်၏ ကတိတော်ကို စောင့်ဆိုင်းနေကြရန် မိန့်မှာတော်မူခဲ့၏။ ကိုယ်တော်က သင်တို့သည် ငါ့ထံမှ ဤအကြောင်းအရာကို ကြားခဲ့ကြပြီးဖြစ်သည်။-
Acts BurCBCM 1:5  ယောဟန်သည် ရေဖြင့်ဆေးကြော၏။ သို့သော် မကြာမီ သင်တို့သည် ဝိညာဉ်တော်မြတ်အားဖြင့် ဆေးကြောခြင်းကို ခံကြရလိမ့်မည် ဟု မိန့်တော်မူ၏။
Acts BurCBCM 1:6  ဤသို့ဖြင့် သူတို့သည် အတူတကွ စုဝေးကြပြီးသောအခါ ကိုယ်တော်အား သခင်ဘုရား၊ ကိုယ်တော်သည် အစ္စရာအဲလ် လူမျိုးတို့အား သူတို့၏နိုင်ငံကို ပြန်လည်ပေးအပ်မည့်အချိန် ရောက်ပြီလောဟု မေးလျှောက်ကြ၏။-
Acts BurCBCM 1:7  ကိုယ်တော်က ခမည်းတော်သည် မိမိ၏တန်ခိုးအာဏာဖြင့် စီမံထားတော်မူသည့် အချိန်အခါနှင့် နေ့ရက်တို့ကို သင်တို့ သိပိုင်ခွင့်မရှိ။-
Acts BurCBCM 1:8  သို့ရာတွင် ဝိညာဉ်တော်မြတ်သည် သင်တို့အပေါ်သို့ ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကျေးဇူးတော်ကို ခံယူကြရလိမ့်မည်။ ထိုအခါ သင်တို့သည် ဂျေရုဆလင်မြို့မှစ၍ ဂျူဒေးယပြည်၊ ဆမာရိယပြည်နှင့် ကမ္ဘာမြေကြီး စွန်းတိုင်အောင် ငါ့ကို သက်သေခံသောသူများဖြစ်ကြလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။
Acts BurCBCM 1:9  ဤသို့ ကိုယ်တော် မိန့်တော်မူပြီးနောက် သူတို့သည် ကိုယ်တော့်ကို ကြည့်လျက်နေကြစဉ်တွင် ကိုယ်တော်သည် ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံတော်မူပြီး မိုးတိမ်တစ်ခုသည် ကိုယ်တော့်ကို သူတို့၏မြင်ကွင်းထဲမှ ဆောင်ယူသွားလေ၏။-
Acts BurCBCM 1:10  သူတို့သည်လည်း ကောင်းကင်သို့ တက်ကြွတော်မူသော ကိုယ်တော့်ကို မျှော်ကြည့်လျက်နေကြစဉ် ဖြူစင်သော ဝတ်ရုံများ ဝတ်ဆင်ထားကြသည့် လူနှစ်ဦးသည် ရုတ်တရက်ပေါ်လာ၍ သူတို့အနီး တွင် ရပ်လေ၏။-
Acts BurCBCM 1:11  ထိုသူတို့က ဂါလေလေးယလူတို့၊ သင်တို့သည် အဘယ်ကြောင့် ကောင်းကင်သို့ မျှော်ကြည့်လျက် ရပ်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်သို့ ပင့်ဆောင်ခြင်းခံရသော ယေဇူးသည် ကောင်းကင်သို့ တက်ကြွတော်မူသည်ကို သင်တို့ မြင်ခဲ့ကြသည့်အတိုင်း ထိုနည်းတူ ပြန်လည်ကြွလာတော်မူလိမ့်မည်ဟု သူတို့အား ပြောဆိုကြ၏။
Acts BurCBCM 1:12  ထို့နောက် သူတို့သည် သံလွင်တောင်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။ သံလွင်တောင်သည်ကား ဂျေရုဆလင်မြို့ အနီးတွင်ရှိပြီး မြို့နှင့်ဥပုသ်နေ့တစ်နေ့ခရီး ခန့်ကွာဝေးလေ၏။-
Acts BurCBCM 1:13  သူတို့သည် မြို့တွင်းသို့ဝင်ပြီးကြသောအခါ ပေတရု၊ ယောဟန်၊ ယာကုပ်၊ အန္ဒြေးယ၊ ဖိလိ ပု၊ သောမ၊ ဘာသိုလိုမေးဦး၊ မာတေးဦး၊ အာလ်ဖေးဦး၏သား ယာကုပ်၊ ဇေလော့ဟုခေါ်သောစီမွန်နှင့် ယာကုပ်၏သား ဂျုဒတို့သည် မိမိတို့တည်းခိုရာ အိမ်၏အထက်ခန်းသို့ တက်သွားကြလေ၏။-
Acts BurCBCM 1:14  ထိုသူအပေါင်းတို့သည် ယေဇူး၏မယ်တော် မာရိယာအပါအဝင် အမျိုးသမီးများ၊ ကိုယ်တော်၏ညီများနှင့်အတူ တညီတညွတ်တည်း အဆက်မပြတ် ဆုတောင်းပတ္ထနာ ပြုလျက်နေကြ၏။
Acts BurCBCM 1:15  ထိုနေ့ရက်တို့၌ အရေအတွက်အားဖြင့် တစ်ရာ့နှစ် ဆယ်ခန့်ရှိသော နောက်လိုက်ညီအစ်ကိုတို့အလယ်၌ ပေတရုသည် ထ၍ ဤသို့ပြောဆိုလေ၏။-
Acts BurCBCM 1:16  ညီအစ်ကိုတို့၊ ယေဇူးကို ဖမ်းဆီးသောသူတို့၏လမ်းပြဖြစ်သောဂျုဒကိုရည်ညွန်း၍ ဒါဝိဒ်မင်းကြီး၏ နှုတ်အားဖြင့် ဝိညာဉ် တော်မြတ်က ကြိုတင်ဟောပြောထားတော်မူခဲ့သော ကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်ရမည်သာဖြစ်၏။-
Acts BurCBCM 1:17  အကြောင်းမူကား ထိုသူသည် ငါတို့၏အစုအဝေးတွင် ပါဝင်ခဲ့ပြီး အမှုတော်ကိုလည်း ခွဲဝေထမ်းဆောင်ခဲ့သူဖြစ်၏။-
Acts BurCBCM 1:18  သူသည် မိမိ၏ဆိုးညစ်ယုတ်မာမှုမှရရှိသော အခကြေးငွေဖြင့် မြေတစ်ကွက်ကို ဝယ်ယူပြီးနောက် ထိုမြေပေါ်တွင် မှောက်လျက်လဲကျပြီး ဝမ်းဗိုက်ပေါက်သဖြင့် အူများထွက်ကာ သေဆုံးသွားခဲ့၏။-
Acts BurCBCM 1:19  ဤအကြောင်းအရာကို ဂျေရုဆလင်မြို့သူမြို့သားတို့ ကြားသိကြသောအခါ ထိုမြေကွက်ကို မိမိတို့ဘာသာစကားဖြင့် အာခဲလ် ဒမာဟုခေါ်ဆိုကြ၏။ အဓိပ္ပာယ်ကား သွေးဖြင့်ရင်းသော မြေကွက်ဟုဆိုလိုသတည်း။-
Acts BurCBCM 1:20  အကြောင်းမူကား ဆာလံကျမ်း၌ ရေးထားသည်မှာ သူ၏နေအိမ်ကို ပျက်စီးခြောက်ကပ်စေပြီး ထိုအရပ်တွင်လည်း မည်သူမျှမနေထိုင်စေနှင့်။ သူ၏အရိုက်အရာကိုလည်း အခြားသူတစ်ဦးရယူစေဟူ ၍ဖြစ်သတည်း။
Acts BurCBCM 1:21  ထို့ကြောင့် ငါတို့နှင့်အတူ ယေဇူးသခင်ရှိတော်မူစဉ်ကပင် ငါတို့နှင့်လိုက်ပါလာခဲ့သူဖြစ်ပြီး၊-
Acts BurCBCM 1:22  ယောဟန်ဆေးကြောခြင်း ပေးသည့်အချိန်မှစ၍ ကိုယ်တော်ကောင်းကင်သို့ ပင့်ဆောင်ခြင်းခံရသည့် နေ့တိုင်အောင် ရှိခဲ့သူတစ်ဦး သည် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ငါတို့နှင့်အတူ သက်သေခံသူဖြစ်ရမည်ဟု ဆိုလေ၏။
Acts BurCBCM 1:23  ထိုအခါ သူတို့သည် ဘာဆာဘဟုခေါ် ပြီး ဂျုစတုဟူသောအမည်သစ်ကိုရသည့် ဂျိုးဇက်နှင့် မာသိယတို့ကို အဆိုပြုကြ၍ ဆုတောင်းကြသည်မှာ၊-
Acts BurCBCM 1:24  အိုသခင်ဘုရား၊ ကိုယ်တော်သည် လူအားလုံးတို့၏စိတ်နှလုံးကို သိမြင်တော်မူပါ၏။-
Acts BurCBCM 1:25  ဂျုဒသည် မိမိနှင့်ကိုက်ညီသောအရပ်ကို သွားခြင်းငှာ အမှုတော်ဆောင်အရာနှင့် တမန်တော်အရာတို့ကို ဖောက်ပြန် စွန့်ခွာခဲ့သည်ဖြစ်၍ ထိုနေရာကို ဆက်ခံရန် ဤသူနှစ်ယောက်အနက် ကိုယ်တော်ရွေးချယ်သောသူကို ပြတော်မူပါဟု ဆုတောင်းကြ၏။-
Acts BurCBCM 1:26  ထို့နောက် သူ တို့အားလုံးသည် ထိုသူနှစ်ဦးအတွက် မဲချကြသောအခါ မာသိယအပေါ်၌ မဲကျသောကြောင့် သူသည် တမန်တော် တစ်ဆယ့်နှစ်ပါးတို့တွင် တစ်ပါးအပါအဝင်အဖြစ် ရေတွက်ခြင်းခံရလေ၏။
Chapter 2
Acts BurCBCM 2:1  ပင်တေကော့စတေပွဲနေ့ ကျရောက်သောအခါ သူတို့အားလုံးသည် တစ်နေရာတည်း၌ အတူစု ဝေးလျက်ရှိကြ၏။-
Acts BurCBCM 2:2  ထိုအခါ ပြင်းထန်သောလေမုန်တိုင်း တိုက်ခတ်သံနှင့်တူသောအသံသည် ကောင်းကင်မှ ရုတ်တရက်ပေါ်ထွက်လာ၍ သူတို့ထိုင်နေကြသောအိမ်၌ ထိုအသံဖုံးလွှမ်းသွားလေ၏။-
Acts BurCBCM 2:3  ထို့နောက် သူတို့ရှေ့တွင် လျှာပုံသဏ္ဌာန်ရှိသော မီးလျှံငယ်များထွက်ပေါ်လာ၍ သူ တို့အသီးသီး၏အပေါ်၌ တည်နေလေ၏။-
Acts BurCBCM 2:4  သူတို့အားလုံးသည်လည်း ဝိညာဉ်တော်မြတ်နှင့် ပြည့်၀ကြလျက် ဝိညာဉ်တော်သည် ဟောပြောနိုင်သောတန်ခိုးအစွမ်းကို သူတို့အား ပေးတော်မူသည့်အတိုင်း သူတို့သည် အခြားသောဘာသာစကားများဖြင့်စတင်ပြောဆိုကြလေ၏။
Acts BurCBCM 2:5  ထိုအချိန်တွင် ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံအသီးသီးတို့မှ ဘုရားတရားကြည်ညိုသူ ဂျူးလူမျိုးတို့သည် ဂျေရုဆလင်မြို့၌ တည်းခိုလျက်ရှိကြ၏။-
Acts BurCBCM 2:6  ထိုအသံကို ကြားကြသောအခါ များစွာသောလူတို့သည် စုရုံးရောက်ရှိလာကြပြီးနောက် တမန်တော်တို့ ပြောဆိုနေ ကြသည်ကို မိမိတို့၏ ဘာသာစကားအသီးသီးဖြင့် ကြားကြရသောကြောင့် အလွန်အံ့ဩကြ၏။-
Acts BurCBCM 2:7  ထိုလူအပေါင်းတို့သည်လည်း အံ့ဩတွေဝေလျက် ဆိုကြသည်မှာ စကားပြောဆိုနေကြသော ဤသူအားလုံးတို့သည် ဂါလေလေးယနယ်သား များမဟုတ်ပါသလော။-
Acts BurCBCM 2:8  သူတို့ပြောဆိုနေကြသည်ကို ငါတို့သည် မိမိတို့၏ဘာသာစကားအသီးသီးဖြင့် ကြားနေကြရသည်မှာ အဘယ်သို့ဖြစ်သနည်း။-
Acts BurCBCM 2:9  ပါသိယလူမျိုး၊ မေဒေလူမျိုးနှင့် ဧလာမိလူမျိုးများ၊ မေဆိုပိုတမိယ၊ ဂျူဒေးယ၊ ကပ္ပါဒိုးစိယပြည်၊ ပုန္တုပြည်၊ အာရှ၊-
Acts BurCBCM 2:10  ဖရိဂျီယနှင့် ပမ်ဖိလိယပြည်၊ အီဂျစ်ပြည်၊ ဆီရီနေမြို့လက်အောက်ရှိ လစ်ဗျားပြည်မှ နယ်ပယ်တို့တွင်နေထိုင်သူများ၊ ရောမမြို့မှလာကြသော ဂျူးလူမျိုးများနှင့် ဂျူးဘာသာသို့ ကူးပြောင်းလာသူများ၊-
Acts BurCBCM 2:11  ခရိကျွန်းသူကျွန်းသားများနှင့် အာရေးဘိယပြည်သားများဖြစ်ကြသော ငါတို့သည် ဤသူတို့ ပြောဆိုနေကြသော ဘုရားသခင်၏ အံ့ဩဖွယ်ရာအမှု တော်များကို ငါတို့၏ဘာသာစကားအသီးသီးဖြင့် ကြား နေရပါသည်တကားဟု ဆိုကြလေ၏။-
Acts BurCBCM 2:12  လူအားလုံးတို့သည်လည်း အလွန်အံ့ဩတွေဝေကြလျက် ဤအမှုအရာသည်ကား မည်သို့သော အဓိပ္ပာယ်နည်းဟု အချင်းချင်း ပြောဆိုကြ၏။-
Acts BurCBCM 2:13  လူအချို့တို့ကမူကား ဤသူတို့သည် စပျစ်ရည်အသစ်ကိုသောက်၍ မူးယစ်နေကြသည်ဟု ပြက်ရယ်ပြုပြောဆိုကြ၏။
Acts BurCBCM 2:14  ထိုအခါ ပေတရုသည် တစ်ဆယ့်တစ်ပါးသော တမန်တော်တို့နှင့် အတူရပ်လျက် ကျယ်သောအသံဖြင့် လူပရိသတ်တို့အား ဟောပြောသည်မှာ ဂျူးလူမျိုးအပေါင်းနှင့် ဂျေရုဆလင်မြို့တွင် တည်းခိုနေထိုင်ကြသောသူအပေါင်းတို့၊ ဤအကြောင်းအရာကို သင်တို့သိကြစေရန် ငါ့စကားကို သေချာစွာနားထောင်ကြလော့။-
Acts BurCBCM 2:15  ယခုအချိန်သည် နံနက်ကိုးနာရီအချိန်သာဖြစ်သောကြောင့် သင်တို့ထင်မှတ်ကြသည့်အတိုင်း ဤသူတို့သည် မူးယစ်နေ ကြခြင်းမဟုတ်။-
Acts BurCBCM 2:16  ဤအကြောင်းအရာသည်ကား ပရောဖက်ဂျို အဲလ်၏ဟောထားချက်ဖြစ်သတည်း။-
Acts BurCBCM 2:17  ဟောထားချက်သည်ကား ဘုရားသခင်မိန့်တော်မူသည်မှာ နောက်ဆုံးသောနေ့ရက်တို့၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောကြလိမ့်မည်။ သင်တို့၏ လူငယ်များသည် ဗျာဒိတ်ရူပါရုံများကို မြင်ကြရလိမ့်မည်။ သင်တို့၏သက်ကြီးရွယ်အိုများသည် အိပ်မက်များကို မြင်မက်ကြ လိမ့်မည်။-
Acts BurCBCM 2:18  ထိုနေ့ရက်တို့၌ ငါ၏အစေခံ ယောက်ျားများနှင့် မိန်းမများအပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုသွန်းလောင်း၍ သူတို့သည်လည်း ပရောဖက်ဉာဏ်နှင့် ဟောပြောကြလိမ့်မည်။-
Acts BurCBCM 2:19  ငါသည် အထက်ကောင်းကင်တွင် အံ့ဖွယ်လက္ခဏာများကိုလည်းကောင်း၊ အောက် အရပ် ကမ္ဘာမြေပေါ်တွင် သွေး၊ မီးလျှံနှင့် မီးခိုးငွေ့တည်းဟူသော နိမိတ်လက္ခဏာများကိုလည်းကောင်း ပြတော်မူမည်။-
Acts BurCBCM 2:20  ထာ၀ရဘုရားသခင်၏ ထူးခြားသောနေ့ကြီး မတိုင်မီ နေသည် အမှောင်အဖြစ်သို့လည်းကောင်း၊ လသည်လည်း သွေးအဖြစ်သို့လည်းကောင်း ပြောင်းလဲသွားလိမ့်မည်။-
Acts BurCBCM 2:21  ထိုအခါ ထာ၀ရဘုရားသခင်၏ နာမတော်ကို ခေါ်တကြသော သူအပေါင်းတို့သည် ကယ်တင်ခြင်းခံကြရလိမ့်မည် ဟုလာသတည်း။
Acts BurCBCM 2:22  အို အစ္စရာအဲလ်လူမျိုးတို့၊ ငါပြောမည့်စကားကို နားထောင်ကြလော့။ ဘုရားသခင်သည် နာဇရက်မြို့သား ယေဇူးအားဖြင့် အံ့ဖွယ်သောတန်ခိုးများနှင့် နိမိတ်လက္ခဏာများကို သင်တို့အလယ်တွင် ပြသတော်မူခဲ့ခြင်းဖြင့် ယေဇူးသည် ဘုရားသခင် အသိအမှတ်ပြု၍ သက်သေခံတော်မူသော ပုဂ္ဂိုလ်ဖြစ်သည်ကို သင်တို့အသိပင်ဖြစ်ကြ၏။-
Acts BurCBCM 2:23  ဘုရားသခင်ချမှတ်တော်မူသော အစီအစဉ်နှင့် ကြိုတင်သိရှိပြီးသော အသိဉာဏ်တော်အတိုင်း အပ်နှံခြင်းခံရတော်မူသော ထိုယေဇူးကို သင်တို့သည် ယုတ်မာသောသူတို့၏လက်ဖြင့် လက်ဝါးကပ်တိုင်တင်၍ သတ်ခဲ့ကြ၏။-
Acts BurCBCM 2:24  သို့သော် သေခြင်းတရား၏ဝေဒနာသည် ကိုယ်တော့်ကို အစဉ်အမြဲချည်နှောင်ထားရန် မဖြစ်နိုင်သောကြောင့် ဘုရားသခင်သည် သူ့ကို သေခြင်း၏ဝေဒနာမှ လွတ်မြောက်စေ၍ ရှင်ပြန်ထမြောက်စေတော်မူ၏။-
Acts BurCBCM 2:25  ထိုသခင်ကို အကြောင်းပြု၍ ဒါဝိဒ်မင်းကြီးက မိန့်ဆိုခဲ့သည်မှာ ငါသည် ထာ၀ရဘုရားသခင်ကို ငါ့ရှေ့ ၌ အစဉ်အမြဲမြင်ရ၏။ အကြောင်းမူကား ငါသည် တုန်လှုပ်ခြင်းမရှိစေရန် ကိုယ်တော်သည် ငါ၏လက်ယာဘက်တွင် ရှိနေတော်မူသောကြောင့်တည်း။-
Acts BurCBCM 2:26  ထို့ကြောင့် ငါ၏စိတ်နှလုံးသည် ပျော်ရွှင်လျက် ငါ၏နှုတ်သည် ဝမ်းမြောက်ခြင်းရှိ၏။ ထိုမျှမက ငါ၏ခန္ဓာကိုယ်သည် မျှော်လင့်ခြင်း၌ အသက်ရှင်လိမ့်မည်။-
Acts BurCBCM 2:27  အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို သေမင်းနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည် မဟုတ်။ ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သူအားလည်း ပုပ်စပ်ပျက်စီးခြင်းကို မြင်ရသောအခွင့်ကို ပေးတော်မူမည် မဟုတ်။-
Acts BurCBCM 2:28  ကိုယ်တော်သည် အကျွန်ုပ်အား အသက်၏လမ်းကို ညွန်ပြတော်မူ၏။ ကိုယ်တော်၏ မျက်မှောက်တော်၌ တည်ရှိနေရခြင်းသည် အကျွန်ုပ်ကို ဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံစေလိမ့်မည်ဟု မိန့်ဆိုခဲ့၏။
Acts BurCBCM 2:29  ညီအစ်ကိုတို့၊ ငါတို့၏ဘိုးဘေးဖြစ်သော ဒါဝိဒ်မင်းကြီးအကြောင်းကို ယုံကြည်စိတ်ချစွာ သင်တို့အား ငါပြောပါရစေ။ သူသည် သေလွန်၍ သင်္ဂြိုဟ်ခြင်းခံရပြီး သူ၏ သခင်္ျိုင်းဂူသည်လည်း ငါတို့နေသောအရပ်၌ ယနေ့တိုင် တည်ရှိနေသေး၏။-
Acts BurCBCM 2:30  သူသည် ပရောဖက်တစ်ပါးဖြစ်သည့်အလျောက် မိမိ၏သားမြေးများထဲမှ တစ်ဦးအား မိမိ၏ ထီးနန်းအရိုက်အရာကို ဆက်ခံစေမည်ဟူ၍ ဘုရားသခင် ကတိထားတော်မူခဲ့ကြောင်းကို သိရှိခဲ့၏။-
Acts BurCBCM 2:31  သူသည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို ကြိုတင်သိမြင်ခဲ့သဖြင့် ထိုအကြောင်းကို ပြောခဲ့သည်ကား ကိုယ်တော်သည် သေမင်း၏နိုင်ငံတွင် စွန့်ပစ်ထားခြင်း ခံရတော်မမူ။ ကိုယ်တော်၏ခန္ဓာတော်သည်လည်း ပုပ်စပ်ပျက်စီးခြင်းကို မြင်ခဲ့ရသည်မဟုတ် ဟူ၍ဖြစ်သတည်း။-
Acts BurCBCM 2:32  ထိုယေဇူးကိုပင် ဘုရားသခင်သည် သေခြင်းမှ ရှင်ပြန်ထမြောက်စေခဲ့ပြီး ထိုအကြောင်းနှင့်စပ်လျဉ်း၍ ငါတို့အားလုံးပင် သက်သေဖြစ်ကြ၏။-
Acts BurCBCM 2:33  ထို့ကြောင့် ကိုယ်တော်သည် ဘုရားသခင်၏ လက်ယာတော်ဘက်တွင် စံပယ်ရန် ချီးမြှောက်ခြင်း ခံရပြီးနောက် ကတိထားတော်မူသော ဝိညာဉ်တော်မြတ်ကို ခမည်းတော်ထံမှ ခံယူ၍ သင်တို့ယခုတွေ့မြင် ကြားသိနေကြသော ထိုဝိညာဉ်တော်ကို ငါတို့အပေါ်သို့ သွန်းလောင်းတော်မူ၏။-
Acts BurCBCM 2:34  အကြောင်းမူကား ဒါဝိဒ်မင်းသည် ကောင်းကင်ဘုံသို့ တက်ကြွမသွားသော်လည်း သူကိုယ်တိုင်က ထာ၀ရဘုရားသခင်သည် ငါ၏သခင်အား၊-
Acts BurCBCM 2:35  သင်၏ရန်သူများကို သင်၏ခြေတင်ခုံအဖြစ် ငါပြုလုပ်သည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်လော့ဟူ၍ မိန့်တော်မူခဲ့သည် ဟု ဆိုခဲ့၏။-
Acts BurCBCM 2:36  ထို့ကြောင့် သင်တို့လက်ဝါးကပ်တိုင်တင်၍ သတ်ခဲ့ကြသောယေဇူးကို ဘုရားသခင်သည် အရှင်သခင်နှင့် ခရစ်တော်အဖြစ် ခန့်ထားတော်မူကြောင်း အစ္စရာအဲလ် တစ်မျိုးသားလုံး အခိုင်အမာသိကြပါစေဟု ဟောပြောလေ၏။
Acts BurCBCM 2:37  လူတို့သည် ဤစကားကို ကြားကြသောအခါ စိတ်နှလုံးပူဆွေးဝမ်းနည်းကြလျက် ပေတရုနှင့် အခြားသော တမန်တော်တို့အား ညီအစ်ကိုတို့၊ ငါတို့ မည်သည့်အရာ ကို ပြုရမည်နည်းဟု မေးကြ၏။-
Acts BurCBCM 2:38  ပေတရုကလည်း နောင်တရကြလော့။ သင်တို့၏အပြစ်များ ခွင့်လွှတ်ခြင်းခံရစေရန် ယေဇူးခရစ်တော်၏ နာမတော်၌ သင်တို့အားလုံး ဆေးကြောခြင်းမင်္ဂလာကို ခံယူကြလော့။ ထိုအခါ သင်တို့သည် ဝိညာဉ်တော်မြတ်၏ ဆုကျေးဇူးတော်ကို ခံယူ ရရှိကြလိမ့်မည်။-
Acts BurCBCM 2:39  အဘယ်ကြောင့်ဆိုသော် ကတိတော်သည် သင်တို့နှင့်သင်တို့၏ သားသမီးများအတွက်လည်းကောင်း၊ ငါတို့၏အရှင် ထာ၀ရဘုရားသခင်က မိမိအထံတော်သို့ ခေါ်ယူတော်မူသည့်၊ ဝေးလံသောအရပ်တွင် ရှိနေသောသူများအတွက်လည်းကောင်း ဖြစ်၏ဟု ပြန်ဖြေလေ၏။-
Acts BurCBCM 2:40  ထို့နောက် ပေတရုသည် အခြားသောစကားများဖြင့် သက်သေခံလျက် ဤဆိုးမိုက်ယုတ်မာသော လူမျိုးဆက်မှ သင်တို့ကိုယ်သင်တို့ ကယ်တင်ကြလော့ဟု ထိုသူတို့အား တိုက်တွန်းနှိုးဆော်လေ၏။-
Acts BurCBCM 2:41  သို့ဖြစ်၍ သူ၏စကားကို လက်ခံကြသော သူတို့သည် ဆေးကြောခြင်းကို ခံယူကြသဖြင့် ထိုနေ့ရက်၌ ယုံကြည်သူ အရေ အတွက် သုံးထောင်ခန့်တိုးပွားလာလေ၏။-
Acts BurCBCM 2:42  ထိုသူတို့သည် တမန်တော်တို့၏ ဆုံးမသွန်သင်ခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ မုန့်ဖဲ့ခြင်းနှင့် ဆုတောင်းပတ္ထနာပြုခြင်းတို့ကို မြဲမြံစွာ လိုက်နာကျင့်ကြံ ကြလေ၏။
Acts BurCBCM 2:43  တမန်တော်တို့သည် များစွာသော အံ့ဖွယ်တန်ခိုးများနှင့် နိမိတ်လက္ခဏာများကို ပြကြသဖြင့် လူအပေါင်းတို့သည် အံ့ဩထိတ်လန့်ကြကုန်၏။-
Acts BurCBCM 2:44  ယုံကြည်သူအပေါင်းတို့သည်လည်း တစ်စုတစ်ဝေးတည်း နေထိုင်ကြ၍ မိမိတို့ပိုင်ဆိုင်သမျှ အားလုံးကို အများပိုင်အဖြစ် အသုံးပြုကြ၏။-
Acts BurCBCM 2:45  သူတို့သည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများကို ရောင်းချ၍ ရရှိသောငွေကို လူတစ်ဦးစီ၏ လိုအပ်ချက်အတိုင်း ဝေငှပေးကြ၏။-
Acts BurCBCM 2:46  သူတို့သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်သို့ အတူတကွသွားရောက်ကြပြီး မိမိတို့၏ နေအိမ်များတွင် မုန့်ဖဲ့ခြင်းအမှုကို ပြုကြလျက် ဝမ်းမြောက်၍ ရက်ရောသောစိတ်နှင့် အစားအစာတို့ကို သုံးဆောင်ကြ၏။-
Acts BurCBCM 2:47  သူတို့သည် ဘုရားသခင်ကိုချီးမွမ်းကြလျက် လူအပေါင်းတို့၏ရှေ့၌လည်း မျက်နှာရကြလေ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသော သူတို့၏ အရေအတွက်ကို နေ့စဉ်မပြတ် တိုးပွားစေတော်မူ၏။
Chapter 3
Acts BurCBCM 3:1  တစ်နေ့သောအခါ ပေတရုနှင့် ယောဟန်တို့သည် ဆုတောင်းပတ္ထနာပြုရသည့် အချိန်နာရီ ဖြစ်သော မွန်းလွဲသုံးနာရီအချိန်၌ ဗိမာန်တော်သို့ တက်ရောက်လာကြ၏။-
Acts BurCBCM 3:2  ထိုအခါ လူတို့သည် မွေးစကပင် ခြေမသန်စွမ်းသူတစ်ဦးကို ထမ်းလာကြ၍ ဗိမာန်တော်သို့ ဝင်ကြသောသူများထံမှ စွန့်ကြဲခြင်းကိုတောင်းခံရန် သူ့ကို တင့်တယ်ဟုအမည်တွင်သော ဗိမာန်တော်တံခါးအနီးတွင် နေ့စဉ်နေ့တိုင်း ချထား လေ့ရှိကြ၏။-
Acts BurCBCM 3:3  ထိုသူသည် ပေတရုနှင့် ယောဟန်တို့ ဗိမာန်တော်အတွင်းသို့ ဝင်မည်ပြုသည်ကိုမြင်လျှင် သူ့အား ပေးကမ်းစွန့်ကြဲရန် တောင်းခံလေ၏။-
Acts BurCBCM 3:4  ပေတရုသည် ယောဟန်နှင့်အတူ ထိုသူ့ကို စေ့စေ့ကြည့်လျက် ငါတို့ကိုကြည့်လော့ဟုဆို၏။-
Acts BurCBCM 3:5  ထိုသူသည်လည်း သူတို့ထံမှတစ်စုံတစ်ခုကိုရမည်ဟု မျှော်လင့်လျက် သူတို့ကိုအာရုံစိုက်၍ကြည့်နေလေ၏။-
Acts BurCBCM 3:6  သို့သော် ပေတရုက ငါ၌ ရွှေနှင့်ငွေမရှိ။ သို့ရာတွင် ငါ၌ရှိသောအရာ ကို သင့်အား ငါပေးမည်။ နာဇရက်မြို့သားယေဇူး၏နာမ တော်၌ ထ၍ လျှောက်လှမ်းသွားလော့ဟုဆိုလေ၏။-
Acts BurCBCM 3:7  ထို့နောက် ပေတရုသည် သူ၏လက်ယာလက်ကို ကိုင်ဆွဲ၍ ထူမပေးလျှင် သူ၏ခြေများနှင့် ခြေချင်းဝတ်တို့သည် ချက်ချင်းပင် အားပြည့်၍ သန်မာလာကြ၏။-
Acts BurCBCM 3:8  သူသည်လည်း ထခုန်လျက် မတ်တတ်ရပ်ပြီးမှ စတင်၍ လမ်းလျှောက်လေ၏။ ထို့နောက် ထိုသူသည် လျှောက်လှမ်းကာ ခုန်ပေါက်လျက် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်း၍ သူတို့နှင့်အတူ ဗိမာန်တော်အတွင်းသို့ဝင်လေ၏။-
Acts BurCBCM 3:9  လမ်းလျှောက်လျက် ဘုရားသခင်ကို ချီးမွမ်းနေသော ထိုသူ့ကို လူအပေါင်းတို့မြင်ကြသောအခါ၊-
Acts BurCBCM 3:10  ထိုသူသည် တောင်းစားရန် ဗိမာန်တော်၏ တင့်တယ်တံခါး၌ ထိုင်လေ့ရှိသူဖြစ်သည်ကို မှတ်မိကြသဖြင့် ထိုသူ၌ ဖြစ်ပျက်သောအရာကို ရင်သပ်ရှုမော၍ အံ့ဩကြကုန်၏။
Acts BurCBCM 3:11  ထိုသူသည် ပေတရုနှင့် ယောဟန်တို့ အနီးတွင် ကပ်လျက်ရှိစဉ် လူအပေါင်းတို့သည် အံ့ဩကြလျက် သူတို့ရှိရာ ဆောလမွန် မုခ်ဦးအဆောင်သို့ ပြေးလာကြလေ၏။-
Acts BurCBCM 3:12  ပေတရုသည်လည်း ဤအခြင်းအရာကိုမြင်လျှင် လူပရိသတ်တို့အား ဤသို့ ဟောပြောလေ၏။ အစ္စရာအဲလ်အမျိုးသားတို့၊ အဘယ်ကြောင့် ဤအဖြစ်အပျက်ကို အံ့ဩနေကြသနည်း။ ဤသူလမ်းလျှောက်နိုင်လာစေရန် ငါတို့၏တန်ခိုး၊ သို့မဟုတ် အကျင့်သီလဖြင့် ပြုလုပ်ပေးဘိ သကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စူးစိုက်ကြည့်နေကြ သနည်း။-
Acts BurCBCM 3:13  အာဘရာဟံ၊ အီဇတ်၊ ယာကုပ်တို့၏ဘုရား၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိသားတော်ယေဇူးကို ဘုန်းဂုဏ်တော် ထင်ရှားစေတော်မူ၏။ သင်တို့သည် ထိုသခင်ကို အပ်နှံကြခဲ့လျက် သူ့ကိုလွှတ်ရန် ဆုံးဖြတ်ထားသော ပီလာတုမင်းရှေ့တွင် သူ့ကို ငြင်းပယ်ခဲ့ကြ၏။-
Acts BurCBCM 3:14  သင်တို့သည်ကား သန့်ရှင်းဖြောင့်မတ်သောသူကို ငြင်းပယ်ခဲ့ကြ၍ လူသတ်သမားတစ်ဦးကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြပြီး၊-
Acts BurCBCM 3:15  အသက်သခင်ကို သတ်ဖြတ်ခဲ့ကြ၏။ သို့သော် ဘုရားသခင်သည် သူ့ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခဲ့၏။ ထိုအကြောင်းနှင့် စပ်လျဉ်း၍ ငါတို့သည်လည်း သက်သေများဖြစ်ကြ၏။-
Acts BurCBCM 3:16  ထိုသခင်၏ နာမတော်ကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နာမတော်သည် သင်တို့သိမြင်သော ဤသူကို သန်စွမ်းစေ တော်မူ၏။ ယေဇူး၌ ယုံကြည်ခြင်းသည် သူ့အား စုံလင်သော ပကတိကျန်းမာခြင်းကို သင်တို့အားလုံး၏ မျက်မှောက်၌ ပေးလေပြီ။
Acts BurCBCM 3:17  ညီအစ်ကိုတို့၊ သင်တို့နှင့်သင်တို့ကို အုပ်ချုပ်သူများသည် မသိနားမလည်သောကြောင့် ဤသို့ပြုခဲ့ကြသည်ကို ငါသိ၏။-
Acts BurCBCM 3:18  သို့သော် မိမိ၏ ခရစ်တော်သည် ဒုက္ခဝေဒနာခံရမည်ဟူ၍ ပရောဖက်အပေါင်းတို့၏ နှုတ်အားဖြင့် မိမိကြိုတင် ဟောထားသောအချက်ကို ဘုရားသခင်သည် ဤသို့အားဖြင့် ပြည့်စုံခြင်းသို့ ရောက်စေတော်မူ၏။-
Acts BurCBCM 3:19  ထို့ကြောင့် သင်တို့၏အပြစ်များ ဖယ်ရှားခြင်းခံရရန် နောင်တရကြ၍ အကျင့်ပြောင်းလဲကြလော့။ ထိုသို့ပြုလျှင် အားသစ်လောင်းရာ အချိန်ကာလသည် ထာ၀ရဘုရားသခင် ၏အထံတော်မှ ရောက်ရှိလာလိမ့်မည်။-
Acts BurCBCM 3:20  ကိုယ်တော်သည်လည်း သင်တို့အတွက် ရွေးချယ်ခန့်ထားတော်မူသည့် ခရစ်တော်တည်းဟူသော ယေဇူးကို သင်တို့ထံသို့ စေလွှတ်တော်မူလိမ့်မည်။-
Acts BurCBCM 3:21  ကမ္ဘာတည်စကတည်းက မိမိ၏သန့်ရှင်းမြင့်မြတ်သော ပရောဖက်တို့၏ နှုတ်အားဖြင့် ဘုရားသခင် မိန့်မြွက်တော်မူခဲ့သော ဗျာဒိတ်တော် အလုံးစုံကို ပြန်လည်ပြုပြင် တည်ထောင်တော်မူမည့် ကာလတိုင်အောင် ကောင်းကင်သည် ထိုသခင်ကို လက်ခံထားရမည်။-
Acts BurCBCM 3:22  မိုးဇက်မိန့်ဆိုခဲ့သည်ကား ထာ၀ရအရှင် ဘုရားသခင်သည် ငါ့ကို ပေါ်ထွန်းစေသကဲ့သို့ သင်တို့၏ အမျိုးသားချင်းထဲမှ ပရောဖက်တစ်ပါး ပေါ်ထွန်းစေတော်မူလိမ့်မည်။ ထိုသူမိန့်မှာသမျှကို သင်တို့နားထောင်ကြရလိမ့်မည်။-
Acts BurCBCM 3:23  ထိုပရောဖက်၏စကားကို မနာယူသောသူသည် ဤလူမျိုးမှ ဖယ်ရှားခြင်းကို ခံရလိမ့်မည်ဟူ၍ဖြစ်၏။-
Acts BurCBCM 3:24  ပရောဖက်ဆာမူအဲလ်မှစ၍ နောင်တွင် ပေါ်ထွန်းခဲ့ကြသော ပရောဖက်အပေါင်းတို့သည် ဤနေ့ရက်များအကြောင်းကို ကြေညာဟောပြောခဲ့ကြ၏။
Acts BurCBCM 3:25  သင်တို့သည် ပရောဖက်တို့၏ သားမြေးများဖြစ်ကြပြီး ဘုရားသခင်က အာဘရာဟံအား သင့်အမျိုးအနွယ်အားဖြင့် ကမ္ဘာပေါ်ရှိ လူအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံစားကြရလိမ့်မည်ဟု မိန့်တော်မူလျက် သင်တို့၏ဘိုးဘေးတို့နှင့် ဖွဲ့ဆိုခဲ့သော ပဋိညာဉ်တရား၏ သားမြေးများလည်းဖြစ်ကြ၏။-
Acts BurCBCM 3:26  ဘုရားသခင်သည် မိမိသားတော်ကို ပေါ်ထွန်းစေတော်မူပြီး သင်တို့တစ်ဦးစီအား သင်တို့၏ ဆိုးညစ်မိုက်မဲသော အကျင့်များမှ ပြောင်းလဲလာစေခြင်းငှာ ကောင်းချီးပေးစေရန် သူ့ကိုသင်တို့ထံသို့ ဦးစွာစေလွှတ်တော်မူသည်ဟု ဟောပြော လေ၏။
Chapter 4
Acts BurCBCM 4:1  သူတို့သည် လူပရိသတ်တို့အား ဟောပြောနေကြစဉ် ရဟန်းများ၊ ဗိမာန်တော်မှူးနှင့် ဇာဒူခေးဦးတို့သည် သူတို့ထံသို့ ရောက်လာကြ၏။-
Acts BurCBCM 4:2  တမန်တော်တို့သည် လူပရိသတ်တို့အား ယေဇူး၏အကြောင်းကို ဟောပြောခြင်းအားဖြင့် သေခြင်းမှရှင်ပြန် ထမြောက်ခြင်း ကို သွန်သင်နေကြသောကြောင့် ထိုသူတို့သည် မခံမရပ်နိုင်ဖြစ်ကြ၏။-
Acts BurCBCM 4:3  သူတို့သည်လည်း တမန်တော်တို့ကို ဖမ်းဆီးကြပြီး မိုးချုပ်ပြီဖြစ်သောကြောင့် သူတို့ကို နောက်တစ်နေ့ နံနက်တိုင်အောင် အကျဉ်းထောင်ထဲ၌ ချုပ်ထားကြ၏။-
Acts BurCBCM 4:4  သို့သော် သူတို့၏တရားစကားကို ကြားနာကြသော သူများစွာတို့သည် ယုံကြည်လာကြပြီး ယခုအခါတွင် သူတို့သည် အရေအတွက်အားဖြင့် လူငါးထောင်ခန့် ရှိပြီဖြစ်၏။
Acts BurCBCM 4:5  နောက်တစ်နေ့တွင် သူတို့၏ အုပ်ချုပ်သူအရာရှိများ၊ သက်ကြီးဝါကြီးများနှင့် ကျမ်းတတ်ဆရာများတို့သည် ဂျေရုဆလင်မြို့၌ စုဝေးကြလေ၏။-
Acts BurCBCM 4:6  ရဟန်းအကြီးအကဲ အန္နား၊ ကာအိဖ၊ ယောဟန်၊ အလက်ဇန္ဒားနှင့် ရဟန်းအကြီးအကဲအမျိုးအနွယ် ရှိသမျှတို့သည်လည်း ပါဝင်ကြ၏။-
Acts BurCBCM 4:7  ထိုသူတို့သည် တမန်တော်တို့ကို မိမိတို့အလယ်၌ ထားကြ၍ သင်တို့သည် မည်သည့်တန်ခိုးအာဏာ၊ မည်သူ၏နာမအားဖြင့် ဤအမှုကိုပြုကြသနည်းဟု မေးကြ၏။-
Acts BurCBCM 4:8  ထိုအခါ ပေတရုသည် ဝိညာဉ်တော်မြတ်နှင့်ပြည့်၀လျက် သူတို့အား ပြောဆိုသည်မှာ လူတို့ကို အုပ်ချုပ်သူ အရာရှိများနှင့် သက်ကြီးဝါကြီးများတို့၊-
Acts BurCBCM 4:9  ခြေမသန်စွမ်းသော သူတစ်ယောက်အား ငါတို့ကောင်းကျိုးပြုခဲ့ခြင်း အပေါ်၌လည်းကောင်း၊ သူသည် မည်ကဲ့သို့ ရောဂါပျောက်ကင်းလာသည့် အပေါ်၌လည်းကောင်း သင်တို့စစ်ဆေးကြလျှင်၊-
Acts BurCBCM 4:10  သင်တို့အားလုံးနှင့် အစ္စရာအဲလ်လူမျိုးအပေါင်းတို့ သိမှတ်ရမည်မှာ လက်ဝါးကပ်တိုင်ပေါ်၌ သင်တို့ကွပ်မျက်ကြပြီး ဘုရားသခင်သည် သေသူတို့အစုမှ ရှင်ပြန်ထမြောက်စေတော်မူသော နာဇရက်မြို့သား ယေဇူးခရစ်တော်၏နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျန်းမာစွာ ရပ်လျက်နေ၏။-
Acts BurCBCM 4:11  ဤသူသည်ကား တိုက်ဆောက်သူ သင်တို့ ဖယ်ထားသည့် ကျောက်ဖြစ်သော်လည်း အရေးကြီးသော ထောင့်ချုပ်ကျောက် ဖြစ်လာသောသူပေတည်း။-
Acts BurCBCM 4:12  အခြားသောသူအားဖြင့် ကယ်တင်ခြင်းလမ်းမရှိ။ အကြောင်းမူကား မိုးကောင်းကင်အောက်၌ လူတို့အလယ်တွင် ငါတို့ ကယ်တင်ခြင်းရရှိနိုင်မည့် အခြားသောအမည်နာမ မရှိဟု ဆိုလေ၏။
Acts BurCBCM 4:13  ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့၏ ရဲစွမ်းသတ္တိကိုမြင်ကြလျှင် သူတို့သည် ပညာတတ်များ မဟုတ်ဘဲ သာမန်လူများ ဖြစ်ကြသည်ကို သိသဖြင့် အံ့ဩကြလေ၏။ ဤသူနှစ်ဦးတို့သည် ယေဇူးနှင့်အတူ ရှိခဲ့ကြသည်ကိုလည်း သူတို့သတိရကြ၏။-
Acts BurCBCM 4:14  သို့သော် ရောဂါ ပျောက်ကင်းသွားသောသူသည် သူတို့၏နံဘေးတွင် ရပ်လျက်နေသည်ကို သူတို့မြင်ကြသောအခါ သူတို့၌ ငြင်းခုံစရာအကြောင်း မရှိတော့ချေ။-
Acts BurCBCM 4:15  ထို့ကြောင့် သူတို့သည် တမန်တော်တို့ကို လွှတ်တော်အပြင်သို့ ထွက်သွားစေပြီးမှ အချင်းချင်း ဆွေးနွေးတိုင်ပင်လျက် ဆိုကြသည်မှာ၊-
Acts BurCBCM 4:16  ဤသူတို့ကို ငါတို့မည်သို့ပြုရမည်နည်း။ အကြောင်းမူကား သူတို့သည် ထူးခြားသော တန်ခိုးလက္ခဏာတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း ဂျေရုဆလင်မြို့သူမြို့သားများ ထင်ရှားစွာ သိမြင်ကြသဖြင့် ယင်းကို ငြင်းဆိုခြင်းငှာ ငါတို့မတတ်နိုင်ကြ။-
Acts BurCBCM 4:17  သို့သော် ဤသတင်းသည် လူတို့အကြားတွင် နောက်ထပ်မပျံ့နှံ့စေခြင်းငှာ ဤအမည်နာမကိုအမှီပြု၍ မည်သူ့ကိုမျှ ထပ်မံဟောပြောခြင်း မပြုစေရန် ဤသူနှစ်ယောက်ကို ခြိမ်းခြောက်ကြစို့ဟု ဆိုကြ၏။
Acts BurCBCM 4:18  ထို့နောက် သူတို့သည် တမန်တော်တို့ကိုခေါ်ပြီးလျှင် ယေဇူး၏နာမကိုအမှီပြုလျက် ထပ်မံဟောပြောသွန်သင်ခြင်း လုံး၀မပြုလုပ်ရန် တားမြစ်ကြ၏။-
Acts BurCBCM 4:19  သို့သော် ပေတရုနှင့် ယောဟန်တို့က ဘုရားသခင်၏စကားကို နားမထောင်ဘဲ သင်တို့၏စကားကို နားထောင်ခြင်းသည် ဘုရားသခင်၏မျက်မှောက်တွင် မှန်သည်၊ မမှန်သည်ကို သင်တို့သာလျှင် ဆုံးဖြတ်ကြလော့။-
Acts BurCBCM 4:20  အကြောင်းမူကား ငါတို့သည် ငါတို့မြင်ခဲ့ကြားခဲ့ရသောအရာများကို မဟောပြောဘဲ မနေနိုင်ဟုပြန်ပြောကြ၏။-
Acts BurCBCM 4:21  ထိုသူတို့သည်လည်း တမန်တော်တို့ကို အပြစ်ပေးရန် နည်းလမ်းရှာမတွေ့ ကြသဖြင့် သူတို့ကို ထပ်မံခြိမ်းခြောက်ကြပြီးလျှင် လွှတ်လိုက်ကြ၏။ အကြောင်းမူကား လူအပေါင်းတို့သည် ဖြစ်ပျက်ခဲ့သော အခြင်းအရာအတွက် ဘုရားသခင်ကိုချီးမွမ်းကြ သောကြောင့်ဖြစ်၏။-
Acts BurCBCM 4:22  ဤတန်ခိုးလက္ခဏာဖြင့် ရောဂါပျောက်ကင်းသော သူသည်လည်း အသက်လေးဆယ် ကျော်ပြီဖြစ်သောကြောင့်တည်း။
Acts BurCBCM 4:23  တမန်တော်တို့သည် လွတ်လာကြသောအခါ မိမိတို့၏ အပေါင်းအဖော်များထံသို့လာကြပြီးလျှင် မိမိတို့အား ရဟန်းအကြီးအကဲများနှင့် သက်ကြီးဝါကြီးတို့က ပြောခဲ့သမျှကို ပြန်၍ပြောပြကြလေ၏။-
Acts BurCBCM 4:24  ထိုသူတို့သည်လည်း ဤအကြောင်းကိုကြားလျှင် အတူတကွ အသံကိုမြှင့်၍ ဘုရားသခင်ထံ ဆုတောင်းကြသည်မှာ အုပ်စိုး တော်မူသော ထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ထိုအရပ်တို့၌ ရှိသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူပါ၏။-
Acts BurCBCM 4:25  ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘိုးဘေးဖြစ်သော၊ ကိုယ်တော်၏အစေခံ ဒါဝိဒ်မင်းကြီး၏ နှုတ်မှနေ၍ ဝိညာဉ်တော်မြတ်အားဖြင့် ဗျာဒိတ်ပေးတော်မူခဲ့သည်ကား လူမျိုးခြားတို့သည် အဘယ်ကြောင့် အမျက်ထွက်ကြသနည်း။ လူတို့သည်လည်း အဘယ်ကြောင့် အကျိုးမဲ့သော အရာများကို တွေးတောကြံစည်ကြသနည်း။-
Acts BurCBCM 4:26  လောကီဘုရင်တို့သည် ထကြ၍ အုပ်စိုးသူမင်းတို့သည်လည်း အတူတကွစုဝေးကြလျက် ထာ၀ရဘုရားသခင် ကိုလည်းကောင်း၊ ကိုယ်တော်၏ ခရစ်တော်ကိုလည်းကောင်း ဆန့်ကျင်ရန် ပြင်ဆင်ကြ၏ဟူ၍ဖြစ်သတည်း။-
Acts BurCBCM 4:27  အကြောင်းမူကား ဤမြို့၌ ဟေရုဒ်၊ ပုံစီဦးပီလာတု၊ လူမျိုးခြားများနှင့် အစ္စရာအဲလ်လူမျိုးတို့သည် ကိုယ်တော်ဘိသိက် ပေးတော်မူခဲ့သော ကိုယ်တော်၏သားတော် ယေဇူးကိုဆန့်ကျင်ရန် အမှန်ပင်စုဝေးကြလေပြီ။-
Acts BurCBCM 4:28  သူတို့သည် ကိုယ်တော်၏လက်တော်နှင့် အလိုတော်အတိုင်း ကြိုတင်စီမံထားတော်မူသမျှကို ပြည့်စုံစေရန် ထိုသို့ပြုခဲ့ ကြခြင်းပင် ဖြစ်ပါ၏။-
Acts BurCBCM 4:29  အိုထာ၀ရဘုရား သခင်၊ ယခုလည်း သူတို့၏ခြိမ်းခြောက်မှုများကို ကြည့်တော်မူပါ။-
Acts BurCBCM 4:30  အနာရောဂါများကို ပျောက်ကင်းစေရန် ကိုယ်တော်၏လက်တော်ကို ဆန့်တန်းတော်မူ၍ ကိုယ်တော်၏သန့်ရှင်းသော သားတော်ယေဇူး၏ နာမတော်၌ တန်ခိုးလက္ခဏာများနှင့် အံ့ဖွယ်အမှုတို့ကို ပြုလုပ်စေခြင်းဖြင့် ကိုယ်တော်၏အစေခံတို့အား ကိုယ်တော်၏နှုတ်တော်ထွက်စကားကို ရဲဝံ့စွာ ဟောပြောနိုင်သောအခွင့် ပေးသနားတော်မူပါဟု ဆုတောင်းကြ၏။-
Acts BurCBCM 4:31  သူတို့ဆုတောင်းပြီးသောအခါ သူတို့ စုဝေးနေကြသောအိမ်သည် လှုပ်ခါ၍ သူတို့သည်လည်း ဝိညာဉ်တော်မြတ်နှင့် ပြည့်၀ကြသဖြင့် ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ရဲဝံ့စွာဟောပြောကြလေ၏။
Acts BurCBCM 4:32  ယုံကြည်သူတို့၏အစုအဝေးသည် စိတ်နှလုံး တစ်လုံးတစ်၀တည်းရှိကြ၍ မည်သူမျှ မိမိပိုင်ဆိုင်သော ဥစ္စာပစ္စည်းကို မိမိပိုင်သည်ဟု မသတ်မှတ်ဘဲ ဥစ္စာပစ္စည်းရှိသမျှကို အများပိုင်အဖြစ်ထားရှိကြ၏။-
Acts BurCBCM 4:33  တမန်တော်တို့သည် ယေဇူးသခင်၏ ရှင်ပြန်ထမြောက်ခြင်းကို ကြီးစွာသောတန်ခိုးနှင့် သက်သေခံကြ၍ ကြီးမားသောကျေးဇူးတော်သည် သူတို့အားလုံးအပေါ်သို့ သက်ရောက်လေ၏။-
Acts BurCBCM 4:34  သူတို့အလယ်တွင် ဆင်းရဲချို့တဲ့သောသူတစ်ဦးမျှ မရှိချေ။ အကြောင်းမူကား မြေများနှင့် အိမ်များကိုပိုင်ဆိုင်သော သူတို့သည် ၎င်းတို့ကိုရောင်းချ၍ ရရှိသောငွေများကို ယူလာကြပြီးလျှင်၊-
Acts BurCBCM 4:35  တမန်တော်တို့၏ခြေရင်း၌ထား ကြ၏။ ထို့နောက် တမန်တော်တို့သည် တစ်ဦးစီအား လို အပ်သည့်အလျောက် ဝေငှပေးကမ်းကြ၏။-
Acts BurCBCM 4:36  သို့ဖြစ်၍ နှစ်သိမ့်အားပေးခြင်း၏သားဟု အဓိပ္ပာယ်ရပြီး ဘာနဘအမည်ဖြင့် တမန်တော်များကခေါ်ဝေါ် ကြသည့် စိပရုပြည် သား လေဝိမျိုးနွယ်ဝင်ဖြစ်သူ ဂျိုးဇက်သည်၊-
Acts BurCBCM 4:37  မိမိပိုင်ဆိုင်သော လယ်ကိုရောင်းချ၍ ရရှိသောငွေကိုယူလာပြီးလျှင် တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။
Chapter 5
Acts BurCBCM 5:1  သို့သော် အာနာနိယအမည်ရှိသော လူတစ်ဦးနှင့် သူ၏ဇနီး ဆာဖီရတို့သည် မိမိတို့ပိုင်ဆိုင်သော မြေတစ်ကွက်ကို ရောင်းချကြ၏။-
Acts BurCBCM 5:2  သူသည် ရောင်းရငွေအချို့ကို မိမိဇနီး၏ပူးပေါင်းကြံစည်မှုဖြင့် မိမိတို့ အတွက် ထိမ်ချန်ထားပြီးမှ ကျန်ရှိသောငွေကိုယူလာ၍ တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။-
Acts BurCBCM 5:3  သို့သော် ပေတရုက အာနာနိယ၊ သင်သည် ဝိညာဉ်တော်မြတ်ကို လိမ်လည်လှည့်ဖြားလျက် မြေရောင်းရသော ငွေအချို့ကို ထိမ်ချန်ထားရန် စာတန်နတ်ဆိုးသည် အဘယ်ကြောင့် သင်၏စိတ်နှလုံးကို သွေးဆောင်သနည်း။-
Acts BurCBCM 5:4  ထိုမြေကွက်ကို မရောင်းချမီက သင်ပိုင်ဆိုင်သည်မဟုတ်လော။ ရောင်းချပြီးသော အခါ၌လည်း ရရှိသောငွေကို သင်နှစ်သက်သကဲ့သို့ ပြုလုပ်နိုင်သည်မဟုတ်လော။ သို့ပါလျက် သင်သည် အဘယ်ကြောင့် ဤအမှုအရာကို သင်၏စိတ်နှလုံး ထဲ၌ ကြံစည်ရသနည်း။ သင်သည် လူတို့ကို လိမ်ညာခြင်းမဟုတ်ဘဲ ဘုရားသခင်ကို လိမ်ညာခြင်းဖြစ်သည်ဟုဆို၏။-
Acts BurCBCM 5:5  အာနာနိယသည် ထိုစကားများကိုကြားလျှင် လဲကျ၍ သေဆုံးလေ၏။ ထိုသတင်းကို ကြားသောသူတို့သည်လည်း လွန်စွာပင်ကြောက်ရွံ့ ကြလေ၏။-
Acts BurCBCM 5:6  လူငယ်လူရွယ်တို့သည် ထကြ၍ သူ၏အလောင်းကို အဝတ်နှင့်ပတ်လျက် အပြင်သို့သယ်ဆောင်သွားပြီး သူ့က သင်္ဂြိုဟ် လိုက်ကြ၏။
Acts BurCBCM 5:7  သုံးနာရီခန့်ကြာပြီးနောက် သူ၏ဇနီးသည် ဖြစ်ပျက်ခဲ့သမျှတို့ကို မသိဘဲ ရောက်လာလေ၏။-
Acts BurCBCM 5:8  ထိုအခါ ပေတရုက သူမအား သင်တို့သည် မြေကို ဤမျှဖြင့် ရောင်းခဲ့ခြင်း ဟုတ်မဟုတ် ငါ့အား ပြောပါလော့ဟု မေးလျှင် သူမက ဟုတ်ပါ၏၊ ဤမျှနှင့် ရောင်းခဲ့ပါသည်ဟုဆိုလေ၏။-
Acts BurCBCM 5:9  ထိုအခါ ပေတရုက သင်တို့သည် ထာ၀ရဘုရားသခင်၏ ဝိညာဉ်တော်ကို စုံစမ်းရန် အဘယ်ကြောင့်စိတ်သဘော တူညီခဲ့ကြ သနည်း။ ကြည့်လော့၊ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်ခဲ့ကြသော သူတို့၏ခြေလှမ်းများသည် တံခါးသို့ ရောက်နေလေပြီ။ သူတို့သည် သင့်ကိုလည်း အပြင်သို့ သယ်ဆောင်သွားကြလိမ့်မည်ဟု ဆိုလေ၏။-
Acts BurCBCM 5:10  ထိုခဏ ချင်းတွင်ပင် သူမသည် သူ၏ခြေရင်း၌ လဲကျ၍ သေဆုံး လေ၏။ လူငယ်တို့သည် ဝင်လာကြ၍ သူမသေဆုံးနေ သည်ကို တွေ့ မြင်ကြသောအခါ အလောင်းကိုသယ် ဆောင်သွားကြ၍ သူမခင်ပွန်း၏အနီး၌ သူမကို သင်္ဂြိုဟ်ကြ၏။-
Acts BurCBCM 5:11  အသင်းတော်တစ်ခုလုံးနှင့် ဤအကြောင်းအရာတို့ကို ကြားကြသော သူအပေါင်းတို့သည်လည်း အလွန်ကြောက်ရွံ့ တုန်လှုပ်ကြ၏။
Acts BurCBCM 5:12  တမန်တော်တို့သည် လူအများကြားတွင် တန်ခိုးလက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်ကြလေ၏။ သူတို့အားလုံး သည်လည်း ဆောလမွန်မုခ်ဦးအဆောင်၌ စုဝေးကြ၏။-
Acts BurCBCM 5:13  အခြားသူများထဲမှ မည်သူမျှ သူတို့၏အစု အဝေးထဲသို့ မဝင်ရဲကြ။ သို့သော် လူတို့သည် သူတို့ကို အလွန်ရိုသေ လေးစားကြ၏။-
Acts BurCBCM 5:14  သခင်ဘုရားကို ယုံကြည် သော အမျိုးသား၊ အမျိုးသမီးတို့၏ အရေအတွက်သည်လည်း ယခင်ကထက် တိုးပွားလာလေ၏။-
Acts BurCBCM 5:15  သို့ဖြစ်၍ သူတို့သည် ပေတရုကြွလာသောအခါ လူနာများထဲမှ အချို့ အပေါ်သို့ သူ၏အရိပ်ကျရောက်စေရန် မျှော်လင့်လျက် ဖျားနာသောသူများကို လမ်းများပေါ်၌ ထုတ်ထား၍ အိပ်ရာနှင့် ဖျာများပေါ်တွင် တင်ထားကြ၏။-
Acts BurCBCM 5:16  ဂျေရုဆလင်မြို့ အနီးတစ်ဝိုက်ရှိမြို့များမှ လူတို့သည်လည်း စုဝေးလာကြ၍ ဖျားနာသောသူများနှင့် ညစ်ညူးသော နတ်ဆိုး၏ညှဉ်းဆဲခြင်းကို ခံရသူများအား ခေါ်ဆောင်လာကြရာ ထိုသူအပေါင်းတို့သည် ရောဂါဝေဒနာပျောက်ကင်းကြကုန်၏။
Acts BurCBCM 5:17  သို့ရာတွင် ရဟန်းအကြီးအကဲနှင့် သူနှင့်အတူရှိကြသော ဇာဒူခေးဦးတို့၏ အဖွဲ့တွင် ပါဝင်သူအပေါင်းတို့သည် မနာလိုစိတ်ဖြင့် ပြည့်ကြလျက်၊-
Acts BurCBCM 5:18  တမန်တော်တို့ကို ဖမ်းဆီးပြီးလျှင် ထောင်ထဲတွင် အကျဉ်းချထားကြလေ၏။-
Acts BurCBCM 5:19  သို့သော် ညအချိန်၌ ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်သည် ထောင်တံခါးများကိုဖွင့်၍ တမန်တော်တို့ကို အပြင်သို့ခေါ်ထုတ်ပြီးမှ၊-
Acts BurCBCM 5:20  သွားကြ၍ ဗိမာန်တော်ထဲတွင်ရပ်လျက် လူတို့အား အသက်ရှင်ခြင်း၏ တရားစကားအလုံးစုံကို ဟောပြောကြလော့ဟု ဆိုလေ၏။-
Acts BurCBCM 5:21  တမန်တော်တို့သည်လည်း ထိုစကားကိုကြားကြသောအခါ နံနက်စောစောအချိန်၌ ဗိမာန်တော်ထဲသို့ဝင်ကြ၍ ဟောပြော သွန်သင်ကြလေ၏။ ရဟန်းအကြီးအကဲနှင့် သူ၏အပေါင်းအဖော်တို့မူကား ရောက်လာကြ၍ ဘာသာရေးလွှတ်တော်ကို ခေါ်ယူရန် အစ္စရာအဲလ်အမျိုးသားတို့၏ သက်ကြီးဝါကြီးတို့ကို စုဝေးစေ၏။ ထို့နောက် တမန်တော်တို့ကို ခေါ်ဆောင်စေခြင်းငှာ အမှုထမ်းတို့ကို ထောင်သို့စေလွှတ်လိုက်ကြ၏။-
Acts BurCBCM 5:22  သို့သော် အမှုထမ်းတို့သည် ထောင်သို့ရောက်ကြသောအခါ တမန်တော်တို့ကို ထောင်ထဲတွင်မတွေ့ကြသဖြင့် ပြန်သွားကြပြီး သတင်းပို့ ကြသည်ကား၊-
Acts BurCBCM 5:23  ထောင်သည် လုံခြုံစွာသော့ခတ်ထားလျက်ရှိပြီး အစောင့်တို့သည်လည်း ထောင်တံခါးများအနီးတွင် စောင့်ကြပ်နေကြ သည်ကို အကျွန်ုပ်တို့တွေ့ခဲ့ရပါသည်။ သို့သော် တံခါးကို ဖွင့်လိုက်သောအခါ အကျွန်ုပ်တို့သည် အတွင်း၌ မည်သူ့ကိုမျှ မတွေ့ ကြပါဟု ပြောပြကြ၏။-
Acts BurCBCM 5:24  ဗိမာန်တော်မှူးနှင့် ရဟန်းအကြီးအကဲတို့သည် ဤအကြောင်းကို ကြားကြသောအခါ ဤအခြင်းအရာသည် မည်သို့ ဖြစ်လိမ့်မည်နည်းဟု တွေးတောလျက် အလွန်ပင် စဉ်းစားရခက်နေကြ၏။-
Acts BurCBCM 5:25  ထိုအချိန်တွင် တစ်စုံတစ်ယောက်သည်လာ၍ သူတို့အား ပြောသည်ကား သင်တို့ ထောင်သွင်းအကျဉ်း ချထားသော သူတို့သည် ဗိမာန်တော်ထဲ၌ ရပ်နေလျက် လူတို့ကို ဟောပြောသွန်သင်နေကြပါသည်ဟု ဆိုလေ၏။-
Acts BurCBCM 5:26  ထိုအခါ ဗိမာန်တော်မှူးနှင့် အမှုထမ်းတို့သည် သွားကြ၍ တမန်တော်တို့ကို အနိုင်အထက်မပြုဘဲ ခေါ်ဆောင်လာကြ၏။ အကြောင်းမူကား သူတို့သည် မိမိတို့ကို လူအများက ကျောက်ခဲနှင့်ပစ်ပေါက်မည်ကို စိုးရိမ်ကြသောကြောင့် ဖြစ်၏။
Acts BurCBCM 5:27  ထိုသူတို့သည် တမန်တော်တို့ကို ခေါ်ဆောင်လာပြီးသောအခါ သူတို့ကို ဘာသာရေးလွှတ်တော်ရှေ့တွင် ထားကြ၏။ ထိုအခါ ရဟန်းအကြီးအကဲက သူတို့အား မေးမြန်းပြောဆိုသည်ကား၊-
Acts BurCBCM 5:28  ဤသူ၏နာမကို အမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် သင်တို့အား ငါတို့ကြပ်တည်းစွာ အမိန့်ပေးထားခဲ့ကြပြီ။ သို့သော် သင်တို့သည် ဂျေရုဆလင်တစ်မြို့လုံးကို သင်တို့၏ဟောပြောသွန်သင် ချက်များဖြင့် ပြည့်စေ၍ ဤသူ၏သွေးကို ငါတို့အပေါ်သို့ သက်ရောက်စေရန် သင်တို့ကြံစည်နေကြသည် ဟုဆို၏။-
Acts BurCBCM 5:29  သို့သော် ပေတရုနှင့် တမန်တော်တို့က ငါတို့သည် လူ၏စကားထက် ဘုရားသခင်၏စကားကို နာခံရမည်သာဖြစ်၏။-
Acts BurCBCM 5:30  ငါတို့ဘိုးဘေးတို့၏ ဘုရားသခင်သည် သင်တို့ လက်ဝါးကပ်တိုင်တင်၍ သတ်ခဲ့ကြသော ယေဇူးကို ရှင်ပြန်ထမြောက် စေတော်မူခဲ့၏။-
Acts BurCBCM 5:31  အစ္စရာအဲလ်လူမျိုးတို့အား နောင်တတရားနှင့် အပြစ်လွှတ်ခြင်းအခွင့်ကိုပေးရန် ဘုရားသခင်သည် သူ့ကို မိမိ၏ လက်ယာတော်ဘက်၌ ခေါင်းဆောင်နှင့် ကယ်တင်ရှင်အဖြစ် ချီးမြှင့်ခန့်ထားတော်မူ၏။ ငါတို့သည်လည်း ဤအဖြစ်အပျက် များကို သက်သေခံသောသူများဖြစ်ကြ၏။-
Acts BurCBCM 5:32  သူ့ကို နာခံသောသူတို့အား ဘုရားသခင်ပေးတော်မူသော ဝိညာဉ်တော်မြတ်သည်လည်း ထိုနည်းတူ သက်သေခံ ဖြစ်တော်မူ၏ဟု ပြန်ဖြေလေ၏။-
Acts BurCBCM 5:33  ထိုသူအားလုံးသည် ဤစကားကို ကြားကြသောအခါ အလွန်အမျက်ဒေါသထွက်ကြ၍ တမန်တော်တို့အား သတ်ရန် အလိုရှိကြ၏။
Acts BurCBCM 5:34  သို့ရာတွင် လူအပေါင်းတို့၏ ရိုသေလေးစားခြင်းခံရပြီး ဘာသာရေးလွှတ်တော် အဖွဲ့ဝင်တစ်ယောက်ဖြစ်ကာ ကျမ်းတတ်ဆရာလည်းဖြစ်သော ဂါမလီအဲလ်အမည်ရှိ ဖာရီဇေးဦးတစ်ဦးသည် ထိုင်ရာမှထလျက် တမန်တော်တို့ကို အပြင်သို့ခေတ္တ ခေါ်ထုတ်သွားစေရန် အမိန့်ပေးလေ၏။-
Acts BurCBCM 5:35  ထို့နောက် သူက လွှတ်တော်တွင်ရှိသော သူတို့အား ဆိုသည်မှာ အစ္စရာအဲလ်အမျိုးသားအပေါင်းတို့၊ ဤသူတို့အား သင်တို့ပြုမူဆက်ဆံကြရာတွင် သတိနှင့်ပြုမူကြလော့။-
Acts BurCBCM 5:36  အကြောင်းမူကား လွန်ခဲ့သောကာလက သေအိုဒဆိုသူတစ်ဦး ပေါ်ထွက်လာ၍ မိမိကိုယ်ကို ထူးခြားသူတစ်ဦးအဖြစ် ကြေညာသဖြင့် လူလေးရာခန့် သူ၏နောက်သို့ လိုက်ခဲ့ကြ၏။ သို့သော် ထိုသူသည် အသတ်ခံရပြီး သူ၏နောက်လိုက်များသည် တကွဲတပြားစီဖြစ်ကာ လုံး၀ပျောက်ကွယ်သွားခဲ့၏။-
Acts BurCBCM 5:37  ထို့နောက် သန်းခေါင်စာရင်း ကောက်ယူသည့် အချိန်ကာလတွင် ဂါလေလေးယနယ်သား ဂျုဒဆိုသူတစ်ဦးပ ေါ်ထွက်လာပြန်၍ မိမိနောက်သို့လိုက်ရန် လူအချို့ကို စည်းရုံးပြီး သူသည်လည်း ပျက်စီး၍ သူ၏နောက်လိုက်များအားလုံး တကွဲတပြား ဖြစ်ကြကုန်၏။-
Acts BurCBCM 5:38  သို့ဖြစ်၍ ဤအမှုနှင့်စပ်လျဉ်း၍ သင်တို့အား ငါဆိုသည်မှာ ဤသူတို့နှင့် ကင်းရှင်းစွာနေကြလော့။ သူတို့အလိုရှိရာ ပြုကြပါစေ။ အကြောင်းမူကား ဤအစီအစဉ်၊ ဤလှုပ်ရှားမှုသည် လူတို့ထံမှဖြစ်ခဲ့လျှင် ၎င်းသည် အလိုအလျောက် ပျက်စီးပြိုကွဲ ရလိမ့်မည်။-
Acts BurCBCM 5:39  သို့သော် ဤလှုပ်ရှားမှုသည် ဘုရားသခင်ထံမှဖြစ်ခဲ့ပါလျှင် သင်တို့သည် ဤသူတို့ကို ဖျက်ဆီးနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ဘဲ သင်တို့သည်ပင်လျှင် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်နေကြပေလိမ့်မည်ဟု ပြောဆိုလေ၏။
Acts BurCBCM 5:40  ထိုအခါ ထိုသူအားလုံးသည် သူ၏အကြံပေးချက်ကို လက်ခံကြ၏။ ထို့နောက် သူတို့သည် တမန်တော်တို့ကို ပြန်ခေါ် ကြပြီးလျှင် ရိုက်နှက်ကြ၍ ယေဇူး၏နာမတော်၌ ဟောပြောသွန်သင်ခြင်းမပြုရန် သတိပေးပြီးမှ ပြန်လွှတ်လိုက်ကြ၏။-
Acts BurCBCM 5:41  ထိုအခါ တမန်တော်တို့သည် နာမတော်အတွက်ကြောင့် မိမိတို့အရှက်တကွဲဖြစ်ရခြင်းကို ခံထိုက်သည်ဟူ၍ မှတ်ယူ တော်မူခြင်းကို ခံကြရသောကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ လွှတ်တော်ရုံးမှ ထွက်ခွာသွားကြလေ၏။-
Acts BurCBCM 5:42  ထို့နောက် သူတို့သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌လည်းကောင်း၊ လူနေအိမ်များ၌လည်းကောင်း အဆက်မပြတ် သွန်သင်ကြလျက် ယေဇူးသည် ခရစ်တော်ဖြစ်ကြောင်းကို ဟောပြောကြလေ၏။
Chapter 6
Acts BurCBCM 6:1  ထိုကာလ၌ တပည့်တော်တို့၏ အရေအတွက်သည် တိုးပွားလာလေ၏။ ထိုအခါ နေ့စဉ်အစားအစာ ဝေငှရာ၌ မိမိတို့ထဲမှ မုဆိုးမများသည် လျစ်လျူရှုထားခြင်း ခံရသောကြောင့် ဂရိစကားပြောဆိုသူတို့က ဟေဗြေဦးစကား ပြောဆိုသူတို့ကို အပြစ်တင်ကြ၏။-
Acts BurCBCM 6:2  ထို့ကြောင့် တစ်ကျိပ်နှစ်ပါးတို့သည် တပည့်တော်အပေါင်းတို့ကို စုဝေးစေ၍ ဆိုကြသည်မှာ ငါတို့သည် ဘုရားသခင်၏ နှုတ်တော်ထွက်စကား ဟောပြောခြင်းအမှုကိုစွန့်၍ ကျွေးမွေးခြင်းအမှုကို ဆောင်ရွက်ရန် မသင့်လျော်ချေ။-
Acts BurCBCM 6:3  ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ထဲတွင် ဂုဏ်သိက္ခာရှိ၍ ဝိညာဉ်တော်မြတ်နှင့်လည်းကောင်း၊ ပညာအမြော်အမြင်နှင့် လည်းကောင်း ပြည့်စုံသောသူခုနစ်ဦးကို ရွေးချယ်ကြလော့။ ငါတို့သည် ထိုသူတို့အား ဤတာဝန်ကို ထမ်းဆောင်ကြရန် ခန့်အပ်ထားမည်။-
Acts BurCBCM 6:4  ငါတို့မူကား ဆုတောင်းပတ္ထနာပြုခြင်းနှင့် နှုတ်တော်ထွက်စကားဟော ပြောခြင်းအမှုတော်များ၌သာ မြဲမြံစွာ ဆောင်ရွက်ကြ မည် ဟုဆိုကြ၏။-
Acts BurCBCM 6:5  စုဝေးနေကြသူအားလုံးတို့သည် သူတို့ပြောသောစကားကို နှစ်သက်ကြသဖြင့် ယုံကြည်ခြင်းနှင့်လည်းကောင်း၊ ဝိညာဉ်တော် မြတ်နှင့်လည်းကောင်း ပြည့်စုံသောစတေဖနု၊ ဖိလိပု၊ ပရိုခိုရု၊ နီကာနော်၊ တီမွန်၊ ပါမေန၊ ဂျူးဘာသာထဲသို့ ဝင်လာသော အန္တီယော့မြို့သား နီကောလတို့ကို ရွေးချယ်ကြ၏။-
Acts BurCBCM 6:6  သူတို့သည် ဤသူတို့ကို တမန်တော်တို့၏ရှေ့သို့ ခေါ်ဆောင်လာကြ၍ တမန်တော်တို့သည်လည်း ဆုတောင်းပြီး မိမိတို့၏ လက်များကို သူတို့အပေါ်သို့တင်ကြ၏။
Acts BurCBCM 6:7  ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည်လည်း ဆက်လက်၍ ပျံ့နှံ့လေ၏။ ဂျေရုဆလင်မြို့၌လည်း တပည့်တော်တို့၏ အရေအတွက်သည် များစွာတိုးပွားလာလေ၏။ မြောက်မြားစွာသော ရဟန်းတို့သည်လည်း ယုံကြည်ခြင်းကို လိုက်နာလာကြ၏။
Acts BurCBCM 6:8  စတေဖနုသည် ကျေးဇူးတော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း ပြည့်စုံလျက် လူအများရှေ့တွင် ကြီးစွာသော တန်ခိုးလက္ခဏာများနှင့် အံ့ဖွယ်ရာများကိုပြုလုပ်လေ၏။-
Acts BurCBCM 6:9  ထိုစဉ် လွတ်လပ်သူများ၏ တရားဇရပ်ဟုခေါ်သော တရားဇရပ်တွင် ပါဝင်သောသူအချို့၊ ဆီရီနေနှင့် အလက်ဇန္ဒြား မြို့သားများ၊ စီလိစိယနှင့် အာရှမှလာသောသူများသည် စတေဖနုနှင့် အငြင်းပွားကြ၏။-
Acts BurCBCM 6:10  သို့ရာတွင် သူတို့သည် ဉာဏ်ပညာနှင့် ဝိညာဉ်တော်အားဖြင့် စတေဖနုပြောဆိုသော စကားများကို ခုခံချေပခြင်း မပြုနိုင်ကြချေ။-
Acts BurCBCM 6:11  ထိုအခါ သူတို့သည် လူတို့ကို တိတ်တဆိတ် သွေးထိုးလှုံ့ဆော်ထားသဖြင့် ထိုသူတို့က ဤသူသည် မိုးဇက်နှင့် ဘုရားသခင်အား ထိခိုက်သည့်စကား များပြောဆိုသည်ကို ငါတို့ကြားကြရပါသည်ဟု ဆိုကြ၏။-
Acts BurCBCM 6:12  ဤသို့ဖြင့် သူတို့သည် လူများ၊ သက်ကြီးဝါကြီးများနှင့် ကျမ်းတတ်ဆရာများကို သွေးထိုးလှုံ့ဆော်ကြသဖြင့် ထိုသူတို့သည် စုဝေးကြ၍ စတေဖနုကို ဖမ်းဆီးကြပြီး ဘာသာရေးလွှတ်တော်ရှေ့သို့ ပို့ကြလေ၏။-
Acts BurCBCM 6:13  ထို့နောက် သူတို့သည် မမှန်သော သက်သေခံသူများကို ခေါ်လာ၍ ထိုသူတို့က ဤသူသည် သန့်ရှင်းရာဌာနနှင့် ပညတ်တရားတော်တို့ကို အဆက်မပြတ် ဆန့်ကျင်ပြောဆို လျက်ရှိပါသည်။-
Acts BurCBCM 6:14  အကြောင်းမူကား သူက နာဇရက်မြို့သား ယေဇူးသည် ဤဗိမာန်တော်ကို ဖျက်ဆီး၍ အကျွန်ုပ်တို့အား မိုးဇက် ပေးထားခဲ့သော ရှေးထုံးစဉ်လာများကို ပြောင်းလဲလိမ့်မည်ဟူ၍ ပြောဆိုကြောင်းကို အကျွန်ုပ်တို့ ကြားကြပါသည်ဟု ထွက်ဆိုကြ၏။-
Acts BurCBCM 6:15  ဘာသာရေးလွှတ်တော်တွင် ထိုင်နေကြသော သူအပေါင်းတို့သည် သူ့ကို စူးစိုက်ကြည့်ကြသောအခါ သူ၏မျက်နှာသည် ကောင်းကင်တမန်တော်၏ မျက်နှာကဲ့သို့ ဖြစ်သည်ကို တွေ့ မြင်ကြ၏။
Chapter 7
Acts BurCBCM 7:1  ထိုအခါ ရဟန်းအကြီးအကဲက ထိုသူတို့ ထွက်ဆိုသည့်အတိုင်း ဖြစ်သလောဟု မေးလေ၏။-
Acts BurCBCM 7:2  စတေဖနုကလည်း ညီအစ်ကိုများနှင့် အဖတို့၊ နားထောင်ကြပါလော့။ ငါတို့အဖ အာဘရာဟံသည် ဟာရန်မြို့သို့ သွား၍ အခြေမချမီ မေဆိုပိုတမိယပြည်၌ရှိစဉ် ဘုန်းဂုဏ်တော်အရှင် ဘုရားသခင်သည် သူ့အား ထင်ရှားပြတော်မူ၍၊-
Acts BurCBCM 7:3  သင်၏တိုင်းပြည်နှင့် မိဘဆွေမျိုးတို့ကို စွန့်ခွာ၍ ငါပြလတ္တံ့သော တိုင်းပြည်သို့သွားလော့ဟု မိန့်တော်မူ၏။-
Acts BurCBCM 7:4  ထိုအခါ သူသည် ခါဒေးယပြည်မှ ထွက်ခွာလာ၍ ဟာရန်မြို့တွင် သွားရောက်အခြေချ နေထိုင်ခဲ့၏။ ထို့နောက် သူ၏အဖ သေဆုံးပြီးသောအခါ ဘုရားသခင်သည် သူ့ကို သင်တို့ယခုနေထိုင်ကြသော ဤတိုင်းပြည်သို့ ပြောင်းရွှေ့နေထိုင်စေတော်မူ၏။-
Acts BurCBCM 7:5  ကိုယ်တော်သည် သူ့အား အမွေအနှစ်အဖြစ် ဤတိုင်းပြည်တွင် မြေတစ်ပေခန့်ကိုပင် ပေးတော်မမူခဲ့ချေ။ သို့ရာတွင် သူ့၌ သားသမီးမထွန်းကားဘဲလျက် ကိုယ်တော်သည် ထိုတိုင်းပြည်ကို သူနှင့် သူ၏ သားစဉ်မြေးဆက်တို့အား အပိုင်ပေးသနား တော်မူမည်ဟု ကတိထားတော်မူခဲ့၏။-
Acts BurCBCM 7:6  ဘုရားသခင်သည် သူ့အား မိန့်တော်မူသည်ကား သူ၏သားစဉ်မြေးဆက်တို့သည် အခြားသောသူတို့၏ တိုင်းပြည်တွင် တိုင်းတစ်ပါးသား များဖြစ်ကြ၍ နှစ်ပေါင်းလေးရာပတ်လုံး ထိုသူတို့၏ကျွန်ပြုခြင်းနှင့် ဖိနှိပ်ခြင်းကိုခံကြရလိမ့်မည်။-
Acts BurCBCM 7:7  သို့သော် ငါသည် သူတို့ကျွန်ခံရသော လူမျိုးကို စီရင်မည်။ ထို့နောက် သူတို့သည် ထိုတိုင်းပြည်မှ ထွက်ခွာလာကြ၍ ဤနေရာ၌ ငါ့ကို ဝတ်ပြုကိုးကွယ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။-
Acts BurCBCM 7:8  ထို့ပြင် ဘုရားသခင်သည် အရေဖျားလှီးခြင်းနှင့်ဆိုင်သော ပဋိညာဉ်တော်ကို အာဘရာဟံအား ပေးတော်မူ၏။ သို့ဖြစ်၍ မိမိ၏သား အီဇတ်မွေးဖွားလာသောအခါ အာဘရာဟံသည် သူ့အား ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်း မင်္ဂလာကို ပေးခဲ့၏။ ထိုနည်းတူ အီဇတ်သည် သားဖြစ်သူ ယာကုပ်အားလည်းကောင်း၊ ယာကုပ်သည်လည်း မိမိ၏သားများဖြစ်ကြသော ငါတို့ဘိုးဘေး တစ်ဆယ့်နှစ်ယောက်ကိုလည်းကောင်း ထိုသို့ပြုလုပ်ခဲ့ကြ၏။
Acts BurCBCM 7:9  ဘိုးဘေးများသည် ဂျိုးဇက်ကို မနာလိုကြသောကြောင့် သူ့အား အီဂျစ်ပြည်သို့ ရောင်းချလိုက်ကြ၏။ သို့သော် ဘုရားသခင်သည် သူနှင့်အတူ ရှိတော်မူသည်ဖြစ်၍၊-
Acts BurCBCM 7:10  သူ့အား ဒုက္ခဆင်းရဲအပေါင်းမှ ကယ်နုတ်ပြီးလျှင် ပညာအမြော်အမြင်နှင့် ပြည့်စုံစေခြင်းဖြင့် အီဂျစ်ပြည်ကို အစိုးရသော ဖာရောဘုရင်ရှေ့မှောက်၌ မျက်နှာရစေတော်မူ၏။ ထိုဘုရင်သည် သူ့အား အီဂျစ်ပြည်၏ ဘုရင်ခံအဖြစ်လည်းကောင်း၊ မိမိ၏ နန်းတော်တစ်ခုလုံးကို ကြီးကြပ်သူအဖြစ်လည်းကောင်း ခန့်ထားလေ၏။-
Acts BurCBCM 7:11  ထို့နောက် အီဂျစ်ပြည်နှင့် ကာနန်ပြည်တစ်ဝန်းလုံး၌ အစာငတ်မွတ်ခေါင်းပါးခြင်း ကျရောက်သဖြင့် ကြီးစွာသော ဒုက္ခဆင်းရဲခြင်းဖြစ်လေ၏။ ငါတို့ဘိုးဘေးများသည်လည်း စားစရာရှာမတွေ့ နိုင်တော့ချေ။-
Acts BurCBCM 7:12  သို့သော် ယာကုပ်သည် အီဂျစ်ပြည်၌ ဂျုံစပါးရှိကြောင်းကိုကြားသောအခါ မိမိ၏သားများကို ထိုအရပ်သို့ ပထမအကြိမ် စေလွှတ်လိုက်၏။-
Acts BurCBCM 7:13  ထို့နောက် သူတို့ ဒုတိယအကြိမ် လာသောအခါ ဂျိုးဇက်သည် ညီအစ်ကိုတို့အား မိမိကို သိရှိစေရန် ထုတ်ဖော်အသိပေး လိုက်၍ ဖာရောဘုရင်သည်လည်း ဂျိုးဇက်၏မိသားစုကို သိရှိသွားလေ၏။-
Acts BurCBCM 7:14  ထို့နောက် ဂျိုးဇက်သည် မိမိ၏ဖခင် ယာကုပ်နှင့်တကွ စုစုပေါင်း ခုနစ်ဆယ့်ငါးယောက်ရှိသော မိမိ၏ ဆွေမျိုးသားချင်း များကို မိမိထံသို့လာကြရန် ဖိတ်ခေါ်ခဲ့လေ၏။-
Acts BurCBCM 7:15  ယာကုပ်သည်လည်း အီဂျစ်ပြည်သို့ ထွက်ခွာလာ၍ ထိုတိုင်းပြည်၌ သူနှင့် ငါတို့၏ ဘိုးဘေးများ သေဆုံးကြ၏။-
Acts BurCBCM 7:16  ထိုအခါ သူတို့ကို ရှီကိမ်မြို့သို့ ပြန်လည်သယ် ဆောင်လာကြပြီး ဟာမော်၏သားများထံမှ အာဘရာဟံက ငွေဒင်္ဂါးများပေး၍ ဝယ်ယူထားသော သခင်္ျိုင်းဂူတွင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြ၏။
Acts BurCBCM 7:17  အာဘရာဟံအား ဘုရားသခင် ကတိထားတော်မူသည့် အချိန်နီးကပ်လာသောအခါ ငါတို့လူမျိုးသည် အီဂျစ်ပြည်တွင် လူဦးရေတိုးပွား များပြားလျက်ရှိ၏။-
Acts BurCBCM 7:18  ထိုအချိန်၌ ဂျိုးဇက်ကိုမသိသော ဘုရင်တစ်ပါးသည် အီဂျစ်ပြည်ကို အုပ်စိုးလေ၏။-
Acts BurCBCM 7:19  သူသည် ငါတို့လူမျိုးအပေါ် ဉာဏ်ဆင်လျက် မွေးကင်းစသူငယ်များကို အသက်မရှင်စေခြင်းငှာ အပြင်၌ စွန့်ပစ်ထားရန် ငါတို့၏ ဘိုးဘေးတို့ကို အတင်းအကျပ်စေခိုင်းလေ၏။-
Acts BurCBCM 7:20  ထိုအချိန်၌ပင် မိုးဇက်သည် မွေးဖွားလာပြီး သူသည် ဘုရားသခင်ရှေ့တော်၌ အဆင်းလှသောသူဖြစ်၏။ သူသည် မိမိဖခင်၏အိမ်တွင် သုံးလတိုင်တိုင် ကျွေးမွေးပြုစုခြင်းခံခဲ့ရ၏။-
Acts BurCBCM 7:21  ထို့နောက် သူသည် ပြင်ပ၌ စွန့်ပစ်ခြင်းခံရသောအခါ ဖာရောဘုရင်၏ သမီးတော်သည် သူ့ကိုမွေးစား၍ မိမိ၏ သားအရင်းပမာ ပြုစုစောင့်ရှောက်ခဲ့လေ၏။-
Acts BurCBCM 7:22  မိုးဇက်သည်လည်း အီဂျစ်အမျိုးသားတို့ တတ်ကျွမ်းအပ်သော ပညာအလုံးစုံတို့ကို သင်ကြားတတ်မြောက်ကာ နှုတ်မှု စွမ်းရည်နှင့် လုပ်ကိုင်ဆောင် ရွက်မှုစွမ်းရည်ရှိသောသူတစ်ဦးဖြစ်လာ၏။
Acts BurCBCM 7:23  သူသည် အသက်လေးဆယ်အရွယ် ရှိလာသောအခါ မိမိ၏ညီအစ်ကိုများဖြစ်သော အစ္စရာအဲလ်အမျိုးသားတို့ထံသို့ သွားရောက်လည်ပတ်ရန် ဆန္ဒဖြစ်ပေါ်လာလေ၏။-
Acts BurCBCM 7:24  ထိုသို့သွားရောက်နေစဉ် ၎င်းတို့ထဲမှတစ်ဦးမှာ မတရားညှဉ်းပန်း ခံနေရသည်ကို မြင်သဖြင့် ဖိနှိပ်ခံရသူဘက်မှ ကူညီ၍ အီဂျစ်လူမျိုးတစ်ဦးကို သတ်ဖြတ်ကာ လက်စားချေလိုက်၏။-
Acts BurCBCM 7:25  ဘုရားသခင်သည် သူ၏လက်ဖြင့် ထိုသူတို့ကို လွတ်မြောက်စေမည့်အကြောင်း သူ၏ညီအစ်ကိုများ နားလည်သိရှိ ကြလိမ့်မည်ဟု သူထင်မှတ်ခဲ့သော်လည်း ထိုသူတို့မူကား နားမလည်ခဲ့ကြချေ။-
Acts BurCBCM 7:26  နောက်တစ်နေ့၌ မိုးဇက်သည် အစ္စရာအဲလ်လူမျိုးနှစ်ဦး ခိုက်ရန်ဖြစ်ပွားနေကြစဉ် သူတို့ထံသို့ ရောက်ရှိသွားပြီးလျှင် သူက အချင်းလူတို့၊ သင်တို့သည် ညီအစ်ကိုချင်း ဖြစ်ပါလျက် အဘယ်ကြောင့် တစ်ဦးကိုတစ်ဦး ထိခိုက်စေကြသနည်းဟူ၍ သူတို့အချင်းချင်း သင့်မြတ်စေရန် ဖျန်ဖြေပြောဆိုလေ၏။-
Acts BurCBCM 7:27  သို့သော် မိမိအမျိုးသားချင်း မတရားညှဉ်းပန်းနေသောသူက မိုးဇက်ကိုတွန်းဖယ်၍ ပြောသည်ကား ငါတို့အပေါ် အုပ်ချုပ်သူနှင့် တရားသူကြီးအဖြစ် သင့်ကို မည်သူခန့်အပ်ထားသနည်း။-
Acts BurCBCM 7:28  ယမန်နေ့က သင်သည် အီဂျစ်လူမျိုးတစ်ဦးကို သတ်ဖြတ်ခဲ့သကဲ့သို့ ငါ့ကိုလည်း သတ်ဖြတ်လိုသလောဟု မေးလေ၏။-
Acts BurCBCM 7:29  ဤစကားကိုကြားလျှင် မိုးဇက်သည် ထွက်ပြေးတိမ်းရှောင်၍ မီဒိယပြည်တွင် ဧည့်သည်အဖြစ် သွားရောက်နေထိုင်ပြီး ထိုအရပ်၌ သားနှစ်ယောက်ရရှိလေ၏။
Acts BurCBCM 7:30  ဤသို့ဖြင့် နှစ်ပေါင်းလေးဆယ်ကြာပြီးသောအခါ ကောင်းကင်တမန်တော်တစ်ပါးသည် ဆီနိုင်တောင်အနီး တောကန္တာရတွင် မိုးဇက်အား ချုံထဲ၌တောက်လောင်နေသော မီးထဲမှ ထင်ရှားပြလေ၏။-
Acts BurCBCM 7:31  မိုးဇက်သည် ဤအခြင်းအရာကိုမြင်လျှင် အံ့ဩသဖြင့် မြင်ကွင်းကို သေချာစွာကြည့်ရှုရန် အနီးသို့ချဉ်းကပ်သောအခါ ထာ၀ရဘုရားသခင်၏ အသံတော်ထွက်ပေါ်လာသည်ကား၊-
Acts BurCBCM 7:32  ငါသည် သင့်ဘိုးဘေးတို့၏ဘုရား၊ အာဘရာဟံ၊ အီဇတ်၊ ယာကုပ်တို့၏ဘုရား ဖြစ်တော်မူ၏ဟု မိန့်တော်မူ၏။ မိုးဇက် သည်လည်း ကြောက်ရွံ့တုန်လှုပ်သဖြင့် မကြည့်ဝံ့ဘဲရှိ၏။-
Acts BurCBCM 7:33  ထိုအခါ ထာ၀ရဘုရားသခင်က သူ့အား သင်၏ခြေမှ ဖိနပ်တို့ကိုချွတ်လော့။ အကြောင်းမူကား သင်ရပ်နေသောနေရာသည် သန့်ရှင်းမြင့်မြတ်သောမြေဖြစ်၏။-
Acts BurCBCM 7:34  ငါသည် အီဂျစ်ပြည်ရှိ ငါ့လူမျိုး၏ ဆင်းရဲဒုက္ခကိုမြင်ရ၍ သူတို့၏ညည်းတွားသံကို ကြားတော်မူသဖြင့် သူတို့ကို ရွေးနုတ် ကယ်တင်ရန် ဆင်းကြွလာတော်မူပြီ။ သို့ဖြစ်၍ လာခဲ့လော့။ ငါသည် သင့်ကို အီဂျစ်ပြည်သို့စေလွှတ်မည်ဟု မိန့်တော်မူ၏။
Acts BurCBCM 7:35  မည်သူသည် သင့်ကိုအုပ်ချုပ်သူနှင့် တရားသူကြီးအဖြစ် ခန့်ထားသနည်းဟု မေးမြန်း၍ သူတို့ငြင်းပယ်ခဲ့ကြသော ဤမိုးဇက်ကို မီးတောက်လောင်နေသောချုံထဲမှ ထင်ရှားပြသည့် ကောင်းကင်တမန်တော်အားဖြင့် ဘုရားသခင်သည် အစ္စရာအဲလ်လူမျိုးများအတွက် အုပ်ချုပ်သူနှင့် ကယ်တင်ရှင်အဖြစ် စေလွှတ်တော်မူခဲ့၏။-
Acts BurCBCM 7:36  သူသည် အီဂျစ်ပြည်၌လည်းကောင်း၊ ပင်လယ်နီ၌လည်းကောင်း၊ နှစ်ပေါင်းလေးဆယ်တိုင်အောင် တောကန္တာရ၌လည်း ကောင်း အံ့ဖွယ်တန်ခိုးလက္ခဏာများကို ပြုလုပ်လျက် အစ္စရာအဲလ်လူမျိုးကို အီဂျစ်ပြည်မှ ဦးဆောင်ခေါ်ထုတ်ခဲ့၏။-
Acts BurCBCM 7:37  ဘုရားသခင်သည် ငါ့ကိုပေါ်ထွန်းစေသကဲ့သို့ သင်တို့၏ ညီအစ်ကိုများထဲမှ ပရောဖက်တစ်ပါးကို သင်တို့အတွက် ပေါ်ထွန်း စေလိမ့်မည်ဟု အစ္စရာအဲလ်လူမျိုးများအား ပြောဆိုခဲ့သူမှာ ဤသူမိုးဇက်ပင်ဖြစ်၏။-
Acts BurCBCM 7:38  သူသည် တောကန္တာရတွင် စည်းဝေးစုရုံးကြသော အစ္စရာအဲလ်လူမျိုးနှင့်လည်းကောင်း၊ ဆီနိုင်တောင်ပေါ်တွင် သူ့အား ဗျာဒိတ်ပေးသော ကောင်းကင်တမန်တော်နှင့်လည်းကောင်း၊ ငါတို့၏ ဘိုးဘေးများနှင့်လည်းကောင်း အတူရှိခဲ့သူဖြစ်၏။ သူသည် ငါတို့အား ပေးအပ်ခြင်းငှာ အသက်ရှင်သော ဗျာဒိတ်စကားကို ခံယူခဲ့၏။-
Acts BurCBCM 7:39  ငါတို့၏ ဘိုးဘေးများသည် သူ့ကိုနာခံရန် ငြင်းဆို၍ ပစ်ပယ်ထားကြပြီး သူတို့၏ စိတ်နှလုံးထဲ၌ အီဂျစ်ပြည်သို့ ပြန်သွားလိုသော ဆန္ဒရှိကြ၏။-
Acts BurCBCM 7:40  ထို့ကြောင့် သူတို့က အာရွန်အား ငါတို့ရှေ့မှ ဦးဆောင်ပေးမည့် ဘုရားများကို ငါတို့အတွက် ပြုလုပ်ပေးပါလော့။ အကြောင်းမူကား ငါတို့ကို အီဂျစ်ပြည်မှ ခေါ်ဆောင်လာခဲ့သော ဤသူမိုးဇက်သည် မည်သို့ဖြစ်နေကြောင်း ငါတို့မသိကြဟု ဆိုကြ၏။-
Acts BurCBCM 7:41  ဤသို့ဖြင့် သူတို့သည် ထိုနေ့ ရက်တို့၌ နွားသူငယ်ရုပ်ကိုသွန်းလုပ်၍ ထိုရုပ်တုအား ယဇ်ပူဇော်ကြလျက် မိမိတို့၏လက်ဖြင့် လုပ်ဆောင်ခဲ့ကြသည့် အရာအတွက် ဝမ်းမြောက်ခဲ့ကြ၏။-
Acts BurCBCM 7:42  ဘုရားသခင်မူကား သူတို့ထံမှမျက်နှာလွှဲ၍ သူတို့ကို ကောင်းကင်မှ နက္ခတ်တာရာများအား ကိုးကွယ်ကြစေရန် စွန့်ပယ်ထား တော်မူ၏။ ပရောဖက်ကျမ်းများတွင်လည်း ရေးသားဖော်ပြထားသည်မှာ အိုအစ္စရာအဲလ်လူမျိုး၊ သင်တို့သည် နှစ်ပေါင်း လေးဆယ် ကာလပတ်လုံး တောကန္တာရတွင် ယဇ်ကောင်များနှင့် ပူဇော်သကာများကို ငါ့အား ပူဇော်ဆက်ကပ်ခဲ့ကြသည် မဟုတ်လော။-
Acts BurCBCM 7:43  သင်တို့သည် မိုလော့ဘုရား၏တဲ၊ ရီဖန်ဘုရား၏ကြယ်နှင့် သင်တို့ရှိခိုးရန် ပြုလုပ်ထားသော ရုပ်တုများကို သယ်ဆောင် လာခဲ့ကြ၏။ သို့ဖြစ်၍ ငါသည်လည်း သင်တို့ကို ဘာဘီလွန်တစ်ဖက်လွန်အောင် ပြည်နှင်ဒဏ်ပေးမည်ဟူ၍ ရေးသားထား သတည်း။
Acts BurCBCM 7:44  ငါတို့၏ ဘိုးဘေးတို့သည် တောကန္တာရ၌ရှိကြစဉ် ဘုရားသခင်က မိုးဇက်အား ညွန်ကြားမိန့်မှာသဖြင့် မိုးဇက်သည် မိမိမြင်ခဲ့ရသေ ာပုံစံအတိုင်း ဆောက်လုပ်ခဲ့သော သက်သေခံရာတဲတော်ကို ပိုင်ဆိုင်ခဲ့ကြ၏။-
Acts BurCBCM 7:45  ငါတို့၏ ဘိုးဘေးတို့သည်လည်း ဘုရားသခင်က သူတို့ရှေ့မှ နှင်ထုတ်တော်မူခဲ့သော လူမျိုးခြားတို့၏ တိုင်းပြည်ကို ပိုင်ဆိုင်ကြသောအခါ ထိုတဲတော်ကို ဂျိုဆွာနှင့်အတူ ယူဆောင်လာခဲ့ကြ၏။ သို့ဖြစ်၍ ၎င်းသည် ဒါဝိဒ်မင်းကြီး၏ လက်ထက်တိုင်အောင် ထိုကဲ့သို့ရှိနေလေ၏။-
Acts BurCBCM 7:46  ဒါဝိဒ်မင်းကြီးသည် ထာ၀ရဘုရားသခင်၏ ရှေ့တော်၌ မျက်နှာရ၍ ယာကုပ်၏ ဘုရားသခင်အဖို့ ကိန်းဝပ်တော်မူရာ ဗိမာန် တော်ကို တည်ဆောက်ရန်အခွင့်ကို တောင်းလျှောက်လေ၏။-
Acts BurCBCM 7:47  သို့ရာတွင် ကိုယ်တော့်အတွက် ဗိမာန်တော်ကို တည်ဆောက်ခဲ့ရသူမှာ ဆောလမွန်မင်းကြီးဖြစ်၏။-
Acts BurCBCM 7:48  သို့သော်လည်း အမြင့်မြတ်ဆုံးသောအရှင်သည် လူတို့၏လက်ဖြင့် ဆောက်လုပ်ထားသော အိမ်တို့တွင် ကိန်းဝပ်တော်မမူ။-
Acts BurCBCM 7:49  ပရောဖက်ကျမ်း၌ ဆိုထားခဲ့သည့်အတိုင်း ကောင်းကင်သည် ငါ၏ပလ္လင်ဖြစ်၏။ ကမ္ဘာမြေကြီးသည် ငါ၏ခြေတင်ရန်ခုံ ဖြစ်၏။ အဘယ်ကဲ့သို့သော အိမ်တော်ကို ငါ့အတွက် သင်တို့တည်ဆောက်ကြမည်နည်း။ မည်သည့်အရပ်သည် ငါကိန်းဝပ်ရာ ဌာနဖြစ်မည်နည်း။ -
Acts BurCBCM 7:50  ဤ အရာအားလုံးကို ငါ၏လက်ဖြင့် ပြုလုပ်ဖန်ဆင်းခဲ့သည် မဟုတ်လောဟူ၍ဖြစ်သတည်း။
Acts BurCBCM 7:51  အရေဖျားလှီးခြင်း မခံထားသော စိတ်နှလုံးနှင့် နားတို့ဖြင့် ခေါင်းမာကြသောသူတို့၊ သင်တို့သည် ဝိညာဉ်တော်မြတ်ကို အစဉ်မပြတ် ဆန့်ကျင်ဘက်ပြုကြ၏။ သင်တို့၏ဘိုးဘေးများ ပြုလုပ်ခဲ့ကြသည့်အတိုင်း သင်တို့သည်လည်း ပြုလုပ်ကြ၏။-
Acts BurCBCM 7:52  သင်တို့၏ ဘိုးဘေးများသည် အဘယ်ပရောဖက်ကို မညှဉ်းဆဲဘဲ နေခဲ့ကြသနည်း။ သူတို့သည် သန့်ရှင်းဖြောင့်မတ်သော အရှင်၏ ကြွလာတော်မူခြင်းအကြောင်းအား ကြိုတင်ဟောပြောကြသော သူများကို သတ်ဖြတ်ခဲ့ကြ၏။ ယခုလည်း ထိုသခင်ကို သင်တို့အပ်နှံ၍ အသေသတ်ခဲ့ကြလေပြီ။-
Acts BurCBCM 7:53  သင်တို့သည် ကောင်းကင်တမန်တော်တို့က ပေးအပ်သော ပညတ်တရားကို လက်ခံရရှိကြသော်လည်း ယင်းကို မလိုက်နာ ခဲ့ကြဟု သူတို့အား ပြောဆိုလေ၏။
Acts BurCBCM 7:54  ထိုသူတို့သည် ဤစကားများကို ကြားကြသောအခါ စတေဖနုအပေါ် အမျက်ထွက်ကြ၍ အံကြိတ်ကြလေ၏။-
Acts BurCBCM 7:55  သို့သော် သူသည် ဝိညာဉ်တော်မြတ်နှင့် ပြည့်စုံလျက် ကောင်းကင်သို့ မျှော်ကြည့်စဉ် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို လည်းကောင်း၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ရပ်နေသော ယေဇူးကိုလည်းကောင်း မြင်တွေ့ရ၏။-
Acts BurCBCM 7:56  ထိုအခါ သူက ကြည့်လော့၊ ငါသည် ကောင်းကင်ပွင့်နေသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ရပ်နေတော်မူသော လူသားကိုလည်းကောင်း မြင်ရ၏ဟု ဆိုလေ၏။-
Acts BurCBCM 7:57  သူတို့မူကား ကျယ်လောင်စွာ အော်ဟစ်ကြ၍ မိမိတို့၏ နားများကိုပိတ်ကာ သူ့ထံသို့ တစ်ပြိုင်တည်း ပြေးသွား ကြပြီးနောက်၊-
Acts BurCBCM 7:58  သူ့ကို မြို့ ပြင်သို့ဆွဲခေါ်သွားကြ၍ ကျောက်ခဲနှင့်ပေါက် သတ်ကြလေ၏။ သက်သေခံတို့သည်လည်း မိမိတို့၏ အဝတ်များကို ဆောလုအမည်ရှိသော လူရွယ်တစ်ဦး၏ ခြေရင်း၌ ချထားကြ၏။-
Acts BurCBCM 7:59  ထိုသူတို့သည် မိမိကိုကျောက်ခဲနှင့် ပစ်ပေါက်နေကြစဉ် စတေဖနုက အိုယေဇူးသခင်၊ အကျွန်ုပ်၏ဝိညာဉ်ကို သိမ်းပိုက်တော်မူပါဟု ဆုတောင်းလေ၏။-
Acts BurCBCM 7:60  ထို့နောက် သူသည် ဒူးထောက်လျက် အိုသခင်ဘုရား၊ သူတို့ပြုကြသော အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကျယ်သော အသံဖြင့် ကြွေးကြော်ပြီးမှ လဲကျ၍ သေဆုံးလေ၏။
Chapter 8
Acts BurCBCM 8:1  ဆောလုသည်လည်း စတေဖနုအသတ်ခံရခြင်း၌ အလိုတူအလိုပါဖြစ်၏။ ထိုနေ့ရက်၌ ဂျေရုဆလင်မြို့ရှိ အသင်းတော်၌ ကြီးစွာသော ညှဉ်းပန်းနှိပ်စက်ခြင်း ဖြစ်ပေါ်သဖြင့် တမန်တော်ကြီးတို့မှအပ ယုံကြည်သူအားလုံးသည် ဂျူဒေးယနှင့် ဆမာရိယနယ်တစ်လျှောက် ကွဲလွင့်သွားကြ၏။-
Acts BurCBCM 8:2  ဘုရားတရားကြည်ညိုသူ အချို့တို့သည် စတေဖနုကို သင်္ဂြိုဟ်ကြ၍ သူ့အတွက် အလွန်ဝမ်းနည်းပူဆွေးကြလေ၏။-
Acts BurCBCM 8:3  ဆောလုသည်ကား အသင်းတော်ကိုဖျက်ဆီး၍ ယုံကြည်သူယောက်ျား၊ မိန်းမတို့ကို တစ်အိမ်ဝင် တစ်အိမ်ထွက် ဆွဲခေါ်ထုတ်ပြီးလျှင် အကျဉ်းထောင်တွင် ချုပ်နှောင်ထားလေ၏။
Acts BurCBCM 8:4  တကွဲတပြားစီ ပျံ့လွင့်သွားကြသော သူတို့သည်လည်း နှုတ်တော်ထွက်စကားကို လှည့်လည်ဟောပြောကြ၏။-
Acts BurCBCM 8:5  ဖိလိပုသည် ဆမာရိယမြို့တစ်မြို့သို့သွား၍ ထိုသူတို့အား ခရစ်တော်အကြောင်းကို ဟောပြောလေ၏။-
Acts BurCBCM 8:6  များစွာသော လူတို့သည်လည်း ဖိလိပု၏စကားကို ကြားနာကြ၍ သူပြုလုပ်သော တန်ခိုးလက္ခဏာများကို မြင်ကြသောအခါ သူဟောပြောသမျှကို တညီတညွတ်တည်း နာယူလက်ခံကြ၏။-
Acts BurCBCM 8:7  အကြောင်းမူကား ညစ်ညူးသော နတ်ဆိုးတို့သည် ကျယ်လောင်စွာ အော်ဟစ်ကြလျက် မိမိတို့ပူးဝင်နေသော လူများစွာထံမှ ထွက်သွားကြကာ လေဖြတ်သူများနှင့် ခြေလက်မသန်စွမ်းသော သူတို့သည်လည်း ပျောက်ကင်းကြသောကြောင့်ဖြစ်၏။-
Acts BurCBCM 8:8  သို့ ဖြစ်၍ ထိုမြို့၌ အလွန်ဝမ်းမြောက်ပျော်ရွှင်ခြင်း ရှိလေ၏။
Acts BurCBCM 8:9  ထိုအရပ်၌ ယခင်က မှော်အတတ်ဖြင့် မြို့ထဲ၌ မျက်လှည့်ပြကာ ဆမာရိယလူမျိုးအားလုံးကို အံ့အားသင့်စေခဲ့သည့် စီမွန်အမည်ရှိသော လူတစ်ယောက်ရှိလေ၏။ သူသည် မိမိကိုယ်ကို တစ်စုံတစ်ရာ ထူးခြားသောသူ ဖြစ်သည်ဟုဆို၏။-
Acts BurCBCM 8:10  လူအပေါင်းတို့ကလည်း ဤသူသည်ကား ဘုရားသခင်၏ ကြီးမြတ်လှသော တန်ခိုးတော်ပင် ဖြစ်သည်ဟုဆိုကာ အငယ်ဆုံးမှ အကြီးဆုံးတိုင်အောင် သူ့ကိုနာခံကြ၏။-
Acts BurCBCM 8:11  သူသည် ကာလကြာမြင့်စွာကပင် ထိုသူတို့အား မိမိ၏မှော်အတတ်ပညာဖြင့် အံ့အားသင့်စေခဲ့သောကြောင့် လူတို့သည် သူ့ကိုနာခံခဲ့ကြခြင်းဖြစ်၏။-
Acts BurCBCM 8:12  သို့ရာတွင် ဖိလိပုသည် ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းနှင့် ယေဇူးခရစ်တော်၏ နာမတော် အကြောင်းတို့ကို ဟောပြောသောကြောင့် သူတို့သည် ယုံကြည်ကြ၍ ယောက်ျား၊ မိန်းမများ အားလုံးသည် ဆေးကြောခြင်းကို ခံယူကြ၏။-
Acts BurCBCM 8:13  စီမွန်ကိုယ်တိုင်သည်ပင် ယုံကြည်၍ ဆေးကြောခြင်းခံယူပြီးမှ ဖိလိပုထံ၌ ဆက်လက်ဆည်းကပ်လေ၏။ သူသည် နိမိတ်လက္ခဏာများနှင့် ကြီးကျယ်သော တန်ခိုးများကို မြင်သောအခါ အလွန်အံ့ဩလျက်ရှိ၏။
Acts BurCBCM 8:14  ဤတွင် ဆမာရိယနယ်သားတို့သည် ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို နာယူလက်ခံကြကြောင်းကို ဂျေရုဆလင်မြို့ရှိ တမန်တော်များ ကြားသိကြသောအခါ ပေတရုနှင့် ယောဟန်တို့ကို ထိုသူတို့ထံသို့ စေလွှတ်လိုက်ကြ၏။-
Acts BurCBCM 8:15  တမန်တော်နှစ်ပါးသည်လည်း လာကြ၍ ထိုသူတို့သည် ဝိညာဉ်တော်မြတ်ကို ခံယူရရှိကြစေရန် သူတို့အတွက် ဆုတောင်းပေးကြ၏။-
Acts BurCBCM 8:16  အကြောင်းမူကား ဝိညာဉ်တော်မြတ်သည် ထိုသူတို့ထဲတွင် မည်သူ့အပေါ်မျှ ဆင်းသက်တော်မမူသေးချေ။ ထိုသူတို့သည် ယေဇူးသခင်၏နာမတော်၌ ဆေးကြောခြင်းကိုသာ ခံယူထားကြသောကြောင့်ဖြစ်၏။-
Acts BurCBCM 8:17  တမန်တော်တို့သည်လည်း မိမိတို့၏လက်များကို ထိုသူတို့အပေါ်တွင် တင်ကြသဖြင့် သူတို့သည် ဝိညာဉ်တော်မြတ်ကို ခံယူရရှိကြ၏။-
Acts BurCBCM 8:18  တမန်တော်တို့၏ လက်တင်ခြင်းဖြင့် ဝိညာဉ်တော်မြတ်အား ခံယူရရှိကြောင်းကို စီမွန်တွေ့မြင်သောအခါ သူသည် တမန်တော်တို့အား ငွေကိုဆက်ကပ်လျက်၊-
Acts BurCBCM 8:19  အကျွန်ုပ်၏ လက်တင်ခြင်းကို ခံရသောသူ မည်သူမဆို ဝိညာဉ်တော်မြတ်ကို ခံယူရရှိစေခြင်းငှာ အကျွန်ုပ်အားလည်း ဤတန်ခိုးအာဏာကို ပေးပါဟု ဆိုလေ၏။-
Acts BurCBCM 8:20  သို့သော် ပေတရုက သင်၏ငွေသည် သင်နှင့်အတူ ပျက်စီးပါစေ။ အကြောင်းမူကား သင်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ငွေဖြင့်ရယူနိုင်သည်ဟု ထင်မှတ်သောကြောင့်ဖြစ်၏။-
Acts BurCBCM 8:21  သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့တော်၌ မမှန်ကန်သောကြောင့် သင်သည် ဤအမှုအရာတွင် ပါဝင်ခွင့်၊ ရပိုင်ခွင့်မရှိ။-
Acts BurCBCM 8:22  ထို့ကြောင့် သင်၏မိုက်မှားမှုအတွက် နောင်တရလော့။ သင်၏စိတ်နှလုံးထဲမှ အကြံ အစည်အတွက် ခွင့်လွှတ်ခြင်းခံရစေရန် ဘုရားသခင်ထံ ဆုတောင်းလော့။-
Acts BurCBCM 8:23  အကြောင်းမူကား သင်သည် ခါးသီးသော မုန်းတီးခြင်း၌လည်းကောင်း၊ ဒုစရိုက်၏ အနှောင်အဖွဲ့၌လည်းကောင်း ရှိနေသည်ကို ငါမြင်ရသည်ဟု စီမွန်အား ဆိုလေ၏။-
Acts BurCBCM 8:24  ထိုအခါ စီမွန်က သင်မိန့်ဆိုသည့်အရာ တစ်ခုမျှ အကျွန်ုပ်အပေါ်သို့ မကျရောက်စေရန် အကျွန်ုပ်အတွက် သခင်ဘုရားထံတော်သို့ ဆုတောင်းပေးကြပါဟု ဆိုလေ၏။
Acts BurCBCM 8:25  ဤသို့ဖြင့် တမန်တော်တို့သည် သခင်ဘုရား၏ နှုတ်တော်ထွက်စကားကို ဟောပြောသက်သေခံကြပြီးနောက် ဆမာရိယလူမျိုးတို့၏ ကျေးရွာအမြောက်အမြားတွင် ဧဝံဂေလိသတင်းကောင်းကို ဟောပြောကြလျက် ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။
Acts BurCBCM 8:26  ထို့နောက် သခင်ဘုရား၏ ကောင်းကင်တမန်က ဖိလိပုအား သင်ထ၍ ဂျေရုဆလင်မြို့မှ ဂါဇာသို့ဆင်းသွားသော လမ်း၏တောင်ဘက်အရပ်သို့ သွားလော့။ ဤလမ်းသည် လူသူဆိတ်ကွယ်သော တောလမ်းဖြစ်သည်ဟုဆို၏။-
Acts BurCBCM 8:27  သူသည်လည်း ထ၍သွားလေ၏။ ထိုအချိန်တွင် အီသီယိုးပိယဘုရင်မ ကန်ဒါစေ၏မှူးမတ်ဖြစ်ပြီး သူမ၏ ဥစ္စာရတနာ အားလုံးကို ထိန်းသိမ်းစောင့်ရှောက်ရသော အီသီယိုးပိယလူမျိုး မိန်းမစိုးတစ်ဦးသည် ဂျေရုဆလင်မြို့သို့ ဝတ်ပြုရန် လာရောက်ခဲ့ပြီးနောက်၊-
Acts BurCBCM 8:28  အပြန်ခရီး၌ မိမိ၏ မြင်းရထားပေါ်တွင် ထိုင်၍ ပရောဖက်အီဇာယ၏ကျမ်းကို ဖတ်ရှုလျက်နေ၏။-
Acts BurCBCM 8:29  ထိုအခါ ဝိညာဉ်တော်က ဖိလိပုအား သွား၍ မြင်းရထားအနီးသို့ ချဉ်းကပ်လော့ဟု မိန့်တော်မူ၏။-
Acts BurCBCM 8:30  သို့ဖြစ်၍ ဖိလိပုသည် ထိုသူရှိရာသို့ ပြေးသွားပြီး သူသည် ပရောဖက်အီဇာယ၏ ကျမ်းအား ဖတ်ရှုနေသည်ကိုကြားလျှင် သင်ဖတ်ရှုနေသောအရာကို နားလည်ပါ၏လောဟု ထိုသူအား မေးလေ၏။-
Acts BurCBCM 8:31  ထိုသူကလည်း ရှင်းလင်းညွန်ပြမည့်သူ မရှိပါလျှင် အကျွန်ုပ်မည် သို့ နားလည်နိုင်ပါမည်နည်းဟု ဆိုလေ၏။ ထို့နောက် သူက ဖိလိပုအား ရထားပေါ်သို့တက်၍ မိမိနှင့်အတူထိုင်ပါ ရန် ဖိတ်ခေါ်လေ၏။
Acts BurCBCM 8:32  ထိုသူဖတ်ရှုနေသော ကျမ်းချက်သည်ကား သားသတ်သမားထံသို့ ခေါ်ဆောင်သွားခြင်း ခံရသော သိုး၊ သို့မဟုတ် သိုးမွေးညှပ်သူ၏ ရှေ့ ၌ရှိသော သိုးသူငယ်သည် အသံမထွက်ဘဲ နှုတ်ပိတ်နေသကဲ့သို့ သူသည် မိမိ၏နှုတ်ကို မဖွင့်ဘဲနေ၏။-
Acts BurCBCM 8:33  သူ့ကိုအရှက်ရစေကြ၍ သူ့အပေါ်၌ တရားမျှတစွာ မပြုမူကြချေ။ မည်သူသည် သူ၏လူမျိုးဆက်ကို ထုတ်ဖော် ပြောဆိုမည်နည်း။ အကြောင်းမူကား သူ၏အသက်ကို ကမ္ဘာမြေကြီးပေါ်မှ နုတ်ယူသွားကြလေပြီဟူ၍ဖြစ်သတည်း။
Acts BurCBCM 8:34  မိန်းမစိုးကလည်း ပရောဖက်သည် မိမိကိုယ်ကို ရည်ညွန်းပြောဆိုသလော၊ သို့မဟုတ် အခြားသူတစ်ဦးကိုလော၊ အကျွန်ုပ်အား ပြောပြပါလော့ဟု ဖိလိပုအား မေးလေ၏။-
Acts BurCBCM 8:35  ထိုအခါ ဖိလိပုသည် မိမိ၏နှုတ်ကိုဖွင့်၍ ဤကျမ်းချက်မှ အစပြုကာ ယေဇူး၏ သတင်းကောင်းကို ထိုသူအား ပြောပြလေ၏။-
Acts BurCBCM 8:36  သူတို့သည် လမ်းအတိုင်းခရီး ဆက်သွားကြစဉ် ရေအနည်းငယ်ရှိရာ အရပ်သို့ ရောက်ကြ၍ မိန်းမစိုးက ကြည့်ပါ၊ ဤနေရာတွင် ရေရှိပါသည်၊ အကျွန်ုပ်သည် ဆေးကြောခြင်းခံယူခြင်းငှာ မည်သည့်အတားအဆီး ရှိပါသနည်းဟု ဆိုလေ၏။-
Acts BurCBCM 8:37  ထိုအခါ ဖိလိပုက သင်သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ပါလျှင် ဆေးကြောခြင်း ခံယူနိုင်ပါသည်ဟုဆိုသော် သူက ယေဇူးခရစ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ပြန်ပြောလေ၏။-
Acts BurCBCM 8:38  ထို့နောက် မိန်းမစိုးသည် မြင်းရထားကို ရပ်တန့်ရန် အမိန့်ပေးပြီးလျှင် ဖိလိပုနှင့်အတူ နှစ်ဦးစလုံးရေထဲသို့ ဆင်းသွားကြလျက် ဖိလိပုသည် သူ့အား ဆေးကြောခြင်းပေးလေ၏။-
Acts BurCBCM 8:39  သူတို့သည် ရေထဲမှ တက်လာကြသောအခါ ထာ၀ရဘုရားသခင်၏ ဝိညာဉ်တော်သည် ဖိလိပုကို ဆောင်ယူသွား တော်မူသဖြင့် မိန်းမစိုးသည် ဖိလိပုကို မတွေ့မြင်ရတော့ချေ။ ဤသို့ဖြင့် သူသည် ဝမ်းမြောက်ရွှင်လန်းလျက် မိမိ၏ခရီးကို ဆက်သွားလေ၏။-
Acts BurCBCM 8:40  ဖိလိပုမူကား အာဇိုတုမြို့သို့ ရောက်ရှိသွားပြီး ဆက်လက်ခရီးပြုလျက် ဆီဇားရိယမြို့သို့ ရောက်သည့်တိုင်အောင် မြို့ ရွာ များ အားလုံးတွင် ဧဝံဂေလိသတင်းကောင်းကို ဟောပြောလေ၏။
Chapter 9
Acts BurCBCM 9:1  ဆောလုမူကား သခင်ဘုရား၏ တပည့်တော်များကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်လျက်ပင်ရှိပြီး ရဟန်းအကြီးအကဲထံသို့ သွား၍၊-
Acts BurCBCM 9:2  ထိုတရားလမ်းတော်ကို လိုက်ကြသော ယောက်ျား၊ မိန်းမတို့ကိုတွေ့လျှင် ဖမ်းဆီး၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာ နိုင်ခြင်းငှာ ဒါမစကုမြို့ ရှိ တရားဇရပ်များသို့ အမိန့်စာရေးပေးရန် တောင်းဆိုလေ၏။-
Acts BurCBCM 9:3  ဤသို့ဖြင့် သူသည် ခရီးထွက်လာခဲ့ရာ ဒါမစကုမြို့သို့ ရောက်လုဆဲဆဲတွင် ရုတ်တရက်ကောင်းကင်မှ အလင်းတန်း တစ်ခုသည် သူ့ပတ်ဝန်းကျင်တွင် ထွန်းတောက်လေ၏။-
Acts BurCBCM 9:4  သူသည်လည်း မြေပေါ်သို့လဲကျသွားပြီးလျှင် ဆောလု၊ ဆောလု၊ သင်သည် အဘယ်ကြောင့် ငါ့ကို ညှဉ်းပန်းနှိပ်စက်သနည်းဟု မိမိအား ပြောနေသော အသံတစ်ခုကိုကြားလေ၏။-
Acts BurCBCM 9:5  သူက သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်းဟု မေးလေ၏။ ထိုအခါ ထိုသူက ငါသည် သင်ညှဉ်းပန်းနှိပ်စက်နေသော ယေဇူးပင်ဖြစ်၏။ ဆူးညှောင့်ကို ခြေနှင့်ကန်ကျောက်ရန် သင့်အတွက် ခက်လှပေစွ။-
Acts BurCBCM 9:6  သို့သော် သင်ထ၍ မြို့ထဲသို့ ဝင်လော့။ သင်မည်သို့ဆောင်ရွက်ရမည်ကို သင့်အား ပြောကြားလိမ့်မည်ဟု မိန့်တော်မူ၏။-
Acts BurCBCM 9:7  သူနှင့်အတူခရီး သွားကြသောသူတို့သည် အသံကိုကြားရသော်လည်း မည်သူ့ကိုမျှမမြင်ရသောကြောင့် မှင်တက်မိလျက် ရပ်နေကြ၏။-
Acts BurCBCM 9:8  ဆောလုသည် မြေပေါ်မှထ၍ မိမိမျက်စိတို့ကို ဖွင့်သောအခါ မည်သည့်အရာကိုမျှမမြင်ရချေ။ သို့ဖြစ်၍ သူတို့သည် သူ၏လက်ကိုဆွဲ၍ သူ့ကိုဒါမစကုမြို့တွင်းသို့ ခေါ်ဆောင်လာကြ၏။-
Acts BurCBCM 9:9  သူသည်လည်း သုံးရက်တိုင်တိုင် မျက်စိကွယ်လျက် မစားမသောက်ဘဲနေလေ၏။
Acts BurCBCM 9:10  ထိုအချိန်၌ ဒါမစကုမြို့တွင် အာနာနိယအမည်ရှိသော တပည့်တော်တစ်ဦးရှိ၏။ သခင်ဘုရားသည် ရူပါရုံထဲ၌ သူ့ကို အာနာနိယဟုခေါ်တော်မူလျှင် သူကလည်း တပည့်တော်ရှိပါသည်သခင်ဟု လျှောက်လေ၏။-
Acts BurCBCM 9:11  ထိုအခါ သခင်ဘုရားက သင်သည်ထ၍ လမ်းဖြောင့်ဟုခေါ်သော လမ်းသို့သွားပြီးလျှင် ဂျုဒ၏နေအိမ်၌ တာဆုမြို့သား ဆောလုအမည်ရှိသော သူကို စုံစမ်းရှာဖွေလော့။ ထိုသူသည် ယခုဆုတောင်းလျက်ရှိ၏။-
Acts BurCBCM 9:12  အာနာနိယအမည်ရှိသော လူတစ်ယောက်ဝင်လာ၍ မိမိအပေါ်တွင် သူ၏လက်များကို တင်သဖြင့် မိမိမျက်စိအလင်း ပြန်ရမည်ကို သူသည် မြင်ထားပြီးဖြစ်သည်ဟု မိန့်တော်မူ၏။
Acts BurCBCM 9:13  သို့ရာတွင် အာနာနိယက သခင်ဘုရား၊ ထိုသူ၏အကြောင်းကို လူအများပြောပြ၍ သူသည် ဂျေရုဆလင်မြို့၌ ကိုယ်တော်၏ သန့်ရှင်းသောသူများကို မည်မျှညှဉ်းပန်းနှိပ်စက်ခဲ့သည်ကို အကျွန်ုပ်ကြားသိပြီးပါပြီ။-
Acts BurCBCM 9:14  သူသည် ဤအရပ်တွင်လည်း ကိုယ်တော်၏နာမတော်၌ တောင်းလျှောက်သောသူများကို ဖမ်းဆီးခေါ်ဆောင်ရန် အခွင့် အာဏာကို ရဟန်းအကြီးအကဲများထံ ရရှိထားပြီးဖြစ်ပါသည်ဟု ပြန်ဖြေလေ၏။-
Acts BurCBCM 9:15  သို့သော် ကိုယ်တော်က သွားလော့၊ အကြောင်းမူကား သူသည် လူမျိုးခြားများ၊ ဘုရင်များနှင့် အစ္စရာအဲလ်လူမျိုးတို့ရှေ့တွင် ငါ၏နာမတော်ကို ကြေညာဟောပြောရန် ငရွေးချယ်ထားသော ငါ၏လက်နက်တန်ဆာဖြစ်၏။-
Acts BurCBCM 9:16  အကြောင်းမူကား ငါ၏နာမတော်အတွက် သူသည် မည်မျှဆင်းရဲဒုက္ခ ခံစားရမည်ကို သူ့အား ငါပြတော်မူမည်ဟု အာနာနိယအား မိန့်တော်မူ၏။-
Acts BurCBCM 9:17  သို့ဖြစ်၍ အာနာနိယသည် ထွက်ခွာသွားပြီးလျှင် ထိုအိမ်သို့ ဝင်လေ၏။ ထို့နောက် သူသည် ဆောလု၏ အပေါ်၌ လက်များကိုတင်လျက် ညီတော်ဆောလု၊ သင်လာရာလမ်း၌ သင့်အား ထင်ရှားပြတော်မူသော ယေဇူးသခင်သည် သင့်အား မျက်စိအလင်းကို ပြန်ရစေ၍ သင်သည် ဝိညာဉ်တော်မြတ်နှင့် ပြည့်၀စေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူလေပြီဟု ဆိုလေ၏။-
Acts BurCBCM 9:18  ထိုခဏချင်းတွင် ငါးအကြေးခွံကဲ့သို့သော အရာများသည် သူ၏မျက်စိများထဲမှ ကျလာပြီး သူသည် မျက်စိအလင်းကို ပြန်ရလေ၏။ သူသည်လည်း ထ၍ ဆေးကြောခြင်းကို ခံယူလေ၏။-
Acts BurCBCM 9:19  ထို့ နောက် သူသည် အစားအစာကို သုံးဆောင်သဖြင့် ခွန်အားပြည့်လာလေ၏။
Acts BurCBCM 9:20  ထို့နောက် သူသည် ချက်ချင်းပင် တရားဇရပ်များ၌ ယေဇူး၏အကြောင်းကို ဟောပြောလျက် ထိုအရှင်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု ဆိုလေ၏။-
Acts BurCBCM 9:21  သူ့ကိုကြားနာကြသော သူအပေါင်းတို့က ဤသူသည် ဤနာမတော်ကို ပတ္ထနာပြုသော သူတို့အား ဂျေရုဇလင်မြို့တွင် လိုက်လံညှဉ်းဆဲသောသူ ဖြစ်သည်မဟုတ်လော။ သူသည် ထိုသူတို့ကိုဖမ်းဆီး၍ ရဟန်းအကြီးအကဲများ ရှေ့သို့ခေါ်ဆောင် မည်ဟူသော ရည်ရွယ်ချက်နှင့် ဤအရပ်သို့လာခဲ့သည် မဟုတ်လောဟု ဆိုကြ၏။-
Acts BurCBCM 9:22  ဆောလုသည်ကား ခွန်အားတိုးလျက် ယေဇူးသည် ခရစ်တော်ဖြစ်ကြောင်းကို သက်သေခံခြင်းဖြင့် ဒါမစကုမြို့တွင် နေထိုင်ကြသော ဂျူးလူမျိုးများ မချေပနိုင်အောင်ဖြစ်စေ၏။
Acts BurCBCM 9:23  ရက်ပေါင်းများစွာလွန်သောအခါ ဂျူးလူမျိုးတို့သည် ဆောလုကိုသတ်ရန် တိတ်တဆိတ်ကြံစည်ကြ၏။-
Acts BurCBCM 9:24  သို့ရာတွင် သူတို့၏အကြံအစည်ကို ဆောလုသိရှိသွားလေ ၏။ သူတို့သည် ဆောလုကိုသတ်ရန် မြို့တံခါးများ၌ နေ့ရောညပါ စောင့်ကြည့်နေကြလေ၏။-
Acts BurCBCM 9:25  သို့သော် ဆောလု၏ တပည့်များသည် သူ့ကိုညအချိန်၌ ခေါ်ဆောင်ကာ တောင်းတစ်လုံးတွင် ထည့်၍ မြို့ရိုးအပေါ်မှ လျှောချကြ၏။
Acts BurCBCM 9:26  ဆောလုသည် ဂျေရုဆလင်မြို့သို့ရောက်သောအခါ တပည့်တော်တို့နှင့်ပူးပေါင်းရန် ကြိုးစားသော်လည်း သူတို့သည် သူ့ကို ကြောက်ရွံ့ကြလေ၏။ အကြောင်းမူကား သူသည် တပည့်တော်တစ်ဦးဖြစ်သည်ဟု သူတို့မယုံကြည်ကြသောကြောင့်ဖြစ်၏။-
Acts BurCBCM 9:27  သို့သော် ဘာနဘသည် သူ့ကို တမန်တော်တို့ရှေ့သို့ ခေါ်ဆောင်လာပြီးလျှင် လမ်းခရီးတွင် သူသည် သခင်ဘုရားကို မြင်တွေ့ခဲ့ရကြောင်း၊ ကိုယ်တော်သည် သူ့ကို စကားပြောဆိုတော်မူခဲ့ကြောင်းနှင့် သူသည် ဒါမစကုမြို့တွင် ယေဇူး၏နာမတော်၌ ရဲဝံ့စွာ ဟောပြောခဲ့ကြောင်းတို့ကို သူတို့အား ပြောပြလေ၏။-
Acts BurCBCM 9:28  ဤသို့ဖြင့် ဆောလုသည် ဂျေရုဆလင်မြို့တွင် သူတို့နှင့်အတူ ဝင်ထွက်သွားလာလျက် သခင်ဘုရား၏ နာမတော်ကို အမှီပြု၍ ရဲဝံ့စွာဟောပြောလေ၏။-
Acts BurCBCM 9:29  သူသည် ဂရိစကားပြောဆိုသော ဂျူးလူမျိုးများနှင့်လည်း ငြင်းခုံဆွေးနွေးခဲ့၏။ ထိုသူတို့သည်ကား သူ့ကိုသတ်ရန် ကြံစည်ကြ၏။-
Acts BurCBCM 9:30  ယုံကြည်သူ ညီအစ်ကိုတို့သည် ထိုအကြောင်းကို ကြားသိကြသောအခါ သူ့အား ဆီဇားရိယမြို့သို့ ခေါ်ဆောင်ခဲ့ကြ၍ တာဆုမြို့သို့ စေလွှတ်လိုက်ကြ၏။
Acts BurCBCM 9:31  အသင်းတော်သည်လည်း ဂျူဒေးယပြည်၊ ဂါလေလေးယပြည်နှင့် ဆမာရိယပြည် တစ်လျှောက်လုံးတို့၌ အေးချမ်းမှုရရှိခဲ့၍ တိုးတက်တည်ထောင်နိုင်ခဲ့၏။ ယုံကြည်သူတို့သည်လည်း သခင်ဘုရား၌ ကြောက်ရွံ့ရိုသေစွာ ကျင့်ကြံကြလျက် ဝိညာဉ်တော် မြတ်၏ အားပေးနှစ်သိမ့်မှုကို ခံယူရရှိကာ အသင်းတော်သည် တိုးပွားများ ပြားလာခဲ့၏။
Acts BurCBCM 9:32  ထိုကာလ၌ ပေတရုသည် ယုံကြည်သူများအကြားတွင် တစ်နေရာမှတစ်နေရာသို့ လှည့်လည်သွားလာရာ လစ်ဒါမြို့တွင် နေထိုင်ကြသော သန့်ရှင်းသူများထံသို့လည်း ရောက်ရှိခဲ့လေ၏။-
Acts BurCBCM 9:33  ထိုအရပ်၌ လေဖြတ်၍ အိပ်ရာထဲတွင် ရှစ်နှစ်ပတ်လုံးလဲနေရသော ဧနေယအမည်ရှိ လူတစ်ဦးကို ပေတရုတွေ့လေ၏။-
Acts BurCBCM 9:34  ပေတရုက သူ့အား ဧနေယ၊ ယေဇူးခရစ်တော်သည် သင့်ကို ပျောက်ကင်းချမ်းသာ စေတော်မူပြီ။ ထ၍ သင့်အိပ်ရာကို သိမ်းလော့ဟုဆိုလျှင် ထိုသူသည် ချက်ချင်းထလေ၏။-
Acts BurCBCM 9:35  လစ်ဒါနှင့် ရှာရွန်မြို့များတွင် နေထိုင်ကြသော သူအပေါင်းတို့သည် ထိုသူ့ကိုမြင်ကြသောအခါ သခင်ဘုရားထံတော်သို့ ပြောင်းလဲလာကြလေ၏။
Acts BurCBCM 9:36  ထိုအချိန်၌ ဂျော့ပါမြို့တွင် တာဘိသာ (ဂရိဘာသာစကားဖြင့် ဒေါကဟုခေါ်ဆိုပြီး ဒရယ်ဟု အဓိပ္ပာယ်ရလေ၏) အမည်ရှိသော တပည့်တော်မတစ်ယောက်ရှိ၏။ သူမသည် ကုသိုလ်ကောင်းမှုနှင့် ပေးကမ်းစွန့်ကြဲခြင်းများကို အစဉ် လုပ်ဆောင်သူတစ်ဦးဖြစ်၏။-
Acts BurCBCM 9:37  သူမသည် ထိုနေ့ရက်တို့တွင် ဖျားနာ၍ သေဆုံးသွားလေ၏။ သူတို့သည်လည်း သူမ၏အလောင်းကို သန့်စင်ပေး ပြီးသောအခါ သူမကို အိမ်၏အပေါ်အခန်းတစ်ခု၌ ထားကြ၏။-
Acts BurCBCM 9:38  လစ်ဒါမြို့သည် ဂျော့ပါမြို့အနီးတွင်ရှိသောကြောင့် တပည့်တော်တို့သည် ထိုမြို့ ၌ ပေတရုရှိကြောင်း ကြားသိကြသောအခါ သူ့ထံသို့ လူနှစ်ယောက်ကိုစေလွှတ်လျက် ကျေးဇူးပြု၍ အကျွန်ုပ်တို့ထံသို့ အလျင်အမြန်ကြွလာပါ ဟုအသနားခံကြ၏။-
Acts BurCBCM 9:39  ထို့ကြောင့် ပေတရုသည် ထ၍ သူတို့နှင့်အတူ လိုက်သွားလေ၏။ ပေတရုရောက်ရှိလာသောအခါ သူတို့သည် သူ့ကို အပေါ်ထပ်အခန်းသို့ ခေါ်သွားကြ၏။ မုဆိုးမအပေါင်းတို့သည်လည်း ပေတရု၏အနီးတွင် ရပ်၍ ငိုကြွေးကြလျက် သူတို့နှင့်အတူ ဒေါကရှိစဉ်က ချုပ်လုပ်ခဲ့သော အင်္ကျီအဝတ်အစားများကို သူ့အား ပြသကြ၏။-
Acts BurCBCM 9:40  သို့သော် ပေတရုသည် အားလုံးကို အပြင်သို့ထွက်စေပြီးမှ ဒူးထောက်၍ ဆုတောင်းလေ၏။ ထို့နောက် သူသည် အလောင်းရှိရာဘက်သို့လှည့်၍ တာဘိသာ၊ ထလော့ဟု ဆိုသော် သူမသည် မိမိ၏မျက်စိတို့ကို ဖွင့်လေ၏။ ထို့နောက် ပေတရုကို မြင်သောအခါ သူမသည် ထထိုင်လေ၏။-
Acts BurCBCM 9:41  ပေတရုသည်လည်း မိမိ၏လက်ကို သူမအား ကမ်းပေးပြီး သူမကို ဆွဲထူလေ၏။ ထို့နောက် ပေတရုသည် သန့်ရှင်းသူများနှင့် မုဆိုးမတို့အားခေါ်၍ သူမကို အသက်ရှင်လျက် ပြန်အပ်လိုက်လေ၏။-
Acts BurCBCM 9:42  ထိုသတင်းသည်လည်း ဂျော့ပါမြို့တစ်မြို့လုံး ပျံ့နှံ့သွားသည်ဖြစ်၍ များစွာသောလူတို့သည် သခင်ဘုရား၌ ယုံကြည် လာကြ၏။-
Acts BurCBCM 9:43  ပေတရုသည်လည်း ဂျော့ပါမြို့တွင် စီမွန်အမည်ရှိသော သားရေနယ်သူတစ်ဦးနှင့်အတူ ရက်ပေါင်းများစွာ နေထိုင်လေ၏။
Chapter 10
Acts BurCBCM 10:1  ဆီဇားရိယမြို့တွင် အီတလီစစ်တပ်ဟုခေါ်တွင် သောတပ်၌ ကော်နေလီဦးအမည်ရှိ လူတစ်ရာ တပ်မှူးတစ်ယောက်ရှိ၏။-
Acts BurCBCM 10:2  ထိုသူသည် ဘုရားတရား ကြည်ညိုသူတစ်ဦးဖြစ်၍ သူနှင့်သူ၏ မိသားစုတစ်ခုလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေကြ၏။ သူသည် လူတို့အား ရက်ရောစွာ ပေးကမ်းစွန့်ကြဲတတ်ပြီး ဘုရားသခင်ထံ အဆက်မပြတ် ဆုတောင်းသောသူ ဖြစ်၏။-
Acts BurCBCM 10:3  တစ်ခုသောနေ့ မွန်းလွဲသုံးနာရီအချိန်ခန့်တွင် ကော်နေလီဦးသည် မိမိထံသို့ ဘုရားသခင်၏ ကောင်းကင်တမန်တော်တစ်ပါး ဝင်လာ၍ ကော်နေလေဦးဟု မိမိအားခေါ်သည်ကို ရူပါရုံတွင်ထင်ရှားစွာ မြင်ရလေ၏။-
Acts BurCBCM 10:4  သူသည်လည်း ကြောက်ရွံ့ထိတ်လန့်လျက် ကောင်းကင်တမန်တော်ကို စေ့စေ့ကြည့်ကာ သခင်၊ မည်သည့်အကြောင်းအရာ ရှိပါသနည်းဟု ဆိုလေ၏။ ထိုအခါ ကောင်းကင်တမန်တော်က သင်၏ဆုတောင်းခြင်းနှင့် ပေးကမ်းစွန့်ကြဲခြင်းတို့သည် ဘုရားသခင်၏ရှေ့တော်တွင် အောက်မေ့ဖွယ်ရာအဖြစ် ရောက်ရှိလာခဲ့ကြပြီ။-
Acts BurCBCM 10:5  ယခု သင်သည် ဂျော့ပါမြို့သို့ လူတို့ကိုစေလွှတ်၍ ပေတရုဟုခေါ်သော စီမွန်ကို ခေါ်ဆောင်လာလော့။-
Acts BurCBCM 10:6  ထိုသူသည် ပင်လယ်ကမ်းနား၌ရှိသော သားရေနယ်သမား စီမွန်၏နေအိမ်တွင် တည်းခိုလျက်ရှိသည်ဟု ဆိုလေ၏။-
Acts BurCBCM 10:7  သူ့အား ဗျာဒိတ်ပေးသော ကောင်းကင်တမန်တော်သည် သူ့ထံမှ ထွက်ခွာသွားသောအခါ သူသည် မိမိ၏အစေခံ နှစ်ယောက်နှင့် မိမိလက်အောက်တွင် အမှုထမ်းနေသော သူများထဲမှ ဘုရားတရားကြည်ညို သူစစ်သူရဲတစ်ယောက်ကိုခေါ်၍၊-
Acts BurCBCM 10:8  သူတို့အား အကြောင်းစုံကိုပြောပြပြီးလျှင် ဂျော့ပါမြို့သို့ စေလွှတ်လိုက်လေ၏။
Acts BurCBCM 10:9  နောက်တစ်နေ့တွင် ထိုသူတို့သည် ခရီးထွက်ခဲ့၍ မြို့အနီးသို့ရောက်လာကြစဉ် ပေတရုသည် ဆုတောင်းရန် အိမ်မိုးပေါ်သို့ တက်သွားလေ၏။ ထိုအချိန်ကား မွန်းတည့်ချိန်ဖြစ်၏။-
Acts BurCBCM 10:10  ထိုအချိန်တွင် ပေတရုသည် ဆာလောင်သဖြင့် တစ်စုံတစ်ခုကို စားလိုသောဆန္ဒ ဖြစ်ပေါ်လာ၏။ သူတို့သည်လည်း သူ့အတွက် အစားအစာများ ပြင်ဆင်နေကြစဉ် ပေတရုသည် ရူပါရုံကိုမြင်ရလေ၏။-
Acts BurCBCM 10:11  သူမြင်ရသောရူပါရုံမှာ ကောင်းကင်သည်ပွင့်လာ၍ ထောင့်လေးထောင့်မှ ချုပ်ကိုင်ထားသော ရွက်ထည်စကြီးတစ်ခုနှင့် တူသောအရာသည် မြေပေါ်သို့ကျလာ၏။-
Acts BurCBCM 10:12  ၎င်း၏အထဲ၌ တိရစ္ဆာန်အမျိုးမျိုး၊ တွားသွားသောသတ္တဝါများနှင့် လေတွင်ပျံဝဲသောငှက်များ ပါရှိ၏။-
Acts BurCBCM 10:13  ထို့နောက် သူ့ကိုပြောနေသော အသံတစ်သံထွက်ပေါ်လာသည်မှာ ပေတရု၊ ထလော့။ သတ်၍ စားလော့ဟူ၍ဖြစ်သတည်း။-
Acts BurCBCM 10:14  သို့သော် ပေတရုက မဖြစ်နိုင်ပါ၊ သခင်ဘုရား။ အကြောင်းမူကား တပည့်တော်သည် မသန့်ရှင်းသောအရာနှင့် ညစ်ညူး သောအရာများကို မည်သည့်အခါမျှ မစားခဲ့ပါဟု လျှောက်လေ၏။-
Acts BurCBCM 10:15  ထိုအသံသည် ဒုတိယအကြိမ် ထပ်မံထွက်ပေါ်လာပြီး ဘုရားသခင် သန့်ရှင်းစင်ကြယ်စေပြီးသောအရာကို ညစ်ညူးသည်ဟု သင်မဆိုလေနှင့်ဟု ဆို၏။-
Acts BurCBCM 10:16  ဤကဲ့ သို့ သုံးကြိမ်တိုင်တိုင်ဖြစ်ပြီးလျှင် ထိုအရာကို ကောင်းကင်သို့ ချက်ချင်းရုပ်သိမ်းသွားလေ၏။
Acts BurCBCM 10:17  ပေတရုသည်လည်း မိမိမြင်လိုက်ရသော ရူပါရုံ၏ ဆိုလိုရင်းနှင့်ပတ်သက်၍ စိတ်ထဲ၌ ရှုပ်ထွေးလျက်ရှိစဉ် ကော်နေလီဦး စေလွှတ်လိုက်သော သူတို့သည် စီမွန်၏အိမ်ကို စုံစမ်းလာကြပြီး တံခါးရှေ့တွင်ရပ်နေကြ၏။-
Acts BurCBCM 10:18  သူတို့သည် ဤအိမ်၌ ပေတရုဟုခေါ်သော စီမွန်တည်းခိုလျက်ရှိ၊ မရှိ အော်ဟစ်မေးမြန်းကြ၏။-
Acts BurCBCM 10:19  ပေတရုသည် ရူပါရုံအကြောင်းကို စဉ်းစားနေစဉ် ဝိညာဉ်တော်က သူ့အားကြည့်လော့၊ လူသုံးယောက်သည် သင့်ကိုရှာဖွေနေ ကြသည်။-
Acts BurCBCM 10:20  သင်ထ၍ အိမ်အောက်သို့ ဆင်းသွားပြီးလျှင် နှောင့်နှေးခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့။ အကြောင်းမူကား ထိုသူတို့ကို ငါစေလွှတ်လိုက်ခြင်းဖြစ်သည်ဟု မိန့်တော်မူ၏။-
Acts BurCBCM 10:21  ပေတရုသည်လည်း ထိုသူတို့ရှိ ရာသို့ဆင်းလာပြီးလျှင် သင်တို့ရှာနေသောသူသည် ငါဖြစ်၏။ မည်သည့်အကြောင်းကြောင့် သင်တို့လာကြသနည်းဟု မေးလေ၏။-
Acts BurCBCM 10:22  ထိုအခါ ထိုသူတို့က ကော်နေလီ ဦးဟုအမည်တွင်ပြီး ဘုရားကိုကြောက်ရွံ့ရိုသေလျက် ဖြောင့်မတ်ကာ ဂျူးလူမျိုးအားလုံးက လေးစားချီးမွမ်းကြသော လူတစ်ရာတပ်မှူးတစ်ဦးသည် သင့်ကို သူ၏အိမ်သို့ပင့်ဖိတ်၍ သင်မိန့်မှာမည့်အရာများကို ကြားနာရမည်ဟု သန့်ရှင်းသော ကောင်းကင်တမန်တော်တစ်ပါး၏ ညွန်ကြားခြင်းကို ခံရပါသည်ဟု ဆိုကြ၏။-
Acts BurCBCM 10:23  သို့ဖြစ်၍ ပေတရုသည် ထိုသူတို့ကို မိမိ၏ဧည့်သည်များအဖြစ် အိမ်အတွင်းသို့ ခေါ်လေ၏။ နောက်တစ်နေ့တွင် သူသည် ထ၍ ထိုသူတို့နှင့် အတူလိုက်သွားသောအခါ ဂျော့ပါမြို့ မှ ညီအစ်ကိုအချို့တို့သည်လည်း သူနှင့်အတူလိုက်ပါသွားကြ၏။-
Acts BurCBCM 10:24  နောက်တစ်နေ့တွင် သူတို့သည် ဆီဇားရိယမြို့သို့ဝင်ကြ၏။ ထိုစဉ် ကော်နေလီဦးသည် သူတို့ကို စောင့်မျှော်နေလျက် မိမိ၏ဆွေမျိုးများနှင့်အတူ ရင်းနှီးသောမိတ်ဆွေများကို ခေါ်ယူစုရုံးထားလေ၏။-
Acts BurCBCM 10:25  ပေတရုဝင်လာသောအခါ ကော်နေလီဦးသည် ခရီးဦးကြိုပြု၍ သူ၏ခြေရင်း၌ ပျပ်ဝပ်လျက် သူ့ကိုရှိခိုးလေ၏။-
Acts BurCBCM 10:26  သို့သော် ပေတရုသည် သူ့ကို ထူမလျက် မတ်တတ်ရပ်ပါလော့။ ငါသည်လည်း လူတစ်ယောက်ပင်ဖြစ်ပါသည်ဟု ဆိုလေ၏။-
Acts BurCBCM 10:27  ထို့နောက် ပေတ ရုသည် သူနှင့်စကားပြောလျက် အိမ်အတွင်းသို့ဝင်သွားသောအခါ များစွာသော လူတို့စုဝေးနေကြသည်ကို တွေ့ လေ၏။-
Acts BurCBCM 10:28  သို့ဖြစ်၍ ပေတရုက ဂျူးလူမျိုးတစ်ဦးအနေဖြင့် အခြားသောလူမျိုးမှ လူတစ်ဦးတစ်ယောက်နှင့်ပေါင်းဖော် မိတ်ဖွဲ့ခြင်း၊ သို့မဟုတ် အလည်အပတ်သွားခြင်းတို့ကို ပြုလုပ်ပါက ပညတ်တရားနှင့် လုံး၀မကိုက်ညီကြောင်းကို သင်တို့ကိုယ်တိုင် သိကြသည်ဖြစ်၏။ သို့သော် မည်သူ့ ကိုမျှ မသန့်ရှင်းသောသူ၊ ညစ်ညူးသောသူဟု မခေါ်သင့်ကြောင်း ဘုရားသခင်သည် ငါ့အား ပြသတော်မူခဲ့ပြီ။-
Acts BurCBCM 10:29  ထို့ကြောင့် ငါ့ကို သင်တို့ခေါ် ဖိတ်ကြသောအခါ ငါသည် ငြင်းဆန်ခြင်းမပြုဘဲ လိုက်လာခဲ့၏။ သို့ဖြစ်၍ သင်တို့သည် ငါ့ကို အဘယ်ကြောင့်ခေါ်ဖိတ်ကြသည်ကို သင်တို့အား ငါမေးလိုပါသည်ဟု ဆို၏။
Acts BurCBCM 10:30  ထိုအခါ ကော်နေလီဦးက လွန်ခဲ့သောသုံးရက်ခန့်က သုံးချက်တီးအချိန်၌ ဆိုအပ်သော ဆုတောင်းမေတ္တာကို ဤအချိန်နာရီတွင် အကျွန်ုပ်သည် အကျွန်ုပ်၏အိမ်၌ ရွတ်ဆိုလျက်ရှိစဉ် လူတစ်ဦးသည် တောက်ပသောဝတ်ရုံဖြင့် အကျွန်ုပ်၏ ရှေ့တွင်ရပ်နေပါသည်။-
Acts BurCBCM 10:31  သူက ကော်နေလီဦး၊ သင်၏ဆုတောင်းမေတ္တာကို ဘုရားသခင်နား ညောင်းတော်မူ၍ သင်၏ပေးကမ်းစွန့်ကြဲခြင်းမှာလည်း ဘုရားသခင်၏ မျက်မှောက်တော်တွင် သိမှတ်ခြင်းခံရလေပြီ။-
Acts BurCBCM 10:32  ထို့ကြောင့် သင်သည် ဂျော့ပါမြို့သို့လူလွှတ်၍ ပေတရုဟုခေါ်သော စီမွန်ကိုစုံစမ်းရှာဖွေလော့။ သူသည် ပင်လယ်ကမ်းနားရှိ သားရေနယ်သမား စီမွန်၏အိမ်၌ တည်းခိုလျက်ရှိသည်ဟု မိန့်မှာခဲ့ပါသည်။-
Acts BurCBCM 10:33  သို့ဖြစ်၍ အကျွန်ုပ်သည် သင့်ထံသို့ ချက်ချင်းပင် လူလွှတ်ခဲ့ရာ သင် သည် သဘောထားပြည့်၀စွာဖြင့် လိုက်ပါလာခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ယခုအကျွန်ုပ်တို့သည် သင့်အား သခင်ဘုရားမိန့်တော်မူသမျှကို ကြားနာရန် ဘုရားသခင်၏ မျက်မှောက်တော်၌ ဤနေရာတွင် ရောက်ရှိနေကြပါသည်ဟု ဆိုလေ၏။
Acts BurCBCM 10:34  ထိုအခါ ပေတရုသည် မိမိ၏နှုတ်ကိုဖွင့်၍ ဆိုသည်ကား ဘုရားသခင်သည် မျက်နှာမလိုက်ကြောင်းကို ငါအမှန်တကယ်သိမြင်လေပြီ။-
Acts BurCBCM 10:35  လူမျိုးတိုင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေ၍ ဖြောင့်မှန်သောအရာကို လိုက်နာကျင့်ကြံသောသူဟူသမျှသည် ကိုယ်တော့်အဖို့ နှစ်သက်လက်ခံဖွယ်ဖြစ်၏။
Acts BurCBCM 10:36  ကိုယ်တော်သည် မိမိ၏နှုတ်တော်ထွက်စကားကို အစ္စရာအဲလ်လူမျိုးထံသို့ စေလွှတ်တော်မူ၍ ငြိမ်းချမ်းသာယာခြင်း၏ သတင်းကောင်းကို ယေဇူးခရစ်တော်အားဖြင့် သူတို့ထံသို့ရောက်ရှိစေတော်မူ၏။ ထိုအရှင်သည် လူအပေါင်းတို့၏ သခင် ဖြစ်တော်မူ၏။-
Acts BurCBCM 10:37  ယောဟန်သည် ဆေးကြောခြင်းအကြောင်းကို ဟောပြောခဲ့ပြီးနောက် နာဇရက်မြို့သား ယေဇူးသည် ဂါလေလေးယနယ်မှ အစပြု၍ ဂျူဒေးယပြည်တစ်လျှောက်လုံး၌ နှုတ်တော်ထွက်စကားကို ဟောပြောခဲ့၏။-
Acts BurCBCM 10:38  ဘုရားသခင်သည် နာဇရက်မြို့သား ယေဇူးကို ဝိညာဉ်တော်မြတ်နှင့် တန်ခိုးတော်အားဖြင့် ဘိသိက်သွန်းလောင်း တော်မူခဲ့၏။ ထိုအခါ ဘုရားသခင်သည် မိမိနှင့်အတူ ရှိတော်မူသောကြောင့် ယေဇူးသည် လှည့်လည်သွားလာ၍ ကောင်းသော အမှုများကို ပြုပြီးလျှင် နတ်ဆိုး၏ ဖိစီးနှိပ်စက်ခြင်း ခံရသောသူများအား ပျောက်ကင်းချမ်းသာ စေခဲ့သည့်အကြောင်းကို သင်တို့ သိကြ၏။-
Acts BurCBCM 10:39  ငါတို့သည်လည်း ဂျူးလူမျိုးတို့၏ တိုင်းပြည်နှင့် ဂျေရုဆလင်မြို့တွင် ကိုယ်တော်ပြုတော်မူသမျှ အမှုတော်များ၌ သက်သေခံများဖြစ်ကြ၏။ သူတို့သည်ကား ကိုယ်တော့်ကို သစ်တိုင်ပေါ်တွင် ချိတ်ဆွဲလျက် အသေသတ်ခဲ့ကြ၏။-
Acts BurCBCM 10:40  သို့သော် ဘုရားသခင်သည် ကိုယ်တော့်ကို သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်စေ၍ ထင် ရှားပြစေတော်မူခဲ့၏။-
Acts BurCBCM 10:41  ထင်ရှားပြရာတွင်မူ လူအားလုံးတို့ထံသို့ မဟုတ်ဘဲ သက်သေခံများအဖြစ် ရွေးချယ်ခြင်းခံရသော ငါတို့ထံသို့သာဖြစ်၏။ ငါတို့သည် ကိုယ်တော်သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်နှင့်အတူ စားသောက်ခဲ့ကြ၏။-
Acts BurCBCM 10:42  ကိုယ်တော်သည် ငါတို့အား လူအားလုံးတို့ကို ဟောပြောသွန်သင်ရန်နှင့် ကိုယ်တော်သာလျှင် ရှင်သူသေသူတို့ကို စစ်ကြောစီရင် ရန် ဘုရားသခင်ခန့်ထားတော်မူသော သူဖြစ်ကြောင်းကို သက်သေခံရန် မိန့်မှာတော်မူခဲ့၏။-
Acts BurCBCM 10:43  ပရောဖက်အပေါင်းတို့ကလည်း ကိုယ်တော့်ကို ယုံကြည်သောသူအပေါင်းတို့သည် ကိုယ်တော်၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်း ခံကြရသည်ဟူ၍ ကိုယ်တော့်ကို သက်သေခံကြကုန်၏။
Acts BurCBCM 10:44  ပေတရုသည် ဤသို့ပြောဆိုနေစဉ်တွင်ပင် ဝိညာဉ်တော်မြတ်သည် နှုတ်တော်ထွက်စကားကို ကြားနာခဲ့ရသော သူအားလုံးတို့အပေါ်သို့ ဆင်းကြွတော်မူ၏။-
Acts BurCBCM 10:45  ပေတရုနှင့်အတူ လိုက်ပါလာကြသော အရေဖျားလှီးခြင်း မင်္ဂလာခံယူပြီးသူများထဲမှ ယုံကြည်သူတို့သည် အလွန် အံ့ဩကြ၏။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်မြတ်ကို လူမျိုးခြားတို့အပေါ်သို့ပင် သွန်းလောင်းတော်မူသောကြောင့် ဖြစ်သတည်း။-
Acts BurCBCM 10:46  အကြောင်းမူကား ထိုလူမျိုးခြားတို့သည် အမျိုးမျိုးသော ဘာသာစကားများကို ပြောဆိုကြလျက် ဘုရားသခင်အား ချီးမွမ်းထောမနာ ပြုနေကြ သည်ကို သူတို့ကြားကြသောကြောင့်ဖြစ်၏။-
Acts BurCBCM 10:47  ထို့နောက် ပေတရုက ငါတို့ကဲ့သို့ ဝိညာဉ်တော်မြတ်ကို ခံယူခဲ့ကြသော ဤသူတို့အား ဆေးကြောရန် ရေကို မည်သူ တားမြစ်နိုင်သနည်းဟု ကြွေးကြော်လေ၏။-
Acts BurCBCM 10:48  ပေတရုသည် ထိုသူအားလုံးတို့အား ယေဇူးခရစ်တော်၏နာမတော်၌ ဆေးကြောခြင်းခံရန် အမိန့်ပေးလေ၏။ ထို့နောက် ထိုသူ တို့သည် သူ့အား ရက်အနည်းငယ် ဆက်လက်နေပါရန် တောင်းပန်ကြလေ၏။
Chapter 11
Acts BurCBCM 11:1  ဤသို့ဖြင့် လူမျိုးခြားတို့သည်လည်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ခံယူရရှိကြသည်ကို တမန်တော်တို့နှင့် ဂျူဒေးယပြည်တွင်ရှိကြသော ညီအစ်ကိုတို့သည် ကြားသိကြ၏။-
Acts BurCBCM 11:2  သို့ဖြစ်၍ ပေတရုသည် ဂျေရုဆလင်မြို့သို့ ရောက်လာသောအခါ အရေဖျားလှီးခြင်းကို လက်ခံအားပေးသော သူတို့သည် သူ့ကိုဝေဖန်အပြစ်တင်ကြ၍၊-
Acts BurCBCM 11:3  သင်သည် အဘယ်ကြောင့် အရေဖျားလှီးခြင်း မခံသောသူတို့ထံသို့သွား၍ သူတို့နှင့်အတူ စားသောက်ခဲ့သနည်းဟုဆိုကြ၏။-
Acts BurCBCM 11:4  သို့သော် ပေတရုက ဖြစ်ပျက်သမျှကို အစီအစဉ်အတိုင်း သူတို့အား ရှင်းပြလျက် ဆိုသည်ကား၊-
Acts BurCBCM 11:5  ငါသည် ဂျော့ပါမြို့၌ ဆုတောင်းလျက်နေစဉ် မိန်းမောလျက် ရူပါရုံတစ်ခုကိုမြင်ရ၏။ ထောင့်လေးထောင့်မှ ချုပ်ကိုင် ထားသော ရွက်ထည်စကြီးတစ်ခုနှင့် တူသောအရာတစ်ခုသည် ကောင်းကင်မှချလိုက်သကဲ့သို့ ဆင်းလာ၏။ ထိုအရာသည် ငါ့ထံသို့ကျလာ၏။-
Acts BurCBCM 11:6  ငါသည် ၎င်းကို သေချာစွာကြည့်သောအခါ တိရစ္ဆာန်များ၊ သားရဲများ၊ တွားသွားသတ္တဝါများနှင့် လေတွင်ပျံဝဲသော ငှက်များကို တွေ့မြင်ရ၏။-
Acts BurCBCM 11:7  ထို့နောက် ပေတရု၊ ထလော့၊ သတ်၍စားလော့ဟု ငါ့အား ပြောဆိုနေသော အသံတစ်ခုကိုလည်း ငါကြားရ၏။-
Acts BurCBCM 11:8  သို့သော်လည်း ငါက မဖြစ်နိုင်ပါ၊ သခင်ဘုရား။ အကြောင်းမူကား မစင်ကြယ်သော၊ ညစ် ညူးသောအရာတစ်စုံတစ်ခုမျှ တပည့်တော်၏ ပါးစပ်အတွင်းသို့ မဝင်ဖူးပါဟု ပြန်ပြောခဲ့၏။-
Acts BurCBCM 11:9  သို့ရာတွင် ကောင်းကင်မှအသံက ဘုရားသခင် သန့်ရှင်းစင်ကြယ်စေပြီးသော အရာကို ညစ်ညူးသည်ဟူ၍ သင်မဆို လေနှင့်ဟု ထပ်မံဖြေဆိုလေ၏။-
Acts BurCBCM 11:10  ဤကဲ့သို့ သုံးကြိမ်တိုင်တိုင်ဖြစ်ပြီးလျှင် ၎င်းတို့အားလုံးကို ကောင်းကင်သို့ ပြန်လည်ဆွဲတင်သွားလေ၏။-
Acts BurCBCM 11:11  ထိုအချိန်၌ပင် ဆီဇားရိယမြို့မှ ငါ့ထံသို့ စေလွှတ်သော လူသုံးဦးတို့သည် ငါတို့ရှိသောအိမ်သို့ ရောက်လာကြ၏။-
Acts BurCBCM 11:12  ဝိညာဉ်တော်သည်လည်း ငါ့အား လူမျိုးခွဲခြားခြင်းမပြုဘဲ သူတို့နှင့်အတူ လိုက်ပါသွားရန် မိန့်တော်မူခဲ့၏။ ဤညီအစ်က ိုခြောက်ဦးသည်လည်း ငါနှင့်အတူ လိုက်ပါခဲ့ကြ၍ ငါတို့သည် ထိုသူ၏အိမ်သို့ ဝင်ခဲ့ကြ၏။-
Acts BurCBCM 11:13  ထိုသူကလည်း ကောင်းကင်တမန်တော်တစ်ပါးသည် သူ၏အိမ်တွင်ရပ်လျက် ဂျော့ပါမြို့သို့လူစေလွှတ်၍ ပေတရုဟု ခေါ်သောစီမွန်ကို ခေါ်ဖိတ်လော့။-
Acts BurCBCM 11:14  သူသည် သင်နှင့် သင်၏မိသားစုအားလုံး ကယ်တင်ခြင်းရစေမည့် သတင်းစကားကို သင်တို့အား ဟောပြောလိမ့်မည်ဟု မိန့်ဆိုသည်ကို မြင်ခဲ့ရကြောင်း ငါတို့အား ပြောပြခဲ့၏။-
Acts BurCBCM 11:15  ငါသည်လည်း သူတို့ကို စတင်၍ ဟောပြောသည်နှင့် ဝိညာဉ်တော်မြတ်သည် အစကနဦးက ငါတို့အပေါ်သို့ ဆင်းကြွသကဲ့သို့ သူတို့အပေါ်သို့လည်း ဆင်းကြွတော် မူခဲ့၏။-
Acts BurCBCM 11:16  ထိုအခါ ငါသည် သခင်ဘုရား၏ နှုတ်တော်ထွက်စကားတို့ကို ပြန်လည်သတိရခဲ့၏။ ကိုယ်တော်က ယောဟန်သည် ရေဖြင့်ဆေးကြောခဲ့၏။ သင်တို့မူကား ဝိညာဉ် တော်မြတ်အားဖြင့် ဆေးကြောခြင်းခံရလိမ့်မည်ဟု မိန့် တော်မူခဲ့၏။-
Acts BurCBCM 11:17  ငါတို့သည် ယေဇူးခရစ်တော်သခင်ကို ယုံကြည်သောအခါ ငါတို့အား ဘုရားသခင် ပေးသနားတော်မူခဲ့သည့် တူညီသော ကျေးဇူးတော်ကို ကိုယ်တော်သည် သူတို့အားလည်း ပေးတော်မူပါလျှင် ငါသည် မည်ကဲ့သို့သောသူဖြစ်၍ ဘုရားသခင်ကို တားဆီးနိုင်ပါမည်နည်းဟု ဆိုလေ၏။
Acts BurCBCM 11:18  သူတို့သည်လည်း ဤစကားကိုကြားသောအခါ တိတ်ဆိတ်သွားကြလေ၏။ ထို့နောက် သူတို့က ဘုရားသခင်သည် ထာ၀ရအသက်ပေးသော နောင်တ တရားကို လူမျိုးခြားတို့အားလည်း ပေးသနားတော်မူပေသည် ဟုဆိုကြ၍ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလေ၏။
Acts BurCBCM 11:19  စတေဖနုကိုအကြောင်းပြု၍ ပေါ်ပေါက်လာသော နှိပ်စက်ညှဉ်းပန်းခြင်းကြောင့် နေရာအနှံ့ ကွဲလွင့်သွားကြသော သူတို့သည် ဖွေနိစိယပြည်၊ စိပရုနှင့် အန္တီယော့မြို့ များတိုင်အောင် ရောက်သွားကြပြီး ဂျူးလူမျိုးများမှတစ်ပါး အခြားမည်သူ့ကိုမျှ နှုတ်တော်ထွက်စကားကို မဟောပြောခဲ့ကြချေ။-
Acts BurCBCM 11:20  သို့သော် ထိုသူတို့ထဲမှ စိပရုနှင့်ဆီရီနေပြည်သားအချို့တို့သည် အန္တီယော့မြို့သို့ ရောက်လာကြပြီးလျှင် ဂရိလူမျိုး တို့ကိုလည်း စတင်သွန်သင်ကြလျက် သူတို့အား ယေဇူးသခင်၏အကြောင်းကို ဟောပြောကြလေ၏။-
Acts BurCBCM 11:21  သခင်ဘုရား၏ လက်တော်သည်လည်း သူတို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍ ယုံကြည်သောသူများစွာတို့သည် သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။-
Acts BurCBCM 11:22  ဤသတင်းသည် ဂျေရုဆလင်မြို့ရှိ အသင်းတော်သို့ ရောက်သဖြင့် တမန်တော်တို့သည် ဘာနဘကို အန္တီယော့မြို့သို့ စေလွှတ်ကြ၏။-
Acts BurCBCM 11:23  သူသည် ရောက်လာ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို တွေ့မြင်သောအခါ ဝမ်းမြောက်လေ၏။ ထို့နောက် သူသည် သူတို့အားလုံးအား တည်ကြည်မြဲမြံသော ခံယူချက်ဖြင့် သခင်ဘုရားကို ဆက်လက်သစ္စာရှိကြရန် တိုက်တွန်းနှိုးဆော်လေ၏။-
Acts BurCBCM 11:24  အဘယ်ကြောင့်ဆိုသော် သူသည် သူတော်ကောင်းတစ်ယောက်ဖြစ်ကာ ဝိညာဉ်တော်မြတ်နှင့်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်လည်းကောင်း ပြည့်စုံသောသူဖြစ်၏။ များစွာသော လူတို့သည်လည်း သခင်ဘုရား၏အသင်းတော်သို့ ထပ်မံ ဝင်ရောက်လာကြ၏။-
Acts BurCBCM 11:25  သို့ဖြစ်၍ ဘာနဘသည် ဆောလုကိုရှာရန် တာဆုမြို့သို့ သွားလေ၏။-
Acts BurCBCM 11:26  သူသည် ဆောလုကိုတွေ့လျှင် သူ့အား အန္တီယော့မြို့သို့ ခေါ်ဆောင်လာခဲ့၏။ သူတို့သည် အသင်းတော်နှင့်အတူ တစ်နှစ်ပတ်လုံးရှိ၍ လူအမြောက်အမြားကို သွန်သင်ကြသဖြင့် အန္တီယော့မြို့တွင် တပည့်တော်တို့ကို ခရစ်ယာန်များဟူ၍ ပထမဆုံး အကြိမ်ခေါ်ဝေါ် ကြလေ၏။
Acts BurCBCM 11:27  ထိုနေ့ရက်များတွင် ပရောဖက်တို့သည် ဂျေရုဆလင်မြို့မှ အန္တီယော့မြို့သို့ရောက်လာကြ၏။-
Acts BurCBCM 11:28  ထိုသူတို့ထဲမှ အာဂါဘုဟုခေါ်သော သူတစ်ယောက်သည် ထ၍ ကမ္ဘာတစ်ဝန်းလုံးတွင် ကြီးစွာသော ငတ်မွတ်ခေါင်းပါးခြင်း ကျရောက်လိမ့်မည်ဟု ဝိညာဉ်တော်၏နှိုးဆော်မှုဖြင့် ကြိုတင်ဟောပြောခဲ့ပြီး ထိုအမှုသည် ကလောဒီဦးဘုရင်လက်ထက်တွင် ဖြစ်ပေါ်ခဲ့၏။-
Acts BurCBCM 11:29  တပည့်တော်တို့သည်လည်း လူတိုင်းမိမိတို့ တတ်နိုင်သည့်အတိုင်းအတာဖြင့် ဂျူဒေးယပြည်တွင် နေထိုင်ကြသော ညီအစ်ကိုများအား ကူညီထောက်ပံ့မှု ပို့ပေးကြရန် ဆုံးဖြတ်ကြလေ၏။-
Acts BurCBCM 11:30  ထိုသို့ ဆုံးဖြတ်ကြသည့်အတိုင်း သူတို့သည် ကူညီထောက်ပံ့မှုကို ဘာနဘနှင့် ဆောလုတို့၏ လက်မှတစ်ဆင့် ခေါင်းဆောင် များထံသို့ ပေးပို့ကြလေ၏။
Chapter 12
Acts BurCBCM 12:1  ထိုအချိန်၌ ဟေရုဒ်ဘုရင်သည် အသင်းတော်တွင် ပါဝင်သူအချို့ကို ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းဆဲလေ၏။-
Acts BurCBCM 12:2  သူသည် ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကိုဓားဖြင့် ကွပ်မျက်လေ၏။-
Acts BurCBCM 12:3  ဤသို့ပြုခြင်းကို ဂျူးလူမျိုးတို့နှစ်သက်သဘောကျကြောင်း သူတွေ့မြင်သောအခါ ပေတရုကိုလည်း ဆက်လက်ဖမ်းဆီး လေ၏။ ထိုအချိန်သည် တဆေးမပါသောပေါင်မုန့်ပွဲတော်အချိန် ဖြစ်၏။-
Acts BurCBCM 12:4  သူသည် ပေတရုကိုဖမ်းဆီးပြီးနောက် ထောင်ထဲ၌ အကျဉ်းချထားပြီး တစ်ဖွဲ့လျှင် စစ်သူရဲလေးဦးပါဝင်သော အဖွဲ့လေးဖွဲ့ဖြင့် ပေတရုကိုစောင့်ကြပ်ရန် အပ်ထားလေ၏။ သူသည် ပါစကားပွဲပြီးသောအခါ ပေတရုအား လူတို့ထံသို့ ထုတ်ဆောင်ရန် ကြံရွယ်ထားလေ၏။-
Acts BurCBCM 12:5  သို့ဖြစ်၍ ပေတရုသည် ထောင်ထဲတွင်အကျဉ်းခံနေရလေ၏။ သို့ရာတွင် အသင်းတော်သည် သူ့အတွက် ဘုရားသခင်ထံ စိတ်အားထက်သန်စွာ ဆုတောင်းလျက်ရှိ၏။
Acts BurCBCM 12:6  ဟေရုဒ်ဘုရင်သည် ပေတရုကို အပြင်သို့ထုတ်၍ စစ်ဆေးမည့်နေ့ မတိုင်မီညတွင် ပေတရုသည် သံကြိုးနှစ်ချောင်းဖြင့် ချည်နှောင်ထားခြင်းခံရလျက် စစ်သူရဲနှစ်ဦး၏အလယ်တွင် အိပ်ပျော်နေလေ၏။ အစောင့်တို့သည်လည်း ထောင်တံခါးရှေ့၌ အကျဉ်းထောင်ကို စောင့်ကြပ်လျက်ရှိကြ၏။-
Acts BurCBCM 12:7  ထိုအခိုက် သခင်ဘုရား၏ ကောင်းကင်တမန်တော်သည် ရုတ်တရက်ပေါ်လာ၍ အကျဉ်းထောင်အခန်းထဲ၌ အလင်းရောင်တစ်ခု ထွန်းတောက်လေ၏။ ထို့နောက် သူသည် ပေတရု၏နံဘေးကို ပုတ်၍နှိုးလျက် အလျင်အမြန်ထလော့ ဟုဆိုလေ၏။ ထိုအခါ သံကြိုးများသည် ပေတရု၏လက်မှ ကျွတ်ကျသွားကြ၏။-
Acts BurCBCM 12:8  ကောင်းကင်တမန်တော်က ပေတရုအား သင်၏အဝတ်များကို ဝတ်ဆင်၍ ဖိနပ်ကိုစီးလော့ ဟုဆိုသဖြင့် သူသည်လည်း ထိုအတိုင်းပြုလေ၏။ ထို့နောက် သူက သင်၏ဝတ်ရုံကိုခြုံ၍ ငါ့နောက်သို့လိုက်ခဲ့လော့ဟု သူ့အားဆို၏။-
Acts BurCBCM 12:9  ပေတရုသည်လည်း အပြင်သို့ထွက်၍ ကောင်းကင်တမန်တော်၏ နောက်သို့လိုက်လေ၏။ သူသည် ကောင်းကင်တမန်တော် ပြုလုပ်သမျှကို အမှန်တကယ်ဖြစ်ပျက်နေသည်ဟု မသိဘဲ ရူပါရုံကိုမြင်နေရသည်ဟုသာ ထင်မှတ်လေ၏။-
Acts BurCBCM 12:10  သူတို့သည် ပထမနှင့်ဒုတိယကင်းစောင့်များကို ကျော်ဖြတ်ပြီးသောအခါ မြို့ဘက်သို့သွားသည့် သံတံခါးဆီသို့ ရောက်လာကြ၏။ သံတံခါးသည် အလိုအလျောက်ပွင့်လာသဖြင့် သူတို့သည် ထွက်လာကြ၍ လမ်းအတိုင်း ဆက်သွားကြ၏။ ထိုစဉ် ကောင်းကင်တမန်တော်သည် သူ့ထံမှ ရုတ်တရက်ထွက်ခွာသွားလေ၏။-
Acts BurCBCM 12:11  ထိုအခါ ပေတရုသည် သတိပြန်ရလာ၍ သခင်ဘုရားသည် မိမိ၏ ကောင်းကင်တမန်တော်ကိုစေလွှတ်၍ ငါ့အား ဟေရုဒ် ဘုရင်၏ လက်မှလည်းကောင်း၊ ဂျူးလူမျိုးတို့ မျှော်လင့်ထားသော ဘေးရန်အပေါင်းတို့မှလည်းကောင်း ကယ်တော်မူခဲ့သည်ကို ယခုငါ အသေအချာသိလေပြီဟုဆို၏။
Acts BurCBCM 12:12  သူသည် ဤအကြောင်းကိုသိမြင်သောအခါ မာကုဟုအမည်တွင်သော ယောဟန်၏မိခင် မာရိယာ၏အိမ်သို့ သွားလေ၏။ ထိုအိမ်၌ လူများစွာစုဝေး၍ ဆုတောင်းလျက်ရှိကြ၏။-
Acts BurCBCM 12:13  ပေတရုသည် အိမ်အဝင်တံခါးကို ခေါက်လိုက်သောအခါ ရိုဒါအမည်ရှိသော အစေခံအမျိုးသမီးသည် တံခါးဖွင့်ရန်လာလေ၏။-
Acts BurCBCM 12:14  သူမသည် ပေတရု၏အသံကို မှတ်မိသဖြင့် ဝမ်းသာသောကြောင့် တံခါးကိုမဖွင့်သေးဘဲ အိမ်တွင်းသို့ပြေးဝင်လျက် ပေတရုသည် တံခါး၀၌ရပ်နေကြောင်းကို ပြောကြားလေ၏။-
Acts BurCBCM 12:15  သူတို့ကလည်း သင်သည်ရူးနေပြီဟု ဆိုကြ၏။ သို့သော် သူမက ပေတရုသည် အမှန်တကယ်ရပ်နေကြောင်း ထပ်မံပြောဆိုသောအခါ သူတို့က ပေတရု၏ကိုယ်စောင့်သိကြား ဖြစ်လိမ့်မည်ဟုဆိုကြ၏။-
Acts BurCBCM 12:16  ပေတရုသည်ကား တံခါးကိုအဆက်မပြတ် ခေါက်နေသဖြင့် သူတို့သည် တံခါးဖွင့်လိုက်ကြသောအခါ သူ့ကိုမြင်ရသဖြင့် အလွန်အံ့ဩကြလေ၏။-
Acts BurCBCM 12:17  သို့သော် ပေတရုသည် သူတို့ကို တိတ်ဆိတ်စွာနေကြရန် အချက်ပြ၍ သခင်ဘုရားသည် မိမိကို အကျဉ်းထောင်မှ မည်ကဲ့သို့ ထုတ်ဆောင်တော်မူခဲ့ကြောင်းကို သူတို့အား ဖော်ပြပြောဆိုလေ၏။ ထို့နောက် သူက ဤအကြောင်းကို ယာကုပ်နှင့် ညီအစ်ကိုတို့အား ပြောပြကြလော့ဟုဆိုလျက် အခြားတစ်နေရာသို့ ထွက်ခွာသွားလေ၏။
Acts BurCBCM 12:18  မိုးလင်းသောအခါ ပေတရုမည်သို့ဖြစ်သွားသနည်းဟုဆို၍ စစ်သူရဲများအကြားတွင် အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်လေ၏။-
Acts BurCBCM 12:19  ဟေရုဒ်ဘုရင်သည်လည်း ပေတရုကို ရှာဖွေစေပြီးမှ မတွေ့သောအခါ အစောင့်များကို စစ်ဆေး၍ သူတို့ကို သေစေဟု အမိန့်ချမှတ်လေ၏။ ပေတရုသည်လည်း ဂျူဒေးယပြည်မှ ဆီဇားရိယမြို့သို့ထွက်ခွာ သွား၍ ထိုအရပ်တွင် နေထိုင်လေ၏။
Acts BurCBCM 12:20  ထိုအချိန်၌ ဟေရုဒ်သည် တီရာနှင့် စီဒွန်နယ်မှ လူတို့အပေါ် ဒေါသအမျက်ထွက်နေသဖြင့် ထိုနယ်သားတို့ သည် သူ့ထံသို့ တစ်စုတစ်ဝေးတည်းလာကြ၍ ဘုရင်၏ အတွင်းဝန်ဖြစ်သော ဘလပ်စတု၏ အကူအညီကို ရယူလျက် အမျက်တော် ပြေငြိမ်း မည့်အကြောင်း တောင်းပန်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏နိုင်ငံသည် စားနပ်ရိက္ခာအတွက် ဘုရင်၏နိုင်ငံအပေါ် မှီခိုနေရသောကြောင့်ဖြစ်၏။-
Acts BurCBCM 12:21  ချိန်းချက်သောနေ့တွင် ဟေရုဒ်သည် မင်းဝတ်တန်ဆာများဝတ်ဆင်၍ ပလ္လင်ပေါ်၌ထိုင်လျက် သူတို့အား မိန့်ခွန်းမြွက်ကြား လေ၏။-
Acts BurCBCM 12:22  ထိုအခါ လူတို့က ဤအသံသည် လူ၏အသံမဟုတ်၊ နတ်ဘုရားတစ်ပါး၏ အသံဖြစ်သည်ဟု ကြွေးကြော်ကြ၏။-
Acts BurCBCM 12:23  ထိုခဏချင်းတွင် ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်တော်သည် သူ့ကိုအပြစ်ဒဏ်ခတ်လေ၏။ အကြောင်းမူကား သူသည် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို မချီးမွမ်းသောကြောင့်တည်း။ ထိုအခါ သူသည် ခန္ဓာကိုယ်တွင် လောက်ကောင် များကျ၍ သေဆုံးလေ၏။
Acts BurCBCM 12:24  ဘုရားသခင်၏နှုတ်တော်ထွက်စကားသည်ကား တိုးတက်ပျံ့နှံ့လေ၏။
Acts BurCBCM 12:25  ဘာနဘနှင့် ဆောလုတို့သည်လည်း မိမိတို့၏ တမန်တော်လုပ်ငန်းကို ပြီးစီးအောင် ဆောင်ရွက်ပြီးသောအခါ ဂျေရုဆလင်မြို့မှ ပြန်လာကြ၍ မာကုဟုလည်းခေါ်သော ယောဟန်ကို မိမိတို့နှင့်အတူ ခေါ်ဆောင်လာခဲ့ကြ၏။
Chapter 13
Acts BurCBCM 13:1  ထိုအချိန်၌ အန္တီယော့မြို့ရှိ အသင်းတော်တွင် ပရောဖက်များနှင့် ဟောပြောသွန်သင်သူများရှိကြ၏။ ထိုသူတို့မှာ ဘာနဘ၊ နီဂျာဟုခေါ်သောစီမေအွန်၊ ဆီရီနေမြို့သားလူစီဦး၊ ဟေရုဒ်မင်း၏နန်းတော်သား တစ်ဦးဖြစ်သော မာနာအံနှင့် ဆောလုတို့ ဖြစ်ကြ၏။-
Acts BurCBCM 13:2  သူတို့သည် သခင်ဘုရားကို ဝတ်ပြုလျက် အစာရှောင်ကြစဉ် ဝိညာဉ်တော်မြတ်က ငါရွေးချယ်သော အမှုတော်ကို ထမ်းဆောင်ရန် ဆောလုနှင့် ဘာနဘတို့အား ငါ့အတွက် သီးခြားထားပေးကြလော့ဟု မိန့်တော်မူ၏။
Acts BurCBCM 13:3  ထိုအခါ သူတို့သည် အစာရှောင်၍ ဆုတောင်းကြပြီးနောက် ထိုသူတို့နှစ်ဦးအပေါ်၌ မိမိတို့၏လက်များကို တင်ကြ၍ သူတို့ကို စေလွှတ်လိုက်ကြ၏။
Acts BurCBCM 13:4  သို့ဖြစ်၍ သူတို့သည် ဝိညာဉ်တော်မြတ်၏ စေလွှတ်ခြင်းကိုခံကြရသဖြင့် ဆေလေဦးစီယာသို့ ထွက်ခွာကြပြီး ထိုအရပ်မှတစ်ဆင့် စိပရုကျွန်းသို့ သင်္ဘောစီးခဲ့ကြ၏။-
Acts BurCBCM 13:5  ဆာလာမစ်မြို့သို့ ဆိုက်ရောက်ကြသောအခါ သူတို့သည် ဂျူးလူမျိုးတို့၏ တရားဇရပ်များတွင် ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ဟောပြောကြ၏။ ယောဟန်သည်လည်း သူတို့အဖို့ အထောက်အကူဖြစ်လေ၏။-
Acts BurCBCM 13:6  သူတို့သည် စိပရုကျွန်းတစ်ခုလုံးကို လှည့်လည်သွားလာရာ ပါဖို့မြို့တိုင်အောင်ရောက်သဖြင့် ဂျူးလူမျိုးပရောဖက် အတုအယောင်တစ်ဦးဖြစ်သော ဘားယေဇူးအမည်ရှိသည့် မှော်ဆရာတစ်ဦးနှင့် ဆုံကြ၏။-
Acts BurCBCM 13:7  ထိုသူသည် ဘုရင်ခံ ဆာဂျီဦးပေါလုနှင့်အတူ ရှိနေလေ၏။ ဘုရင်ခံသည် ဉာဏ်ပညာထက်မြက်သူဖြစ်၍ ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ကြားလိုသော ဆန္ဒရှိသဖြင့် ဘာနဘနှင့် ဆောလုတို့ကို ဆင့်ခေါ်လေ၏။-
Acts BurCBCM 13:8  သို့သော် မှော်ဆရာ ဧလိမတ် (ယင်းကား သူ၏နာမည်ကို ဂရိဘာသာစကားဖြင့် ခေါ်ဆိုခြင်းဖြစ်၏) အမည်ရှိသောသူသည် ဘုရင်ခံကို ယုံကြည်ခြင်းမှလွှဲဖယ်ခြင်းငှာ ဘာနဘနှင့် ဆောလုတို့ကို ဟန့်တားလေ၏။-
Acts BurCBCM 13:9  သို့သော် ပေါလုဟု အမည်တွင်သော ဆောလုသည် ဝိညာဉ်တော်မြတ်ဖြင့် ပြည့်၀လျက် သူ့ကိုစေ့စေ့ကြည့်ပြီးမှ၊-
Acts BurCBCM 13:10  စာတန်နတ်ဆိုး၏ သားဖြစ်သောသူ၊ ဖြောင့်မတ်ခြင်းတရား ရှိသမျှ၏ရန်ဘက်၊ လိမ်လည်လှည့်ဖြားခြင်းနှင့် ဆိုးယုတ်မှုအပေါင်းတို့ဖြင့် ပြည့်နှက်နေသော သင်သည် သခင်ဘုရား၏ ဖြောင့်မတ်သောလမ်းများကို ကွေ့ကောက်စေခြင်းမှ မရပ်တန့်ဘဲနေမည်လော။-
Acts BurCBCM 13:11  ကြည့်လော့၊ သခင်ဘုရား၏လက်တော်သည် သင့်အပေါ်၌ ကျရောက်ပြီဖြစ်၍ သင်သည် မျက်စိကွယ်လျက် ကာလ အတန်ကြာအောင် နေကိုမမြင်ရဘဲ ရှိလိမ့်မည်ဟု သူ့အားဆိုလေ၏။ ထိုခဏချင်းတွင်ပင် မြူခိုးများနှင့် မှောင်မိုက်ခြင်းသည် သူ့အပေါ်သို့ သက်ရောက်သဖြင့် သူသည် မိမိအား လက်တွဲခေါ် မည့်သူများကိုရှာ၍ သွားလာရလေ၏။-
Acts BurCBCM 13:12  ဘုရင်ခံသည်လည်း ဖြစ်ပျက်သမျှကိုမြင်သောအခါ ယုံကြည်လေ၏။ အကြောင်းမူကား သူသည် သခင်ဘုရား၏ သွန်သင် ချက်၌ အလွန်အံ့ဩသောကြောင့်ဖြစ်၏။
Acts BurCBCM 13:13  ထိုအခါ ပေါလုနှင့်သူ၏အဖော်များသည် ပါဖို့မြို့မှ ရွက်လွှင့်ထွက်ခွာခဲ့ကြရာ ပမ်ဖိလိယပြည်၊ ပေဂါမြို့သို့ ဆိုက်ရောက် လာကြ၏။ ထိုအခါ ယောဟန်သည် သူတို့ ကိုထားခဲ့၍ ဂျေရုဆလင်မြို့သို့ပြန်သွားလေ၏။-
Acts BurCBCM 13:14  သူတို့မူကား ပေဂါမြို့ကိုဖြတ်သန်း၍ ဆက်လက်ထွက်ခွာကြရာ ပီစီဒိယပြည်၊ အန္တီယော့မြို့သို့ ရောက်ကြ၏။ ထို့နောက် သူတို့သည် ဥပုသ်နေ့၌ တရားဇရပ်တွင် ဝင်၍ထိုင်ကြလေ ၏။-
Acts BurCBCM 13:15  ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းတို့ကို ဖတ်ပြီးသောအခါ တရားဇရပ်မှူးများက သူတို့အား ညီအစ်ကိုတို့၊ လူပရိသတ်အတွက် သင်တို့၌ ဆုံးမနှိုးဆော်စရာများရှိလျှင် ဟောပြောကြပါဟု လူလွှတ်၍ ပြောလေ၏။
Acts BurCBCM 13:16  ထို့ကြောင့် ပေါလုသည်ထ၍ မိမိလက်ဖြင့် အမှတ်လက္ခဏာပြလျက်ဆိုသည်ကား အစ္စရာအဲလ်အမျိုးသားတို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြသောသူ အပေါင်းတို့၊ နားထောင်ကြလော့။-
Acts BurCBCM 13:17  ဤအစ္စရာအဲလ်လူမျိုး၏ ဘုရားသခင်သည် ငါတို့၏ဘိုးဘေးများကို ရွေးကောက်တော်မူ၍ အီဂျစ်ပြည်တွင် သူတို့ နေထိုင်ခဲ့ရစဉ် သူတို့ကို ကြီးမားသော လူမျိုးဖြစ်စေခဲ့ပြီး အားကြီးသော လက်တော်ဖြင့် သူတို့ကို ထိုတိုင်းပြည်မှ ခေါ်ဆောင် တော်မူခဲ့၏။-
Acts BurCBCM 13:18  ထို့နောက် ကိုယ်တော်သည် နှစ်ပေါင်းလေးဆယ်ပတ်လုံး တောကန္တာရ၌ သူတို့ကို သည်းခံတော်မူခဲ့၏။-
Acts BurCBCM 13:19  ဤသို့ဖြင့် ကိုယ်တော်သည် ကာနန်ပြည်ရှိ လူမျိုးခုနစ်မျိုးကို ဖျက်ဆီးသုတ်သင်ပြီးသောအခါ ငါတို့၏ဘိုးဘေးတို့အား ထိုသူတို့၏ တိုင်းပြည်ကို အမွေအနှစ်အဖြစ် နှစ်ပေါင်းလေးရာ့ငါးဆယ်တိုင်တိုင် ပေးတော်မူခဲ့၏။-
Acts BurCBCM 13:20  ထို့နောက် ကိုယ်တော်သည် သူတို့အား အုပ်ချုပ်ရန် တရားသူကြီးများကို ပေးထားတော်မူခဲ့သည်မှာ ပရောဖက်ဆာ မူအဲလ်လက်ထက်တိုင်အောင်ဖြစ်၏။-
Acts BurCBCM 13:21  ထိုကာလ၌ သူတို့သည် ဘုရင်တစ်ပါးကိုတောင်းခံခဲ့ကြသဖြင့် ဘုရား သခင်သည် ဘင်ဂျာမင်အမျိုးအနွယ်ဝင် ကစ်ရှ၏သား ဆောလုကို နှစ်ပေါင်းလေးဆယ်ပတ်လုံး သူတို့အား ပေးတော်မူ၏။-
Acts BurCBCM 13:22  ထို့နောက် ကိုယ်တော်သည် ထိုသူ့ကိုဖယ်ရှားတော်မူ၍ ဒါဝိဒ်ကို သူတို့၏ဘုရင်အဖြစ် တင်မြှောက်ခဲ့ပြီးလျှင် သူ့ကို သက်သေခံလျက် မိန့်တော်မူခဲ့သည်မှာ ဂျက်ဆေ၏သား ဒါဝိဒ်သည် ငါနှစ်သက်သဘောတွေ့၍ ငါ၏အလိုဆန္ဒရှိသမျှကို ဆောင်ရွက်မည့်သူဖြစ်ကြောင်း ငါသိတော်မူပြီဟူ၍ဖြစ်သတည်း။-
Acts BurCBCM 13:23  ဘုရားသခင်သည် မိမိကတိထားတော်မူခဲ့သည့်အတိုင်း အစ္စရာအဲလ်လူမျိုးတို့အတွက် ကယ်တင်ရှင်ယေဇူးကို ဤသူ၏အမျိုးအနွယ်မှ ပေါ်ထွန်းစေခဲ့၏။-
Acts BurCBCM 13:24  ဤသို့ဖြင့် ကယ်တင်ရှင်ကြွ လာတော်မမူမီ ယောဟန်သည် နောင်တတရားနှင့်ဆိုင်သော ဆေးကြောခြင်းအကြောင်းကို အစ္စရာအဲလ်လူမျိုး အပေါင်းတို့အား ဟောကြားခဲ့လေ၏။-
Acts BurCBCM 13:25  ထို့နောက် ယောဟန်သည် မိမိ၏အမှုတော်ကို ဆောင်ရွက်ပြီးစီးချိန်၌ မိန့်ဆိုခဲ့သည်မှာ ငါမည်သူဖြစ်သည်ဟု သင်တို့ထင်ကြသ နည်း။ ငါသည် ထိုသူမဟုတ်။ သို့သော် ငါ့နောက်၌ ကြွလာ မည့်သူတစ်ဦးရှိ၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြေခြင်းငှာ ငါမထိုက်တန်ဟူ၍ဖြစ်သတည်း။
Acts BurCBCM 13:26  ညီအစ်ကိုတို့၊ အာဘရာဟံ၏ မိသားစုဝင်သားများနှင့် သင်တို့ထဲမှ ဘုရားသခင်ကို ကြောက်ရွံ့ကြသောသူတို့၊ ဤကယ်တင်ခြင်း၏ သတင်းကောင်းသည် ငါတို့ထံသို့ စေလွှတ်ခြင်းခံခဲ့ရလေပြီ။-
Acts BurCBCM 13:27  ဂျေရုဆလင်မြို့တွင် နေထိုင်သူများနှင့် ၎င်းတို့၏အုပ်ချုပ်သူများသည် ထိုသခင်ကို မသိကြသောကြောင့်လည်းကောင်း၊ ဥပုသ်နေ့တိုင်း၌ ဖတ်ကြားသော ပရောဖက်တို့၏ ဟောထားချက်များကိုလည်း နားမလည်ကြသောကြောင့်လည်းကောင်း သူတို့သည် ကိုယ်တော့်ကို သေဒဏ်စီရင်ကြခြင်းဖြင့် ဤကျမ်းချက်များကို ပြည့်စုံစေခဲ့ကြပြီ။-
Acts BurCBCM 13:28  သူတို့သည် ကိုယ်တော့်ကို သေဒဏ်စီရင်ထိုက်သော စွပ်စွဲချက်တစ်စုံတစ်ခုမျှ မတင်နိုင်သော်လည်း ကိုယ်တော့်ကို အသေသတ်ရန် ပီလာတုမင်းအား တောင်းဆိုခဲ့ကြ၏။-
Acts BurCBCM 13:29  ကိုယ်တော့်ကို ရည်ညွန်း၍ ရေးထားသော ကျမ်းချက်ရှိသမျှတို့ကို ပြည့်စုံစေကြပြီးမှ သူတို့သည် ကိုယ်တော့်ကိုသစ်တိုင်ပေါ် မှချ၍ သခင်္ျိုင်းဂူတစ်ခုအတွင်း၌ ထားကြ၏။-
Acts BurCBCM 13:30  သို့သော် ဘုရားသခင်သည် ကိုယ်တော့်ကို သေသူတို့၏အစုမှ ရှင်ပြန်ထမြောက်စေတော်မူခဲ့၏။-
Acts BurCBCM 13:31  ကိုယ်တော်သည် မိမိနှင့်အတူ ဂါလေလေးယနယ်မှ ဂျေရုဆလင်မြို့သို့ လိုက်ပါလာခဲ့ကြသောသူတို့အား ရက်ပေါင်းများစွာ ထင်ရှားပြတော်မူ၏။ ယခုအခါတွင် ထိုသူတို့သည် လူအများရှေ့၌ ကိုယ်တော့်ကို သက်သေခံသော သူများဖြစ်ကြလေပြီ။-
Acts BurCBCM 13:32  ငါတို့သည် ဘိုးဘေးတို့အား ဘုရားသခင် ကတိထားတော်မူခဲ့သော သတင်းကောင်းကို သင်တို့ထံသို့ယူဆောင်လာကြ၏။-
Acts BurCBCM 13:33  ဆာလံကျမ်း ဒုတိယအခန်း၌ သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် ငါသည် သင့်ကိုဖွားမြင်စေပြီဟူ၍ ရေးထားသကဲ့သို့ ဘုရားသခင်သည် ယေဇူးကို ရှင်ပြန်ထမြောက် စေခြင်းအားဖြင့် သူတို့၏သားမြေးများဖြစ်ကြသော ငါတို့၌ ထိုကတိတော်ကို ပြည့်စုံစေတော်မူလေပြီ။-
Acts BurCBCM 13:34  ဘုရားသခင်သည် ကိုယ်တော့်ကို သေခြင်းမှထမြောက်စေပြီး ပုပ်ပျက်ခြင်းသို့ မည်သည့်အခါမျှ ပြန်လည်မရောက်စေ မည့်အကြောင်းနှင့်စပ်လျဉ်း၍ မိန့်တော်မူခဲ့သည်ကား ငါသည် ဒါဝိဒ်၏သန့်ရှင်းတည်ကြည်သော ကောင်းချီးတော်များကို သင့်အား ပေးအပ်တော်မူမည်ဟူ၍ဖြစ်၏။-
Acts BurCBCM 13:35  ထို့ကြောင့် အခြားသောဆာလံကျမ်းပိုဒ်၌ ကိုယ်တော်က မိန့်ဆိုထားသည်မှာ ကိုယ်တော်သည် မိမိ၏သန့်ရှင်းမြင့် မြတ်သောသူအား ပုပ်ပျက်ခြင်းကို မြင်တွေ့ခွင့်ပြုတော်မူ မည်မဟုတ်ဟူ၍ဖြစ်သတည်း။-
Acts BurCBCM 13:36  အဘယ်ကြောင့်ဆိုသော် ဒါဝိဒ်သည် မိမိ၏လက်ထက်၌ ဘုရားသခင် ၏မိန့်မှာချက်အတိုင်း ဆောင်ရွက်ခဲ့ပြီးသည့်နောက် ကျိန်းစက်သဖြင့် မိမိ၏ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ခြင်းခံခဲ့ရ၍ ပုပ်ပျက်ခြင်းကိုမြင်ခဲ့ရ၏။-
Acts BurCBCM 13:37  သို့သော် ဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူသောသူသည် ပုပ်ပျက်ခြင်းကို မမြင်တွေ့ခဲ့ရပေ။
Acts BurCBCM 13:38  ထို့ကြောင့် ညီအစ်ကိုတို့၊ အပြစ်ခွင့်လွှတ်ခြင်းတရားတော်သည် ဤသူအားဖြင့် သင်တို့ထံသို့ ကြေညာဟောပြောခြင်း ခံရကြောင်း သိမှတ်ကြလော့။-
Acts BurCBCM 13:39  ယုံကြည်သူတိုင်းသည် ဤသူအားဖြင့် မိုးဇက်၏ပညတ်ဥပဒေအရ အခွင့်မလွှတ်နိုင်သော အရာဟူသမျှမှ လွတ်မြောက် လေပြီ။-
Acts BurCBCM 13:40  ထို့ကြောင့် ပရောဖက်ကျမ်းတွင် ရေးသားထားသည့် အတိုင်း သင်တို့၌မဖြစ်စေရန် သတိပြုကြလော့။-
Acts BurCBCM 13:41  ရေးထားချက်သည်ကား ကြည့်လော့၊ မထီလေးစားပြုသော သင်တို့၊ အံ့အားသင့်၍ ပျက်စီးကြလော့။ အကြောင်းမူကား ငါသည် သင်တို့၏လက်ထက်၌ အမှုအရာတစ်ခုကို ပြုလုပ်မည်။ ထိုအမှုအရာကို တစ်စုံတစ်ယောက်က သင်တို့အား ကြေညာအသိပေးသော်လည်း သင်တို့သည် ယုံကြည်ကြလိမ့်မည်မဟုတ် ဟူ၍ဖြစ်သတည်းဟု ဟောပြောလေ၏။
Acts BurCBCM 13:42  ထို့နောက် တမန်တော်တို့သည် ထွက်သွားကြစဉ် လူအများက နောက်လာမည့် ဥပုသ်နေ့တွင်လည်း ဤအကြောင်းအရာများကို မိမိတို့အား ဟောပြောပါရန် သူတို့ကို တောင်းပန်ကြ၏။-
Acts BurCBCM 13:43  တရားဇရပ်တွင် ဝတ်ပြုခြင်း ပြီးဆုံးသောအခါ များစွာသော ဂျူးလူမျိုးများနှင့် ယုံကြည်ခြင်း ထက်သန်စွာဖြင့် ဂျူးဘာသာထဲသို့ ဝင်ခဲ့သောသူများသည် ပေါလုနှင့် ဘာနဘတို့၏နောက်သို့ လိုက်လာကြသဖြင့် သူတို့သည် ထိုသူတို့အား ဘုရားသခင်၏ ကျေးဇူးတော်၌ ဆက်လက်အသက်ရှင်နေထိုင်ကြရန် နှိုးဆော်တိုက်တွန်းကြလေ၏။
Acts BurCBCM 13:44  နောက်တစ်ပတ်ဥပုသ်နေ့တွင် ဘုရားသခင်၏ နှုတ်တော်ထွက်စကားကိုကြားနာရန် တစ်မြို့လုံးနီးပါးခန့်လာ၍ စုဝေးကြလေ၏။-
Acts BurCBCM 13:45  ဂျူးလူမျိုးတို့မူကား လူအစုအဝေးကို မြင်သောအခါ မနာလိုစိတ်နှင့်ပြည့်နေကြသဖြင့် ပေါလုဟောပြောသော စကားတို့ကို ဆန့်ကျင်ငြင်းခုံလျက် သူ့အား ပုတ်ခတ်ပြောဆိုကြ၏။-
Acts BurCBCM 13:46  ထိုအခါ ပေါလုနှင့် ဘာနဘတို့က ရဲဝံ့စွာပြောဆိုကြသည်မှာ ဘုရားသခင်၏နှုတ်တော်ထွက်စကားကို သင်တို့အား ရှေးဦးပထမဟောပြောရန် လိုအပ်ပေ၏။ သို့သော် သင်တို့သည် နှုတ်တော်ထွက်စကားကို ငြင်းပယ်ခြင်းဖြင့် သင်တို့ကိုယ်ကို ထာ၀ရ အသက်နှင့်မထိုက်တန်ဟု သင်တို့ကိုယ်တိုင် စီရင်ဆုံးဖြတ်ကြသောကြောင့် ငါတို့သည် ယခု လူမျိုးခြားတို့ထံသို့ လှည့်ကြ၏။-
Acts BurCBCM 13:47  အကြောင်းမူကား သခင်ဘုရားသည် ငါတို့အား မိန့်မှာထားတော်မူသည်ကား ကယ်တင်ခြင်းကျေးဇူးကို ကမ္ဘာမြေကြီး စွန်းတိုင်အောင် သင်တို့သယ်ဆောင်သွားစေရန် လူမျိုးခြားတို့၏ အလင်းအဖြစ် သင်တို့ကို ငါခန့်ထားတော်မူပြီ ဟူ၍ဖြစ်၏ ဆိုကြလေ၏။
Acts BurCBCM 13:48  လူမျိုးခြားတို့သည်လည်း ဤအကြောင်းကို ကြားကြသောအခါ ဝမ်းမြောက်ကြ၍ ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ချီးမွမ်းထောမနာပြုကြ၏။ ထာ၀ရအသက်ရရှိရန် ရည်မှန်းထားသောသူများစွာတို့သည် ယုံကြည်ကြ၍၊-
Acts BurCBCM 13:49  ဘုရားသခင်၏နှုတ်တော်ထွက်စကားသည်လည်း ထိုနယ်တစ်နယ်လုံး၌ ပျံ့နှံ့သွားလေ၏။
Acts BurCBCM 13:50  သို့သော် ဂျူးလူမျိုးတို့သည် ဘုရားတရားကြည်ညိုသော အထက်တန်းလွှာအမျိုးသမီးများနှင့် မြို့၏ခေါင်းဆောင်များကို သွေးထိုးလှုံ့ဆော်လျက် ပေါလုနှင့်ဘာနဘတို့ကို ညှဉ်းပန်းနှိပ်စက်စေရန်ပြုလုပ်ကြပြီး သူတို့ကို မိမိတို့၏ဒေသမှ နှင်ထုတ်ကြလေ၏။-
Acts BurCBCM 13:51  သူတို့သည်ကား ၎င်းတို့ကို ဆန့်ကျင်သည့်အနေဖြင့် မိမိတို့၏ခြေတို့မှ မြေမှုန့်များကိုခါချကြပြီးလျှင် အီကိုးနိယမြို့သို့ ထွက်သွားကြ ၏။-
Acts BurCBCM 13:52  ထို့နောက် တပည့်တော်တို့သည် ဝမ်းမြောက်ခြင်းဖြင့်လည်းကောင်း၊ ဝိညာဉ်တော်မြတ်ဖြင့်လည်းကောင်း ပြည့်၀လျက် ရှိကြလေ၏။ ဘာနဘနှင့် ဆောလုတို့ အီကိုးနိယမြို့သို့ရောက်ရှိကြခြင်း
Chapter 14
Acts BurCBCM 14:1  ဤသို့ဖြင့် အီကိုးနိယမြို့၌ သူတို့သည် ဂျူးလူမျိုးတို့၏တရားဇရပ်သို့ အတူတကွဝင်ကြ၍ ဟောပြောကြရာ ဂျူးနှင့် ဂရိလူမျိုး နှစ်မျိုးလုံးပါဝင်သည့် များစွာသော လူအစုအဝေးသည် ယုံကြည်ကြလေ၏။-
Acts BurCBCM 14:2  သို့သော် မယုံကြည်သောဂျူးလူမျိုးများသည် လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်ကြ၍ ညီအစ်ကိုတို့အပေါ် အထင်မှားစေရန် ပြုလုပ်ကြ၏။-
Acts BurCBCM 14:3  ထို့ကြောင့် တမန်တော်တို့သည် ကြာမြင့်စွာနေကြ၍ သခင်ဘုရားအတွက် ရဲဝံ့စွာဟောပြောကြလေ၏။ ကိုယ်တော် သည်လည်း သူတို့၏လက်များဖြင့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်တန်ခိုးများကို ပြုလုပ်လျက် မိမိကျေးဇူးတော်၏ နှုတ်တော်ထွက်စကားကို သက်သေခံတော်မူ၏။-
Acts BurCBCM 14:4  သို့သော် မြို့သူမြို့သားတို့သည် အုပ်စုကွဲလျက်ရှိကြပြီး အချို့သည် ဂျူးလူမျိုးများဘက်တွင် ပါဝင်၍ အချို့သည် တမန်တော်တို့ဘက်မှ ရပ်တည်ကြ၏။-
Acts BurCBCM 14:5  ထို့နောက် ဂျူးလူမျိုးများနှင့် လူမျိုးခြားတို့သည် မင်းအရာရှိများနှင့်ပူးပေါင်းလျက် သူတို့ကိုညှဉ်းပန်းနှိပ်စက်၍ ကျောက်ခဲနှင့်ပေါက်သတ်ရန် ကြိုးပမ်းအားထုတ်ကြ၏။-
Acts BurCBCM 14:6  သူတို့သည်လည်း ဤအကြောင်းကို ကြားသိကြသောအခါ လီကိုးနိယပြည်ရှိ လစ္စတြာမြို့နှင့် ဒေးဘေမြို့များသို့ လည်းကောင်း၊ ပတ်ဝန်းကျင်ဒေသများသို့လည်းကောင်း ရှောင်ပြေးကြပြီးလျှင်၊-
Acts BurCBCM 14:7  ထိုအရပ်တို့၌ ဧဝံဂေလိသတင်းကောင်းကို ဆက်လက်ဟောပြောကြလေ၏။
Acts BurCBCM 14:8  ထိုအချိန်၌ လစ္စတြာမြို့တွင် မိမိ၏ခြေတို့ကိုအသုံး မပြုနိုင်သောသူတစ်ယောက်သည် ထိုင်လျက်ရှိ၏။ ထိုသူသည် မွေးစကပင် မသန်မစွမ်းဖြစ်၍ တစ်ခါမျှ လမ်းမလျှောက်ခဲ့ဖူးချေ။-
Acts BurCBCM 14:9  ထိုသူသည် ပေါလုဟောပြောနေသည်ကို နားထောင်နေလေ၏။ ပေါလုသည်လည်း သူ့ကို စေ့စေ့ကြည့်လျက် ထိုသူသည် သူ၏ရောဂါပျောက်ကင်းမည်ဟု ယုံကြည်ကြောင်းကို သိမြင်သောကြောင့်၊-
Acts BurCBCM 14:10  သင်ထ၍ တည့်မတ်စွာမတ်တတ်ရပ်လော့ဟု ကျယ်သောအသံနှင့်ဆို၏။ ထိုအခါ သူသည် ထခုန်၍ လမ်းလျှောက်လေ၏။-
Acts BurCBCM 14:11  လူအစုအဝေးတို့သည်လည်း ပေါလုပြုလုပ်သောအမှုအရာကိုမြင်ကြလျှင် နတ်ဘုရားများသည် လူတို့၏ပုံသဏ္ဌာန်ကို ဆောင်လျက် ငါတို့ထံသို့ ဆင်းကြွလာကြလေပြီတကားဟု လီကိုးနိယဘာသာစကားဖြင့် မိမိတို့၏အသံကိုမြှင့်၍ ကြွေးကြော်ကြ၏။-
Acts BurCBCM 14:12  သူတို့သည် ဘာနဘကို ဇေးဦးဟုခေါ်ကြ၍ ပေါလုသည်ကား အဓိက ဟောပြောသူဖြစ်သောကြောင့် သူ့ကို ဟေမက်ဟု ခေါ်ကြလေ၏။-
Acts BurCBCM 14:13  ဇေးဦးဘုရား၏ဗိမာန်သည် မြို့အရှေ့တွင်ရှိ၍ ထိုဗိမာန်မှရဟန်းသည် နွားထီးများနှင့် ပန်းကုံးများကို မြို့တံခါး၀သို့ ယူဆောင်လာပြီး လူအစုအဝေးတို့နှင့်အတူ ယဇ်ပူဇော်ဆက်ကပ်မည်ဟု ကြံရွယ်လေ၏။-
Acts BurCBCM 14:14  သို့သော် တမန်တော်ဘာနဘနှင့် ပေါလုတို့သည် ဤအကြောင်းကိုကြားကြသောအခါ မိမိတို့အဝတ်များကို ဆုတ်ဖြဲကြ၍ လူအစုအဝေးထဲသို့ပြေးဝင်ပြီး ကြွေးကြော်သည်မှာ၊-
Acts BurCBCM 14:15  အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့ကဲ့သို့ သာမန်လူသားများပင်ဖြစ်ကြ၏။ သင်တို့သည် ဤကဲ့သို့အချည်းနှီးဖြစ်သောအရာများ ကိုပစ်ပယ်ကြ၍ ကောင်းကင်၊ ကမ္ဘာမြေကြီး၊ ပင်လယ်တို့နှင့် ယင်းတို့တွင် တည်ရှိသမျှအရာတို့ကို ဖန်ဆင်းတော်မူသည့် အသက်ရှင်တော်မူသော ဘုရားသခင်ထံသို့ ဆည်းကပ်ကြစေရန် သတင်း ကောင်းကို ငါတို့ယူဆောင်လာကြခြင်းဖြစ်၏။-
Acts BurCBCM 14:16  ရှေးယခင်ကာလများတွင် ကိုယ်တော်သည် လူမျိုးအပေါင်းတို့အား မိမိတို့အလိုဆန္ဒရှိကြသည့် လမ်းစဉ်များအတိုင်း လိုက်နာကျင့်သုံးစေတော်မူခဲ့၏။-
Acts BurCBCM 14:17  သို့သော်လည်း ကိုယ်တော်သည် မိမိကိုယ်တော်တိုင်ကို သက်သေမခံဘဲလျက် နေတော်မမူခဲ့ပေ။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းကျိုးပြုတော်မူ၍ သင်တို့အား ကောင်းကင်မှ မိုးနှင့်အသီးအပွင့် ဖြစ်ထွန်းစေသော ဥတုရာသီတို့ကို ပေးသနားပြီး သင်တို့၏စိတ်နှလုံးများကို အစားအစာနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ကျေနပ်အားရ စေတော်မူခဲ့သည်ဟု ဆိုကြလေ၏။-
Acts BurCBCM 14:18  ဤစကားများဖြင့် တမန်တော်တို့သည် မိမိတို့အား လူအများက ပူဇော်ပသခြင်း မပြုကြစေရန် တားဆီးနိုင်ရုံမျှသာရှိ၏။
Acts BurCBCM 14:19  သို့သော် အီကိုးနိယနှင့် အန္တီယော့မြို့များမှ ဂျူးလူမျိုးတို့သည် လူအများကို ဖြားယောင်းပြောဆိုကြသဖြင့် သူတို့သည် ပေါလုကို ကျောက်ခဲနှင့်ပေါက်သတ်၍ သေပြီအထင်ဖြင့် မြို့အပြင်သို့ဆွဲထုတ်ကြလေ၏။-
Acts BurCBCM 14:20  သို့ရာတွင် တပည့်တော်တို့သည် သူ့ထံသို့စုဝေးလာကြသောအခါ သူသည် ထ၍ မြို့အတွင်းသို့ဝင်လေ၏။ နောက်တစ်နေ့ တွင် သူသည် ဘာနဘနှင့်အတူ ဒေးဘေမြို့သို့ခရီးဆက်လေ၏။
Acts BurCBCM 14:21  သူတို့သည် ထိုမြို့တွင် ဧဝံဂေလိသတင်းကောင်းကို ဟောပြောကြ၍ များစွာသောလူတို့ကို တပည့်တော်များ ဖြစ်စေကြပြီးနောက် လစ္စတြာနှင့် အီကိုးနိယတို့မှတစ်ဆင့် အန္တီယော့မြို့သို့ ပြန်သွားကြလေ၏။-
Acts BurCBCM 14:22  သူတို့က ငါတို့သည် မြောက်မြားလှစွာသောဆင်းရဲဒုက္ခတို့ကို ခံယူ ထမ်းရွက်ခြင်းဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ကြရ မည်ဟု ဟောကြားလျက် တပည့်တော်တို့၏စိတ်နှလုံးကို အားဖြည့်ပေးကြပြီး ယုံကြည်ခြင်း၌ ဆက်လက်အသက် ရှင်နေထိုင်ကြရန် ထိုသူတို့ကို နှိုးဆော်ခဲ့ကြ၏။-
Acts BurCBCM 14:23  သူတို့သည် အသင်းတော်အုပ်စုတိုင်းအတွက် ခေါင်းဆောင်များ ခန့်ထားပြီးနောက် အစာရှောင်ခြင်း၊ ဝါရှောင်ခြင်းအမှု တို့ကိုပြုကာ ထိုခေါင်းဆောင်တို့ကို မိမိတို့ယုံကြည်သော သခင်ဘုရားထံတော်၌ ဆက်ကပ်ကြလေ၏။
Acts BurCBCM 14:24  ထို့နောက် သူတို့သည် ပီစီဒိယပြည်ကို ဖြတ်သန်း၍ ပမ်ဖိလိယသို့ ရောက်လာကြပြီးလျှင်၊-
Acts BurCBCM 14:25  ပေဂါမြို့ ၌ နှုတ်တော်ထွက်စကားကို ဟောပြောပြီးနောက် အာတာလိ ယသို့ဆင်းသွားကြ၏။-
Acts BurCBCM 14:26  ထိုအရပ်မှနေ၍ သူတို့သည် အန္တီယော့မြို့သို့ ရွက်လွှင့်ခဲ့ကြ၏။ ထိုမြို့သည်ကား သူတို့ ယခုပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြသော လုပ်ငန်းများအတွက် သူတို့အား ဘုရားသခင်၏ကျေးဇူးတော်သို့ ရှေးဦးစွာ အပ်နှံခဲ့ကြသောမြို့ ဖြစ်လေ၏။
Acts BurCBCM 14:27  ဤသို့ဖြင့် သူတို့ရောက်ရှိကြသောအခါ အသင်းတော်ကို စုဝေးစေ၍ မိမိတို့အားဖြင့် ဘုရားသခင် လုပ်ဆောင်တော်မူသမျှ တို့ကိုလည်းကောင်း၊ ကိုယ်တော်သည် လူမျိုးခြားတို့အတွက် ယုံကြည်ခြင်းတံခါးကို မည်ကဲ့သို့ ဖွင့်ပေးတော်မူကြောင်း ကိုလည်းကောင်း ပြောပြကြလေ၏။- ထို့နောက် သူတို့သည် တပည့်တော်များနှင့်အတူ အချိန်အတော်ကြာနေထိုင်ကြ၏။
Chapter 15
Acts BurCBCM 15:1  ထိုစဉ် ဂျူဒေးယပြည်မှ အန္တီယော့မြို့သို့ဆင်းလာသော သူအချို့တို့က ညီအစ်ကိုတို့အား သင်တို့သည် မိုးဇက်၏ ပညတ်တရားနှင့်အညီ အရေဖျားလှီးခြင်းကို မခံကြလျှင် ကယ်တင်ခြင်းမရနိုင်ဟု သွန်သင်ကြလေ၏။-
Acts BurCBCM 15:2  ထိုအခါ ပေါလုနှင့် ဘာနဘတို့သည် ထိုသူတို့နှင့် ကြီးစွာစိတ်သဘောကွဲလွဲ၍ အငြင်းပွားကြသဖြင့် ဤ အကြောင်းအရာနှင့် ပတ်သက်၍ တင်ပြဆွေးနွေးရန် ပေါလု၊ ဘာနဘနှင့် အခြားသောတပည့်တော်အချို့ကို ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့် သက်ကြီးဝါကြီးတို့ထံ သို့သွားကြရန် တာဝန်ပေးအပ်ကြ၏။-
Acts BurCBCM 15:3  သို့ဖြစ်၍ အသင်းတော်က စေလွှတ်သော ခရီးစဉ်ကိုသွားကြစဉ် သူတို့သည် ဖွေနိစိယနှင့် ဆမာရိယနယ်တို့ကို ဖြတ်သွား ကြ၍ လူမျိုးခြားတို့ ဘာသာဝင်လာကြသည့်အကြောင်းကို ပြောကြားကြကာ ညီအစ်ကိုများကို အလွန်ဝမ်းမြောက်စေကြ၏။-
Acts BurCBCM 15:4  သူတို့သည် ဂျေရုဆလင်မြို့သို့ ရောက်ကြသောအခါ အသင်းတော်နှင့်တကွ တမန်တော်များနှင့် သက်ကြီးဝါကြီးများက ကြိုဆိုလက်ခံကြ၍ သူတို့သည်လည်း မိမိတို့အားဖြင့် ဘုရားသခင်လုပ်ဆောင်တော်မူ သမျှအလုံးစုံကို ပြောပြကြ၏။-
Acts BurCBCM 15:5  သို့သော် ဖာရီဇေးဦးတို့ ၏အဖွဲ့တွင်ပါဝင်သော ယုံကြည်သူအချို့တို့သည်ထ၍ လူမျိုးခြားတို့သည် အရေဖျားလှီးခြင်းကိုခံယူ၍ မိုးဇက်၏ ပညတ်တရားကိုလိုက်နာရန် လိုအပ်သည်ဟု ဆိုကြ၏။
Acts BurCBCM 15:6  တမန်တော်များနှင့် သက်ကြီးဝါကြီးတို့သည် ဤအမှုကိစ္စကိုစဉ်းစားဆုံးဖြတ်ရန် စည်းဝေးကြ၏။-
Acts BurCBCM 15:7  သူတို့သည် များစွာဆွေးနွေးငြင်းခုံကြပြီးသည့်နောက် ပေတရုသည်ထ၍ သူတို့အား ဆိုသည်မှာ ညီအစ်ကိုတို့၊ အထက် ကာလက ဘုရားသခင်သည် လူမျိုးခြားတို့ကို ငါ၏နှုတ်အားဖြင့် ဧဝံဂေလိသတင်းကောင်းကို ကြားနာစေလျက် ယုံကြည်လာ ကြစေရန် သင်တို့အထဲမှ ငါ့ကိုရွေးကောက်တော်မူခဲ့ကြောင်း သင်တို့ကောင်းစွာသိကြ၏။-
Acts BurCBCM 15:8  လူ၏စိတ်နှလုံးကို သိတော်မူသော ဘုရားသခင်သည်လည်း ဝိညာဉ်တော်မြတ်ကို ငါတို့အား ပေးတော်မူသည့်နည်းတူ သူတို့အားလည်း ပေးသနားခြင်းဖြင့် သူတို့ဘက်၌ သက်သေခံတော်မူ၏။-
Acts BurCBCM 15:9  ကိုယ်တော်သည် သူတို့၏စိတ်နှလုံးများကို ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းစင်ကြယ်စေတော်မူသောကြောင့် ငါတို့နှင့် သူတို့အကြားတွင် ခွဲခြားခြင်းပြုတော်မမူပေ။-
Acts BurCBCM 15:10  ထို့ကြောင့် ငါတို့၏ဘိုးဘေးများနှင့် ငါတို့ကိုယ်တိုင်မထမ်းနိုင်ခဲ့ကြသော ထမ်းပိုးကို တပည့်တော်တို့အား ထမ်းစေခြင်းဖြင့် ဘုရားသခင်ကို အဘယ်ကြောင့်စုံစမ်းကြသနည်း။-
Acts BurCBCM 15:11  သို့သော် ငါတို့သည်လည်း သူတို့ကဲ့သို့ ခရစ်တော်၏ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း ခံကြရလိမ့်မည်ဟု ငါတို့ယုံကြည်ကြ၏ဟု ပြောဆိုလေ၏။
Acts BurCBCM 15:12  ထိုအခါ စုဝေးနေကြသောသူအားလုံးတို့သည် တိတ်ဆိတ်နေကြလျက် ဘာနဘနှင့်ပေါလုတို့က လူမျိုးခြားတို့အလယ်၌ မိမိတို့အားဖြင့် ဘုရားသခင်လုပ်ဆောင်တော်မူသော တန်ခိုးလက္ခဏာနှင့် အံ့ဖွယ်ရာများအား ပြောပြသည်ကို နားထောင်ကြ၏။-
Acts BurCBCM 15:13  သူတို့ပြောဆိုကြပြီးသောအခါ ယာကုပ်က ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြလော့။-
Acts BurCBCM 15:14  ဘုရားသခင်သည် မိမိ၏နာမတော်အတွက် လူမျိုးခြားများထဲမှ လူမျိုးတော်ကိုရွေးနုတ်တော်မူရန် သူတို့ထံသို့ ရှေးဦးစွာ အကြည့်အရှုကြွလာတော်မူကြောင်း စီမွန်က ဟောပြောခဲ့လေပြီ။-
Acts BurCBCM 15:15  ဤအကြောင်းအရာသည် ပရောဖက်တို့၏စကားနှင့်ကိုက်ညီပေ၏။ ကျမ်းစာတော်မြတ်၌ ရေးထားသည်ကား၊-
Acts BurCBCM 15:16  ငါသည် နောက်မှပြန်လာ၍ ပြိုလဲနေသောဒါဝိဒ်မင်းကြီး၏အိမ် တော်ကို ပြန်လည်တည်ဆောက်မည်။ ယင်း၏ပြိုပျက်ရာ များကိုလည်း ငါပြန်တည်ဆောက်၍ ခိုင်ခန့်စေမည်။-
Acts BurCBCM 15:17  ကြွင်းကျန်သောသူများနှင့် ငါ၏နာမတော်အားဖြင့် ခေါ်ဝေါ်ခြင်းခံရသော လူမျိုးခြားအပေါင်းတို့သည် ထာ၀ရဘုရား သခင်ကို ရှာကြလိမ့်မည်ဟူ၍၊-
Acts BurCBCM 15:18  ဤအမှုအရာတို့ကို ရှေးကာလကပင် ဗျာဒိတ်ထားတော်မူသော ထာ၀ရဘုရားသခင်က မိန့်တော်မူသည်ဟုလာသတည်း။
Acts BurCBCM 15:19  ထို့ကြောင့် ငါတို့သည် ဘုရားသခင်ထံတော်သို့ ပြောင်းလဲလာကြသော လူမျိုးခြားတို့အခက်တွေ့စေရန် မပြုလုပ်သင့်ပေ။-
Acts BurCBCM 15:20  သို့သော် သူတို့သည် ရုပ်တုအား ပူဇော်ထားသည့် ညစ်ညူးသောအစားအစာကို စားခြင်းမှလည်းကောင်း၊ ကာမဂုဏ် လိုက်စားခြင်းမှလည်းကောင်း၊ လည်ပင်းညှစ်၍သတ်သော တိရစ္ဆာန်၏အသားနှင့် သွေးကို စားသုံးခြင်းမှလည်းကောင်း ရှောင်ကြဉ်ကြရန် စာရေး၍ အကြောင်းကြားသင့်သည်ဟု ငါစီရင်ဆုံးဖြတ်၏။-
Acts BurCBCM 15:21  အကြောင်းမူကား ရှေးကာလအဆက်ဆက်ကပင် မိုး ဇက်၏ပညတ်ဥပဒေကို ဥပုသ်နေ့တိုင်း ဖတ်ရှုကြသည် ဖြစ်၍ ခပ်သိမ်းသောမြို့ရွာတို့၌ မိုးဇက်၏တရားကို ဟော ပြောသွန်သင်စေခဲ့သောကြောင့်တည်းဟု ပြောဆိုလေ ၏။
Acts BurCBCM 15:22  ထို့နောက် တမန်တော်များ၊ သက်ကြီးဝါကြီးများနှင့် အသင်းတော်တစ်ခုလုံးသည် မိမိတို့အထဲမှလူများကို ရွေးချယ်၍ ၎င်းတို့ကို ပေါလု၊ ဘာနဘတို့နှင့်အတူ အန္တီယော့မြို့သို့ စေလွှတ်ရန် ဆုံးဖြတ်ကြလေ၏။ သူတို့သည် ညီအစ်ကိုတို့တွင် ထင်ရှားသောသူများဖြစ်ကြသည့် ဘာ ဆာဘဟုခေါ်သောဂျုဒနှင့် စီလပ်တို့ကို၊-
Acts BurCBCM 15:23  ဤစာနှင့် အတူ စေလွှတ်လိုက်ကြ၏။ စာတွင်ရေးထားသည်ကား တမန်တော်များနှင့် သက်ကြီးဝါကြီးများဖြစ်ကြသော သင်တို့၏ညီအစ်ကိုတို့သည် အန္တီယော့မြို့၊ ဆီးရိယနှင့် စီလိစိယပြည်တို့တွင် နေထိုင်ကြသော လူမျိုးခြားညီအစ်ကိုတို့ကို နှုတ်ဆက်လိုက်ပါ၏။-
Acts BurCBCM 15:24  ငါတို့ထံမှ လူအချို့သည် ငါတို့၏ခွင့်ပြုချက် မရှိဘဲ ထွက်သွား၍ သူတို့၏စကားများဖြင့် သင်တို့ကို အခက်တွေ့စေ၍ သင်တို့၏စိတ်နှလုံးများကို အနှောင့် အယှက်ဖြစ်စေကြသည်ဟု ငါတို့ကြားသိကြရ၏။-
Acts BurCBCM 15:25  ထို့ကြောင့် ငါတို့သည် လူများကိုရွေးချယ်၍ သူတို့ကို ငါတို့ချစ်ခင်သော ဘာနဘနှင့် ပေါလုတို့နှင့်အတူ သင်တို့ထံသို့ စေလွှတ်ရန် အစည်းအဝေးတွင် သဘောတူညီခဲ့ကြ၏။-
Acts BurCBCM 15:26  ပေါလုနှင့် ဘာနဘတို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်အတွက် အသက်အန္တရာယ်များကြားမှ စွန့်စားခဲ့သူ များဖြစ်ကြ၏။-
Acts BurCBCM 15:27  ထို့ကြောင့် ငါတို့သည် ဂျုဒနှင့်စီလပ်တို့ကို သင်တို့ထံသို့ စေလွှတ်ခြင်းဖြစ်၏။ သူတို့သည် စာတွင်ရေးထားသော အကြောင်းအရာတို့ကို နှုတ်အားဖြင့်လည်း ကိုယ်တိုင်ပြောပြကြပါလိမ့်မည်။-
Acts BurCBCM 15:28  အောက်တွင် ပါရှိသော ကျင့်ဆောင်ရမည့်အချက်များထက် ပို၍လေးလံသောဝန်ကို သင်တို့အပေါ်သို့ မတင်ကြရန် ဝိညာဉ် တော်မြတ်နှင့် ငါတို့ဆုံးဖြတ်ခဲ့ကြ၏။-
Acts BurCBCM 15:29  သင်တို့ကျင့်ကြံရမည့် အချက်များသည်ကား ရုပ်တုရှေ့တွင် ပူဇော်သော ယဇ်ကောင်ကိုလည်းကောင်း၊ သွေးကိုလည်းကောင်း၊ လည်ပင်းညှစ်၍သတ်ထားသောတိရစ္ဆာန်တို့ကိုလည်း ကောင်း၊ ကာမဂုဏ်လိုက်စားခြင်းမှလည်းကောင်း ရှောင် ကြဉ်ကြရန်တို့ဖြစ်ကြ၏။ သင်တို့သည် ဤအရာများကို ရှောင်ကြဉ်ကြပါက မှန်သောအရာကို ကျင့်ကြံကြလေပြီ။ ကျန်းမာရွှင်လန်းကြပါစေဟူ၍ ရေးထားလေ၏။
Acts BurCBCM 15:30  ထိုသူတို့သည်လည်း စေလွှတ်ခြင်းခံရသည်နှင့် အန္တီယော့မြို့သို့သွားကြ၍ ယုံကြည်သူအပေါင်းတို့ကို စုဝေးစေပြီးလျှင် ထိုစာကို ပေးအပ်ကြ၏။-
Acts BurCBCM 15:31  သူတို့သည် စာကိုဖတ်ကြသောအခါ စာတွင်ပါသော အားပေးနှစ်သိမ့် စကားများကြောင့် အလွန်ဝမ်းမြောက်ကြ၏။-
Acts BurCBCM 15:32  ဂျုဒနှင့် စီလပ်တို့သည်လည်း ပရောဖက်များ ဖြစ်ကြသောကြောင့် ညီအစ်ကိုတို့ကို များစွာသောစကားတို့ဖြင့် တိုက်တွန်း နှိုးဆော်ကြ၍ သူတို့ကို ခွန်အားပေးကြ၏။-
Acts BurCBCM 15:33  သူတို့သည် ထိုနေရာတွင် အချိန်အတန်ကြာနေထိုင်ကြပြီးနောက် မိမိတို့ကိုစေလွှတ်သောသူတို့ထံသို့ အေးချမ်းစွာ ပြန်ကြ စေရန် ညီအစ်ကိုများက နှုတ်ဆက်ကြ၏။-
Acts BurCBCM 15:34  သို့သော် စီလပ်သည် ထိုအရပ်တွင် နေရစ်ရန် ဆုံးဖြတ်လေ၏။-
Acts BurCBCM 15:35  ပေါလုနှင့် ဘာနဘတို့မူကား အန္တီယော့မြို့တွင် ဆက်လက်နေထိုင်၍ အခြားသူများနှင့်အတူ ဘုရားသခင်၏နှုတ် တော်ထွက်စကားကို ဟောပြောသွန်သင်ကြလေ၏။
Acts BurCBCM 15:36  ရက်အနည်းငယ်ကြာသောအခါ ပေါလုက ဘာနဘအား သခင်ဘုရား၏ နှုတ်တော်ထွက်စကားကို ငါတို့ ဟောပြော သွန်သင်ခဲ့ကြသော မြို့ရှိသမျှမှ ညီအစ်ကိုများ ထံသို့ပြန်သွား၍ ထိုသူတို့ မည်ကဲ့သို့ရှိနေကြသည်ကို ကြည့်ကြစို့ ဟုဆို၏။-
Acts BurCBCM 15:37  ထိုအခါ ဘာနဘသည် မာကုဟုခေါ်သော ယောဟန်ကို မိမိတို့နှင့်အတူ ခေါ်ဆောင်သွားရန် အလိုရှိလေ၏။-
Acts BurCBCM 15:38  ပေါလုကမူ ပမ်ဖိလိယပြည်တွင် မိမိတို့ထံမှ ထွက်ခွာသွားပြီး မိမိတို့နှင့် အမှုတော်ထမ်းရန် မလိုက်ခဲ့သောသူကို ခေါ်မသွားသင့်ဟု ယူဆလေ၏။-
Acts BurCBCM 15:39  ဤသို့ဖြင့် သူတို့အချင်းချင်း ကြီးစွာစိတ်သဘော ကွဲလွဲကြပြီး သူတို့သည် လမ်းခွဲကြလေ၏။ ဘာနဘသည် မာကုကို ခေါ်လျက် စိပရုကျွန်းသို့ ရွက်လွှင့်ထွက်ခွာသွားလေ၏။-
Acts BurCBCM 15:40  ပေါလုသည်လည်း စီလပ်ကိုရွေးချယ်၍ ညီအစ်ကိုများအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်၌ အပ်နှံခြင်းကို ခံယူလျက် ထွက်ခွာသွားလေ၏။-
Acts BurCBCM 15:41  သူသည် ဆီးရိယနှင့် စီလိစိယပြည်များသို့သွားရောက်၍ အသင်းတော်များကို ပေါင်းစည်းခိုင်မာစေခဲ့၏။
Chapter 16
Acts BurCBCM 16:1  ထို့နောက် ပေါလုသည်ဒေးဘေမြို့နှင့် လစ္စတြာမြို့များသို့လည်း ရောက်လာလေ၏။ ထိုအရပ်၌ တီမောသီဦးဟုခေါ်သော တပည့်တော်တစ်ဦးရှိ၏။ သူ၏အမိသည် ယုံကြည်သူ ဂျူးလူမျိုးအမျိုးသမီးတစ်ဦးဖြစ် သော်လည်း၊ ဖခင်မှာမူ ဂရိလူမျိုးဖြစ်၏။-
Acts BurCBCM 16:2  တီမောသီဦးသည် လစ္စတြာနှင့် အီကိုးနိယမြို့များတွင်ရှိသော ညီအစ်ကိုများ၏ ချီးမွမ်းခြင်းကို ခံရသူဖြစ်၏။-
Acts BurCBCM 16:3  ပေါလုသည်လည်း တီမောသီဦးကို မိမိနှင့်အတူလိုက်ပါစေလိုသောကြောင့် သူ့ကိုခေါ်ဆောင်၍ အရေဖျားလှီးခြင်းမင်္ဂလာကို ပေးလေ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ဖခင်သည် ဂရိလူမျိုးဖြစ်ကြောင်းကို ထိုအရပ်၌ရှိကြသော ဂျူးလူမျိုးအပေါင်းက သိရှိသောကြောင့်ဖြစ်၏။-
Acts BurCBCM 16:4  သူတို့သည် မြို့များကိုဖြတ်၍ ခရီးဆက်ကြသောအခါ ထိုသူတို့အား ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့် သက်ကြီး ဝါကြီးတို့က ချမှတ်ထားသော ပြဋ္ဌာန်းချက်များကို ပေးအပ်ကြပြီး ယင်းတို့ကို လိုက်နာစောင့်ထိန်းကြရန် ပြောကြားကြ၏။-
Acts BurCBCM 16:5  ဤသို့ဖြင့် အသင်းတော်များသည် ယုံကြည်ခြင်း၌ ပိုမိုခိုင်မြဲအားကောင်းလာလျက် အရေအတွက်အားဖြင့်လည်း တစ်နေ့ တခြားတိုးပွားလာကြ၏။
Acts BurCBCM 16:6  သူတို့သည်လည်း ဖရိဂျီယနှင့် ဂါလားဆီယာနယ် များကိုဖြတ်သွားကြစဉ် အာရှပြည်၌ နှုတ်တော်ထွက်စကားကို ဟောပြောခြင်းမပြုရန် ဝိညာဉ်တော်မြတ်သည် သူတို့ကို တားမြစ်တော်မူ၏။-
Acts BurCBCM 16:7  သူတို့သည် မိစိယပြည်တစ်ဖက်သို့ ရောက်ကြသောအခါ ဘီသိနိယပြည်ထဲသို့ ဝင်ရောက်ရန် ကြိုးစားကြသော်လည်း ယေဇူး၏ ဝိညာဉ်တော်သည် သူတို့အား အခွင့်ပေးတော်မမူချေ။-
Acts BurCBCM 16:8  သို့ဖြစ်၍ သူတို့သည် မိစိယပြည်ကိုဖြတ်ပြီး ထရောမြို့သို့သွားကြ ၏။-
Acts BurCBCM 16:9  ထိုစဉ် ညအခါ၌ ပေါလုသည် ဗျာဒိတ်ရူပါရုံတစ်ခုကို မြင်ရလေ၏။ ရူပါရုံထဲတွင် မာစီဒိုးနိယပြည်သားတစ်ဦးသည် ရပ်လျက် မာစီဒိုးနိယပြည်သို့ကူး၍ အကျွန်ုပ်တို့အား ကူညီပါဟု သူ့အား တောင်းပန်နေလေ၏။-
Acts BurCBCM 16:10  ပေါလုသည်လည်း ထိုရူပါရုံကိုမြင်ရပြီးနောက် ငါတို့သည် သူတို့အား ဧဝံဂေလိတရားတော်ကို ဟောပြောရန် ဘုရား သခင်သည် ငါတို့ကိုခေါ်တော်မူပြီဟု ခံယူသဖြင့် ငါတို့သည် မာစီဒိုးနိယပြည်သို့သွားရန် ချက်ချင်းကြိုးစားကြ၏။
Acts BurCBCM 16:11  ထို့ကြောင့် ငါတို့သည် ထရောမြို့မှ ဆာမိုသရာဆေ ကျွန်းသို့ တိုက်ရိုက်ရွက်လွှင့်ထွက်ခွာလာပြီး နောက်တစ်နေ့တွင် နေအာပိုလစ်မြို့သို့ရောက်ကြ၏။-
Acts BurCBCM 16:12  ထိုအရပ်မှနေ၍ မာစီဒိုးနိယပြည်၏ အဓိကမြို့ဖြစ်သော ဖိလိပိမြို့သို့သွားကြ၏။ ၎င်းသည် ရောမလက်အောက်ခံမြို့လည်း ဖြစ်၏။ ငါတို့သည် ဤမြို့တွင် ရက်အတန်ကြာနေထိုင်ကြ၏။-
Acts BurCBCM 16:13  ဥပုသ်နေ့တွင်မူ ငါတို့သည် မြို့တံခါးအပြင်သို့ထွက်၍ ဆုတောင်းရန်နေရာဟုထင်ရသော မြစ်ကမ်းနားသို့သွားကြ၏။ ထို့နောက် ငါတို့သည် ထိုနေရာတွင်ထိုင်ကြပြီးမှ လာရောက်စုဝေးနေကြသော အမျိုးသမီးများအား ဟောပြောကြ၏။-
Acts BurCBCM 16:14  ငါတို့ကို နားထောင်ကြသော သူများတွင် ဘုရားသခင်ကို ရှိခိုးကိုးကွယ်သည့် လိဒီယအမည်ရှိသော အမျိုးသမီး တစ်ဦးပါဝင်၏။ သူမသည် သီယတိရမြို့မှဖြစ်၍ ခရမ်းရောင်အထည်များကို ရောင်းချသောသူဖြစ်၏။ သခင်ဘုရားသည်လည်း သူမအား ပေါလု ဟောပြောသမျှကို အာရုံစိုက်စေရန် သူမ၏စိတ်နှလုံးကို ဖွင့်တော်မူ၏။-
Acts BurCBCM 16:15  ထိုအခါ သူမသည် မိမိ၏ အိမ်သူအိမ်သားများနှင့်အတူ ဆေးကြောခြင်းကို ခံယူလေ၏။ ထို့နောက် သူမက ကျွန်မသည် သခင်ဘုရား၌ ယုံကြည်သောသူဟူ၍ သင်တို့ ဆုံးဖြတ်လက်ခံကြလျှင် ကျွန်မ၏အိမ်သို့ လာရောက်တည်းခိုကြပါဟု ငါတို့အား တောင်းပန်လေ၏။
Acts BurCBCM 16:16  တစ်နေ့တွင် ငါတို့သည် ဆုတောင်းပတ္ထနာပြုမည့် နေရာသို့သွားကြစဉ် နတ်ဖမ်းစားခြင်းခံရသော ကျွန်မိန်းကလေး တစ်ဦးကို တွေ့ကြ၏။ သူမသည် ဗေဒင်ဟောခြင်းဖြင့် မိမိ၏သခင်များကို ဥစ္စာတိုးပွားစေလေ၏။-
Acts BurCBCM 16:17  ထိုမိန်းကလေးသည် ပေါလုနှင့် ငါတို့နောက်သို့လိုက်၍ ဤသူတို့သည် အမြင့်ဆုံးသော ဘုရားသခင်၏ အစေခံများ ဖြစ်ကြပြီး သင်တို့အား ကယ်တင်ခြင်းလမ်းစဉ်ကို ဟောပြောသော သူများဖြစ်ကြသည်ဟု ဟစ်အော်လေ၏။-
Acts BurCBCM 16:18  သူမသည် ရက်ပေါင်းများစွာ ဤသို့ဟစ်အော်သဖြင့် ပေါလုသည် စိတ်အနှောင့်အယှက်ဖြစ်၍ နောက်သို့လှည့်ပြီးလျှင် သင်သည် မိန်းကလေးထံမှ ထွက်သွားရန် ယေဇူးခရစ်တော်၏နာမတော်၌ ငါအမိန့်ရှိ၏ဟု နတ်ဆိုးအား ဆိုလေ၏။ နတ်ဆိုးသည်လည်း ထိုအချိန်နာရီ၌ပင် ထွက် သွားလေ၏။
Acts BurCBCM 16:19  သို့သော် သူမ၏သခင်တို့သည် မိမိတို့ဥစ္စာပစ္စည်း တိုးပွားမည့် မျှော်လင့်ချက် ကုန်ဆုံးပြီကို တွေ့မြင်ကြလျှင် ပေါလုနှင့် စီလပ်တို့ကိုဖမ်းဆီး၍ လူအများစုဝေးရာအရပ်ရှိ အုပ်ချုပ်သူ အာဏာပိုင်များ၏ရှေ့သို့ ဆွဲခေါ်သွားကြ၏။-
Acts BurCBCM 16:20  ထို့နောက် ထိုသူတို့သည် သူတို့ကို တရားသူကြီးများ၏ ရှေ့သို့ခေါ်ဆောင်သွားကြပြီးလျှင် ဤသူတို့သည် ဂျူးလူမျိုးများ ဖြစ်ကြပြီး အကျွန်ုပ်တို့၏မြို့ကို နှောင့်ယှက်နေကြပါသည်။-
Acts BurCBCM 16:21  သူတို့သည် ရောမလူမျိုးများဖြစ်သော အကျွန်ုပ်တို့လက်မခံ၊ မကျင့်အပ်သော ဓလေ့ထုံးစံများကို ဟောပြောသွန်သင် နေကြပါသည်ဟုဆိုကြ၏။-
Acts BurCBCM 16:22  လူအစုအဝေးသည်လည်း ထိုသူတို့နှင့်အတူ ပေါလုနှင့်စီလပ်တို့ကို ဆန့်ကျင်စွပ်စွဲကြ၏။ ထိုအခါ တရားသူကြီးတို့သည် သူတို့၏ အဝတ်များကိုဆုတ်ဖြဲ၍ သူတို့အား ကြိမ်နှင့်ရိုက်ရန် အမိန့်ပေးကြ၏။-
Acts BurCBCM 16:23  ထိုသူတို့သည်လည်း သူတို့ကို ကြိမ်ဒဏ်များစွာပေးပြီးမှ ထောင်သွင်းအကျဉ်းချထား၍ သူတို့ကို လုံခြုံစွာချုပ်နှောင်ထားရန် ထောင်မှူးကို အမိန့်ပေးကြ၏။-
Acts BurCBCM 16:24  ထောင်မှူးသည်လည်း ထိုအမိန့်အတိုင်း သူတို့ကို ထောင်၏အတွင်းပိုင်းသို့ ပို့ထားပြီး သူတို့၏ခြေများကို ထိတ်တုံးခတ် ထားလေ၏။
Acts BurCBCM 16:25  ညသန်းခေါင်အချိန်၌ ပေါလုနှင့်စီလပ်တို့သည် ဘုရားသခင်ထံသို့ ဆုတောင်းပတ္ထနာပြုလျက် ဓမ္မသီချင်းများကို သီဆိုနေကြသောအခါ အခြားသော အကျဉ်းသားတို့သည် နားထောင်နေကြ၏။-
Acts BurCBCM 16:26  ထိုအခါ ရုတ်တရက် မြေငလျင် ပြင်းစွာလှုပ်သဖြင့် အကျဉ်းထောင်၏ အုတ်မြစ်တို့သည် တုန်ခါလှုပ်ရှားပြီးလျှင် ထောင်တံခါးရှိသမျှတို့သည် ချက်ချင်းပွင့်လာကြ၍ အကျဉ်းသားတိုင်း၏ သံကြိုးများသည်လည်း ပြုတ်သွားကြလေ၏။-
Acts BurCBCM 16:27  ထိုအခါ ထောင်မှူးသည် နိုးလာပြီး ထောင်တံခါးပွင့်နေသည်ကိုမြင်သဖြင့် အကျဉ်းသားများ ထွက်ပြေးသွားကြပြီဟု ထင်မှတ်၍ ဓားကိုဆွဲထုတ်ကာ မိမိကိုယ်ကို သတ်သေမည်ပြု၏။-
Acts BurCBCM 16:28  သို့သော်လည်း ပေါလုက ကျယ်သောအသံဖြင့် သင့်ကိုယ်ကို အန္တရာယ်မပြုနှင့်။ ငါတို့အားလုံး ဤနေရာတွင်ရှိနေ ကြသည်ဟု အော်ဟစ်ပြောဆိုလေ၏။-
Acts BurCBCM 16:29  ထိုအခါ ထောင်မှူးသည် မီးတိုင်ကိုတောင်းယူ၍ အတွင်းသို့ဝင်လာပြီး ပေါလုနှင့် စီလပ်တို့၏ ခြေရင်း၌ ကြောက်ရွံ့ တုန်လှုပ်စွာ ပျပ်ဝပ်လေ၏။-
Acts BurCBCM 16:30  ထို့နောက် ထောင်မှူးသည် သူတို့ကို အပြင်သို့ခေါ်ထုတ်၍ သခင်တို့၊ ကယ်တင်ခြင်းသို့ရောက်ရန် အကျွန်ုပ်မည်သို့ ပြုရမည်နည်းဟု မေးလေ၏။-
Acts BurCBCM 16:31  သူတို့ကလည်း ယေဇူးသခင်ကိုယုံကြည်လော့။ ထိုအခါ သင်နှင့်သင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြန်ပြောကြ၏။-
Acts BurCBCM 16:32  ထို့နောက် သူတို့သည် ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို သူနှင့်သူ၏ အိမ်သူအိမ်သားတို့အား ဟောပြောကြလေ၏။-
Acts BurCBCM 16:33  ထိုအချိန်နာရီ၌ပင် ထောင်မှူးသည် သူတို့ကိုခေါ်၍ ဒဏ်ရာများကိုဆေးပြီးလျှင် ချက်ချင်းပင် သူနှင့်သူ၏ အိမ်သူအိမ်သား အားလုံးတို့သည် ဆေးကြောခြင်းကို ခံယူကြလေ၏။-
Acts BurCBCM 16:34  ထို့နောက် ထောင်မှူးသည် သူတို့ကို မိမိ၏အိမ်အတွင်းသို့ ခေါ်ဖိတ်၍ စားသောက်ပွဲ တည်ခင်းပေးလေ၏။ သူနှင့်သူ၏ အိမ်သူအိမ်သား အားလုံးတို့သည်လည်း ဘုရားသခင်၌ ယုံကြည်လာကြသည့်အဖြစ်၌ အလွန်ဝမ်းမြောက်ကြလေ၏။
Acts BurCBCM 16:35  နောက်တစ်နေ့နံနက်တွင် တရားသူကြီးများသည် အစောင့်များကိုစေလွှတ်၍ ထိုသူတို့ကိုလွှတ်စေဟု ဆိုကြ၏။-
Acts BurCBCM 16:36  ထိုအခါ ထောင်မှူးသည် ဤသတင်းကို ပေါလုအား ကြားပြောလျက် တရားသူကြီးတို့သည် သင်တို့ကိုလွှတ်ရန် အကြောင်းကြားပြီဖြစ်၍ သင်တို့သည် ယခုပင် ငြိမ်းချမ်းသာယာစွာနှင့် သွားကြပါလော့ဟု ဆိုလေ၏။-
Acts BurCBCM 16:37  သို့သော် ပေါလုက ရောမနိုင်ငံသားများဖြစ်သော ငါတို့ကို မစစ်ဆေးဘဲ လူအများရှေ့တွင် ရိုက်နှက်၍ ထောင်ထဲ၌ အကျဉ်းချထားပြီးမှ ယခုတိတ်တဆိတ် ပြန်လွှတ်ကြမည်လော။ ထိုသို့မဖြစ်သင့်။ သူတို့ကိုယ်တိုင်လာ၍ ငါတို့ကို ထုတ်ယူပါစေ ဟုဆိုလေ၏။-
Acts BurCBCM 16:38  အစောင့်တို့သည် ထိုစကားကို တရားသူကြီးများအား ပြောပြသောအခါ သူတို့သည် ဤသူတို့မှာ ရောမနိုင်ငံသားများ ဖြစ်ကြောင်းကို ကြားသိရသဖြင့် ကြောက်ရွံ့ ကြလေ၏။-
Acts BurCBCM 16:39  ထို့ကြောင့် သူတို့သည် လာကြ၍ တမန်တော်တို့ကို တောင်းပန်ကြ၏။ ထို့နောက် သူတို့သည် တမန်တော်တို့ကို ထောင်မှထုတ် ဆောင်ပြီးလျှင် ဤမြို့မှထွက်ခွာသွားပါမည့်အကြောင်း တောင်းပန်ကြ၏။-
Acts BurCBCM 16:40  သို့ဖြစ်၍ ပေါလုနှင့် စီလပ်တို့သည် ထောင်မှထွက်လာကြပြီး လိဒီယ၏အိမ်သို့သွားကြ၏။ ထို့နောက် သူတို့သည် ညီအစ်ကိုများကို တွေ့ဆုံလျက် အားပေးတိုက်တွန်းစကားပြောကြားပြီးနောက် ထွက်ခွာသွားကြလေ၏။
Chapter 17
Acts BurCBCM 17:1  သူတို့သည် အမ်ဖီပိုလစ်နှင့် အာပိုလိုနိယမြို့တို့ကိုဖြတ်၍ သက်ဆာလောနိကမြို့သို့ ရောက်ကြ၏။ ထိုမြို့တွင် ဂျူးတို့၏ တရားဇရပ်ရှိ၏။-
Acts BurCBCM 17:2  ထိုအခါ ပေါလုသည် မိမိပြုလုပ်လေ့ရှိသည့်အတိုင်း တရားဇရပ်သို့သွားပြီးလျှင် ဥပုသ်သုံးပတ်တိုင်တိုင် သူတို့နှင့် ကျမ်းစာများကို ဆွေးနွေး၍၊-
Acts BurCBCM 17:3  ခရစ်တော်သည် အသေခံရမည့်အကြောင်းနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်ရမည့် အကြောင်းတို့ကို ရှင်းလင်းသက်သေပြကာ သင်တို့အား ငါဟောပြောကြေညာသည့် ဤယေဇူးသည် မေဆိယပင်ဖြစ်သည်ဟု ပြောဆိုလေ၏။-
Acts BurCBCM 17:4  ထိုအခါ သူတို့တွင် အချို့တို့သည် ယုံကြည်ကြ၍ ပေါလုနှင့်စီလပ်တို့၏ အဖွဲ့ထဲသို့ ပါဝင်လာကြ၏။ ဘုရားတရား ကြည်ညိုသော ဂရိလူမျိုးအမြောက်အမြားနှင့် ထင်ရှားသော အမျိုးသမီးများစွာတို့သည်လည်း ယုံကြည်လာကြလေ၏။-
Acts BurCBCM 17:5  သို့သော် ဂျူးလူမျိုးတို့သည် မနာလိုကြသောကြောင့် ဆိုးသွမ်းသော လူအချို့တို့၏အကူအညီဖြင့် အုပ်စုဖွဲ့ကာ တစ်မြို့လုံးကို ရုန်းရင်းဆန်ခတ် ဖြစ်စေကြ၏။ ထို့နောက် ဂျာဆန်၏အိမ်ကို တိုက်ခိုက်ကြပြီး ပေါလုနှင့်စီလပ်တို့ကို လူအများရှေ့သို့ ခေါ်ထုတ်ရန် ကြိုးပမ်းကြလေ၏။-
Acts BurCBCM 17:6  ဤသို့ဖြင့် သူတို့သည် တမန်တော်တို့ကို မတွေ့သောအခါ ဂျာဆန်နှင့်အချို့သော ညီအစ်ကိုများကို မြို့အာဏာပိုင်များ အရှေ့သို့ ဆွဲထုတ်လာကြ၍ အော် ဟစ်ကြသည်ကား ကမ္ဘာတစ်ခုလုံးကို မှောက်လှန်ကြ သော ဤသူတို့သည် ဤအရပ်သို့လည်း ရောက်လာကြ ပြီး၊-
Acts BurCBCM 17:7  ဂျာဆန်သည် ဤသူတို့ကို လက်ခံထားခဲ့၏။ သူတို့အားလုံးသည် ယေဇူးအမည်ရှိသော အခြားဘုရင်တစ်ပါး ရှိသည်ဟုဆိုလျက် ဆီဇာဧကရာဇ်၏အမိန့်များကိုဆန့် ကျင်ဘက်ပြုကြပါသည်ဟု ဆိုကြ၏။-
Acts BurCBCM 17:8  လူအများနှင့် မြို့ အာဏာပိုင်တို့သည် ဤစကားကိုကြားကြလျှင် ထိတ်လန့်တုန်လှုပ်ကြလေ၏။-
Acts BurCBCM 17:9  ထို့နောက် သူတို့သည် ဂျာဆန်နှင့် အခြားလူများထံမှ အာမခံချက်ရယူပြီး သူတို့ကို ပြန်လွှတ်လိုက်ကြ၏။
Acts BurCBCM 17:10  ထိုည၌ပင် ညီအစ်ကိုတို့သည် ပေါလုနှင့်စီလပ်တို့ကို ဘေးရေယမြို့သို့ လွှတ်လိုက်ကြ၏။ သူတို့သည် ထိုမြို့သို့ ရောက်သောအခါ ဂျူးလူမျိုးတို့၏တရားဇရပ်သို့ ဝင်ကြ၏။-
Acts BurCBCM 17:11  ဤမြို့တွင်ရှိသော ဂျူးလူမျိုးတို့မှာမူ သက်ဆာလောနိကမြို့မှ ဂျူးလူမျိုးတို့ထက် ပို၍စိတ်ထားမြင့်မြတ်ကြပြီး နှုတ်တော်ထွက်စကားကိုလည်း စိတ်အားထက်သန်စွာ လက်ခံကြ၍ ဤအကြောင်းများ မှန်ကန်ကြောင်းကို သိမြင်နိုင်ကြရန် သူတို့သည် နေ့စဉ်နေ့တိုင်း ကျမ်းစာများကို လေ့လာကြ၏။-
Acts BurCBCM 17:12  ထို့ကြောင့် များစွာသောလူတို့သည် ယုံကြည်လာကြ၍ ထိုသူတို့ထဲတွင် အထက်တန်းလွှာမှ ဂရိလူမျိုးအမျိုးသား၊ အမျိုးသမီးများစွာတို့လည်း ပါဝင်ကြ၏။-
Acts BurCBCM 17:13  သို့သော် သက်ဆာလောနိကမြို့မှ ဂျူးများသည် ဘေးရေယမြို့ ၌ နှုတ်တော်ထွက်စကားကို ပေါလု ဟောပြောနေကြောင်း ကြားသိကြသောအခါ ထိုအရပ်သို့လည်း ရောက်လာကြ၍ လူအစုအဝေးတို့ကို သွေးထိုးလှုံ့ဆော်ကြလေ၏။-
Acts BurCBCM 17:14  ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ပင်လယ်ကမ်းခြေသို့ ချက်ချင်းစေလွှတ်လိုက်ကြ၏။ စီလပ်နှင့် တီမောသီဦးတို့မူကား ဘေးရေယမြို့တွင် နေရစ်ကြ၏။-
Acts BurCBCM 17:15  ပေါလုကို ပို့ဆောင်သော သူတို့သည်လည်း သူ့အား အေသင်မြို့တိုင်အောင် ပို့ဆောင်ကြပြီး စီလပ်နှင့် တီမောသေဦးတို့ကို မိမိထံသို့ အလျင်အမြန်လိုက်လာကြပါဟူသော ညွန်ကြားချက်ကို ပေါလုထံမှ ယူဆောင်ကာ ပြန်လည်ထွက်ခွာလာကြ၏။
Acts BurCBCM 17:16  ပေါလုသည် သူတို့ကို အေသင်မြို့၌ စောင့်ဆိုင်းနေစဉ် ဤမြို့သည် ရုပ်တုဆင်းတုများနှင့် ပြည့်နှက်နေသည်ကို မြင်ရသဖြင့် စိတ်မချမ်းမသာဖြစ်လေ၏။-
Acts BurCBCM 17:17  ထို့ကြောင့် သူသည် တရားဇရပ်တွင် ဂျူးများ၊ ဘုရားတရားကြည် ညိုသူများနှင့်လည်းကောင်း၊ ဈေးလယ်လူစုဝေးရာ အရပ်တွင် နေ့စဉ်တွေ့ကြုံသော သူများနှင့်လည်းကောင်း ဆွေးနွေးငြင်းခုံလေ၏။-
Acts BurCBCM 17:18  ဧပီကုရိ၏ နောက်လိုက်များနှင့် စတိုးအိအတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့် အချေအတင် ဆွေးနွေးကြ၏။ အချို့တို့က စကားများသော ဤသူသည် မည်သည့်အရာကို ပြောဆိုလိုသနည်း ဟူ၍လည်းကောင်း၊ အချို့တို့ကလည်း ဤသူသည် အသစ်သော ဘုရားများအကြောင်းကို ဟောပြောလိုဟန် ရှိသည်ဟူ၍လည်းကောင်း ဆိုကြ၏။ ဤသို့ဆိုခြင်းမှာ ပေါလုသည် ယေဇူးနှင့် ကိုယ်တော်၏ရှင်ပြန်ထမြောက် တော်မူခြင်းအကြောင်းတို့ကို ဟောပြောသောကြောင့် ဖြစ်၏။-
Acts BurCBCM 17:19  ဤသို့ဖြင့် သူတို့သည် သူ့ကို အာရီယိုပါဂုရုံးတော်သို့ ခေါ်ဆောင်သွားကြပြီးလျှင် သင်ဟောပြောသော ဤအယူဝါဒ အသစ်ကို ငါတို့သိပါရစေ။-
Acts BurCBCM 17:20  အဘယ်ကြောင့်ဆိုသော် သင်သည် ငါတို့ထံသို့ အယူဝါဒအသစ်အဆန်းများကို ယူဆောင်လာသောကြောင့် သင်မည်သည့် အရာကို ဆိုလိုကြောင်း ငါတို့သိလိုကြပါသည်ဟု ဆိုကြလေ၏။-
Acts BurCBCM 17:21  အေသင်မြို့သူမြို့သားများနှင့် ထိုမြို့တွင် နေထိုင်ကြသော တိုင်းတစ်ပါးသားတို့သည် ဆန်းသစ်သော အရာများကို ပြောဆိုခြင်းနှင့် ကြားနာခြင်းတို့ဖြင့်သာ အချိန်ကုန်လွန်စေကြ၏။
Acts BurCBCM 17:22  သို့ဖြစ်၍ ပေါလုသည် အာရီယိုပါဂုရုံးတော်ရှေ့တွင် ရပ်လျက်ပြောဆိုသည်ကား အေသင်မြို့သားအပေါင်းတို့၊ သင်တို့သည် အလွန်အမင်း ဘာသာရေးကိုင်းရှိုင်းကြသည်ကို ငါကိုယ်တိုင်မြင်တွေ့ရပြီ။-
Acts BurCBCM 17:23  အကြောင်းမူကား ငါသည် မြို့တွင်း၌ လမ်းလျှောက်သွား၍ သင်တို့ဝတ်ပြုကိုးကွယ်ကြသော ဘုရားရုပ်တုများကို သေချာစွာ ကြည့်ရှုသောအခါ ငါတို့မသိသော ဘုရားအတွက်ဟူ၍ ကမ္ပည်းစာထိုးထားသော ယဇ်ပလ္လင်တစ်ခုကို အခြားရုပ်တုများ အလယ်တွင် ငါသတိထားခဲ့မိပါ၏။ ထို့ကြောင့် ငါသည် သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေကြသော ထိုဘုရားအကြောင်းကို သင်တို့အား ငါဟောပြောနေပါ၏။-
Acts BurCBCM 17:24  ကမ္ဘာလောကနှင့် ၎င်း၌ရှိသမျှ အရာအားလုံးကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အရှင်သခင်ဖြစ်၍ လူတို့လက်ဖြင့် ပြုလုပ်သော ဗိမာန်၌ ကိန်းဝပ်တော်မူသည်မဟုတ်။-
Acts BurCBCM 17:25  ဤဘုရားသခင်သည် သတ္တဝါအပေါင်းတို့အား ဇီ၀အသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ အရာခပ်သိမ်း ရှိသမျှတို့ကိုပေးသည့် အရှင်ဖြစ်သောကြောင့် တစ်စုံတစ်ရာကို လိုအပ်သည့်အလား လူတို့၏လက်ဖြင့် ကူညီခြင်းကိုလည်း ခံတော်မူသည်မဟုတ်ချေ။-
Acts BurCBCM 17:26  ကိုယ်တော်သည် လူသားတစ်ဦးတည်းမှ လူမျိုးအပေါင်းတို့ကို ဖန်ဆင်း၍ ကမ္ဘာမြေမျက်နှာပြင်ပေါ်တွင် နေထိုင်စေတော်မူ၏။ ကိုယ်တော်သည် သူတို့၏အသက်ရှင်ရာ အချိန်ကာလနှင့် နေထိုင်ရာနယ်နိမိတ်တို့ကိုလည်း ပိုင်းခြားသတ်မှတ်ပေးထားတော်မူ၏။-
Acts BurCBCM 17:27  ဤသို့ပြုတော်မူခြင်းမှာလည်း လူတို့သည် ကိုယ်တော့်ကို ရှာဖွေကြပြီး တွေ့ရှိနိုင်ကြစေရန်ဖြစ်၏။ အမှန်စင်စစ် ကိုယ်တော်သည် ငါတို့တစ်ဦးစီနှင့် ဝေးကွာတော်မူသည်မဟုတ်ပေ။-
Acts BurCBCM 17:28  အကြောင်းမူကား ငါတို့သည် ကိုယ်တော်၌ အသက်ရှင်ကြ၍ လှုပ်ရှားသွားလာကြလျက် ရပ်တည်နေကြရ၏။ ထို့ကြောင့် သင်တို့ထဲမှ ကဗျာလင်္ကာ ရေးစပ်သူအချို့ကပင် ငါတို့သည် ကိုယ်တော်၏သားသမီး များဖြစ်ကြသည်ဟု ဆိုကြ၏။
Acts BurCBCM 17:29  ငါတို့သည် ဘုရားသခင်၏ သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်သည် လူတို့၏ အတတ်ပညာနှင့် စိတ်ကူးဉာဏ်တို့ဖြင့် ထုလုပ်ထားသော ရွှေရုပ်တု၊ ငွေ ရုပ်တု၊ ကျောက်ရုပ်တုတို့နှင့် တူတော်မူသည်ဟူ၍ ငါတို့ မထင်မှတ်သင့်ပေ။-
Acts BurCBCM 17:30  ဘုရားသခင်သည် လူတို့မသိကျိုးကျွန်ပြုခဲ့သော အချိန်ကာလများကို အမှုမထားခဲ့သော်လည်း ယခုအချိန်တွင် အရပ်ရပ်၌ ရှိနေကြသော လူအပေါင်းတို့အား နောင်တရကြစေရန်အမိန့်ပေးတော်မူ ပြီ။-
Acts BurCBCM 17:31  အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိရွေးချယ်ခန့်ထားသော သူအားဖြင့် ဤလောကကို ဖြောင့်မတ် ခြင်း တရားနှင့်အညီ စီရင်မည့်နေ့ရက်ကို သတ်မှတ်တော်မူလေပြီ။ ကိုယ်တော်သည် ထိုသူကို သေခြင်းမှရှင်ပြန် ထမြောက် စေခြင်းဖြင့် လူအပေါင်းတို့အား ခိုင်လုံသော သက်သေကိုပြတော်မူပြီဟု ဟောပြောလေ၏။
Acts BurCBCM 17:32  ထိုသူတို့သည်လည်း သေလွန်သူတို့၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားကြသောအခါ အချို့က လှောင်ပြောင် သရော်ကြ၏။ အချို့ကမူ ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ သင်ဟောပြောသည်ကို ငါတို့နောက်တစ်ဖန် ကြားနာပါဦးမည်ဟု ဆိုကြ၏။-
Acts BurCBCM 17:33  သို့ဖြစ်၍ ပေါလုသည် သူတို့ထံမှ ထွက်ခွာခဲ့လေ၏။-
Acts BurCBCM 17:34  သို့ရာတွင် အချို့သောသူတို့သည် ပေါလုနှင့်အတူပါဝင်လာပြီး ယုံကြည်ကြလေ၏။ ထိုသူတို့တွင် အာရီယိုပါဂုရုံးတော် အရာရှိ ဒီအိုနိစိဦးနှင့်အတူ ဒါမားရစ်အမည်ရှိသော အမျိုးသမီးအပြင် အခြားသောသူများလည်း ပါဝင်ကြ၏။
Chapter 18
Acts BurCBCM 18:1  ထို့နောက် ပေါလုသည် အေသင်မြို့မှထွက်ခွာ၍ ကောရိန့်မြို့သို့သွားလေ၏။-
Acts BurCBCM 18:2  ထိုအရပ်တွင် သူသည် ပုန္တုပြည်သား အာကွိလအမည်ရှိသော ဂျူးလူမျိုးတစ်ဦးနှင့် တွေ့ဆုံလေ၏။ ထိုသူနှင့် သူ၏ဇနီး ပရစ္စိလတို့သည် မကြာမီက အီတလီပြည်မှ ရောက်ရှိလာကြသူများ ဖြစ်ကြ၏။ အကြောင်းမူကား ဆီဇာကလောဒီဦးက ဂျူးလူမျိုးအပေါင်းတို့အား ရောမမြို့ မှထွက်ခွာသွားရန် အမိန့်ချမှတ်ခဲ့သောကြောင့်ဖြစ်၏။ ပေါလုသည်လည်း သူတို့ထံ သို့အလည်အပတ်သွားလေ၏။-
Acts BurCBCM 18:3  သူသည် မိမိနှင့်အလုပ်အကိုင်ချင်း တူသောကြောင့် ပေါလုသည် သူတို့နှင့်အတူ နေထိုင်၍ အလုပ်လုပ်လေ၏။ အကြောင်းမူကား သူတို့သည် ရွက်ထည်တဲချုပ်သူများဖြစ်ကြ၏။-
Acts BurCBCM 18:4  ပေါလုသည်လည်း ဥပုသ်နေ့တိုင်း တရားဇရပ်တို့တွင် ဆွေးနွေးဟောပြော၍ ဂျူးလူမျိုးများနှင့် ဂရိလူမျိုးတို့အား ယုံကြည်လာစေရန် စည်းရုံးလေ၏။
Acts BurCBCM 18:5  စီလပ်နှင့်တီမောသီဦးတို့သည် မာစီဒိုးနိယပြည်မှ ရောက်လာကြသောအခါတွင် ပေါလုသည် နှုတ်တော်ထွက်စကားကို ဟောပြောခြင်း၌သာ အာရုံစိုက်လျက် ယေဇူးသည် ခရစ်တော်ဖြစ်ကြောင်းကို ဂျူးလူမျိုးတို့အား သက်သေခံလျက်ရှိလေ၏။-
Acts BurCBCM 18:6  ထိုသူတို့သည် သူ့ကိုဆန့်ကျင်၍ ထိခိုက်ပြောဆိုကြသောအခါ ပေါလုသည် မိမိ၏အဝတ်မှ ဖုန်များကိုခါချပြီး သင်တို့၏ သွေးသည် သင်တို့ဦးခေါင်းပေါ်တွင် တည်ပါစေ။ ငါမူကား အပြစ်ကင်းရှင်း၏။ ယခုမှစ၍ ငါသည် လူမျိုးခြားတို့ထံသို့သွားမည်ဟု သူတို့အား ဆိုလေ၏။-
Acts BurCBCM 18:7  ထို့နောက် သူသည် တရားဇရပ်မှ ထွက်ခွာ၍ ဘုရားသခင်ကို ရှိခိုးကိုးကွယ်သော တိတုဂျုစတုအမည်ရှိသော သူ၏အိမ်သို့သွားလေ၏။ ထိုသူ၏ အိမ်သည် တရားဇရပ်နှင့်ကပ်လျက်ရှိ၏။-
Acts BurCBCM 18:8  တရားဇရပ်မှူး ခရစ္စပုနှင့် သူ၏အိမ်သားအားလုံးတို့သည် သခင်ဘုရား၌ ယုံကြည်လာကြလေ၏။ ပေါလု၏တရားကို ကြားနာကြသော ကော်ရိန့်သုမြို့သား များစွာတို့သည်လည်း ယုံကြည်ကြ၍ ဆေးကြောခြင်းကိုခံယူကြ၏။-
Acts BurCBCM 18:9  တစ်ညတွင် သခင်ဘုရားသည် ပေါလုအား ရူပါရုံ၌ မိန့်တော်မူသည်မှာ ကြောက်ရွံ့ ခြင်းမရှိလေနှင့်။ တိတ်ဆိတ်စွာမနေဘဲ ဟောပြောလော့။-
Acts BurCBCM 18:10  အကြောင်းမူကား ငါသည် သင်နှင့်အတူရှိသောကြောင့် သင့်ကို မည်သူမျှထိခိုက်လိမ့်မည်မဟုတ်။ ဤမြို့၌လည်း ငါ၏ လူများစွာရှိကြသည်ဟု မိန့်တော်မူ၏။-
Acts BurCBCM 18:11  ပေါလုသည်လည်း ထိုအရပ်၌ တစ်နှစ်နှင့် ခြောက်လပတ်လုံး နေထိုင်၍ သူတို့အလယ်တွင် ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ဟောပြောသွန်သင်လေ၏။
Acts BurCBCM 18:12  သို့ရာတွင် ဂါလီယိုသည် အာခါယာပြည်၏ဘုရင်ခံအဖြစ် အုပ်ချုပ်သောအခါ ဂျူးလူမျိုးတို့သည် ပေါလုကို တစ်စုတစ်ဝေးတည်း အပြစ်ရှာ၍ တရားခွင်သို့ ပို့ဆောင်ကြ၏။-
Acts BurCBCM 18:13  သူတို့က ဤသူသည် ပညတ်တရားတော်နှင့် ဆန့်ကျင်၍ ဘုရားသခင်ကိုကိုးကွယ်စေရန် လူအများကို သွေးဆောင်စည်းရုံး နေပါသည်ဟု ဆိုကြ၏။-
Acts BurCBCM 18:14  ပေါလုသည်လည်း ချေပပြောဆိုမည်ပြုစဉ်တွင် ဂါလီယိုက ဂျူးလူမျိုးတို့အား ဆိုသည်မှာ ဤအရာသည် အပြစ်အမှား၊ သို့မဟုတ် ဆိုးယုတ်သော ရာဇဝတ်မှုဖြစ်ပါလျှင် ငါသည် သင်တို့ဂျူးလူမျိုးများ၏ စွပ်စွဲချက်ကိုလက်ခံမည်။-
Acts BurCBCM 18:15  သို့သော် ဤအမှုသည် စကားလုံးများ၊ အမည်နာမများနှင့် သင်တို့၏ ပညတ်တရားနှင့်ဆိုင်သော အကြောင်းအရာတို့အပေါ် ငြင်းခုံပြောဆိုခြင်းများဖြစ်သောကြောင့် သင်တို့၏အမှုကို သင်တို့ကိုယ်တိုင်စီရင်ဆုံးဖြတ်ကြလော့။ ထိုသို့သောအမှုများကို ငါမစီရင်လိုဟု ပြန်ပြောလျက်၊-
Acts BurCBCM 18:16  ဂျူးလူမျိုးများကို တရားခွင်ထဲမှ ထွက်ခွာသွားစေ၏။-
Acts BurCBCM 18:17  ထိုသူအပေါင်းတို့သည်လည်း တရားဇရပ်မှူးဆော့စသေနက်ကို ဖမ်းဆီး၍ တရားခွင်ရှေ့တွင် ရိုက်နှက်ကြ၏။ သို့သော် ဂါလီယိုသည် ဤအခြင်းအရာကို ဂရုမစိုက်ဘဲနေလေ၏။
Acts BurCBCM 18:18  ထို့နောက် ပေါလုသည် ထိုအရပ်၌ အချိန်အတော်ကြာ နေပြီးနောက် ညီအစ်ကိုတို့ကို နှုတ်ဆက်၍ ပရစ္စိလနှင့် အာကွိလတို့ လိုက်ပါလျက် ဆီးရိယပြည်သို့ သင်္ဘောစီးသွားလေ၏။ စင်ဂရေမြို့သို့ရောက်သောအခါ သူသည် မိမိ၏ ဦးခေါင်းကိုရိတ်လေ၏။ အကြောင်းမူကား သူသည် ဘုရားသခင်အား ကတိသစ္စာပြုထားသောကြောင့်ဖြစ်၏။-
Acts BurCBCM 18:19  ဤသို့ဖြင့် သူတို့သည် ဧဖက်ဆုမြို့သို့ရောက်ကြသောအခါ ပေါလုသည် သူတို့ကို ထိုအရပ်တွင်ထားခဲ့ပြီး မိမိကိုယ်တိုင် မူကား တရားဇရပ်သို့ဝင်၍ ဂျူးလူမျိုးတို့နှင့် ဆွေးနွေးငြင်းခုံလေ၏။-
Acts BurCBCM 18:20  ထိုသူတို့သည် ပေါလုကို ကြာမြင့်စွာနေရန် တောင်းဆိုကြသော်လည်း ပေါလုသည် ငြင်းဆန်လေ၏။-
Acts BurCBCM 18:21  သို့ရာတွင် ပေါလုသည် ထိုသူတို့အား နှုတ်ဆက်ချိန်၌ ဘုရားသခင်အလိုတော်ရှိလျှင် ငါသည် သင်တို့ထံသို့ ပြန်လာဦးမည် ဟုဆိုပြီး ဧဖက်ဆုမြို့မှ သင်္ဘောစီး၍ ထွက်ခွာသွားလေ၏။
Acts BurCBCM 18:22  သူသည် ဆီဇားရိယမြို့သို့ ဆိုက်ရောက်သောအခါ ဂျေရုဆလင်မြို့သို့သွား၍ အသင်းတော်ကို နှုတ်ဆက်ပြီးမှ အန္တီယော့မြို့သို့ ထွက်ခွာလေ၏။-
Acts BurCBCM 18:23  သူသည် ထိုအရပ်တွင် ရက်အတန်ကြာနေပြီးနောက် ပြန်လည်ထွက်ခွာ၍ ဂါလားဆီယာနှင့် ဖရိဂျီယနယ်တစ်လျှောက် တစ်နေရာမှ တစ်နေရာသို့သွားလာပြီး တပည့်တော်များကို ခွန်အားပေးလေ၏။
Acts BurCBCM 18:24  အာပိုလိုအမည်ရှိသော အလက်ဇန္ဒြိယမြို့သား ဂျူးလူမျိုးတစ်ယောက်သည် ဧဖက်ဆုမြို့သို့ရောက်ရှိလာ၏။ သူသည် အဟောအပြောကောင်းသူဖြစ်ပြီး ကျမ်းစာများကို ကောင်းစွာတတ်သိသူဖြစ်၏။-
Acts BurCBCM 18:25  သူသည် သခင်ဘုရား၏ တရားလမ်းတော်ကို စုံလင်စွာ လေ့လာသင်ယူထားသူဖြစ်ပြီး ယေဇူးနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို စိတ်အားထက်သန်စွာဖြင့် အတိအကျဟောပြော သွန်သင်နိုင်သူလည်းဖြစ်၏။ သို့ရာတွင် သူသည် ယောဟန်၏ ဆေးကြောခြင်းကိုသာ သိရှိထားလေ၏။-
Acts BurCBCM 18:26  သူသည် တရားဇရပ်တွင် ရဲဝံ့စွာ စတင်ဟောပြောလေ၏။ သို့သော် ပရစ္စိလနှင့် အာကွိလတို့သည် သူဟောပြောသည်ကို ကြားကြသောအခါ သူ့ကို အိမ်သို့ခေါ်ပြီးလျှင် ဘုရားသခင်၏ တရားလမ်းတော်ကို ပိုမိုတိကျစွာ အသေးစိတ် ရှင်းပြကြ၏။-
Acts BurCBCM 18:27  ဤသို့ဖြင့် အာပိုလိုသည် အာခါယာပြည်သို့ သွားလိုသောအခါ ညီအစ်ကိုတို့သည် သူ့ကို အားပေးကြပြီးလျှင် သူ့အား လက်ခံကြိုဆိုကြရန် တပည့်တော်များထံသို့ စာရေးလိုက်ကြ၏။ သူသည်လည်း ထိုအရပ်သို့ ရောက်ရှိသောအခါ ကျေးဇူးတော်အားဖြင့် ယုံကြည်သူဖြစ်လာသောသူတို့အား အကူအညီများစွာပေးလေ၏။-
Acts BurCBCM 18:28  အကြောင်းမူကား သူသည် ယေဇူးမှာ မေဆိယဖြစ်တော်မူကြောင်းကို လူတို့ရှေ့တွင် ကျမ်းစာအထောက်အထားများဖြင့် ဂျူးလူမျိုးတို့အား ပိုင်နိုင်စွာချေပပြောဆို နိုင်သောကြောင့်ဖြစ်၏။
Chapter 19
Acts BurCBCM 19:1  အာပိုလိုသည် ကောရိန့်မြို့တွင်ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းဒေသများကိုဖြတ်၍ ဧဖက်ဆုမြို့သို့ရောက်လာပြီး ထိုအရပ်တွင် တပည့်တော်အချို့ကို တွေ့လေ၏။-
Acts BurCBCM 19:2  ထိုအခါ သူက သင်တို့သည် ယုံကြည်သူများ ဖြစ်လာသောအခါ ဝိညာဉ်တော်မြတ်ကို ခံယူခဲ့ကြသလောဟု သူတို့အား မေးသော် ထိုသူတို့က မခံယူခဲ့ကြရပါ၊ ဝိညာဉ်တော်မြတ် ရှိတော်မူကြောင်းကိုလည်း အကျွန်ုပ်တို့ မကြားဖူးပါဟု ဖြေကြားကြ၏။-
Acts BurCBCM 19:3  ပေါလုကလည်း ဤသို့ဆိုလျှင် သင်တို့သည် မည်သည့်ဆေးကြောခြင်းကို ခံယူကြသနည်းဟု မေးသောအခါ သူတို့က ယောဟန်၏ ဆေးကြောခြင်းကို အကျွန်ုပ်တို့ ခံယူခဲ့ကြပါသည် ဟု ဆိုကြလေ၏။-
Acts BurCBCM 19:4  ထိုအခါ ပေါလုက ယောဟန်သည် နောင်တတရားနှင့်ဆိုင်သော ဆေးကြောခြင်းကိုပေးပြီး မိမိ၏နောက်တွင် ကြွလာမည့်သူဖြစ်သော ယေဇူး၌ ယုံကြည်ကြရန် လူအများကို မိန့်မှာထားခဲ့သည်ဟု ဆိုလေ၏။-
Acts BurCBCM 19:5  ဤအကြောင်းကို ကြားကြသောအခါ ထိုသူတို့သည် ယေဇူးသခင်၏ နာမတော်၌ ဆေးကြောခြင်းကို ခံယူကြ၏။-
Acts BurCBCM 19:6  ထို့နောက် ပေါလုသည် သူတို့အပေါ်၌ မိမိ၏လက်ကိုတင်သောအခါ ဝိညာဉ်တော်မြတ်သည် သူတို့အပေါ်သို့ ဆင်းသက် တော်မူသဖြင့် သူတို့သည် ဘာသာစကားအသီးသီးကို ပြောဆိုကြ၍ ပရောဖက်ဉာဏ် ဖြင့် အနာဂတ်ကို ဟောပြောကြလေ၏။-
Acts BurCBCM 19:7  ထိုသူအပေါင်းတို့သည်ကား အရေအတွက်အားဖြင့် စုစုပေါင်း တစ်ဆယ့်နှစ်ယောက်ရှိကြ၏။
Acts BurCBCM 19:8  ထို့နောက် ပေါလုသည် သုံးလပတ်လုံး တရားဇရပ်သို့ဝင်၍ ရဲဝံ့စွာဟောပြောလျက် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဆွေးနွေးကာ စည်းရုံးလေ၏။-
Acts BurCBCM 19:9  သို့သော် အချို့သောသူတို့သည် စိတ်နှလုံးခိုင်မာ၍ မယုံကြည်ကြဘဲ သခင်ဘုရား၏ တရားလမ်းတော်ကို လူအများရှေ့တွင် ကဲ့ရဲ့ရှုတ်ချကြသောအခါ ပေါလုသည် သူတို့ထံမှထွက်ခွာ၍ တပည့်တော်တို့ကိုလည်း မိမိနှင့်အတူ ခေါ်ဆောင်သွားလေ၏။ ထို့နောက် သူသည် တိရာနုအမည်ရှိသော သူ၏ကျောင်း၌ နေ့စဉ်ဆွေးနွေးဟောပြောလေ၏။-
Acts BurCBCM 19:10  သူသည် နှစ်နှစ်ပတ်လုံး ဤကဲ့သို့ အဆက်မပြတ်ဟောပြောသောကြောင့် အာရှပြည်တွင် နေထိုင်ကြသော ဂျူးနှင့်ဂရိ လူမျိုးများသည် သခင်ဘုရား၏ နှုတ်တော်ထွက်စကားကို ကြားနာကြရ၏။
Acts BurCBCM 19:11  ဘုရားသခင်သည်လည်း ပေါလု၏လက်တို့ဖြင့် ထူးခြားသော တန်ခိုးလက္ခဏာများကို ပြတော်မူသည်ဖြစ်၍၊-
Acts BurCBCM 19:12  ပေါလု၏ကိုယ်ပေါ်မှ ပုဝါနှင့်ခါးပန်းများကို ဖျားနာသောသူများအပေါ်တွင် တင်ခြင်းအားဖြင့် အနာရောဂါများ ပျောက်ကင်းကြ၍ နတ်ဆိုးများသည်လည်း သူတို့ထံမှ ထွက်သွားကြ၏။
Acts BurCBCM 19:13  ထိုအခါ အရပ်ရပ်သို့ လှည့်လည်သော ဂျူးလူမျိုး နတ်ဆိုးနှင်ထုတ်သူအချို့တို့သည် နတ်ဆိုးဝင်ပူးခြင်းခံရသော သူတို့အပေါ်၌ ရွတ်ဆိုကြသည်ကား ပေါလုဟောပြောသော ယေဇူး၏ နာမတော်အားဖြင့် ငါသည်သင့်ကို အမိန့်ပေးသည် ဟုဆိုလျက် ယေဇူးသခင်၏ နာမတော်ကို အမှီပြုကာ နတ်ဆိုးကိုနှင်ထုတ်ရန် ကြိုးစားကြ၏။-
Acts BurCBCM 19:14  ဂျူးလူမျိုး ရဟန်းအကြီးအကဲဖြစ်သော ရှေဗာ၏သား ခုနစ်ယောက်တို့သည်လည်း ဤကဲ့သို့ လုပ်ဆောင်နေကြလေ၏။-
Acts BurCBCM 19:15  သို့သော် နတ်ဆိုးက သူတို့အား ပြန်ပြောသည်မှာ ယေဇူးကို ငါသိ၏။ ပေါလုကိုလည်း ငါသိ၏။ သင်တို့မူကား မည်သူများနည်းဟု ဆိုပြီးနောက်၊-
Acts BurCBCM 19:16  နတ်ဆိုးဝင်ပူး ခြင်း ခံရသောသူသည် သူတို့အပေါ်သို့ခုန်တက်၍ သူတို့အားလုံးကို တိုက်ခိုက်ပြီး အနိုင်ယူသဖြင့် သူတို့သည် အဝတ်အစားမပါဘဲ ဒဏ်ရာဒဏ်ချက်များနှင့် အိမ်အတွင်းမှ ထွက်ပြေးခဲ့ကြရ၏။-
Acts BurCBCM 19:17  ဧဖက်ဆုမြို့တွင် နေထိုင်ကြသော ဂျူးနှင့် ဂရိလူမျိုးတို့သည် ဤအကြောင်းကို ကြားသိကြသောအခါ ထိုသူအပေါင်း တို့သည် ကြောက်ရွံ့တုန်လှုပ်၍ ယေဇူးသခင်၏ နာမတော်ကို ချီးမွမ်းကြကုန်၏။-
Acts BurCBCM 19:18  ယုံကြည်သူဖြစ်လာသောသူ များစွာတို့သည်လည်း လာကြ၍ မိမိတို့ပြုခဲ့မိသမျှတို့ကို ထုတ်ဖော်ဝန်ခံကြ၏။-
Acts BurCBCM 19:19  မှော်အတတ်ကို တတ်သောသူ အချို့တို့သည်လည်း မိမိတို့၏ စာအုပ်များကို စုစည်းယူဆောင်လာ၍ လူအများရှေ့တွင် မီးရှို့ကြ၏။ ဤစာအုပ်များ၏ တန်ဖိုးကို သူတို့တွက်ကြသောအခါ ငွေဒင်္ဂါးငါးသောင်းခန့် တန်ဖိုးရှိသည်ကို တွေ့ရ၏။-
Acts BurCBCM 19:20  ဤသို့ဖြင့် သခင်ဘုရား၏ နှုတ်တော်ထွက်စကားသည် အရှိန်အဟုန်ကြီးစွာ တိုးတက်ပျံ့ ပွားလေ၏။
Acts BurCBCM 19:21  ဤအကြောင်းအရာများ ဖြစ်ပျက်ပြီးနောက် ပေါလုသည် မာစီဒိုးနိယနှင့် အာခါယာပြည်များကို ဖြတ်သန်း၍ ဂျေရုဆလင်မြို့သို့ သွားမည်ဟု ဝိညာဉ်တော်အားဖြင့် စိတ်ပိုင်းဖြတ်လေ၏။ သူက ငါသည် ထိုအရပ်သို့ သွားပြီးလျှင် ရောမမြို့သို့လည်း သွားရမည်ဟု ဆို၏။-
Acts BurCBCM 19:22  ထို့ကြောင့် သူသည် မိမိကိုကူညီသူများဖြစ်သော တီမောသီဦးနှင့် ဧရာစတုတို့ကို မာစီဒိုးနိယပြည်သို့ စေလွှတ်၍ သူကိုယ်တိုင်မှာမူကား အာရှပြည်တွင် ခေတ္တဆက်နေလေ၏။
Acts BurCBCM 19:23  ထိုအချိန်၌ သခင်ဘုရား၏ တရားလမ်းတော်နှင့် စပ်လျဉ်း၍ ဆူပူလှုပ်ရှားမှုကြီးတစ်ခု ဖြစ်ပေါ်လေ၏။-
Acts BurCBCM 19:24  ဖြစ်ရသည့်အကြောင်းရင်းမှာ ဒေမေတြီဦးအမည်ရှိသော ငွေပန်းထိမ်ဆရာတစ်ဦးသည် အာတီမစ်နတ်သမီး၏ နတ်ကွန်းများပြုလုပ်ခြင်းဖြင့် များစွာသော လက်မှုပညာရှင်တို့ကို စီးပွားဖြစ်ထွန်းစေခဲ့၏။-
Acts BurCBCM 19:25  သူသည် မိမိနှင့်လုပ်ငန်းချင်းတူသော ဤသူတို့ကိုစုရုံးပြီးလျှင် အချင်းလူတို့၊ ငါတို့သည် ဤလုပ်ငန်းဖြင့် စီးပွားဖြစ်ထွန်း လာခဲ့ကြကြောင်း သင်တို့သိကြ၏။-
Acts BurCBCM 19:26  ယခုမူကား ဤပေါလုဆိုသူက လူတို့၏လက်ဖြင့်ပြုလုပ်သော ရုပ်တုတို့သည် ဘုရားများမဟုတ်ဟု ဆိုခြင်းဖြင့် ဧဖက်ဆုမြို့တွင်သာမက အာရှပြည်တစ်ပြည်လုံး၌ လူများစွာတို့ကို သွေးဆောင်လမ်းလွဲစေခဲ့ကြောင်း သင်တို့တွေ့မြင် ကြားသိကြ၏။-
Acts BurCBCM 19:27  ဤအမှုသည် ငါတို့လုပ်ငန်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်သာမက ကြီးမြတ်သော အာတီမစ်နတ်သမီး၏ ဗိမာန်ကိုလည်း မထီမဲ့မြင်ပြုသဖြင့် အာရှနှင့်တစ်ကမ္ဘာလုံး ကိုးကွယ်ကြသော နတ်သမီး၏ ဘုန်းကျက်သရေတော် ညှိုးနွမ်းမည်ကို စိုးရိမ်ရသည်ဟု ဆိုလေ၏။
Acts BurCBCM 19:28  ထိုသူတို့သည်လည်း ဤစကားကိုကြားကြလျှင် အမျက်ထွက်ကြသဖြင့် ဧဖက်ဆုမြို့သားတို့၏နတ်သမီး အာတီမစ်သည် ကြီးမြတ်လှပေ၏ဟု ကြွေးကြော်ကြလေ၏။-
Acts BurCBCM 19:29  ဤသို့ဖြင့် တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် ထိုသူတို့သည် ပေါလု၏ခရီးစဉ်၌ အဖော်အဖြစ် လိုက်ပါခဲ့ကြသော မာစီဒိုးနိယပြည်သား ဂါးယုနှင့် အာရစ္စတာကုတို့အား ဆွဲခေါ်လျက် ကဇာတ်ရုံအတွင်းသို့ အတူတကွပြေးဝင်သွားကြ၏။-
Acts BurCBCM 19:30  ပေါလုသည် မိမိကိုယ်တိုင် လူအုပ်ကိုရင်ဆိုင်လိုသော်လည်း တပည့်တော်များသည် သူ့ကိုတားမြစ်ထားကြ၏။-
Acts BurCBCM 19:31  ပေါလုနှင့် ရင်းနှီးသော အာရှပြည်မင်းအရာရှိအချို့ကလည်း သူ့အား ကဇာတ်ရုံသို့ မသွားရန် သတင်းပို့၍ သတိပေးကြ၏။
Acts BurCBCM 19:32  ထိုအချိန်တွင် စုဝေးနေကြသောသူတို့သည် အမျိုးမျိုးအော်ဟစ်နေကြလျက် လူအစုအဝေးမှာ မည်သည့်အရာ ဖြစ်ပျက် နေသည်ကိုမသိကြ။ လူအများစုမှာ မိမိတို့ စုဝေးနေကြသည့်အကြောင်းရင်းကိုပင် မသိကြချေ။-
Acts BurCBCM 19:33  ထိုအခါ ဂျူးလူမျိုးတို့က အလက်ဇန္ဒားကို လူအစုအဝေးရှေ့သို့ ထွက်စေသဖြင့် လူအစုအဝေးထဲမှ အချို့သည် ဤအကြောင်းအရာမှာ သူ၏တာဝန်မကင်းဟူ၍ သုံးသပ်ကြ၏။ အလက်ဇန္ဒားသည်လည်း လူတို့အား ဤအမှုကို ရှင်းလင်း ပြောဆိုရန် ရည်ရွယ်၍ တိတ်ဆိတ်စွာနေခြင်းငှာ လက်ဖြင့်အချက်ပြလေ၏။-
Acts BurCBCM 19:34  သို့သော် သူသည် ဂျူးလူမျိုးဖြစ်ကြောင်းကို သူတို့သိကြသည်နှင့် ဧဖက်ဆုမြို့သားတို့၏ နတ်သမီးအာတီမစ်သည် ကြီးမြတ်လှပေ၏ဟူ၍ နှစ်နာရီကြာမျှ တစ်သံတည်း အော်ဟစ်ကြ၏။-
Acts BurCBCM 19:35  ထို့နောက် မြို့စာရေးသည် လူအစုအဝေးတို့အား တိတ်ဆိတ်စွာနေစေပြီးလျှင် ဧဖက်ဆုမြို့သားတို့၊ ဧဖက်ဆုမြို့တော်သည် ကြီးမြတ်သော အာတီမစ်၏နတ်ကွန်းနှင့် ကောင်းကင်မှကျလာသော သူမ၏ရုပ်တုတော်တို့ တည်ရှိရာဌာနဖြစ်သည်ကို မသိသောသူ မည်သူရှိသနည်း။-
Acts BurCBCM 19:36  ဤအကြောင်းအရာတို့ကို မည်သူမျှမငြင်းဆိုနိုင်သောကြောင့် သင်တို့သည် မိမိတို့ကိုယ်ကို စိတ်တည်ငြိမ်စွာထားကြရမည်။ မည်သည့်အရာကိုမျှ မဆင်မခြင်မပြုနှင့်။-
Acts BurCBCM 19:37  အကြောင်းမူကား ဗိမာန်တော်အတွင်း လုယက်ခြင်းမပြု၊ ငါတို့၏နတ်သမီးကိုလည်း ထိခိုက်စော်ကားခြင်း မပြုသော ဤသူတို့ကို ဤနေရာသို့ သင်တို့ခေါ်ဆောင်လာခဲ့ကြလေပြီ။-
Acts BurCBCM 19:38  ထို့ကြောင့် ဒေမေတြီဦးနှင့် သူ၏လုပ်ဖော်ကိုင်ဖက်တို့သည် တစ်စုံတစ်ယောက်အပေါ် စွပ်စွဲလိုသောအမှုရှိလျှင် တရား စီရင်သော ခုံရုံးများဖွင့်ထားလျက်ရှိ၍ မြို့ဝန်များလည်း ရှိသဖြင့် သက်ဆိုင်သူချင်း တရားဆိုင်ကြပါစေ။-
Acts BurCBCM 19:39  သို့သော် သင်တို့သည် အခြားသော အကြောင်းအရာများနှင့် စပ်လျဉ်း၍ သိရှိလိုပါလျှင် တရားဝင်အစည်းအဝေးတွင် ဖြေရှင်းနိုင်ကြ၏။-
Acts BurCBCM 19:40  အကြောင်းမူကား ယနေ့ဆူပူလှုပ်ရှားမှု ဖြစ်ရခြင်းအတွက် ငါတို့တွင် ခိုင်လုံသော အကြောင်းပြချက် ပေးစရာ မရှိသောကြောင့် ဤဆူပူလှုပ်ရှားမှုသည် ငါတို့ကြောင့်ဖြစ်ရသည်ဟူ၍ စွပ်စွဲခံရဖွယ်ရှိသည်ဟု ဆိုလေ၏။-
Acts BurCBCM 19:41  မြို့စာရေးသည်လည်း ဤသို့ပြောဆိုပြီးလျှင် လူ အစုအဝေးအား ထိုနေရာမှ ထွက်ခွာသွားစေ၏။
Chapter 20
Acts BurCBCM 20:1  ဆူပူလှုပ်ရှားမှုများ ပြီးဆုံးသွားသောအခါ ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ အားပေးတိုက်တွန်းစကားများ ပြောကြားပြီးလျှင် သူတို့အား နှုတ်ဆက်ကာ မာစီဒိုးနိယပြည်သို့ ထွက်ခွာသွားလေ၏။-
Acts BurCBCM 20:2  သူသည် ထိုအရပ်ဒေသများတွင် လှည့်လည်သွားလာ၍ သူတို့ကို အားပေးစကား များစွာပြောကြားပြီးနောက် ဂရိပြည်သို့ ရောက်လာလေ၏။-
Acts BurCBCM 20:3  သူသည် ထိုအရပ်တွင် သုံးလကြာနေထိုင်ပြီး ဆီးရိယပြည်သို့ သင်္ဘောစီးမည်ပြုစဉ်တွင် ဂျူးလူမျိုးတို့သည် သူ၏အသက်ကို ရန်ရှာရန် လျှို့ဝှက်စွာကြံစည်နေကြသဖြင့် မာစီဒိုးနိယပြည်ကိုဖြတ်၍ ပြန်မည်ဟု ဆုံးဖြတ်လေ၏။-
Acts BurCBCM 20:4  ပေါလုနှင့်အတူ လိုက်ပါသွားကြသောသူများမှာ ဘေးရေယမြို့သား ပီဟု၏သား ဆိုပါတာ၊ သက်ဆာလောနိကမြို့သားများ ဖြစ်ကြသော အာရစ္စတာကုနှင့် ဆေကုန္ဒု၊ ဒေးဘေမြို့သား ဂါးယုနှင့် တီမောသီဦး၊ အာရှပြည်သား တိခိကုနှင့် တြိုဖီမုတို့ ဖြစ်ကြ၏။-
Acts BurCBCM 20:5  ဤသူအားလုံးတို့သည် ထရောမြို့သို့ ကြိုတင်သွားနှင့်ကြ၍ ငါတို့ကို ထိုမြို့မှ စောင့်နေကြ၏။-
Acts BurCBCM 20:6  ငါတို့မူကား တဆေးမပါသော ပေါင်မုန့်ပွဲတော်ပြီးသောအခါ ဖိလိပိမြို့မှ သင်္ဘောစီးလာခဲ့ကြ၍ ငါးရက်ကြာသောအခါ ထရောမြို့၌ရှိသော သူတို့ထံသို့ ရောက်ရှိပြီး ထိုအရပ်၌ ခုနစ်ရက်ကြာနေခဲ့ကြ၏။
Acts BurCBCM 20:7  ခုနစ်ရက်တွင် ပထမနေ့၌ ငါတို့သည် မုန့်ဖဲ့ခြင်းငှာ စုဝေးကြ၏။ ပေါလုသည်လည်း နောက်တစ်နေ့တွင် ခရီးထွက်မည်ဟု ရည်ရွယ်သောကြောင့် ညဉ့်နက်သန်းခေါင်တိုင်အောင် ဟောပြောသွန်သင်လေ၏။-
Acts BurCBCM 20:8  ငါတို့စုဝေးရာ အထက်ခန်းတွင် မီးခွက်များစွာထွန်းညှိထား၏။-
Acts BurCBCM 20:9  ပေါလုသည် ဆက်လက်၍ ဟောပြောနေစဉ် ယုတိကုအမည်ရှိသော လူရွယ်တစ်ဦးသည် ပြတင်းပေါက်ဘောင်ပေါ်တွင် ထိုင်လျက်နေရာမှ အိပ်မောကျသွားပြီးလျှင် အိမ်၏တတိယထပ်မှ မြေပေါ်သို့လိမ့်ကျသွား၍ ထူမကြသောအခါ သူသည် သေဆုံးနေပြီဖြစ်၏။-
Acts BurCBCM 20:10  သို့သော် ပေါလုသည် ဆင်းလာပြီးလျှင် သေဆုံးသူအပေါ်သို့ မိမိကိုယ်ကိုလှဲ၍ ဖက်ထားပြီးမှ မစိုးရိမ်ကြနှင့်၊ သူသည် အသက်ရှင်လျက်ရှိ၏ဟု ဆိုလေ၏။-
Acts BurCBCM 20:11  ထို့နောက် ပေါလုသည် အပေါ်ထပ်သို့ ပြန်တက်သွားကာ မုန့်ကိုဖဲ့၍ စားသုံးပြီးမှ မိုးလင်းသည့်တိုင်အောင် ကြာမြင့်စွာ စကားပြောလေ၏။ ထို့နောက် သူသည် ခရီးထွက်ခွာသွားလေ၏။-
Acts BurCBCM 20:12  ထိုအခါ သူတို့သည် အသက်ရှင်လျက်ရှိသော လူရွယ်ကို ခေါ်ဆောင်လာကြပြီး လွန်စွာပင်စိတ်သက်သာရာ ရကြလေ၏။
Acts BurCBCM 20:13  ငါတို့မူကား သင်္ဘောပေါ်သို့ အရင်ဦးစွာတက်ပြီးလျှင် ပေါလုကိုခေါ်တင်ရမည့် အာဆော့မြို့သို့ ရွက်လွှင့်ကြ၏။ အကြောင်းမူကား သူသည် ထိုမြို့သို့ ကုန်းလမ်းခရီးဖြင့် သွားမည်ဟု ရည်ရွယ်ထားသောကြောင့် ဤကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်၏။-
Acts BurCBCM 20:14  ငါတို့သည် အာဆော့မြို့တွင် သူနှင့်ဆုံကြသောအခါ သူ့ကိုသင်္ဘောပေါ်သို့တက်စေ၍ မိတီလေနေမြို့သို့သွားကြ၏။-
Acts BurCBCM 20:15  ထိုမှတစ်ဖန် ရွက်လွှင့်ကြရာ ငါတို့သည် နောက်တစ်နေ့တွင် ခီးယော့ကျွန်းတစ်ဖက်ကမ်းသို့ ရောက်ကြ၏။ ဒုတိယနေ့တွင် ငါတို့သည် ဆာမော့ကျွန်းသို့ရောက်၍ တစ်ဖန်နောက်တစ်နေ့တွင် မီလက်တုမြို့သို့ရောက်လာကြ၏။-
Acts BurCBCM 20:16  ပေါလုသည် အာရှပြည်တွင် အချိန်မကုန်စေရန် ဧဖက်ဆုမြို့တွင်မနားဘဲ ဆက်လက်ရွက်လွှင့်ရန် ဆုံးဖြတ်ထားလေ၏။ အကြောင်းမူကား သူသည် ဖြစ်နိုင်လျှင် ပင်တေကော့စတေပွဲနေ့အမီ ဂျေရုဆလင်မြို့သို့ ရောက်ရန် စိတ်စောလျက် ရှိသောကြောင့်ဖြစ်၏။
Acts BurCBCM 20:17  ထို့နောက် ပေါလုသည် မီလက်တုမြို့မှ ဧဖက်ဆုမြို့သို့ လူလွှတ်၍ အသင်းတော်၏ သက်ကြီးဝါကြီးများအား မိမိထံသို့ လာကြရန် ခေါ်လိုက်လေ၏။-
Acts BurCBCM 20:18  ဤသို့ဖြင့် သူတို့ရောက်လာကြသောအခါ ပေါလုက သူတို့အား ပြောဆိုသည်ကား ငါသည် အာရှပြည်သို့ ပထမဆုံး ရောက်လာသည့် နေ့မှစ၍ ယခုအချိန်ထိ သင်တို့အကြားတွင် မည်ကဲ့သို့ နေထိုင်ကျင့်ကြံခဲ့သည်ကို သင်တို့သိကြ၏။-
Acts BurCBCM 20:19  ငါသည် နှိမ့်ချခြင်းနှင့် မျက်ရည်တို့ဖြင့်လည်းကောင်း၊ ဂျူးလူမျိုးတို့၏ လုပ်ကြံမှုများကြောင့် ကြုံတွေ့ရသော ဆင်းရဲဒုက္ခ များဖြင့်လည်းကောင်း သခင်ဘုရားကို အစေခံခဲ့၏။-
Acts BurCBCM 20:20  ငါသည် သင်တို့အတွက် အကျိုးရှိစေမည့်အရာ တစ်စုံတစ်ခုကိုမျှ ချန်လှပ်မထားဘဲ လူအများရှေ့၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း သင်တို့အား ဟောပြောသွန်သင်ခဲ့၏။-
Acts BurCBCM 20:21  ငါသည် ဂျူးနှင့်ဂရိလူမျိုး နှစ်မျိုးစလုံးအား နောင်တရ၍ ဘုရားသခင်ထံသို့ ပြန်လာကြစေရန်နှင့် ငါတို့၏သခင် ယေဇူး ခရစ်တော်ကို ယုံကြည်ကြစေရန် ဟောပြောသက်သေခံခဲ့၏။-
Acts BurCBCM 20:22  ယခုမူကား ငါသည် ဝိညာဉ်တော်ကိုနာခံ၍ ဂျေရုဆလင်မြို့သို့ သွားရောက်မည်ဖြစ်ပြီး ထိုအရပ်တွင် ငါ့၌မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်ကို ငါမသိ။-
Acts BurCBCM 20:23  သို့ရာတွင် အကျဉ်းခံရခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့သည် ငါ့ကိုစောင့်နေကြကြောင်း ဝိညာဉ်တော်သည် မြို့တိုင်းတွင် ငါ့ကိုဖော်ပြ သတိပေးတော်မူသည်ကို ငါသိ၏။-
Acts BurCBCM 20:24  သို့သော်လည်း ဘုရားသခင်၏ ကျေးဇူးတော်နှင့်ဆိုင်သော ဧဝံဂေလိသတင်းကောင်းကို သက်သေခံခြင်းငှာ ယေဇူး သခင်ထံမှ ခံယူရရှိသော အမှုတော်နှင့် တာဝန်ကို ပြီးစီးစေရန်အတွက် ငါ၏အသက်ကို ငါတန်ဖိုးမထားပေ။
Acts BurCBCM 20:25  ယခုမူကား ငါသွားလာခဲ့ပြီး နိုင်ငံတော်အကြောင်း ဟောပြောခဲ့ရသော သင်တို့အထဲမှ မည်သူမျှ ငါ၏မျက်နှာကို နောက်တစ်ဖန် ပြန်တွေ့ရလိမ့်မည်မဟုတ်ကြောင်း ငါသိ၏။-
Acts BurCBCM 20:26  ထို့ကြောင့် သင်တို့အားလုံး၏ သွေးနှင့် ငါကင်းလွတ်ကြောင်း ယနေ့၌ပင် သင်တို့အား ငါသက်သေခံပါ၏။
Acts BurCBCM 20:27  အကြောင်းမူကား ငါသည် ဘုရားသခင်၏ညွန်ကြားချက်ကို သင်တို့အား အကုန်အစင်ဟောပြောခဲ့သောကြောင့်ဖြစ်၏။-
Acts BurCBCM 20:28  သို့ဖြစ်၍ သင်တို့သည် မိမိတို့ကိုယ်ကိုလည်းကောင်း၊ သခင်ဘုရားကိုယ်တော်တိုင် မိမိ၏သွေးဖြင့်ရယူထားပြီး ဝိညာဉ်တော်မြတ်က သင်တို့အုပ်ချုပ်ကြရန် အပ်နှံထားသော ကိုယ်တော်၏ သိုးစုတစ်ခုလုံးကိုလည်းကောင်း သတိနှင့်ကြည့်ရှု ကြလော့။-
Acts BurCBCM 20:29  ငါထွက်သွားပြီးနောက် သိုးစုကို မညှာမတာ ကိုက်ဖြတ်စားသောက်တတ်သော ဝံပုလွေတို့သည် သင်တို့အလယ်သို့ ဝင်လာကြမည်ကို ငါသိ၏။-
Acts BurCBCM 20:30  သင်တို့အထဲမှ အချို့တို့သည်လည်း တပည့်တော်များကို သူတို့နောက်သို့ လိုက်စေခြင်းငှာ လွဲမှားသောအရာများကို ပြောဆိုရန် ထွက် ပေါ်လာကြလိမ့်မည်။-
Acts BurCBCM 20:31  ထို့ကြောင့် ငါသည် သုံးနှစ်ပတ်လုံး နေ့ညမပြတ် သင်တို့တစ်ဦးစီကို မျက်ရည်နှင့်သတိ ပေးဆုံးမခဲ့ကြောင်းကို အောက်မေ့လျက် သတိထားကြလော့။-
Acts BurCBCM 20:32  ယခု ငါသည် သင်တို့ကို ဘုရားသခင်ထံတော်သို့လည်းကောင်း၊ ကျေးဇူးတော်ဖြင့်ပြည့်သော ကိုယ်တော်၏ တရားစကားသို့ လည်းကောင်း အပ်နှံပါ၏။ ထိုကျေးဇူးတော်သည် သင်တို့ကိုပျိုးထောင်၍ သန့်ရှင်းသူအပေါင်းတို့ အလယ်တွင် သင်တို့အား အမွေတော်ကို ခံစားစေနိုင်၏။-
Acts BurCBCM 20:33  ငါသည် သူတစ်ပါး၏ရွှေ၊ ငွေနှင့်အဝတ်အစားကို လိုချင်တပ်မက်ခြင်းမရှိခဲ့ပေ။-
Acts BurCBCM 20:34  ငါသည် ဤလက်များဖြင့် ငါကိုယ်တိုင်နှင့် ငါ့အပေါင်းအဖော်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းခဲ့ကြောင်းကို သင်တို့သိကြ၏။-
Acts BurCBCM 20:35  ရယူခြင်းထက် ပေးဆပ်ခြင်းသည် ပို၍မင်္ဂလာရှိ၏ဟူသော ယေဇူးသခင်၏မိန့်မှာချက်ကို အောက်မေ့သတိရလျက် ငါတို့သည် အားနည်းသူတို့အား ကူညီမစရမည့်အကြောင်း ငါသည် အရာရာတိုင်း၌ အားသွန်ခွန်စိုက် လုပ်ဆောင်ခြင်းဖြင့် သင်တို့ကို စံနမူနာပြခဲ့ပြီဟုဆိုလေ၏။
Acts BurCBCM 20:36  ပေါလုသည်လည်း ဤအကြောင်းအရာများကို ပြောဆိုပြီးသောအခါ ဒူးထောက်၍ သူတို့အားလုံးနှင့်အတူ ဆုတောင်းလေ၏။-
Acts BurCBCM 20:37  ထိုသူအားလုံးတို့သည်လည်း ပြင်းထန်စွာ ငိုကြွေးကြပြီး ပေါလုကိုဖက်၍ နမ်းကြ၏။-
Acts BurCBCM 20:38  သူတို့သည် နောက်တစ်ဖန် သူ၏မျက်နှာကို မြင်ကြရတော့မည်မဟုတ်ဟူသော ပေါလု၏စကားမှာ သူတို့အား အဓိကဝမ်းနည်းစေသော အချက်ပင်ဖြစ်၏။ ထို့နောက် သူတို့သည် သူ့အား သင်္ဘောသို့ လိုက်ပါပို့ဆောင်ကြ၏။
Chapter 21
Acts BurCBCM 21:1  ငါတို့သည်လည်း သူတို့အား နှုတ်ဆက်ထွက်ခွာခဲ့ပြီးနောက် ကော့စကျွန်းသို့ တိုက်ရိုက်သင်္ဘောလွှင့်ကြရာ နောက်တစ်နေ့တွင် ရိုဒေကျွန်းသို့ရောက်၍ ထိုမှတစ်ဖန် ပတ္တရာကျွန်းသို့ရောက်ကြ၏။-
Acts BurCBCM 21:2  ထို့နောက် ငါတို့သည် ဖွေနိစိယပြည်သို့သွားမည့် သင်္ဘောတစ်စီးကို တွေ့ကြသဖြင့် ထိုသင်္ဘောကိုစီး၍ ခရီးဆက်ကြ၏။-
Acts BurCBCM 21:3  ငါတို့သည် စိပရုကျွန်းကို လှမ်းမြင်ရသောအခါ ထိုကျွန်း၏ တောင်ဘက်မှဖြတ်၍ ဆီးရိယပြည်သို့ သင်္ဘောလွှင့်ရာ တီရာမြို့တွင် ဆိုက်ကပ်လေ၏။ အကြောင်းမူကား ထိုအရပ်၌ သင်္ဘောသည် ၎င်း၏ကုန်များကို ချရမည်ဖြစ်သော ကြောင့်တည်း။-
Acts BurCBCM 21:4  ငါတို့သည်လည်း တပည့်တော်များနှင့် တွေ့ဆုံကြသဖြင့် ထိုအရပ်တွင် ခုနစ်ရက်ကြာနေထိုင်ကြ၏။ ထိုသူတို့သည်လည်း ပေါလုအား ဂျေရုဆလင်မြို့သို့ ခရီးမဆက်ရန် ဝိညာဉ်တော်အားဖြင့် ပြောကြားကြ၏။-
Acts BurCBCM 21:5  ဤသို့ဖြင့် ထိုအရပ်တွင် နေရမည့်ရက်များ ကုန်ဆုံးသောအခါ ငါတို့သည် ထွက်ခွာ၍ ခရီးဆက်ခဲ့ကြ၏။ ထိုသူအပေါင်း တို့သည်လည်း မိမိတို့၏ သားမယားနှင့်အတူ မြို့ပြင်သို့ရောက်သည်အထိ ငါတို့ကို လိုက်ပို့ကြ၏။ ပင်လယ်ကမ်းနားအနီးသို့ ငါတို့ရောက်ကြသောအခါ ဒူးထောက်၍ ဆုတောင်းကြပြီးမှ အချင်းချင်းနှုတ်ဆက်ခဲ့ကြ၏။-
Acts BurCBCM 21:6  ထို့နောက် ငါတို့သည် သင်္ဘောပေါ်သို့တက်ကြ ၍ သူတို့သည်လည်း အိမ်သို့ပြန်သွားကြ၏။
Acts BurCBCM 21:7  တီရာမြို့မှစတင်သော ငါတို့၏ပင်လယ်ခရီးစဉ် ပြီးဆုံးသောအခါ ငါတို့သည် ပတိုလေမိမြို့သို့ ရောက်သဖြင့် ထိုမြို့မှ ညီအစ်ကိုများကို နှုတ်ဆက်၍ သူတို့နှင့်အတူ တစ်ရက်နေထိုင်ခဲ့ကြ၏။-
Acts BurCBCM 21:8  နောက်တစ်နေ့တွင် ငါတို့သည် ထွက်ခွာခဲ့ကြရာ ဆီဇားရိယမြို့သို့ ရောက်လေ၏။ ငါတို့သည်လည်း အမှုတော်ဆောင် ခုနစ်ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သော ဧဝံဂေလိတရားဟောသူ ဖိလိပု၏အိမ်သို့ဝင်၍ သူနှင့်အတူနေထိုင်ခဲ့ကြ၏။-
Acts BurCBCM 21:9  သူ၌ ပရောဖက်ဉာဏ်ဖြင့် ဟောကြားနိုင်သော သမီးကညာလေးယောက်ရှိလေ၏။-
Acts BurCBCM 21:10  ငါတို့သည် ထိုအိမ်၌ ရက်အတန်ကြာ နေထိုင်လျက်ရှိစဉ် အာဂါဘုအမည်ရှိသော ပရောဖက်တစ်ဦးသည် ဂျူဒေးယပြည်မှ ရောက်လာခဲ့၏။-
Acts BurCBCM 21:11  သူသည် ငါတို့ထံသို့ လာပြီးလျှင် ပေါလု၏ခါးပန်းကိုယူကာ မိမိ၏ခြေနှင့် လက်တို့ကို ချည်နှောင်လျက် ဝိညာဉ်တော်မြတ်က ဤသို့မိန့်တော်မူ၏။ ဂျေရုဆလင်မြို့၌ ဂျူးလူမျိုးတို့သည် ဤခါးပန်းရှင်ကို ယခုကဲ့သို့ ချည်နှောင်ကြ၍ လူမျိုးခြားတို့၏ လက်သို့အပ်နှံကြလိမ့်မည်ဟု ဆိုလေ၏။-
Acts BurCBCM 21:12  ဤစကားကို ငါတို့ ကြားကြသောအခါ ငါတို့နှင့် ထိုအရပ်၌ရှိသော သူတို့သည် ပေါလုကို ဂျေရုဆလင်မြို့သို့ မသွားရန် တောင်းပန်ကြ၏။-
Acts BurCBCM 21:13  ထိုအခါ ပေါလုက သင်တို့သည် အဘယ်ကြောင့်ငိုကြွေးလျက် ငါ၏စိတ်နှလုံးကို ပူဆွေးဝမ်းနည်း စေကြသနည်း။ ငါသည် ယေဇူးသခင်၏ နာမတော်အတွက် ဂျေရုဆလင်မြို့တွင် ဖမ်းဆီးအကျဉ်းချခံရုံသာမက အသက်အသေခံရန်ပင် အဆင့်သင့် ရှိ၏ဟု ပြန်ပြောလေ၏။-
Acts BurCBCM 21:14  ဤသို့ဖြင့် သူ့အား ဖျောင်းဖျ၍ မရသောကြောင့် ငါတို့သည်လည်း ထာ၀ရဘုရားသခင်၏ အလိုတော်အတိုင်း ဖြစ်ပါစေ ဟုဆိုကာ လက်လျှော့လိုက်ကြ၏။
Acts BurCBCM 21:15  ထိုနေ့ရက်များလွန်လျှင် ငါတို့သည် အဆင်သင့်ပြင်ဆင်လျက် ဂျေရုဆလင်မြို့သို့ တက်ကြ၏။-
Acts BurCBCM 21:16  ဆီဇားရိယမြို့မှ တပည့်တော်အချို့သည်လည်း ငါတို့နှင့်အတူ လိုက်ပါလာကြပြီး ပထမဆုံးသော တပည့်တော်တို့တွင် တစ်ဦးအပါအဝင်ဖြစ်သော စိပရုကျွန်းသား မနာစန်၏ နေအိမ်တွင် တည်းခိုရန် ငါတို့ကိုခေါ်ဆောင်သွားကြ၏။
Acts BurCBCM 21:17  ငါတို့သည် ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ ညီအစ်ကိုတို့သည် ငါတို့ကို ဝမ်းသာအားရ ကြိုဆိုလက်ခံခဲ့ကြ၏။-
Acts BurCBCM 21:18  နောက်တစ်နေ့တွင် ပေါလုသည် ငါတို့နှင့်အတူ ယာကုပ်ထံသို့သွားသောအခါ သက်ကြီးဝါကြီး အားလုံးတို့သည်လည်း ထိုနေရာတွင် ရှိနေကြလေ၏။-
Acts BurCBCM 21:19  ပေါလုသည်လည်း ထိုသူတို့ကို နှုတ်ခွန်းဆက်ပြီးနောက် မိမိ၏အမှုတော်ဆောင်ခြင်းအားဖြင့် လူမျိုးခြားတို့အလယ်၌ ဘုရားသခင်လုပ်ဆောင်တော်မူသော အမှုအရာတို့ကို တစ်ခုစီတင်ပြပြောဆိုလေ၏။-
Acts BurCBCM 21:20  သူတို့သည်လည်း ဤအကြောင်းအရာတို့ကို ကြားကြသောအခါ ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြ၏။ ထို့နောက် သူတို့က ပေါလုအား ဆိုကြသည်မှာ ညီငယ်၊ ဂျူးလူမျိုးတို့တွင် ယုံကြည်သူထောင်ပေါင်းများစွာ ရှိပြီးဖြစ်သော်လည်း ထိုသူအားလုံးတို့သည် ပညတ်တရားအတွက် စိတ်အားထက်သန်ကြသော သူများဖြစ်ကြောင်း သင်အသိပင်ဖြစ်၏။-
Acts BurCBCM 21:21  သင်သည် လူမျိုးခြားတို့အလယ်တွင် နေထိုင်ကြသော ဂျူးလူမျိုးများအား သူတို့၏သားများကို အရေဖျားမလှီးရ၊ ရှေးထုံးတမ်းစဉ်လာများကို မလိုက်နာရဟုဆို၍ မိုးဇက်၏ပညတ်တရားကို စွန့်ပယ်ကြစေရန် သွန်သင်ခဲ့သည် ဟူ၍ ဂျူးလူမျိုးတို့သည် သတင်းကြားခဲ့ကြလေပြီ။-
Acts BurCBCM 21:22  သို့ဖြစ်၍ အဘယ်အရာကိုပြုလုပ်ရမည်နည်း။ သင်ရောက်ရှိနေသည်ကို သူတို့အသေအချာ ကြားသိကြပေလိမ့်မည်။-
Acts BurCBCM 21:23  ထို့ကြောင့် သင့်အား ငါတို့ပြောသည့်အတိုင်း ပြုလုပ်ပါလော့။ ငါတို့တွင် ကတိသစ္စာပြုထားသော လူလေးဦးရှိ၏။-
Acts BurCBCM 21:24  ထိုသူတို့ကိုခေါ်သွားပြီးလျှင် သူတို့နှင့်အတူ သင့်ကိုယ်သင် သန့်စင်ခြင်းမင်္ဂလာကို ပြုလုပ်ပါလော့။ သူတို့၏ ဦးခေါင်းရိတ်ခ ငွေကိုလည်း သင်ပေးလော့။ ထိုသို့ပြုလျှင် သင့်အကြောင်း သူတို့ကြားသိထားသော သတင်းစကားများ မမှန်ကန်ဘဲလျက် သင်သည်လည်း ပညတ်တရားကို ကိုယ်တိုင်လိုက်နာ စောင့်ထိန်းနေကြောင်း သူတို့သိကြလိမ့်မည်။-
Acts BurCBCM 21:25  လူမျိုးခြားတို့ထဲမှ ယုံကြည်လာကြသော သူတို့အတွက်မူကား ရုပ်တုရှေ့၌ ပူဇော်သောအရာတို့ကိုလည်းကောင်း၊ သွေးကိုလည်းကောင်း၊ လည်ကိုညှစ်၍သတ်သော တိရစ္ဆာန်အသားတို့ကိုလည်းကောင်း၊ ကာမဂုဏ်လိုက်စားခြင်းကို လည်းကောင်း ရှောင်ကြဉ်ကြရမည်ဟု ငါတို့စီရင်ဆုံးဖြတ်ချက်အတိုင်း စာရေးသားပေးပို့လိုက်ပြီးဖြစ်သည်ဟု ဆိုကြ၏။-
Acts BurCBCM 21:26  ထို့ကြောင့် ပေါလုသည် ထိုလူလေးဦးကိုခေါ်သွားပြီးလျှင် နောက်တစ်နေ့၌ သူတို့နှင့်အတူ သန့်စင်ခြင်းမင်္ဂလာကိုပြုပြီး ဗိမာန်တော်သို့ဝင်၍ သန့်စင်ခြင်းမင်္ဂလာပြုရသည့်နေ့များ ပြီးဆုံးမည့်အချိန်ကိုလည်းကောင်း၊ တစ်ဦးစီအတွက် ပူဇော်သကာ ဆက်ကပ်ရမည့် အချိန်ကိုလည်းကောင်း အသိပေးလေ၏။
Acts BurCBCM 21:27  ခုနစ်ရက်ကာလ ကုန်ဆုံးလုနီးသောအခါ အာရှပြည်မှ ဂျူးလူမျိုးများသည် ဗိမာန်တော်၌ ပေါလုကိုတွေ့မြင်ကြလျှင် လူအစုအဝေးတို့အား လှုံ့ဆော်လျက် သူ့ကို ဖမ်းဆီးသွားကြ၏။-
Acts BurCBCM 21:28  ထိုသူတို့က အစ္စရာအဲလ်လူမျိုးတို့၊ ကူညီကြပါလော့။ ဤသူသည် အရပ်ရပ်သို့သွား၍ ငါတို့လူမျိုးနှင့် ပညတ်တရားကို လည်းကောင်း၊ ဤသန့်ရှင်းရာဌာနကိုလည်းကောင်း ဆန့်ကျင်ဘက်ပြု၍ လူတိုင်းအား သွန်သင်သည်သာမက ဂရိလူမျိုးများ အားလည်း ဗိမာန်တော်သို့ ခေါ်ဆောင်လာ၍ ဤသန့်ရှင်းရာဌာနကို ညစ်ညူးစေပါသည်ဟု ဟစ်အော်ကြ၏။-
Acts BurCBCM 21:29  အကြောင်းမူကား သူတို့သည် မကြာမီအချိန်ကပင် ဧဖက်ဆုမြို့သား တြိုဖီမုကို ပေါလုနှင့်အတူ မြို့ထဲတွင် တွေ့မြင် ခဲ့ကြသဖြင့် ထိုသူ့ကို ဗိမာန်တော်ထဲသို့ ပေါလုက ခေါ်ဆောင်လာခဲ့သည်ဟု ထင်မှတ်သောကြောင့်ဖြစ်၏။
Acts BurCBCM 21:30  တစ်မြို့လုံးသည်လည်း ထိုအချက်ကြောင့် ဆူပူအုံကြွကြပြီးလျှင် လူတို့သည် ပြေးလာ၍ ပေါလုကိုဖမ်းဆီးကာ ဗိမာန်တော် အပြင်သို့ဆွဲထုတ်ပြီး တံခါးများကို ချက်ချင်းပိတ်ထားကြ၏။-
Acts BurCBCM 21:31  သူတို့သည် ပေါလုကိုသတ်ရန် ကြိုးစားနေကြစဉ် ရောမတပ်မှူးသည် ဂျေရုဆလင်မြို့တစ်မြို့လုံး ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ဟု သတင်းကြားလေ၏။-
Acts BurCBCM 21:32  ထိုအခါ သူသည် ချက်ချင်းပင် စစ်သူရဲများနှင့် လူတစ်ရာတပ်မှူးများကိုခေါ်ဆောင်၍ လူအများစုဝေးရာနေရာသို့ အပြေးရောက်လာ၏။ လူအစုအဝေးသည်လည်း ရောမတပ်မှူးနှင့် စစ်သူရဲများကိုမြင်လျှင် ပေါလုအား ရိုက်နှက်နေခြင်းမှ ရပ်လိုက်ကြ၏။-
Acts BurCBCM 21:33  ထိုအခါ တပ်မှူးသည် လာ၍ ပေါလုကိုဖမ်းဆီးပြီးလျှင် သံကြိုးနှစ်ချောင်းဖြင့် သူ့ကိုချည်နှောင်ထားရန် အမိန့်ပေးလေ၏။ ထို့နောက်မှ သူက ဤသူကား မည်သူဖြစ်သနည်း၊ မည်သည့်ပြစ်မှုကို ကျူး လွန်ခဲ့သနည်းဟု မေးမြန်းလေ၏။-
Acts BurCBCM 21:34  လူအစုအဝေးတို့သည်လည်း တစ်ယောက်တစ်မျိုး အော်ဟစ်နေကြစဉ် ဆူညံသံများကြောင့် ရောမတပ်မှူးသည် အဖြစ်မှန်ကိုမသိ နိုင်သဖြင့် ပေါလုကို ခံတပ်အတွင်းသို့ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏။-
Acts BurCBCM 21:35  ပေါလုသည် ခံတပ်၏လှေကားသို့ ရောက်သောအခါ လူအစုအဝေးတို့သည် ကြမ်းကြမ်းတမ်းတမ်း ပြုမူလာကြသောကြောင့် စစ်သူရဲများသည် သူ့ကိုချီမ၍ပင် ခေါ်ဆောင်သွားကြရ၏။-
Acts BurCBCM 21:36  အကြောင်းမူကား ဆူပူနေသော လူအစုအဝေးသည် သူ့ကိုထုတ်လော့ဟု အော်ဟစ်လျက် သူတို့နောက်မှ လိုက်ပါ လာကြသောကြောင့်ဖြစ်၏။
Acts BurCBCM 21:37  ဤသို့ဖြင့် ပေါလုအား ခံတပ်အတွင်းသို့ခေါ်ဆောင် သွားမည်ပြုစဉ် သူက ရောမတပ်မှူးအား သင့်ကို အကျွန်ုပ် စကားပြော ပါရစေဟုဆို၏။ ထိုအခါ တပ်မှူးက သင်သည် ဂရိစကားပြောတတ်သလော။-
Acts BurCBCM 21:38  သို့ဖြစ်လျှင် မကြာသေးမီက ပုန်ကန်ထကြွပြီး သူပုန်လေးထောင်ကို တောကန္တာရသို့ ခေါ်ဆောင်သွားသော အီဂျစ်လူမျိုးမှာ သင်ဖြစ်သည် မဟုတ်လောဟု မေးလေ၏။-
Acts BurCBCM 21:39  ပေါလုကလည်း အကျွန်ုပ်သည် ဂျူးလူမျိုးဖြစ်၍ စီလိစိယပြည်တွင် ထင်ရှားသော တာဆုမြို့သားတစ်ဦး ဖြစ်ပါသည်၊ ကျေးဇူးပြု၍ အကျွန်ုပ်အား ဤသူတို့ကို စကားပြောခွင့်ပေးပါဟုဆို၏။-
Acts BurCBCM 21:40  ရောမတပ်မှူးသည်လည်း သူ့ကိုအခွင့်ပေးသဖြင့် ပေါလုသည် လှေကားထစ်ပေါ်တွင်ရပ်လျက် လူအစုအဝေးအား တိတ်ဆိတ်စွာနေရန် မိမိ၏လက်ဖြင့် အချက်ပြလေ၏။ ဤသို့ဖြင့် ထိုသူအားလုံးတို့သည် အလွန်ပင်တိတ်ဆိတ် သွားကြ သောအခါ သူသည် ဟေဗြေဦးဘာသာစကားဖြင့် ထိုသူတို့အား မြွက်ဆိုလျက်၊
Chapter 22
Acts BurCBCM 22:1  ညီအစ်ကိုများနှင့် ဖခင်တို့၊ သင်တို့ရှေ့ တွင် ယခု အကျွန်ုပ်ပြောဆိုချေပမည့် စကားကို နားထောင်ကြပါလော့ဟုဆို၏။
Acts BurCBCM 22:2  ပေါလုသည် မိမိတို့အား ဟေဗြေဦးဘာသာစကားဖြင့် ပြောသည်ကို ကြားကြသောအခါ သူတို့သည် ပို၍ပင် တိတ်ဆိတ် သွားကြလေ၏။-
Acts BurCBCM 22:3  ပေါလုကလည်း အကျွန်ုပ်သည် ဂျူးလူမျိုးဖြစ်ပြီး စီလိစိယပြည်၊ တာဆုမြို့၌ ဖွားမြင်ခဲ့သော်လည်း ဂျေရုဆလင်မြို့တွင် ကြီးပြင်း၍ ဘိုးဘေးတို့ ၏ပညတ်တရားကို ဂါမာလီအဲလ်၏ခြေရင်း၌ တိကျစွာ လိုက်နာဆည်းပူးခဲ့ပါသည်။ ယနေ့ သင်တို့သည် ဘုရားသခင်အတွက် စိတ်အားထက်သန်ကြသကဲ့သို့ အကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါသည်။-
Acts BurCBCM 22:4  အကျွန်ုပ်သည် ဤလမ်းစဉ်တော်ကို လိုက်နာကြသောသူတို့အား အသေသတ်သည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့၍ ယောက်ျား၊ မိန်းမများကိုလည်း ဖမ်းဆီးထောင်ချခဲ့ပါသည်။-
Acts BurCBCM 22:5  ဤအကြောင်းကို ရဟန်းအကြီးအကဲနှင့် သက်ကြီးဝါကြီးတို့၏ တရားလွှတ်တော်တစ်ခုလုံး သက်သေခံနိုင်ကြပါသည်။ အကျွန်ုပ်သည် သူတို့ထံမှ ဒါမစကုမြို့ရှိ ဂျူးလူမျိုး ညီအစ်ကိုများထံသို့ ရေးပေးလိုက်သော စာများကိုယူ၍ ထိုအရပ်တွင်ရှိသော ဘာသာဝင်တို့ကိုလည်း အပြစ်ဒဏ်ခံစေခြင်းငှာ ဖမ်းဆီးချုပ်နှောင်လျက် ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာရန် ဒါမစကုမြို့သို့ သွားခဲ့ပါ၏။
Acts BurCBCM 22:6  ဤသို့ဖြင့် အကျွန်ုပ်သည် ခရီးသွား၍ ဒါမစကုမြို့အနီးသို့ ရောက်သောအခါ မွန်းတည့်ချိန်ခန့်တွင် ကောင်းကင်မှ တောက်ပသော အလင်းတစ်ခုသည် အကျွန်ုပ်၏ ပတ်လည်တွင် ထွန်းလင်းလေ၏။-
Acts BurCBCM 22:7  အကျွန်ုပ်သည်လည်း မြေပေါ်သို့လဲကျသွားသောအခါ ဆောလု၊ ဆောလု၊ သင်သည် အဘယ်ကြောင့် ငါ့ကိုနှိပ်စက်ညှဉ်းပန်းသနည်းဟု အကျွန်ုပ်အားပြောသော အသံကို ကြားရ၏။-
Acts BurCBCM 22:8  အကျွန်ုပ်က သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်းဟု မေးလျှောက်လျှင် သူက ငါသည် သင်နှိပ်စက်ညှဉ်းပန်း နေသော နာဇရက်မြို့သား ယေဇူးပင်ဖြစ်သည်ဟု မိန့်တော်မူ၏။-
Acts BurCBCM 22:9  အကျွန်ုပ်နှင့်ပါလာသော သူတို့သည် ထိုအလင်းကို မြင်ကြရသော်လည်း အကျွန်ုပ်အား စကားပြောနေသော သူ၏အသံကို မူကား မကြားကြရပေ။-
Acts BurCBCM 22:10  ထိုအခါ အကျွန်ုပ်က သခင်၊ အကျွန်ုပ်သည် မည်သည့်အရာကို ပြုရပါမည်နည်းဟုလျှောက်လျှင် ထိုသခင်က သင်ထ၍ ဒါမစကုမြို့သို့ သွားလော့။ သင်ဆောင်ရွက်ရမည့် အမှုအရာအားလုံးကို သင့်အား ထိုအရပ်တွင် ပြောကြားလိမ့်မည်ဟု မိန့်တော်မူ၏။-
Acts BurCBCM 22:11  အကျွန်ုပ်သည် ထိုအလင်း၏ တောက်ပမှုကြောင့် မျက်စိမမြင်ရတော့သဖြင့် အကျွန်ုပ်နှင့်အတူ ပါလာသောသူတို့သည် အကျွန်ုပ်၏ လက်ကိုဆွဲလျက် ဒါမစကုမြို့သို့ ခေါ်ဆောင်လာခဲ့ကြ၏။
Acts BurCBCM 22:12  ထိုမြို့၌ ပညတ်တရားအတိုင်း ကျင့်ကြံနေထိုင်၍ ဒါမစကုမြို့ရှိ ဂျူးလူမျိုးတို့၏ လေးစားမှုကို ခံရသည့် အာနာနိယ အမည်ရှိသော သူတစ်ယောက်သည်၊-
Acts BurCBCM 22:13  အကျွန်ုပ်ထံသို့ လာပြီးလျှင် အနီးတွင်ရပ်လျက် ညီတော်ဆောလု၊ မျက်စိအလင်းကို ခံယူလော့ဟု အကျွန်ုပ်အား ဆို၏။ ထိုအချိန်နာရီ၌ပင် အကျွန်ုပ်သည် မျက်စိအလင်းရ၍ သူ့ကို မြင်ရ၏။-
Acts BurCBCM 22:14  ထိုအခါ သူက ငါတို့ဘိုးဘေးတို့၏ ဘုရားသခင်သည် မိမိ၏အလိုတော်ကို သိစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်၏ ဖြောင့်မတ်သောသူကို ဖူးမြင်စေခြင်းငှာလည်းကောင်း၊ ထိုသခင်၏ အသံကိုလည်း ကြားစေခြင်းငှာလည်းကောင်း သင့်ကို ရွေးချယ်တော်မူလေပြီ။-
Acts BurCBCM 22:15  အကြောင်းမူကား သင်သည် မိမိမြင်ရကြားရသော အရာများကို လူအပေါင်းတို့ရှေ့တွင် ထိုသခင်အတွက် သက်သေခံ ဖြစ်ရလိမ့်မည်။-
Acts BurCBCM 22:16  သို့ဖြစ်၍ အဘယ်ကြောင့် ဆိုင်းငံ့နေသနည်း။ ထ၍ ဆေးကြောခြင်းကို ခံယူလော့။ ကိုယ်တော်၏ နာမတော်၌ တောင်းလျှောက်လျက် သင်၏အပြစ်များကို ဆေးကြောပါလော့ဟုဆို၏။
Acts BurCBCM 22:17  အကျွန်ုပ်သည်လည်း ဂျေရုဆလင်မြို့သို့ ပြန်လာပြီးနောက် ဗိမာန်တော်တွင် ဆုတောင်းနေစဉ် ဗျာဒိတ်ရူပါရုံ တစ်ခုကိုမြင်ရ၏။-
Acts BurCBCM 22:18  ထိုရူပါရုံထဲ၌ အကျွန်ုပ်သည် သခင်ဘုရားကို ဖူးတွေ့ရ၏။ ကိုယ်တော်က အကျွန်ုပ်အား သင်သည် နှောင့်နှေးခြင်းမရှိဘဲ ဂျေရုဆလင်မြို့မှ အလျင်အမြန် ထွက်ခွာသွားလော့။ အကြောင်းမူကား ဤမြို့သားတို့သည် ငါ့အကြောင်း သင်သက်သေခံသော စကားများကို လက်ခံကြလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။-
Acts BurCBCM 22:19  ထိုအခါ အကျွန်ုပ်က သခင်ဘုရား၊ အကျွန်ုပ်သည် တရားဇရပ်တိုင်းသို့သွား၍ ကိုယ်တော့်ကို ယုံကြည်သောသူများအား ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း သူတို့သိကြပါသည်။-
Acts BurCBCM 22:20  ကိုယ်တော်၏ သက်သေခံ စတေဖနုကို သတ်ကြသောအခါ အကျွန်ုပ်သည်လည်း အနား၌ရပ်နေလျက် သဘောတူ ထောက်ခံခဲ့၍ သူ့အား သတ်ကြသောသူတို့၏ ဝတ်ရုံများကို သိမ်းထားပေးခဲ့ပါသည်ဟု ပြန်လျှောက်ခဲ့၏။-
Acts BurCBCM 22:21  ထိုအခါ ကိုယ်တော်က အကျွန်ုပ်အား သွားလော့၊ ငါသည် ရပ်ဝေးတွင်ရှိသော လူမျိုးခြားတို့ထံသို့ သင့်ကိုစေလွှတ် မည်ဟူ၍ မိန့်တော်မူသည်ဟု ဆိုလေ၏။
Acts BurCBCM 22:22  ထိုသူတို့သည်လည်း သူ၏စကားကို ဤမျှအထိ နားထောင်ကြပြီးနောက် မိမိတို့၏ အသံကိုမြှင့်လျက် ဤ ကဲ့သို့သောသူကို ကမ္ဘာမြေပေါ်မှ ထုတ်ပယ်ကြလော့။ အကြောင်းမူကား သူသည် အသက်မရှင်ထိုက်ဟု အော်ဟစ်ကြလေ၏။-
Acts BurCBCM 22:23  ဤသို့ဖြင့် သူတို့သည် အော်ဟစ်ကြ၍ မိမိတို့၏အဝတ်များကို ဝှေ့ယမ်းကာ မြေမှုန့်များကို လေထဲသို့ ပစ်ပေါက်ကြစဉ်တွင်၊-
Acts BurCBCM 22:24  ရောမတပ်မှူးသည် ပေါလုအား ခံတပ်အတွင်းသို့ ခေါ်ဆောင်သွားစေပြီး လူတို့သည် အဘယ်ကြောင့် သူ့ကိုဆန့်ကျင်၍ ဤကဲ့သို့အော်ဟစ် ကြကြောင်းကို ရိုက်နှက်စစ်ဆေးရန် အမိန့်ပေးလေ၏။-
Acts BurCBCM 22:25  သို့သော် သူတို့သည် သူ့ကိုသားရေကြိုးဖြင့် ချည်နှောင်ကြပြီးသောအခါ ပေါလုက မိမိအနီးတွင် ရပ်နေသော လူတစ်ရာတပ်မှူးအား သင်သည် ရောမနိုင်ငံသားတစ်ဦးကို တရားစီရင်ခြင်းမပြုဘဲ ရိုက်နှက်ပါက တရားဥပဒေနှင့် ကိုက်ညီပါ သလောဟု မေးလေ၏။-
Acts BurCBCM 22:26  လူတစ်ရာတပ်မှူးသည်လည်း ထိုစကားကိုကြားလျှင် ရောမတပ်မှူးထံသို့ သွား၍ သင်မည်သို့ပြုမည်နည်း၊ ဤသူသည် ရောမနိုင်ငံသားဖြစ်သည်ဟု သူ့အား ဆိုလေ၏။-
Acts BurCBCM 22:27  ထိုအခါ ရောမတပ် မှူးသည် လာ၍ ပေါလုအား သင်သည် ရောမနိုင်ငံသား ဖြစ်သလော၊ ငါ့အား ပြောပါဟုဆိုလျှင် ပေါလုက ဟုတ်ပါသည်ဟု ဆိုလေ၏။-
Acts BurCBCM 22:28  ရောမတပ်မှူးကလည်း ငါသည် ရောမနိုင်ငံသားဖြစ်ရန် ငွေအမြောက်အမြားပေး၍ ဝယ်ယူခဲ့ရသည်ဟု ဆိုလျှင် ပေါလုက အကျွန်ုပ်သည် ရောမနိုင်ငံသားအဖြစ် မွေးဖွားလာခဲ့ပါသည်ဟု ပြန်ပြောလေ ၏။-
Acts BurCBCM 22:29  သို့ဖြစ်၍ သူ့ကို စစ်ဆေးမေးမြန်းမည့် သူတို့သည် ချက်ချင်းနောက်သို့ ဆုတ်သွားကြ၍ ရောမတပ်မှူးသည်လည်း ကြောက်ရွံ့တုန်လှုပ်လေ၏။ အကြောင်းမူကား ပေါလုသည် ရောမနိုင်ငံသားဖြစ်သည်ကိုလည်းကောင်း၊ မိမိသည် သူ့အား သံကြိုးနှင့် ချည်နှောင်မိသည်ကိုလည်းကောင်း သတိပြုမိသောကြောင့်ဖြစ်၏။
Acts BurCBCM 22:30  သို့ရာတွင် သူသည် ပေါလုကို ဂျူးလူမျိုးများက စွပ်စွဲ ပြစ်တင်ကြသည့်အကြောင်းရင်းကို သိလို၍ နောက်တစ်နေ့တွင် သူ့ကိုချည်နှောင်ထားသော ကြိုးမှဖြေလွှတ်ပြီး ရဟန်းအကြီးအကဲနှင့် ဘာသာရေးလွှတ်တော် တစ်ဖွဲ့လုံးကို စုဝေးစေရန် အမိန့်ပေးလေ၏။ ထို့နောက် သူသည် ပေါလုကိုခေါ်ဆောင်လာပြီး သူတို့ရှေ့တွင် ထားလေ၏။
Chapter 23
Acts BurCBCM 23:1  ပေါလုသည်လည်း ဘာသာရေးလွှတ်တော် အဖွဲ့ဝင်များကို စေ့စေ့ကြည့်လျက် ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့ထက်တိုင် ဘုရားသခင်၏ ရှေ့တော်၌ အပြစ်ကင်းလွတ်သော စိတ်သဘောဖြင့် နေထိုင်ကျင့်ကြံခဲ့ပါသည်ဟု ဆိုလေ၏။-
Acts BurCBCM 23:2  ထိုအခါ ရဟန်းအကြီးအကဲ အာနာနိယသည် အနီးတွင်ရပ်နေကြသော သူတို့အား ပေါလု၏နှုတ်ကိုရိုက်ရန် အမိန့်ပေးလေ၏။-
Acts BurCBCM 23:3  ထိုအခါ ပေါလုက အသင် ထုံးဖြူသုတ်ထားသော အုတ်တံတိုင်း၊ ဘုရားသခင်သည် သင့်ကိုရိုက်လိမ့်မည်။ သင်သည် ပညတ်တရားနှင့်အညီ အကျွန်ုပ်ကိုစီရင်ရန် ထိုနေရာတွင် ထိုင်နေပါလျက်နှင့် အကျွန်ုပ်ကိုရိုက်နှက်ရန် စေခိုင်းခြင်းအားဖြင့် ပညတ်တရားကို ချိုးဖောက်လေပြီဟုဆို၏။-
Acts BurCBCM 23:4  အနီးတွင်ရပ်နေကြသော သူတို့က သင်သည် ဘုရားသခင်၏ ရဟန်းအကြီးအကဲကို စော်ကားဝံ့ပါသလောဟု သူ့အား ဆိုကြ၏။-
Acts BurCBCM 23:5  ထိုအခါ ပေါလုက ညီအစ်ကိုတို့၊ ထိုသူသည် ရဟန်းအကြီးအကဲဖြစ်ကြောင်း အကျွန်ုပ်မသိပါ။ အကြောင်းမူကား သင်၏လူမျိုးကို အုပ်စိုးသောမင်းအား မကောင်းမပြောရဟု ကျမ်းစာတော်မြတ်တွင် ရေးထားလျက် ရှိသောကြောင့် ဖြစ်ပါသည်ဟု ဆိုလေ၏။
Acts BurCBCM 23:6  သို့သော် ထိုသူတို့တွင် အချို့တို့သည် ဖာရီဇေးဦးများဖြစ်ကြ၍ အချို့တို့သည် ဇာဒူခေးဦးများဖြစ်ကြောင်းကို ပေါလုသတိပြုမိသောအခါ သူက အစ္စရာအဲလ်လူမျိုး ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရီဇေးဦးဖြစ်ပါသည်။ ဖာရီဇေးဦး၏ သားလည်းဖြစ်ပါသည်။ သေသူတို့သည် ရှင်ပြန်ထမြောက်ရမည်ဟု မျှော်လင့်ခြင်းကြောင့် အကျွန်ုပ်သည် ဤနေရာ၌ စစ်ဆေးစီရင်ခြင်းကို ခံနေရပါသည်ဟု ဘာသာရေးလွှတ်တော်အဖွဲ့ရှေ့တွင် ကြွေးကြော်လေ၏။-
Acts BurCBCM 23:7  သူသည် ထိုစကားကို ပြောဆိုပြီးသောအခါ ဖါရီဇေးဦးများနှင့် ဇာဒူခေးဦးတို့သည် အပြင်းအထန် သဘောကွဲလွဲကြပြီး ဘာသာရေးလွှတ်တော်အဖွဲ့သည် နှစ်ဖွဲ့ကွဲသွားလေ၏။-
Acts BurCBCM 23:8  အကြောင်းမူကား ဇာဒူခေးဦးတို့က သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်တမန်တော်နှင့် နာမ်ဝိညာဉ်တို့မရှိဟု ပြောဆိုကြသောကြောင့်ဖြစ်၏။ ဖာရီဇေးဦးတို့မူကား ဤသုံးပါးစလုံးရှိသည်ဟု ယုံကြည်လက်ခံထားကြ၏။-
Acts BurCBCM 23:9  ထို့နောက် ဆူညံသံများ ပိုမိုကျယ်လောင်လာပြီး ဖာရီဇေးဦးတို့၏ အဖွဲ့တွင်ပါဝင်သော ကျမ်းတတ်ဆရာအချို့တို့သည် ထကြ၍ ငါတို့သည် ဤသူ၌ မည်သည့်အပြစ်ကိုမျှမတွေ့။ သူ့အား နာမ်ဝိညာဉ်ကဖြစ်စေ၊ ကောင်းကင်တမန်တော်တစ်ပါးက ဖြစ်စေ ဗျာဒိတ်ပေးကောင်း ပေးခဲ့ပေလိမ့်မည်ဟု ငြင်းခုံပြောဆိုကြ၏။-
Acts BurCBCM 23:10  ဤသို့ဖြင့် သဘောထားကွဲလွဲမှု ပြင်းထန်လာသောအခါ ပေါလုအား အပိုင်းပိုင်းဆွဲဖြတ်ကြမည်ကို ရောမတပ်မှူးသည် စိုးရိမ်သောကြောင့် စစ်သူရဲများကို ဆင်းသွားစေ၍ ပေါလုကို ထိုသူတို့အလယ်မှ အတင်းအကျပ် ခေါ်ဆောင်လာစေပြီး ခံတပ်အတွင်းသို့ပို့ရန် အမိန့်ပေးလေ၏။
Acts BurCBCM 23:11  ထိုည၌ သခင်ဘုရားသည် ပေါလုအနီးတွင်ရပ်နေလျက် မကြောက်နှင့်၊ သင်သည် ဂျေရုဆလင်မြို့ ၌ ငါ၏အကြောင်းကို သက်သေခံခဲ့သည့်နည်းတူ ရောမမြို့တွင်လည်း သက်သေခံရမည်ဟု မိန့်တော်မူ၏။
Acts BurCBCM 23:12  နောက်တစ်နေ့နံနက်တွင် အချို့သောဂျူးလူမျိုးတို့ သည် စုဝေးကြလျက် ပေါလုကို မသတ်ရမချင်း မစားမသောက်ကြရန် အဓိဋ္ဌာန်ပြုကြလေ၏။-
Acts BurCBCM 23:13  ထိုသို့လျှို့ဝှက်ကြံစည်သူတို့မှာ အယောက်လေးဆယ်ကျော်ရှိကြ၏။-
Acts BurCBCM 23:14  ထိုသူတို့သည် ရဟန်းအကြီးအကဲများနှင့် သက်ကြီးဝါကြီးတို့ထံ သွားကြ၍ အကျွန်ုပ်တို့သည် ပေါလုကို မသတ်ရမချင်း မည်သည့်အရာကိုမျှ မစားကြရန် အဓိဋ္ဌာန်ပြုပြီး ဖြစ်ပါ၏။-
Acts BurCBCM 23:15  သို့ဖြစ်ပါ၍ ယခုအရှင်တို့နှင့် လွှတ်တော်အရာရှိများသည် ပေါလု၏အမှုကို ပို၍တိကျစွာ စစ်ဆေးလိုဟန်ဖြင့် သူ့ကိုအရှင်တို့ထံသို့ ခေါ်ဆောင်လာပါရန် ရောမတပ်မှူးအား အကြောင်းကြားပါလော့။ သို့ရာတွင် အရှင်တို့ထံသို့ သူမရောက်မီ အကျွန်ုပ်တို့သည် သူ့ကိုသတ်ရန် အသင့်စောင့်နေကြပါမည်ဟု လျှောက်ကြ၏။
Acts BurCBCM 23:16  ထိုသို့လမ်းမှ ဆီးကြိုတိုက်ခိုက်မည့်အကြံကို ပေါလု၏တူဖြစ်သူ ကြားသိသွားသောအခါ သူသည်လာ၍ ခံတပ်အတွင်းသို့ ဝင်ပြီး ပေါလုအား ပြောပြလေ၏။-
Acts BurCBCM 23:17  ထိုအခါ ပေါလုသည် လူတစ်ရာတပ်မှူးတစ်ဦးကိုခေါ်၍ ဤလူရွယ်ကို တပ်မှူးထံပို့ပေးပါ။ သူ၌ တပ်မှူးအား သတင်း ပေးစရာရှိပါသည်ဟု ဆိုလေ၏။-
Acts BurCBCM 23:18  သို့ဖြစ်၍ လူတစ်ရာတပ်မှူးသည် ထိုလူရွယ်ကို တပ်မှူးထံသို့ခေါ်သွားပြီးလျှင် အကျဉ်းသားပေါလုသည် အကျွန်ုပ်ကိုခေါ်၍ ဤလူငယ်၌ အရှင့်အား သတင်းပေးစရာရှိသည့်အတွက် သူ့ကို အရှင့်ထံသို့ ပို့ပေးပါမည့်အကြောင်း တောင်းဆိုခဲ့ပါသည်ဟု ဆိုလေ၏။-
Acts BurCBCM 23:19  ထိုအခါ ရောမတပ်မှူးသည် လူရွယ်၏လက်ကိုဆွဲ၍ ဘေးဘက်သို့ ခေါ်သွားပြီးလျှင် သင်သည် ငါ့အား မည်သည့် အကြောင်းကိစ္စကို တင်ပြလိုသနည်းဟု သီးခြားမေးလေ၏။-
Acts BurCBCM 23:20  ထိုလူရွယ်ကလည်း ဂျူးလူမျိုးတို့သည် ပေါလု၏အမှုကို ပို၍တိကျစွာ စုံစမ်းစစ်ဆေးလိုဟန်ဖြင့် ပေါလုကို မနက်ဖြန်နေ့၌ တရားရုံးသို့ ခေါ်ဆောင်လာရန် အရှင့်အား တောင်းပန်ကြမည်ဟု တိုင်ပင်ထားကြပါ၏။-
Acts BurCBCM 23:21  သို့သော် သူတို့အား မလိုက်လျောပါနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ လူလေးဆယ်ကျော်ခန့်သည် လမ်းတွင် ချောင်းမြောင်းတိုက်ခိုက်ရန် စောင့်လျက်ရှိကြပါသည်။ ထိုသူတို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ဘဲနေကြရန် အဓိဋ္ဌာန်ပြုထားကြပါသည်။ ထိုသူတို့သည် ပေါလုကိုသတ်ရန် ယခုပင် အသင့်ပြင်ဆင်ကာ အရှင်၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြပါသည်ဟု ဆိုလေ၏။-
Acts BurCBCM 23:22  ရောမတပ်မှူးကလည်း သင်သည် ငါ့အား ဤသတင်းကို ပေးပို့ခဲ့ကြောင်း မည်သူ့ကိုမျှ မပြောနှင့်ဟုဆို၍ လူရွယ်ကို ပြန်လွှတ်လိုက်လေ၏။
Acts BurCBCM 23:23  ထို့နောက် ရောမတပ်မှူးသည် လူတစ်ရာတပ်မှူး နှစ်ယောက်ကိုခေါ်၍ ပြောသည်မှာ ယနေ့ည ကိုးနာရီတွင် ဆီဇားရိယမြို့သို့ ထွက်ခွာရန် စစ်သူရဲနှစ်ရာ၊ မြင်းစီးသူရဲခုနစ်ဆယ်နှင့် လှံကိုင်သူရဲနှစ်ရာတို့ကို အဆင်သင့်ပြင်ဆင်ထားလော့။-
Acts BurCBCM 23:24  ပေါလုစီးရန်မြင်းကိုလည်း ပြင်ထား၍ သူ့ကို ဖေလစ်မင်းထံသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးကြလော့ဟု အမိန့်ပေးလေ၏။-
Acts BurCBCM 23:25  ထို့နောက် ရောမတပ်မှူးသည် ဘုရင်ခံထံသို့ စာတစ်စောင်ကိုလည်း ရေးပေးလိုက်လေ၏။
Acts BurCBCM 23:26  ထိုစာတွင် ရေးထားသည်ကား ကလောဒီဦးလစ္စီယထံမှ ရိုသေလေးစားအပ်သော ဘုရင်ခံဖေလစ်ထံသို့ နှုတ်ခွန်းဆက်သ လိုက်ပါသည်။-
Acts BurCBCM 23:27  ဂျူးလူမျိုးတို့သည် ဤသူ့ကိုဖမ်းဆီး၍ သတ်မည်ပြုကြပါသည်။ သို့သော် သူသည် ရောမနိုင်ငံသားဖြစ်ကြောင်း အကျွန်ုပ်ကြားသိရ သောကြောင့် စစ်သူရဲများနှင့်အတူ သွားပြီးလျှင် သူ့ကို ကယ်ဆယ်ထားခဲ့ပါသည်။-
Acts BurCBCM 23:28  အကျွန်ုပ်သည် သူ့ကို ဂျူးလူမျိုးတို့က မည်သို့သောစွဲချက်ဖြင့် အပြစ်တင်ကြသည်ကို သိလိုသဖြင့် သူတို့၏တရားရုံးသို့ ခေါ်ဆောင်သွားခဲ့ပါ သည်။-
Acts BurCBCM 23:29  သူသည် ထိုသူတို့၏ပညတ်တရားနှင့်ဆိုင်သော ပြဿနာများဖြင့် စွဲချက်တင်ခံရခြင်းဖြစ်သော်လည်း သေဒဏ်၊ သို့မဟုတ် ထောင်ဒဏ်ခံထိုက်သော အပြစ်တစ်စုံတစ်ရာ မရှိကြောင်း အကျွန်ုပ်တွေ့ရှိခဲ့ပါ၏။-
Acts BurCBCM 23:30  ထို့နောက် သူ့ကိုလုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေကြသည့် သတင်းကိုရရှိသဖြင့် အကျွန်ုပ်သည် သူ့ကို အရှင့်ထံသို့ ယခုချက်ချင်း စေလွှတ်လိုက်ပါသည်။ သူ့ကိုစွပ်စွဲအပြစ်တင် သူများအားလည်း သူနှင့်ပတ်သက်၍ ပြောရန်ရှိသည်တို့ကို အရှင်၏ရှေ့မှောက်၌ လျှောက်ထားစေခြင်းငှာ အကျွန်ုပ် ညွန်ကြားလိုက်ပါသည်။ ကျန်းမာပါစေဟူ၍ ပါရှိလေ၏။
Acts BurCBCM 23:31  သို့ဖြစ်၍ စစ်သူရဲတို့သည် အမိန့်အတိုင်း ထိုညတွင် ပေါလုကို အန္တီပတ္ထရစ်မြို့အထိပို့ဆောင်ကြ၏။-
Acts BurCBCM 23:32  နောက်တစ်နေ့တွင် သူတို့သည် ခံတပ်သို့ပြန်လာခဲ့ကြပြီး မြင်းစီးသူရဲများကိုမူ ပေါလုနှင့်အတူ ဆက်လက်လိုက်ပါသွားရန် ထားခဲ့ကြ၏။-
Acts BurCBCM 23:33  ဤသို့ဖြင့် ထိုသူတို့သည် ဆီဇားရိယမြို့သို့ ရောက်ကြသောအခါ တပ်မှူး၏စာကို ဘုရင်ခံထံ ဆက်သကြကာ ပေါလုကိုလည်း ရှေ့တော်သို့သွင်းကြ၏။-
Acts BurCBCM 23:34  ဘုရင်ခံသည်လည်း စာကိုဖတ်ပြီးမှ သင်သည် မည်သည့်နယ်မှ လာသနည်းဟု ပေါလုကို မေးလေ၏။ ပေါလုသည် စီလိစိယနယ်မှ လာကြောင်း သူသိရသောအခါ၊-
Acts BurCBCM 23:35  ဘုရင်ခံက သင့်ကိုစွပ်စွဲသူများ ရောက်လာကြသောအခါ သင်၏အမှုကို ငါကြားနာမည်ဟုဆို၏။ ထို့နောက် သူသည် ပေါလုကို ဟေရုဒ်၏ နန်းတော်အတွင်း၌ အစောင့်အကြပ်နှင့်ထားရန် အမိန့်ပေးလေ၏။
Chapter 24
Acts BurCBCM 24:1  ငါးရက်လွန်သောအခါ ရဟန်းအကြီးအကဲ အာနာနိယသည် သက်ကြီးဝါကြီးအချို့တို့ လိုက်ပါလျက် တေတုလုအမည်ရှိသော ရှေ့နေတစ်ယောက်နှင့်အတူ ရောက်ရှိလာလေ၏။ သူတို့သည်လည်း ဘုရင်ခံဖေလစ်မင်း၏ ရှေ့တော်၌ ပေါလုကို စွဲချက် တင်ကြ၏။-
Acts BurCBCM 24:2  ထို့နောက် ပေါလုကို ရှေ့တော်သို့ဆင့်ခေါ်ပြီးသောအခါ တေတုလုသည် သူ့ကို စတင်စွပ်စွဲလျက် လျှောက်ထားသည်မှာ၊ သခင်၏ဘုန်းတော်ကြောင့် အကျွန်ုပ်တို့သည် အလွန်ငြိမ်းချမ်းသာယာစွာ နေထိုင်ကြရပါသည်။ သခင်၏ အမြော်အမြင် ကြီးမားမှုကြောင့် ဤလူမျိုးအတွက် လိုအပ်သော အသစ်ပြုပြင်ပြောင်းလဲမှုများလည်း ဖြစ်ပေါ်လျက်ရှိပါ၏။-
Acts BurCBCM 24:3  ဤဆောင်ရွက်ချက်များကို အကျွန်ုပ်တို့သည် အရပ်ရပ်တိုင်း၌ အစဉ်အမြဲကြိုဆိုကြလျက် အထူးကျေးဇူးတင်ရှိကြပါသည်။-
Acts BurCBCM 24:4  အချိန်မကြန့်ကြာစေလိုသဖြင့် အကျွန်ုပ်တို့ အကျဉ်းချုပ် တင်ပြလျှောက်ထားမည့်စကားကို သည်းခံပြီး နားထောင်ပါရန် ပန်ကြားအပ်ပါသည်။-
Acts BurCBCM 24:5  ဤသူသည် အနှောင့်အယှက်ပေးတတ်သောသူဖြစ်၍ ကမ္ဘာပေါ်ရှိ ဂျူးလူမျိုးအပေါင်းတို့အကြားတွင် စိတ်ဝမ်းကွဲပြားစေရန် ဖန်တီးလှုံ့ဆော်ခဲ့ပါသည်။ သူသည် နာဇရက်ဂိုဏ်းသားတို့၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါသည်။-
Acts BurCBCM 24:6  သူသည် ဗိမာန်တော်ကိုပင် မရိုမသေပြုရန် ကြိုးစားခဲ့သောကြောင့် အကျွန်ုပ်တို့သည် သူ့ကိုဖမ်းဆီး၍ အကျွန်ုပ်တို့၏ ပညတ်တရားအတိုင်း စစ်ဆေးစီရင်ရန် အလိုရှိခဲ့သော်လည်း၊-
Acts BurCBCM 24:7  တပ်မှူးလစ္စီယသည် သူ့ကို အကျွန်ုပ်တို့လက်မှ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ပြီး၊-
Acts BurCBCM 24:8  သူ့ကိုစွပ်စွဲသောသူများကိုလည်း သခင့်ရှေ့မှောက်သို့လာကြရန် အမိန့်ပေးခဲ့ပါသည်။ သခင်ကိုယ်တိုင် သူ့ကို စစ်ဆေး မေးမြန်းပါလျှင် သူ့အား အကျွန်ုပ်တို့ စွပ်စွဲသောအချက်များ အားလုံးကို သူ့ထံမှ သခင်သိရှိနိုင်ပါလိမ့်မည်ဟု လျှောက်လေ၏။
Acts BurCBCM 24:9  ဂျူးလူမျိုးများကလည်း ဤအကြောင်းအရာများသည် ဟုတ်မှန်ပါသည်ဟု ဆိုကြလျက် ပေါလုကိုဝိုင်း၍ စွပ်စွဲပြောဆိုကြ၏။
Acts BurCBCM 24:10  ထို့နောက် ဘုရင်ခံသည် ပေါလုအား စကားပြောရန် လက်ရိပ်ပြသဖြင့် သူက သခင်သည် ဤလူမျိုးအပေါ် နှစ်ပေါင်းများစွာ တရားစီရင်ခဲ့ကြောင်း အကျွန်ုပ်သိရသဖြင့် အကျွန်ုပ်သည် သခင့်ရှေ့တော်၌ မိမိကိုယ်ကို အပြစ်မရှိကြောင်း ချေပပြောဆိုရသည့် အခွင့်အရေးအတွက် ဝမ်းမြောက်ပါ၏။-
Acts BurCBCM 24:11  အကျွန်ုပ်သည် ဘုရားဝတ်ပြုရန် ဂျေရုဆလင်မြို့သို့ရောက်ခဲ့သည်မှာ တစ်ဆယ့်နှစ်ရက်သာ ရှိပါသေးသည်။ ဤအကြောင်းကို သခင်ကိုယ်တိုင် စုံစမ်းသိရှိနိုင်ပါသည်။-
Acts BurCBCM 24:12  အကျွန်ုပ်သည် တစ်စုံတစ်ယောက်နှင့် အငြင်းပွားခြင်း၊ သို့မဟုတ် လူအများဆူပူရန် သွေးထိုးလှုံ့ဆော်ခြင်းကို ဗိမာန်တော်၌လည်းကောင်း၊ မြို့တွင်း၌လည်းကောင်း၊ တရားဇရပ်များ၌လည်းကောင်း ပြုလုပ်ခဲ့ကြောင်း သူတို့မတွေ့ခဲ့ကြပါ။-
Acts BurCBCM 24:13  ယခု အကျွန်ုပ်အား စွပ်စွဲပြောဆိုကြသည့် အချက်များကိုလည်း သခင့်ထံ၌ သူတို့ သက်သေမပြနိုင်ကြပါ။-
Acts BurCBCM 24:14  သို့သော် ဂိုဏ်းဟူ၍ သူတို့ခေါ်ဝေါ်ကြသော တရားလမ်းတော်နှင့်အညီ အကျွန်ုပ်သည် ဘိုးဘေးတို့၏ ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုကြောင်း သခင်၏ရှေ့မှောက်၌ အကျွန်ုပ်ဝန်ခံပါသည်။ ပညတ်တရားကျမ်းများ၌ ပြဋ္ဌာန်းထားသမျှနှင့် ပရောဖက်ကျမ်းများ၌ ရေးထားသမျှ အားလုံးကိုလည်း အကျွန်ုပ်ယုံကြည်ပါသည်။-
Acts BurCBCM 24:15  ဖြောင့်မတ်သောသူနှင့် မဖြောင့်မတ်သောသူတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍ သူတို့ကိုယ်တိုင် မျှော်လင့်ကြသည့်နည်းတူ အကျွန်ုပ်သည်လည်း ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်ပါ၏။-
Acts BurCBCM 24:16  သို့ဖြစ်၍ အကျွန်ုပ်သည် ဘုရားသခင်၏ရှေ့တော်၌လည်းကောင်း၊ လူတို့ရှေ့၌လည်းကောင်း အပြစ်ကင်းလွတ်သော စိတ်သဘောရှိရန် အစဉ်ကြိုးစားအားထုတ်ပါ၏။
Acts BurCBCM 24:17  ယခု နှစ်ပေါင်းများစွာကြာပြီးမှ အကျွန်ုပ်သည် မိမိလူမျိုးအား ကူညီထောက်ပံ့ရန်နှင့် ဘုရားသခင်အား ပူဇော်သကာ ဆက်ကပ်ရန် ငွေများနှင့်အတူ ဂျေရုဆလင်မြို့သို့ ပြန်ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။-
Acts BurCBCM 24:18  အကျွန်ုပ်သည်လည်း ဤအတိုင်းလုပ်ဆောင်လျက် ဗိမာန်တော်၌ စင်ကြယ်ခြင်းဝတ်ကို ပြုလုပ်စဉ် ထိုသူတို့သည် အကျွန်ုပ်ကို တွေ့ ကြခြင်းဖြစ်ပါ၏။ ထိုအချိန်၌ အကျွန်ုပ်နှင့်အတူ လူအစုအဝေးလည်းမရှိပါ။ ဆူပူလှုပ်ရှားမှုလည်း မဖြစ်ခဲ့ပါ။-
Acts BurCBCM 24:19  သို့ရာတွင် အာရှပြည်မှလာသော ဂျူးလူမျိုးအချို့သည် ထိုနေရာ၌ ရှိကြပါ၏။-
Acts BurCBCM 24:20  ထိုသူတို့သည် အကျွန်ုပ်အပေါ် စွပ်စွဲပြစ်တင်စရာရှိခဲ့ပါလျှင် သူတို့ကိုယ်တိုင် ဤနေရာသို့လာ၍ သခင်၏ရှေ့တော်၌ စွပ်စွဲသင့်ပါသည်။-
Acts BurCBCM 24:21  သို့မဟုတ်ပါကလည်း အကျွန်ုပ်သည် ဘာသာရေးလွှတ်တော်ရှေ့၌ ချေပပြောဆိုခဲ့စဉ်တွင် သူတို့ရှေ့၌ရပ်လျက် သေသူတို့ ရှင်ပြန်ထမြောက်ကြမည်ကို ယုံကြည်သောကြောင့် ယနေ့ သင်တို့ရှေ့တွင် အကျွန်ုပ်စစ်ဆေးခံရခြင်း ဖြစ်သည်ဟူ၍ ကြွေးကြော်ခဲ့သည်မှအပ အခြားပြစ်မှု တစ်စုံတစ်ခုရှိကြောင်း သူတို့ဖော်ပြကြပါစေဟု လျှောက်ထားလေ၏။
Acts BurCBCM 24:22  ဖေလစ်သည်ကား တရားလမ်းတော်အကြောင်းကို အတော်အတန် သိရှိထားပြီးဖြစ်သောကြောင့် ဤအမှုကို ရွှေ့ဆိုင်းလိုက်ပြီး တပ်မှူးလစ္စီယ ရောက်လာသောအခါ သင်တို့၏အမှုကို ငါစီရင်ဆုံးဖြတ်မည်ဟု မိန့်ဆိုလေ၏။-
Acts BurCBCM 24:23  ထို့နောက် သူသည် လူတစ်ရာတပ်မှူးအား ပေါလုကို အစောင့်အကြပ်များနှင့် အကျယ်ချုပ်ထားစေပြီး သူ့မိတ်ဆွေများက သူ၏လိုအပ်ချက်များ ဆောင်ရွက်ပေးခြင်းကိုလည်း မတားမြစ်ရန် အမိန့်ပေးလေ၏။
Acts BurCBCM 24:24  ရက်အနည်းငယ်ကြာသောအခါ ဖေလစ်သည် မိမိ၏ဇနီး ဒရူဆီလာနှင့်အတူ ရောက်လာ၏။ သူမသည် ဂျူးအမျိုးသမီး တစ်ယောက်ဖြစ်လေ၏။ ဖေလစ်သည်လည်း ပေါလုကိုခေါ်စေပြီးလျှင် သူဟောပြောသော ယေဇူးခရစ်တော်၌ ယုံကြည်ခြင်း အကြောင်းကို ကြားနာလေ၏။-
Acts BurCBCM 24:25  ဤသို့ဖြင့် ပေါလုသည် တရားမျှတခြင်း၊ စိတ်ချုပ်တည်းခြင်းနှင့် ရောက်လာလတ္တံ့သော တရားစီရင်တော်မူရာ နေ့ရက်အကြောင်းတို့ကို ဟောပြောသွန်သင်သောအခါ ဖေလစ်သည် ကြောက်လန့်၍ ယခုသင်သွားနိုင်ပြီ၊ နောင်တွင် အခွင့်အခါကြုံလျှင် သင့်ကိုငါခေါ်ဦးမည်ဟုဆို၏။-
Acts BurCBCM 24:26  တစ်ချိန်တည်း၌ပင် သူသည် မိမိအား ပေါလုလာဘ်ထိုးမည်ဟု မျှော်လင့်လျက် ပေါလုကို မကြာခဏခေါ်၍ စကား ပြောလေ၏။-
Acts BurCBCM 24:27  သို့သော် နှစ်နှစ်ကြာပြီးနောက် ပေါ်စီဦးဖက်စတုသည် ဖေလစ်၏နေရာကိုဆက်ခံလေ၏။ ဖေလစ်သည် ဂျူးလူမျိုးတို့ရှေ့မှောက်၌ မျက်နှာရလိုသဖြင့် ပေါလုကိုဆက်လက်၍ အကျဉ်းချထားခဲ့လေ၏။
Chapter 25
Acts BurCBCM 25:1  ဖက်စတုမင်းသည် သူ၏နယ်သို့ရောက်ပြီး သုံးရက်ကြာသောအခါ ဆီဇားရိယမြို့ မှ ဂျေရုဆလင်မြို့သို့ တက်သွားလေ၏။-
Acts BurCBCM 25:2  ထိုအခါ ရဟန်းအကြီးအကဲများနှင့် ဂျူးလူမျိုးများ၏ ခေါင်းဆောင်တို့သည် သူ့အား ပေါလုအပေါ် စွပ်စွဲချက်များကို လျှောက်တင်ကြ၏။-
Acts BurCBCM 25:3  ထိုသူတို့သည် ပေါလုကို လမ်းခရီးတွင် ချောင်းမြောင်းသတ်ဖြတ် ရန် ကြံစည်ထားလျက် သူ့အား ဂျေရုဆလင်မြို့သို့ ပြောင်းရွှေ့ပေးပါမည့်အကြောင်း ဘုရင်ခံအား မေတ္တာရပ်ခံကြလေ၏။-
Acts BurCBCM 25:4  ဖက်စတုမင်းက ပေါလုသည် ဆီဇားရိယမြို့တွင် အချုပ်ခံထားရပြီး မိမိကိုယ်တိုင်လည်း မကြာမီ ထိုမြို့သို့သွားရန် ရည်ရွယ်ထားသည်ဟု ပြန်ပြောလေ၏။-
Acts BurCBCM 25:5  ထို့နောက် သူက သို့ဖြစ်၍ သင်တို့တွင် အခွင့်အာဏာရှိသူတို့သည် ငါနှင့်အတူ ဆီဇားရိယမြို့သို့ လိုက်လာကြ၍ သူ့အပေါ် အပြစ်တစ်စုံတစ်ရာ စွပ်စွဲရန်ရှိလျှင် သူ့ကိုစွဲချက်တင်ကြပါဟု ဆိုလေ၏။
Acts BurCBCM 25:6  ဖက်စတုသည် သူတို့နှင့်အတူ ရှစ်ရက်၊ ဆယ်ရက်ခန့် နေပြီးနောက် ဆီဇားရိယမြို့သို့သွားလေ၏။ နောက်တစ်နေ့တွင် သူသည် တရားခွင်၌ထိုင်ကာ ပေါလုအား ခေါ်ဆောင်လာရန် အမိန့်ပေးလေ၏။-
Acts BurCBCM 25:7  ဤသို့ဖြင့် ပေါလု ရောက်လာသောအခါ ဂျေရုဆလင်မြို့မှ လာကြသော ဂျူးလူမျိုးများသည် သူ့ကိုဝိုင်းရံလျက် ကြီးလေးသော စွဲချက်များစွာဖြင့် တင်ပြပြောဆိုကြသော်လည်း သူတို့သည် ခိုင်လုံသော သက်သေအထောက်အထား မပြနိုင်ကြချေ။-
Acts BurCBCM 25:8  ထိုအခါ ပေါလုက အကျွန်ုပ်သည် ဂျူးလူမျိုးတို့၏ ပညတ်တရားကိုလည်းကောင်း၊ ဗိမာန်တော်ကိုလည်းကောင်း၊ ဆီဇာဧကရာဇ်မင်းကိုလည်းကောင်း ပြစ်မှားခဲ့ခြင်းလုံး၀ မရှိပါဟု ချေပပြောဆိုလေ၏။-
Acts BurCBCM 25:9  သို့သော် ဖက်စတုသည် ဂျူးလူမျိုးများထံမှ မျက်နှာရလိုသဖြင့် သင်သည် ဂျေရုဆလင်မြို့သို့သွား၍ ငါ၏ရှေ့တွင် ဤစွပ်စွဲချက်များအပေါ် စစ်ဆေးခံလိုပါသလောဟု ပေါလုအား မေးလေ၏။-
Acts BurCBCM 25:10  သို့ရာတွင် ပေါလုက အကျွန်ုပ်သည် ဆီဇာဧကရာဇ်၏ တရား ခွင်၌ စစ်ဆေးခံခွင့်ကို တောင်းဆိုပါသည်။ ထိုတရားခွင်၌ အကျွန်ုပ်စစ်ဆေးခံသင့်ပါသည်။ အကျွန်ုပ်သည် ဂျူးလူမျိုး တို့ကို မည်သို့မျှ ထိခိုက်ပြစ်မှားခဲ့ခြင်း မရှိကြောင်း အရှင်ကောင်းစွာ သိပါသည်။-
Acts BurCBCM 25:11  အကယ်၍ အကျွန်ုပ်သည် သေဒဏ်ခံထိုက်သော ပြစ်မှုကျူးလွန်ခဲ့ပါလျှင် သေဒဏ်မှလွတ်မြောက်ရန် ကြိုးစားမည် မဟုတ်ပါ။ သို့သော် သူတို့၏စွပ်စွဲချက်များသည် ခိုင်လုံမှုမရှိပါလျှင် အဘယ်သူမျှ အကျွန်ုပ်ကို သူတို့၏လက်သို့ အပ်နိုင်မည်မဟုတ်ပါ။ အကျွန်ုပ်သည် ဆီဇာဧကရာဇ်ထံသို့ အယူခံဝင်ပါမည်ဟု လျှောက်လေ၏။-
Acts BurCBCM 25:12  ထိုအခါ ဖက်စတုသည် သူ၏တရားရုံးအရာရှိများနှင့် တိုင်ပင်ပြီးလျှင် သင်သည် ဆီဇာဧကရာဇ်ထံသို့ အယူခံဝင် သောကြောင့် ဆီဇာဧကရာဇ်ထံသို့ သွားရမည်ဟု ပြန်ဖြေလေ၏။
Acts BurCBCM 25:13  ရက်အနည်းငယ်ကြာသောအခါ အာဂရိပါမင်းနှင့် မိဖုရားဘားနစ်တို့သည် ဖက်စတုကို ကြိုဆိုနှုတ်ဆက်ရန် ဆီဇားရိယမြို့သို့ ရောက်လာကြ၏။-
Acts BurCBCM 25:14  သူတို့သည် ထိုမြို့၌ ရက်အတန်ကြာနေကြစဉ် ဖက်စတုသည် ပေါလု၏အမှုကို မင်းကြီးအားတင်ပြလျက် ဆိုသည်မှာ ဖေလစ်ထားခဲ့သော အကျဉ်းသားတစ်ယောက် ဤအရပ်၌ရှိပါ၏။-
Acts BurCBCM 25:15  အကျွန်ုပ်သည် ဂျေရုဆလင်မြို့သို့ ရောက်ခဲ့စဉ်အခါက ရဟန်းအကြီးအကဲများနှင့် ဂျူးလူမျိုး သက်ကြီးဝါကြီးများသည် ထိုသူ့ကို စွဲချက်တင်၍ အပြစ်စီရင်ရန် အကျွန်ုပ်အား တောင်းဆိုခဲ့ကြ၏။-
Acts BurCBCM 25:16  အကျွန်ုပ်ကလည်း စွပ်စွဲခံရသူတစ်ဦးအား စွပ်စွဲပြစ်တင်သူများနှင့် မျက်နှာချင်းဆိုင်စေ၍ သူတို့၏ စွပ်စွဲချက်ကို ချေပခွင့် မပေးဘဲ အပြစ်ဒဏ်စီရင်ခြင်းသည် ရောမလူမျိုးတို့၏ ဓလေ့ထုံးစံမဟုတ်ကြောင်း သူတို့အား ဖြေကြားခဲ့၏။-
Acts BurCBCM 25:17  ထို့ကြောင့် သူတို့သည် ဤမြို့ သို့အတူတကွရောက်လာကြသောအခါ အကျွန်ုပ်သည် အချိန်မဆိုင်းဘဲ နောက်တစ်နေ့တွင် တရားခွင်၌ထိုင်၍ ထိုသူ့ကိုလည်း ခေါ်စေခဲ့၏။-
Acts BurCBCM 25:18  ထိုအခါ စွပ်စွဲသူများသည် ထိုသူကျူးလွန်ခဲ့သည်ဟု အကျွန်ုပ်ထင်မှတ်ထားခဲ့သော ပြစ်မှုတစ်ခုကိုမျှ မစွပ်စွဲခဲ့ကြချေ။-
Acts BurCBCM 25:19  သို့ရာတွင် သူတို့ကိုးကွယ်သည့် ဘာသာအယူဝါဒနှင့် ယေဇူးဟုခေါ်သောသူသည် သေဆုံးပြီးသော်လည်း အသက်ရှင်လျက်ရှိသည်ဟု ပေါလုက အခိုင်အမာပြောဆိုသော အချက်တို့အပေါ်၌ သဘောထားကွဲလွဲမှုများ ရှိခဲ့၏။-
Acts BurCBCM 25:20  အကျွန်ုပ်သည်လည်း ဤအမှုကို စစ်ဆေးစီရင်ရန် မတတ်နိုင်သဖြင့် သူ့အား ဂျေရုဆလင်မြို့သို့သွား၍ ဤစွပ်စွဲချက်များ အပေါ် အစစ်ဆေးခံရန် အလိုရှိပါသလောဟု မေးခဲ့၏။-
Acts BurCBCM 25:21  သို့သော် ပေါလုက ဆီဇာဧကရာဇ်၏ အဆုံးအဖြတ်ကို ခံယူလိုပါကြောင်း တောင်းဆိုသဖြင့် သူ့ကို ဆီဇာဧကရာဇ်ထံသို့ ပို့သည့်တိုင်အောင် ထိန်းသိမ်းထားစေရန် အကျွန်ုပ် အမိန့်ပေးခဲ့ပါသည်ဟုဆိုလေ၏။-
Acts BurCBCM 25:22  အာဂရိပါမင်းကလည်း အကျွန်ုပ်သည် ထိုသူ၏စကားကို ကိုယ်တိုင်ကြားလိုပါသည်ဟု ဖက်စတုအားဆိုလျှင် သူက မနက်ဖြန်၌ အရှင်သည် ထိုသူ၏စကားကို ကြားရပါလိမ့်မည်ဟုဆို၏။
Acts BurCBCM 25:23  သို့ဖြစ်၍ နောက်တစ်နေ့၌ အာဂရိပါမင်းနှင့် မိဖုရား ဘားနစ်တို့သည် ခမ်းနားသော အဆောင်အယောင်များနှင့် တပ်မှူးများ၊ မြို့တော်မှ လူကြီးလူကောင်းတို့နှင့်အတူ ညီလာခံခန်းမသို့ ဝင်ရောက်လာကြ၏။ ထို့နောက် ဖက်စတု၏ အမိန့်ဖြင့် ပေါလုကို ခေါ်ဆောင်လာကြ၏။-
Acts BurCBCM 25:24  ထိုအခါ ဖက်စတုမင်းက အာဂရိပါမင်းနှင့်တကွ အကျွန်ုပ်တို့နှင့်အတူရှိကြသော သူအပေါင်းတို့၊ ဤသူကို သင်တို့ မြင်ကြသည်မဟုတ်လော။ ဂျေရုဆလင်မြို့နှင့် ဤမြို့တွင် ရှိကြသော ဂျူးလူမျိုးအပေါင်းတို့က ဤသူသည် တစ်ခဏမျှပင် အသက်မရှင်ထိုက်ပါဟု အကျွန်ုပ်ထံ အော်ဟစ်တောင်းလျှောက်ခဲ့ကြပါ၏။-
Acts BurCBCM 25:25  သို့ရာတွင် ဤသူသည် သေဒဏ်ခံထိုက်သော ပြစ်မှုတစ်စုံတစ်ခုကိုမျှ မကျူးလွန်ခဲ့ကြောင်း အကျွန်ုပ်တွေ့ခဲ့ရ၏။ သူကိုယ်တိုင်ကမူ ဆီဇာဧကရာဇ်ထံတွင် အယူခံဝင်သောကြောင့် သူ့ကို ပို့ပေးရန် အကျွန်ုပ်ဆုံးဖြတ်ခဲ့၏။-
Acts BurCBCM 25:26  သို့သော် သူ၏အကြောင်းကို အကျွန်ုပ်၏ အရှင်သခင်ထံ တိတိကျကျလျှောက်ထားရန် အကျွန်ုပ်၌ ရေးစရာမရှိပါ။ ထို့ကြောင့် ဤသူကို သင်တို့အားလုံးရှေ့၊ အထူးသဖြင့် အာဂရိပါမင်းကြီး၏ ရှေ့တော်သို့ ခေါ်ဆောင်လာခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ သူ့အား အကျွန်ုပ်တို့စစ်ဆေးမေးမြန်းပြီးလျှင် အကျွန်ုပ်၌လည်း ရေးသားသံတော်ဦးတင်စရာရရှိနိုင်ပါလိမ့်မည်။-
Acts BurCBCM 25:27  အဘယ်ကြောင့်ဆိုသော် စွပ်စွဲချက်တစ်စုံတစ်ရာ မဖော်ပြဘဲ အကျဉ်းသားတစ်ယောက်ကို ပို့ပေးလိုက်ခြင်းသည် အကြောင်းပြချက် မခိုင်လုံဟူ၍ အကျွန်ုပ်ထင်ပါသည်ဟု ဆိုလေ၏။
Chapter 26
Acts BurCBCM 26:1  အာဂရိပါမင်းကြီးက သင်သည် သင့်ကိုယ်သင် ချေပပြောဆိုနိုင်သည်ဟု ပေါလုအားဆိုလျှင် သူသည် လက်ကိုဆန့်၍ စတင်ချေပ ပြောဆိုသည်မှာ၊-
Acts BurCBCM 26:2  အရှင် အာဂရိပါမင်းကြီး၊ အကျွန်ုပ်အပေါ် ဂျူးလူမျိုးတို့တင်ထားသော စွပ်စွဲချက်များအားလုံးကို အရှင်၏ရှေ့တော်တွင် ချေပပြောဆိုရသည့်အတွက် အကျွန်ုပ်သည် ထူးမြတ်သောအခွင့်အရေးကို ရရှိသည်ဟု ထင်မြင်ယူဆပါသည်။-
Acts BurCBCM 26:3  အဘယ်ကြောင့်ဆိုသော် အရှင်မင်းကြီးသည် ဂျူးလူမျိုးတို့၏ ဓလေ့ထုံးစံများနှင့် အငြင်းပွားတတ်သော ပြဿနာများကို ကောင်းစွာ သိရှိပြီးဖြစ်ပါသည်။ ထို့ ကြောင့် အကျွန်ုပ်ကို စိတ်ရှည်စွာ နားထောင်တော်မူပါရန် အကျွန်ုပ် အသနားခံပါသည်။
Acts BurCBCM 26:4  အကျွန်ုပ်ငယ်စဉ်မှစ၍ အကျွန်ုပ်၏ လူမျိုးအသိုင်းအဝိုင်းတွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း မည်သို့ ပြုမူနေထိုင်ခဲ့သည်ကို ဂျူးလူမျိုးအပေါင်းတို့ သိကြပါသည်။-
Acts BurCBCM 26:5  အကျွန်ုပ်သည် ဂျူးဘာသာအယူဝါဒတွင် ဝိနည်းစည်းကမ်း အတင်းကျပ်ဆုံးသော ဖာရီဇေးဦး ဂိုဏ်းဝင်တစ်ဦး ဖြစ်ခဲ့ကြောင်းကို သူတို့ကြာမြင့်စွာကပင် သိရှိခဲ့ကြပြီး ထိုအချက်ကို သူတို့သက်သေခံရန် အလိုရှိခဲ့ပါလျှင် သက်သေခံ နိုင်ကြပါလိမ့်မည်။-
Acts BurCBCM 26:6  ဘုရားသခင်သည် အကျွန်ုပ်တို့၏ ဘိုးဘေးများအပေါ် ထားတော်မူခဲ့သော ကတိတော်ကို အကျွန်ုပ် မျှော်လင့်သည့် အတွက်ကြောင့် ယခု အကျွန်ုပ်သည် တရားခွင်၌ စစ်ဆေးခံနေရခြင်းဖြစ်ပါသည်။-
Acts BurCBCM 26:7  ဤကတိတော်၏ အကျိုးကိုခံစားရန် မျှော်လင့်လျက် အကျွန်ုပ်တို့၏ တစ်ဆယ့်နှစ်မျိုးသော အမျိုးအနွယ်တို့သည် နေ့ညမပြတ် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြပါသည်။ အိုအရှင်မင်းကြီး၊ အကျွန်ုပ်သည် ဤမျှော်လင့်ချက်အတွက် ဂျူးလူမျိုးတို့၏ စွပ်စွဲခြင်းကို ခံနေရပါသည်။-
Acts BurCBCM 26:8  ဘုရားသခင်သည် သေသူတို့အား ရှင်ပြန်ထမြောက်စေတော်မူသည်ကို အဘယ်ကြောင့် မယုံနိုင်စရာဟု သင်တို့ ထင်မြင်ကြပါသနည်း။
Acts BurCBCM 26:9  အကျွန်ုပ်ကိုယ်တိုင်ပင်လျှင် နာဇရက်မြို့သား ယေဇူး၏နာမတော်အား ဆန့်ကျင်သော အမှုများစွာကို ပြုလုပ်သင့်သည်ဟု ထင်မြင်ခံယူခဲ့ပြီး၊-
Acts BurCBCM 26:10  အကျွန်ုပ်သည် ထိုအမှုများကို ဂျေရုဆလင်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ အကျွန်ုပ်သည် ရဟန်းအကြီးအကဲများထံမှ ရရှိသော အခွင့်အာဏာဖြင့် သန့်ရှင်းသူများစွာကို ထောင်သွင်းအကျဉ်း ချခဲ့သည်သာမက သူတို့အား သေဒဏ်စီရင်သောအခါ၌လည်း အကျွန်ုပ်သည် သူတို့ကို ဆန့်ကျင်၍ မဲပေးခဲ့ပါသည်။-
Acts BurCBCM 26:11  အကျွန်ုပ်သည် သူတို့ကို တရားဇရပ်ရှိသမျှတို့၌ ကြိမ်ဖန်များစွာ အပြစ်ပေးခဲ့ပြီး နာမတော်ကို နှုတ်ဖြင့် ထိခိုက်စော်ကား စေရန် ထိုသူတို့ကို အတင်းအကျပ် စေခိုင်းခဲ့ပါသည်။ အကျွန်ုပ်သည် ထိုသူတို့အပေါ်၌ အလွန် အမျက်ထွက်သောကြောင့် တိုင်းတစ်ပါးမြို့များသို့ပင် သွားရောက်၍ သူတို့ကို လိုက်လံညှဉ်းဆဲခဲ့ပါသည်။
Acts BurCBCM 26:12  ဤရည်ရွယ်ချက်အတွက် အကျွန်ုပ်သည် ရဟန်းအကြီးအကဲတို့၏ အခွင့်အာဏာနှင့် တာဝန်ပေးချက်ဖြင့် ဒါမစကုမြို့သို့ သွားခဲ့ပါသည်။-
Acts BurCBCM 26:13  မွန်းတည့်ချိန်တွင် ကောင်းကင်မှလာသော နေထက်တောက်ပသည့် အလင်းရောင်သည် အကျွန်ုပ်မှစ၍ အကျွန်ုပ်နှင့်အတူ သွားသောသူတို့ ပတ်လည်တွင် ထွန်းလင်းသည်ကို လမ်း၌ အကျွန်ုပ်မြင်ခဲ့ရပါသည်၊ အရှင်မင်းကြီး။-
Acts BurCBCM 26:14  ထိုအခါ အကျွန်ုပ်တို့အားလုံးသည် မြေပေါ်သို့လဲကျသွားစဉ်တွင် ဆောလု၊ ဆောလု အဘယ်ကြောင့် ငါ့ကို ညှဉ်းပန်း နှိပ်စက်သနည်း။ တုတ်ချွန်ကို ခြေနှင့်ကန်လျှင် သင်သာ နာကျင်လိမ့်မည်ဟု ဟေဗြေဦးဘာသာစကားဖြင့် ပြောဆိုသော အသံကို အကျွန်ုပ် ကြားခဲ့ရ၏။-
Acts BurCBCM 26:15  ထိုအခါ အကျွန်ုပ်က သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်းဟု မေးလျှောက်သောအခါ သခင်ဘုရားက ငါသည် သင်လိုက်လံညှဉ်းဆဲနေသော နာဇရက်မြို့သား ယေဇူးဖြစ်၏။-
Acts BurCBCM 26:16  သင်ယခုထ၍ မတ်တတ်ရပ်လော့။ အကြောင်းမူကား သင့်ကို ငါ၏အမှုတော်ဆောင်အဖြစ် ရွေးကောက်ရန် သင့်အား ငါထင်ရှား ပြခြင်းဖြစ်၏။ ငါ့အား သင်မြင်ခဲ့ရသော ဤဗျာဒိတ်ရူပါရုံနှင့် နောင်အခါ သင့်ထံ၌ ငါဖော်ပြလတ္တံ့သော ရူပါရုံတို့ကို သင်သည် သူတစ်ပါးတို့အား သက်သေခံရမည်။-
Acts BurCBCM 26:17  ငါသည် သင့်ကို သင့်လူမျိုး၏ လက်မှလည်းကောင်း၊ သင့်ကို ငါစေလွှတ်၍ ဟောပြောစေမည့် လူမျိုးခြားတို့၏ လက်မှလည်းကောင်း ကယ်ဆယ်မည်။-
Acts BurCBCM 26:18  ဤသို့ဖြင့် သင်သည် သူတို့၏မျက်စိများကို ဖွင့်ပေးလျက် သူတို့သည် အမှောင်မှ အလင်းသို့ ရောက်ရှိကာ စာတန်၏ အာဏာစက်မှ ဘုရားသခင်ထံသို့ ပြောင်းလဲသဖြင့် အပြစ်ခွင့်လွှတ်ခြင်းခံရ၍ ငါ့ကို ယုံကြည်သောအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သော သူတို့အစုတွင် ပါဝင်ရလိမ့်မည်ဟု မိန့်တော်မူခဲ့၏။
Acts BurCBCM 26:19  အရှင် အာဂရိပါမင်းကြီး၊ ထိုအချိန်မှစ၍ အကျွန်ုပ်သည် ကောင်းကင်မှ ဗျာဒိတ်ရူပါရုံကို မလွန်ဆန်နိုင်ဘဲ၊-
Acts BurCBCM 26:20  ပထမဦးစွာ ဒါမစကုမြို့သားများအားလည်းကောင်း၊ ထို့နောက် ဂျေရုဆလင်မြို့မှစ၍ ဂျူဒေးယပြည် တစ်ပြည်လုံးရှိ လူများနှင့် လူမျိုးခြားတို့အားလည်းကောင်း ဟောပြောပြီး သူတို့သည် နောင်တရကြ၍ ဘုရားသခင်ထံသို့ ပြောင်းလဲရမည်၊ နောင်တ တရားနှင့်ဆိုင်သော အကျင့်များကို ကျင့်ရမည်ဟူ၍ ကြွေးကြော်ခဲ့ပါသည်။-
Acts BurCBCM 26:21  ထို့ကြောင့် ဂျူးလူမျိုးတို့သည် အကျွန်ုပ်ကို ဗိမာန်တော်ထဲ၌ ဖမ်းဆီး၍သတ်ရန် ကြိုးစားခဲ့ကြပါသည်။-
Acts BurCBCM 26:22  သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အကျွန်ုပ်သည် ယနေ့တိုင် ဤနေရာတွင် ရပ်နေလျက် အနိမ့်အမြင့်မရွေးဘဲ လူတို့ရှေ့တွင် သက်သေခံလျက် မိုးဇက်နှင့် ပရောဖက်များ ဟောပြောခဲ့သည့် အကြောင်းအရာများ ပြည့်စုံလာလိမ့်မည်ဟူသော အချက်ကိုသာ ဟောပြောနေခဲ့ပါသည်။-
Acts BurCBCM 26:23  ထိုသူတို့က မေဆိယသခင်သည် ဒုက္ခဝေဒနာခံထမ်းမည့် အကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် သေသူတို့အစုမှ ပထမဦးဆုံး ရှင်ပြန်ထမြောက်မည့် သူအဖြစ်ဖြင့် ဂျူးလူမျိုးများနှင့် လူမျိုးခြားတို့အား အလင်းတော်ကို ပေးတော်မူ မည့်အကြောင်းကိုလည်းကောင်း ဟောထားခဲ့ပါသည်ဟု ချေပလျှောက်ထားလေ၏။
Acts BurCBCM 26:24  ပေါလုသည် ဤကဲ့သို့ ချေပပြောဆိုနေစဉ် ဖက်စတုက ကျယ်သောအသံဖြင့် ပေါလု၊ သင်ရူးသွပ်နေလေပြီ။ သင်၏ လေ့လာသင်ယူမှုလွန်ကဲခြင်းသည် သင့်စိတ်ကို ရူးသွပ်စေပြီဟု ဆိုလေ၏။-
Acts BurCBCM 26:25  သို့သော် ပေါလုက မြင့်မြတ်သော ဖက်စတုမင်း၊ အကျွန်ုပ်သည် မရူးသွပ်ပါ။ အကျွန်ုပ်သည် လေးနက်သော အမှန်တရားကို ပြောဆိုခြင်းသာ ဖြစ်ပါသည်။-
Acts BurCBCM 26:26  ဤအကြောင်းအရာများကို အာဂရိပါမင်းကြီး သိရှိပါသည်။ ထို့ကြောင့် အကျွန်ုပ်သည် ရှေ့တော်၌ ရဲဝံ့စွာ လျှောက်ထားခြင်း ဖြစ်ပါသည်။ ဤအကြောင်းအရာတို့တွင် မင်းကြီးသတိမပြုမိသော အရာမရှိကြောင်း အကျွန်ုပ်အသေအချာ သိပါသည်။ အကြောင်းမူကား ဤအမှုအရာသည် ဆိတ်ကွယ်ရာထောင့်တစ်ထောင့် တွင် ဖြစ်ပျက်ခဲ့သောအရာမဟုတ်ပါ။-
Acts BurCBCM 26:27  အာဂရိပါမင်းကြီး၊ အရှင်သည် ပရောဖက်ကျမ်းများကို ယုံကြည်ပါသလော။ အရှင်မင်းကြီး ယုံကြည်သည်ကို အကျွန်ုပ်သိပါသည်ဟု လျှောက်လေ၏။-
Acts BurCBCM 26:28  ထိုအခါ အာဂရိပါမင်းက ပေါလုအား သင်သည် အချိန်တိုအတွင်း၌ပင် ငါ့ကို ခရစ်ယာန်ဖြစ်စေရန် သွေးဆောင်နေလေပြီဟု ဆိုလေ၏။-
Acts BurCBCM 26:29  ပေါလုကလည်း ကာလတိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ အရှင်မင်းကြီးသာမက ယနေ့အကျွန်ုပ်ပြောဆိုသည်ကို နား ထောင်ကြသော သူအပေါင်းတို့သည် ဤအချုပ်အနှောင်ခံရခြင်း မှလွဲ၍ အကျွန်ုပ်ကဲ့သို့ ဖြစ်လာကြစေရန် ဘုရားသခင်ထံသို့ အကျွန်ုပ် ဆုတောင်းပါသည်ဟု လျှောက်လေ၏။
Acts BurCBCM 26:30  ထို့နောက် မင်းကြီးသည်ထ၍ ဘုရင်ခံနှင့် မိဖုရား ဘားနစ်နှင့်တကွ ၎င်းတို့နှင့် ထိုင်နေသူ အပေါင်းတို့သည်လည်း နေရာမှထကြလေ၏။-
Acts BurCBCM 26:31  ထိုသူတို့သည် ထွက်သွားကြစဉ် ဤသူသည် သေဒဏ်၊ သို့မဟုတ် ထောင်ဒဏ်ခံ ထိုက်သည့်ပြစ်မှု တစ်စုံတစ်ရာကိုမျှ မကျူးလွန်ခဲ့ပါဟု အချင်းချင်း ပြောဆိုကြ၏။-
Acts BurCBCM 26:32  အာဂရိပါမင်းကလည်း ဤသူသည် ဆီဇာဧကရာဇ်ထံ အယူခံမဝင်ခဲ့ပါလျှင် သူ့ကို လွှတ်ပေးနိုင်သည်ဟု ဖက်စတုအား ဆိုလေ၏။
Chapter 27
Acts BurCBCM 27:1  ဤသို့ဖြင့် ငါတို့သည် အီတလီပြည်သို့ သင်္ဘောဖြင့် သွားရမည်ဟု ဖက်စတုက ဆုံးဖြတ်ချက် ချပြီးနောက် ပေါလုနှင့် အကျဉ်းသား အချို့တို့ကို ဂျူလီဦး အမည်ရှိသော ဩဂုစ္စတုဘုရင်၏တပ်မှ လူတစ်ရာတပ်မှူး၏ လက်သို့ အပ်လိုက်ကြ၏။-
Acts BurCBCM 27:2  ငါတို့သည်လည်း အာရှပြည်ကမ်းခြေတစ်လျှောက်ရှိ သင်္ဘောဆိပ်ကမ်းများသို့ သွားမည့် အာဒရမ္မသီယမ်မှလာသော သင်္ဘောပေါ်သို့တက်ပြီးနောက် ရွက်လွှင့်ထွက်ခွာလာကြ၏။ သက်ဆာလောနိကမြို့မှ မာစီဒိုးနိယပြည်သား အာရစ္စတာကုသည် ငါတို့နှင့် လိုက်ပါလာခဲ့လေ၏။-
Acts BurCBCM 27:3  နောက်တစ်နေ့တွင် ငါတို့သည် စီဒွန်မြို့သို့ ဆိုက်ကပ်ကြ၏။ တပ်မှူးဂျူလီဦးသည်လည်း ပေါလုအပေါ် ကြင်နာစွာ ဆက်ဆံ၍ သူ၏မိတ်ဆွေ များထံသို့ သွားခွင့်ပေးလျက် ထိုသူတို့၏ လုပ်ကျွေးပြုစုခြင်းကိုလည်း ခံယူခွင့်ပေးလေ၏။-
Acts BurCBCM 27:4  ငါတို့သည် ထိုမြို့မှ ပင်လယ်သို့ ထွက်ခွာကြသောအခါ လေဆန်ဖြစ်သောကြောင့် စိပရုကျွန်း၏ လေကွယ်ရာအရပ်မှ ရွက်လွှင့်သွားကြ၏။-
Acts BurCBCM 27:5  ထို့နောက် ငါတို့သည် စီလိစိယနှင့် ပမ်ဖိလိယ ပြည်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ကိုဖြတ်ပြီး လိစိယပြည်၊ မုရမြို့သို့ ရောက်ကြ၏။-
Acts BurCBCM 27:6  ထိုအရပ်တွင် လူတစ်ရာတပ်မှူးသည် အီတလီပြည်သို့သွားမည့် အလက်ဇန္ဒြိယမှလာသော သင်္ဘောတစ်စီးကို တွေ့သဖြင့် ငါတို့အား ထိုသင်္ဘောပေါ်သို့ တက်စေ၏။-
Acts BurCBCM 27:7  ငါတို့သည်လည်း နှေးကွေးစွာဖြင့် ရက်ပေါင်းများစွာ ရွက်လွှင့်ပြီးနောက် စနီဒုမြို့အနီးသို့ ခက်ခက်ခဲခဲ ဆိုက်ကပ်လေ၏။ ထို့နောက် ငါတို့သည် လေမသင့်သောကြောင့် ရှေ့သို့ခရီးမဆက်နိုင်သဖြင့် ဆောလမွန်အငူအနီးမှဖြတ်၍ ခရိကျွန်း၏ လေကွယ်ရာဘက်မှ ရွက်လွှင့်သွားကြ၏။-
Acts BurCBCM 27:8  ဤသို့ဖြင့် ငါတို့သည် ပင်လယ်ကမ်းရိုးတမ်းတစ်လျှောက် ခက်ခက်ခဲခဲ ရွက်လွှင့်ပြီးလျှင် လာဆေယမြို့အနီး၊ ဆိပ်ကမ်းသာ ဟုခေါ်သောအရပ်သို့ ရောက်လာကြလေ၏။
Acts BurCBCM 27:9  အချိန်များစွာ ကုန်လွန်ခဲ့သည်နှင့်အမျှ အပြစ်ဖြေရာ ယဇ်ပူဇော်သော ပွဲကာလကိုပင် ကျော်လွန်ခဲ့လေပြီ။ ပင်လယ်ခရီးစဉ်မှာလည်း ဘေးအန္တရာယ် များလာပြီဖြစ်သောကြောင့် ပေါလုက၊-
Acts BurCBCM 27:10  မိတ်ဆွေတို့၊ ပင်လယ်ကိုဖြတ်ကူးလျှင် သင်္ဘောနှင့် ကုန်ပစ္စည်းများ ဆုံးရှုံးမည်သာမက ငါတို့၏ အသက်ဘေးအတွက်လည်း စိုးရိမ်စရာရှိသည်ဟု သတိပေးလေ၏။-
Acts BurCBCM 27:11  သို့သော် လူတစ်ရာတပ်မှူးသည် ပေါလု၏စကားထက် သင်္ဘောသူကြီးနှင့် ပိုင်ရှင်တို့၏ စကားကို ပို၍ယုံကြည်လေ၏။-
Acts BurCBCM 27:12  ဤဆိပ်ကမ်းမှာလည်း ဆောင်းကာလအတွင်း မနေသင့်သောကြောင့် ဤနေရာမှထွက်ခွာပြီး ဖြစ်နိုင်ပါက ဖီးနစ်ဆိပ်ကမ်း သို့ရောက်အောင်သွား၍ ဆောင်းရာသီအတွက် ရပ်နားသင့်ကြောင်း အများစုက အကြံပြုကြ၏။ ဖီးနစ်ဆိပ်ကမ်းသည် ခရိကျွန်း တွင်ရှိပြီး အရှေ့မြောက်နှင့် အရှေ့တောင်အရပ်သို့ မျက်နှာမူလျက်ရှိ၏။
Acts BurCBCM 27:13  ထို့နောက် တောင်လေဖြည်းညင်းစွာ တိုက်ခတ်လာသောအခါ သူတို့သည် မိမိတို့အကြံ အထမြောက်ပြီဟု ထင်မှတ်၍ ကျောက်ဆူးကို နုတ်ပြီးလျှင် သင်္ဘောကို ခရိကျွန်းတစ်လျှောက် ကမ်းခြေနှင့် ကပ်နိုင်သမျှကပ်၍ ရွက်လွှင့်ကြလေ၏။-
Acts BurCBCM 27:14  သို့သော် မကြာမီအချိန်အတွင်း၌ အရှေ့မြောက်ရာသီလေ ဟုခေါ်သော လေပြင်းမုန်တိုင်းသည် ကုန်းတွင်းပိုင်းမှ အပြင်းအထန် တိုက်ခတ်လာလေ၏။-
Acts BurCBCM 27:15  သင်္ဘောသည်လည်း မုန်တိုင်းမိသောအခါ လေကိုမနိုင်သောကြောင့် ငါတို့သည် လက်လျှော့၍ သင်္ဘောမှာ လေတိုက်ရာသို့ မျောပါသွားလေ၏။-
Acts BurCBCM 27:16  ဤသို့ဖြင့် ကောင်းဒါအမည်ရှိသော ကျွန်းငယ်၏ လေကွယ်ရာအရပ်သို့ ရောက်သောအခါ ငါတို့သည် အသက်ကယ်လှေ မပျက်စီးစေရန် ခက်ခက်ခဲခဲကြိုးစားခဲ့ကြရ၏။-
Acts BurCBCM 27:17  သူတို့သည်လည်း ထိုလှေကိုဆွဲတင်ပြီးနောက် သင်္ဘောကိုခိုင်ခန့်စေရန် ကြိုးများနှင့်ပတ်စည်းကြ၏။ ထို့နောက် သူတို့သည် ဆိတစ်သောင်တွင် သင်္ဘောတင်မည်စိုးသောကြောင့် ရွက်တိုင်ကိုလျှောချ၍ သင်္ဘောကို လေတိုက်ရာသို့ မျောပါစေကြ၏။-
Acts BurCBCM 27:18  ထိုအခါ ငါတို့သည် မုန်တိုင်းဒဏ်ကို အပြင်းအထန်ခံကြရသောကြောင့် နောက်တစ်နေ့တွင် သူတို့သည် သင်္ဘောပေါ်မှ ကုန်ပစ္စည်းများကို ရေထဲသို့ပစ်ချကြ၏။-
Acts BurCBCM 27:19  ထို့နောက် တတိယနေ့တွင် သူတို့သည် သင်္ဘော၏ ကုန်တင်ကုန်ချပစ္စည်းများကို သူတို့၏လက်ဖြင့်ယူ၍ ပစ်ချလိုက်ကြ၏။-
Acts BurCBCM 27:20  ငါတို့သည်လည်း နေနှင့်ကြယ်နက္ခတ်များကို ရက်ပေါင်းများစွာ မမြင်ကြရချေ။ ပြင်းထန်သော လေမုန်တိုင်းသည်လည်း အရှိန်မလျော့သဖြင့် ငါတို့သည် သေဘေးမှလွတ်မြောက်မည့် မျှော်လင့်ချက်ကို နောက်ဆုံးတွင် စွန့်လွှတ်လိုက်ကြလေ၏။
Acts BurCBCM 27:21  သူတို့သည်လည်း အစာမစားရဘဲ ကြာမြင့်စွာနေခဲ့ကြသဖြင့် ပေါလုသည် သူတို့အလယ်တွင်ရပ်လျက် မိတ်ဆွေတို့၊ သင်တို့သည် ငါ့စကားကိုနားထောင်လျက် ခရိကျွန်းမှမထွက်ခွာဘဲ နေခဲ့ကြပါလျှင် ဤပျက်စီးဆုံးရှုံးခြင်းများကို ငါတို့ ရှောင်နိုင်ခဲ့မည်ဖြစ်၏။-
Acts BurCBCM 27:22  ယခုလည်း သင်တို့အားမငယ်ကြနှင့်။ သင်တို့တွင် တစ်ဦးမျှ အသက်ဆုံးရှုံးလိမ့်မည်မဟုတ်ဘဲ သင်္ဘောသာလျှင် ပျက်စီး ဆုံးရှုံးလိမ့်မည်။-
Acts BurCBCM 27:23  အကြောင်းမူကား ငါကိုးကွယ်သော ဘုရားသခင်၏ တမန်တော်သည် ဤည၌ပင် ငါ့အနားတွင်ရပ်လျက် ငါ့အား၊-
Acts BurCBCM 27:24  ပေါလု၊ မကြောက်နှင့်။ သင်သည် ဆီဇာဧကရာဇ်ရှေ့တော်သို့ ရောက်ရမည်။ ဘုရားသခင်သည် သင်နှင့်အတူ ပင်လယ်သို့ ကူးသောသူအပေါင်းတို့ကို သင့်အား ပေးတော်မူပြီဟု မိန့်မှာခဲ့၏။-
Acts BurCBCM 27:25  ထို့ကြောင့် မိတ်ဆွေတို့၊ သတ္တိရှိကြလော့။ အကြောင်းမူကား ငါ့အား ပြောကြားသည့်အတိုင်းပင် ဖြစ်ပျက်လိမ့်မည်ဟု ဘုရားသခင်ကို အမှီပြု၍ ငါယုံကြည်၏။-
Acts BurCBCM 27:26  သို့သော် ငါတို့သင်္ဘောသည် ကျွန်းတစ်ကျွန်းပေါ်တွင် တင်ရလိမ့်မည်ဟုဆိုလေ၏။
Acts BurCBCM 27:27  တစ်ဆယ့်လေးရက်မြောက် ညရောက်သောအခါ ငါတို့သည် အာဒြိယပင်လယ်တွင် မျောနေစဉ် သန်းခေါင်ယံအချိန်၌ သင်္ဘောသားအချို့က ကုန်းမြေနှင့်နီးလာပြီဟု ထင်မှတ်ကြ၏။-
Acts BurCBCM 27:28  သို့ဖြစ်၍ သူတို့သည် ရေ၏အတိမ်အနက်ကို တိုင်းထွာကြည့်ကြရာ အလံနှစ်ဆယ်ရှိကြောင်း တွေ့ရ၏။ ထို့နောက် ရှေ့သို့အနည်းငယ်သွားပြီး တစ်ဖန်တိုင်းထွာကြည့်ပြန်ရာ တစ်ဆယ့်ငါးလံရှိသည်ကိုတွေ့ရ ၏။-
Acts BurCBCM 27:29  ထိုအခါ သူတို့သည် သင်္ဘောကို ကျောက်ဆောင်နှင့် တိုက်မိမည်စိုးသောကြောင့် သင်္ဘောပဲ့ပိုင်းမှ ကျောက်ဆူးလေးခုကို ချပြီး မိုးလင်းစေရန် ဆုတောင်းကြ၏။-
Acts BurCBCM 27:30  သင်္ဘောသားတို့သည်လည်း သင်္ဘောဦးပိုင်းမှ ကျောက်ဆူးကို ချမည့်ဟန်ဖြင့် အသက်ကယ်လှေကို လျှောချ၍ ထွက်ပြေးရန် ကြိုးစားကြစဉ်တွင်၊-
Acts BurCBCM 27:31  ပေါလုက ဤသူတို့ သင်္ဘောပေါ်တွင် မနေကြပါက သင်တို့သည် အသက်ချမ်းသာမရနိုင်ကြဟု လူတစ်ရာတပ်မှူးနှင့် စစ်သူရဲတို့အား ဆိုလေ၏။-
Acts BurCBCM 27:32  ထိုအခါ စစ်သူရဲတို့သည် အသက်ကယ်လှေ၏ ကြိုးများကိုဖြတ်၍ လှေကိုကျသွားစေ၏။
Acts BurCBCM 27:33  ဤသို့ဖြင့် မိုးလင်းစပြုလာသောအခါ ပေါလုက ထိုသူအားလုံးတို့အား အစာစားရန် တိုက်တွန်းလျက် သင်တို့သည် မည်သို့ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် အစာမစားဘဲ နေခဲ့ကြသည်မှာ တစ်ဆယ့်လေးရက်ရှိလေပြီ။-
Acts BurCBCM 27:34  ထို့ကြောင့် အစာကိုစားကြရန် ငါတိုက်တွန်း၏။ ယင်းသည် သင်တို့ကို ခွန်အားဖြည့်ပေးလိမ့်မည်။ သင်တို့တွင် တစ်ဦး တစ်ယောက်၏ ဦးခေါင်းမှ ဆံခြည်တစ်ပင်မျှ မပျက်စီးစေရဟု ပြောလေ၏။-
Acts BurCBCM 27:35  သူသည် ဤသို့ ပြောဆိုပြီးသောအခါ ပေါင်မုန့်ကိုယူ၍ ရှိသမျှလူအပေါင်းတို့ရှေ့တွင် ဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းလျက် ပေါင်မုန့်ကိုဖဲ့၍ စားလေ၏။-
Acts BurCBCM 27:36  ထိုအခါ သူတို့အားလုံးသည် အားတက်လာကြ၍ အစာကိုစားကြလေ၏။-
Acts BurCBCM 27:37  သင်္ဘောပေါ်တွင် ပါသောသူတို့မှာ အရေအတွက်အားဖြင့် လူပေါင်းနှစ်ရာခုနှစ်ဆယ့်ခြောက်ယောက်ရှိ၏။-
Acts BurCBCM 27:38  သူတို့သည်လည်း ၀လင်စွာ စားကြပြီးနောက် သင်္ဘောပေါ့သွားစေရန် ဂျုံစေ့များကို ပင်လယ်ထဲသို့ ပစ်ချကြလေ၏။
Acts BurCBCM 27:39  ဤသို့ဖြင့် နံနက်မိုးလင်းသောအခါ သူတို့သည် မည်သည့်အရပ်သို့ ရောက်ရှိနေသည်ကို မသိကြသော်လည်း ပင်လယ်ကွေ့ ကမ်းခြေတစ်ခုကို တွေ့ကြသဖြင့် ဖြစ်နိုင်လျှင် သင်္ဘောကို ထိုကမ်းခြေပေါ်သို့ ထိုးတင်မည်ဟု အကြံရှိကြ၏။-
Acts BurCBCM 27:40  ထို့ကြောင့် သူတို့သည် ကျောက်ဆူးများကိုဖြုတ်၍ ပင်လယ်တွင်းသို့ပစ်ချကာ ပဲ့ထိန်းတက်မကို ချည်ထားသော ကြိုးများကိုဖြေပြီး ရွက်ပြန်ဖွင့်လျက် ကမ်းခြေသို့ လွှင့်သွားကြ၏။-
Acts BurCBCM 27:41  သို့သော်လည်း သင်္ဘောသည် သဲသောင်ခုံကို ဝင်တိုက်ပြီး သောင်တင်သွားလေ၏။ သင်္ဘောဦးပိုင်းသည် သောင်ပြင်တွင် စိုက်နေသောကြောင့် လှုပ်ရှား၍မရတော့ချေ။ သင်္ဘော၏ပဲ့ပိုင်းမှာမူ လှိုင်းများပုတ်ခတ်သောကြောင့် ကျိုးသွားလေ၏။-
Acts BurCBCM 27:42  စစ်သူရဲတို့သည်ကား အကျဉ်းသားတို့ ရေကူး၍ ထွက်ပြေးလွတ်မြောက်သွားမည် စိုးသောကြောင့် သူတို့ကိုသတ်ရန် ကြံရွယ်ကြ၏။-
Acts BurCBCM 27:43  သို့ရာတွင် လူတစ်ရာတပ်မှူးသည် ပေါလုကို ကယ်ဆယ်လိုသဖြင့် သူတို့၏အကြံကို တားမြစ်ပြီးလျှင် ရေကူးနိုင်သူတို့အား ဦးစွာပထမ သင်္ဘောပေါ်မှ ခုန်ချစေလျက် ကမ်းခြေသို့ကူးသွားစေ၏။-
Acts BurCBCM 27:44  ထို့နောက် ကျန်ရစ်သူတို့အား ပျဉ်ပြားများနှင့် သင်္ဘော၏ အပိုင်းအစများကို တွယ်စီး၍ ကူးကြရန် အမိန့်ပေးလေ၏။ ဤသို့ဖြင့် လူအားလုံးသည် သေဘေးမှလွတ်မြောက်၍ ကုန်းပေါ်သို့ ရောက်ကြလေ၏။
Chapter 28
Acts BurCBCM 28:1  ငါတို့သည် ကုန်းပေါ်သို့ ဘေးကင်းစွာ ရောက်ကြပြီးနောက် ဤကျွန်းကို မာလ်တာကျွန်းဟု ခေါ်ဆိုကြောင်း သိလာကြ၏။-
Acts BurCBCM 28:2  ကျွန်းသူကျွန်းသားတို့သည်လည်း ငါတို့အပေါ်၌ ကြင်နာမှုကို ထူးထူးခြားခြားပြကြ၏။ ထိုစဉ် မိုးစတင်ရွာသွန်း၍ ချမ်းလာသောကြောင့် သူတို့သည် မီးဖိုပေးကြပြီး ငါတို့အားလုံးကို လက်ခံကြိုဆိုကြ၏။-
Acts BurCBCM 28:3  ပေါလုသည်လည်း ထင်းများကိုစုစည်း၍ မီးထဲသို့ ထည့်လိုက်သောအခါ မီးပူရှိန်ကြောင့် ထင်းစည်းထဲမှ မြွေပွေးတစ်ကောင် ထွက်လာကာ ပေါလု၏လက်တွင် ရစ်ပတ်လျက်နေလေ၏။-
Acts BurCBCM 28:4  ကျွန်းသူကျွန်းသားတို့သည် သူ၏လက်တွင် တွယ်နေသောမြွေကို မြင်ကြသောအခါ ဤသူသည် လူသတ်သမား ဖြစ်တန်ရာ၏။ သူသည် ပင်လယ်ဘေးမှ လွတ်မြောက်လာသော်လည်း တရားမျှတခြင်းသည် သူ့ကိုအသက်ရှင်ခွင့်မပြုဟု မိမိတို့အချင်းချင်း ပြောဆိုကြ၏။-
Acts BurCBCM 28:5  သို့သော် ပေါလုသည် မြွေပွေးကို မီးထဲသို့ ခါချလိုက်ပြီး မည်သည့်ဝေဒနာကိုမျှလည်း မခံစားရချေ။-
Acts BurCBCM 28:6  ထိုသူတို့သည်လည်း ပေါလုသည် တစ်ကိုယ်လုံး ဖောရောင်လာမည်၊ သို့မဟုတ် ရုတ်တရက်လဲကျ သေဆုံးလိမ့်မည်ဟု မျှော်လင့်၍ စောင့်ကြည့်နေကြ၏။ သို့ရာတွင် သူတို့ကြာမြင့်စွာစောင့်ကြည့်နေစဉ် သူ့၌ ဘေးဥပဒ်တစ်စုံတစ်ခုမျှ ဖြစ်မလာ သည်ကို မြင်ကြလျှင် သူတို့သည် စိတ်ပြောင်းလဲလျက် ဤသူသည်ကား နတ်ဘုရားပေတည်းဟု ဆိုကြလေ၏။
Acts BurCBCM 28:7  ထိုနေရာအနီးတွင် ပူဗလိဦးအမည်ရှိသော ကျွန်းသူကြီးပိုင်ဆိုင်သည့် ခြံမြေများရှိ၏။ သူသည်လည်း ငါတို့ကို လက်ခံ၍ သုံးရက်တိုင်တိုင် ကောင်းစွာဧည့်ခံလေ၏။-
Acts BurCBCM 28:8  ထိုအချိန်၌ ပူဗလိဦး၏ဖခင်သည် ဖျားနာ၍ ဝမ်းကိုက်ရောဂါနှင့် အိပ်ရာတွင် လဲနေသောကြောင့် ပေါလုသည် သူ၏ အခန်းသို့ ဝင်လျက် ဆုတောင်းပြီးမှ သူ့အပေါ်၌ လက်တင်သဖြင့် သူ့ကိုပျောက်ကင်းချမ်းသာစေ၏။-
Acts BurCBCM 28:9  ထိုသို့ဖြစ်ပျက်ပြီးနောက် ကျွန်းပေါ်ရှိ အခြားမကျန်းမာသော သူတို့သည်လည်း ပေါလုထံသို့လာကြသဖြင့် ပျောက်ကင်း ချမ်းသာရကြ၏။-
Acts BurCBCM 28:10  ထိုသူတို့သည် ငါတို့အား များစွာသော လက်ဆောင်တို့ကို ပေးကြလေ၏။ ထို့နောက် ငါတို့သည် သင်္ဘောနှင့် ခရီးထွက်ခွာကြသောအခါ သူတို့သည် ငါတို့လိုအပ်သည့်ရိက္ခာများကို သင်္ဘောပေါ်တွင် ထည့်ပေးလိုက်ကြ၏။
Acts BurCBCM 28:11  သုံးလကြာသောအခါ ငါတို့သည် ဤကျွန်းတွင် ဆောင်းခိုနေခဲ့သော သင်္ဘောတစ်စီးဖြင့် ရွက်လွှင့်ထွက်ခွာလာကြ၏။ ထိုသင်္ဘောသည် အလက်ဇန္ဒြိယမှလာ၍ ကပ်စတာနှင့် ပုလုဟုအမည်တွင်သော အမြွာနတ်ညီနောင်ကို သင်္ဘောဦးအရုပ်အဖြစ် ထားလေ၏။-
Acts BurCBCM 28:12  သင်္ဘောသည် ဆီရကုမြို့သို့ ဆိုက်ကပ်သောအခါ ငါတို့သည် ထိုမြို့၌ သုံးရက်ကြာနေခဲ့ကြ၏။-
Acts BurCBCM 28:13  ထိုမှတစ်ဖန် ငါတို့သည် ပင်လယ်ကမ်းရိုးတန်းကိုဝိုက်၍ သင်္ဘောလွှင့်ရာ ရေဂျီယမ်မြို့သို့ရောက်လေ၏။ ထို့နောက် နောက်တစ်နေ့တွင် တောင်လေလာသဖြင့် ဒုတိယနေ့တွင် ပူတေအိုလီမြို့သို့ ငါတို့ဆိုက်ရောက်ကြ၏။-
Acts BurCBCM 28:14  ငါတို့သည်လည်း ထိုမြို့တွင် ညီအစ်ကိုတို့ကိုတွေ့ကြ၍ ထိုသူတို့က မိမိတို့နှင့်အတူ ခုနစ်ရက်ခန့် နေထိုင်ရန် ငါတို့အား ဖိတ်ခေါ် ကြ၏။ ဤသို့ဖြင့် ငါတို့သည် ရောမမြို့သို့ ရောက်လာကြလေ၏။
Acts BurCBCM 28:15  ထိုအရပ်မှညီအစ်ကိုတို့သည် ငါတို့အကြောင်းကို ကြားကြလျှင် ငါတို့ကို ခရီးဦးကြိုပြုရန် အပ္ပီဦးအရပ်နှင့် တဲသုံးဆောင်အရပ်သို့ တိုင်အောင် လာကြ၏။ ပေါလုသည်လည်း သူတို့ကို တွေ့ရသောအခါ ဘုရားသခင်အား ကျေးဇူးတင် ချီးမွမ်းလျက် အားတက်လာလေ၏။-
Acts BurCBCM 28:16  ငါတို့သည် ရောမမြို့သို့ရောက်ကြသောအခါ ပေါလုသည် မိမိကို စောင့်ကြပ်သော စစ်သူရဲတစ်ဦးနှင့်အတူ ကိုယ့်အလို အတိုင်း နေနိုင်သော အခွင့်ကို ရလေ၏။
Acts BurCBCM 28:17  သုံးရက်လွန်သောအခါ ပေါလုသည် မြို့ပေါ်ရှိ ဂျူးလူမျိုးခေါင်းဆောင်များကို တစ်စုတစ်ဝေးတည်း ဖိတ်ခေါ်လေ၏။ ထိုသူတို့သည်လည်း လာရောက်စုဝေးကြသောအခါ ပေါလုက ညီအစ်ကိုတို့၊ အကျွန်ုပ်သည် မိမိလူမျိုးကိုလည်းကောင်း၊ ဘိုးဘေးတို့၏ ထုံးတမ်းစဉ်လာများကိုလည်းကောင်း ဆန့်ကျင်ပြစ်မှားသည့် အမှုတစ်စုံတစ်ခုကိုမျှ မပြုလုပ်ခဲ့သော်လည်း အကျဉ်းသားအဖြစ်ဖြင့် ဂျေရုဆလင်မြို့မှနေ၍ ရောမလူမျိုးတို့၏လက်သို့ အပ်နှံခြင်းခံခဲ့ရပါ၏။-
Acts BurCBCM 28:18  ရောမလူမျိုးတို့သည် အကျွန်ုပ်ကို စစ်ဆေးမေးမြန်းပြီးနောက် အကျွန်ုပ်၏အမှု၌ သေဒဏ်ပေးထိုက်သော ပြစ်မှုတစ်စုံတစ်ရာကိုမျှ မတွေ့သဖြင့် အကျွန်ုပ်ကို လွှတ်ပေးရန် အလိုရှိခဲ့ကြ၏။-
Acts BurCBCM 28:19  သို့သော် ဂျူးလူမျိုးတို့က ကန့်ကွက်ကြသောအခါ အကျွန်ုပ်သည်လည်း မလွှဲသာသဖြင့် ဆီဇာဧကရာဇ်ထံသို့ အယူခံဝင်ခဲ့ပါ၏။ ဤသို့ပြုရခြင်းမှာ အကျွန်ုပ်သည် အကျွန်ုပ်၏လူမျိုးအပေါ် တစ်စုံတစ်ရာ စွပ်စွဲပြောဆိုရန်အကြောင်း ရှိ၍မဟုတ်ပါ။
Acts BurCBCM 28:20  ဤအကြောင်းကြောင့် အကျွန်ုပ်သည် သင်တို့ကို တွေ့မြင်၍ ပြောပြလိုသဖြင့် ဖိတ်ခေါ်ခဲ့ရခြင်းဖြစ်ပါ၏။ ဤသံကြိုးများဖြင့် အကျွန်ုပ်ချည်နှောင်ခံနေရခြင်းသည်ကား အစ္စရာအဲလ်လူမျိုးတို့၏ မျှော်လင့်ခြင်းအတွက်ကြောင့် ဖြစ်ပါသည်ဟု ဆိုလေ၏။-
Acts BurCBCM 28:21  ထိုအခါ သူတို့က အကျွန်ုပ်တို့သည် သင်၏အကြောင်းနှင့် ပတ်သက်၍ ဂျူဒေးယပြည်မှ စာတစ်စောင်မျှမရပါ။ ဤမြို့သို့လာရောက်ကြသော ညီအစ်ကိုများထဲမှလည်း မည်သူကမျှ သင်၏အကြောင်း မကောင်းသတင်းပို့ခြင်း၊ သို့မဟုတ် ပြောဆိုခြင်း မပြုကြပါ။-
Acts BurCBCM 28:22  သို့သော် ဤဂိုဏ်းအကြောင်းကို နေရာတိုင်းတွင် ဆန့်ကျင်ပြောဆိုနေကြသည်ကို အကျွန်ုပ်တို့ ကြားသိပြီးဖြစ်သောကြောင့် သင်၏အမြင်ကို အကျွန်ုပ်တို့ ကြားလိုပါသည်ဟု သူတို့က ပြန်ပြောကြသည်။
Acts BurCBCM 28:23  ဤသို့ဖြင့် သူတို့သည် ပေါလုနှင့်တွေ့ဆုံရန် ရက်သတ်မှတ်ပြီးမှ ထိုနေ့တွင် ပေါလုနေထိုင်ရာအိမ်သို့ လူအမြောက်အမြား လာကြလေ၏။ ပေါလုသည်လည်း နံနက်အချိန်မှစ၍ ညနေတိုင်အောင် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို သက်သေခံလျက် ယေဇူး၏အကြောင်းကို ထိုသူတို့နားလည် သဘောပေါက်လာစေရန် မိုးဇက်၏ ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကို အမှီပြု၍ အသေးစိတ်ရှင်းလင်းဖော်ပြပြီး ဟောပြောလေ၏။-
Acts BurCBCM 28:24  ထိုအခါ အချို့သောသူတို့သည် ပေါလု၏ဟောပြောချက်ကို နားလည်သဘောပေါက်ကြသော်လည်း အခြားသူတို့မူကား မယုံကြည်ကြချေ။-
Acts BurCBCM 28:25  ထို့ကြောင့် သူတို့သည် အချင်းချင်းသဘောထားကွဲလွဲ၍ ပြန်သွားကြစဉ် ပေါလုက သူတို့အား စကားတစ်ခွန်းပြောဆိုလိုက် သည်မှာ ဝိညာဉ်တော်မြတ်သည် ပရောဖက်အီဇာယအားဖြင့် ငါတို့၏ဘိုးဘေးများအား မှန်ကန်စွာမိန့်တော်မူခဲ့၏။-
Acts BurCBCM 28:26  မိန့်တော်မူချက်သည်ကား ဤလူမျိုးထံသို့သွား၍ သင်တို့သည် အမှန်စင်စစ် နားထောင်ကြသော်လည်း နားလည်ကြမည် မဟုတ်၊ သင်တို့သည် ကြိုးစား၍ ကြည့်ကြသော်လည်း မြင်ကြလိမ့်မည်မဟုတ်ဟု ပြောလော့။-
Acts BurCBCM 28:27  အကြောင်းမူကား ဤလူမျိုး၏ စိတ်နှလုံးသည် ထိုင်းမှိုင်း၍ သူတို့၏ နားများသည်လည်း ပင်းလျက် သူတို့၏ မျက်စိများ ကိုလည်း ပိတ်ထားကြသောကြောင့်ဖြစ်၏။ သူတို့သည် မိမိတို့၏မျက်စိများဖြင့် သိမြင်၍ မိမိတို့၏နားများဖြင့် ကြားပြီးလျှင် မိမိတို့၏စိတ်နှလုံးဖြင့်လည်း နားလည်လက်ခံကြသောကြောင့် ငါ့ထံသို့ပြောင်းလဲလာသဖြင့် ငါသည်သူတို့ကို ပျောက်ကင်း ချမ်းသာစေမည်ကို စိုးရိမ်နေကြ၏ ဟူ၍ဖြစ်သတည်း။-
Acts BurCBCM 28:28  ထို့ကြောင့် ဤကယ်တင်ခြင်း ကျေးဇူးတော်သည် လူမျိုးခြားတို့ထံသို့ စေလွှတ်ခြင်းခံရပြီး ထိုသူတို့သည် နာခံကြလိမ့်မည်ဖြစ်ကြောင်း သင်တို့သိကြပါလော့ဟု ဆိုလေ၏။-
Acts BurCBCM 28:29  ထိုသို့ပေါလု ပြောဆိုပြီးသောအခါ ဂျူးလူမျိုးတို့သည် အချင်းချင်းအပြင်းအထန် ငြင်းခုံလျက် ထွက်ခွာသွားကြ၏။
Acts BurCBCM 28:30  ပေါလုသည်လည်း ထိုမြို့၌ နှစ်နှစ်ပတ်လုံး မိမိကိုယ်တိုင် ငှားရမ်းထားသော အိမ်တွင်နေထိုင်ကာ မိမိထံသို့ လာရောက်ကြသော သူအပေါင်းတို့အား လက်ခံကြိုဆိုပြီး၊-
Acts BurCBCM 28:31  ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြော၍ ယေဇူးခရစ်တော်သခင်၏ အကြောင်းကို အဆီးအတားမရှိ ရဲဝံ့စွာ သွန်သင်လျက် နေလေ၏။